Saturday, November 28, 2026

Pluralism (ဗဟုဝါဒ)

 


Pluralism ဆိုတာ လူ့အဖွဲ့အစည်းတစ်ခုအတွင်း အယူအဆ၊ ယုံကြည်ချက်၊ တန်ဖိုးထားမှု၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူနေမှုပုံစံ မတူညီကြတဲ့ လူတွေ အတူတကွ ရှိနေခြင်းကို အသိအမှတ်ပြုလက်ခံတဲ့ အယူအဆဖြစ်ပါတယ်။ ဒီအယူအဆမှာ အဓိကဆိုလိုတာက လူတိုင်းဟာ ကမ္ဘာကြီးကို တစ်ပုံစံတည်း မြင်ကြမှာမဟုတ်ဘူးဆိုတာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ဘဝအတွေ့အကြုံ၊ ပညာရေး၊ ယဉ်ကျေးမှုနောက်ခံ၊ ဘာသာရေးယုံကြည်မှုနဲ့ ကိုယ်ပိုင်တန်ဖိုးထားမှုတွေ မတူကြတဲ့အတွက် ဘယ်လိုဘဝမျိုးက ကောင်းမွန်သလဲ၊ ဘယ်အရာက မှန်ကန်သလဲ၊ လူ့အဖွဲ့အစည်းကို ဘယ်လိုတည်ဆောက်သင့်သလဲဆိုတဲ့ မေးခွန်းတွေမှာလည်း အဖြေမတူညီကြတာ ဖြစ်ပါတယ်။ Pluralism က ဒီလိုကွဲပြားမှုတွေကို ဖယ်ရှားပစ်ရမယ့် ပြဿနာတစ်ခုအဖြစ် မမြင်ဘဲ လူ့အဖွဲ့အစည်းရဲ့ သဘာဝအခြေအနေတစ်ခုအဖြစ် အသိအမှတ်ပြုပါတယ်။


Pluralism ဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်ဘာသာမှာ Plural ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီး အများအပြားရှိခြင်း၊ မျိုးစုံကွဲပြားခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ အယူအဆအရတော့ လူ့အဖွဲ့အစည်းတစ်ခုမှာ အမြင်တစ်မျိုး၊ ယုံကြည်ချက်တစ်မျိုး၊ တန်ဖိုးထားမှုတစ်မျိုးတည်းသာ ရှိသင့်တယ်ဆိုတဲ့ အယူအဆကို လက်မခံပါဘူး။။ဥပမာ လူတစ်ယောက်က ဘာသာရေးကို ဘဝရဲ့ အရေးအကြီးဆုံးအရာလို့ ယုံကြည်တယ်။ နောက်တစ်ယောက်က ဘာသာရေးမယုံကြည်ဘဲ သိပ္ပံနဲ့ ကျိုးကြောင်းဆင်ခြင်မှုကို အခြေခံပြီး ဘဝကို ဖြတ်သန်းတယ်။ တခြားတစ်ယောက်ကတော့ ဘာသာရေးယုံကြည်မှုရှိပေမဲ့ အခြားဘာသာဝင်တွေရဲ့ ယုံကြည်ချက်ကိုလည်း လေးစားတယ်။


ဒီလူတွေအားလုံးဟာ ဘဝကို နားလည်ပုံချင်း မတူကြပါဘူး။ Pluralism ရဲ့ အခြေခံသဘောတရားကတော့ ဒီလိုမတူညီတဲ့ လူတွေဟာ တစ်ဦးရဲ့ယုံကြည်ချက်ကို တစ်ဦးက လက်ခံယုံကြည်ဖို့ မလိုအပ်ဘဲ တူညီတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွင်း အတူတကွ နေထိုင်နိုင်ရမယ်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် Pluralism မှာ မတူညီမှုကို အသိအမှတ်ပြုခြင်း၊ အခြားသူတွေရဲ့ အခွင့်အရေးကို လေးစားခြင်းနဲ့ အပြန်အလှန် အတူယှဉ်တွဲနေထိုင်နိုင်ခြင်းတို့ဟာ အခြေခံကျတဲ့ အချက်တွေ ဖြစ်ပါတယ်။


Pluralism နဲ့ Diversity ဆိုတဲ့ ဝေါဟာရနှစ်ခုဟာ ဆက်စပ်မှုရှိပေမဲ့ အဓိပ္ပာယ်ချင်း မတူပါဘူး။ Diversity ဆိုတာ မတူကွဲပြားမှုတွေ ရှိနေခြင်းကို ဆိုလိုပါတယ်။ ဥပမာ မြို့တစ်မြို့မှာ ဘာသာရေးအမျိုးမျိုး ယုံကြည်သူတွေ၊ လူမျိုးအမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ လူနေမှုပုံစံအမျိုးမျိုးရှိသူတွေ အတူတကွ နေထိုင်နေကြတယ်ဆိုရင် အဲဒီမြို့မှာ Diversity ရှိတယ်လို့ ပြောနိုင်ပါတယ်။ Pluralism ကတော့ ဒီလိုကွဲပြားမှုတွေ ရှိနေရုံနဲ့ မပြီးပါဘူး။ မတူညီတဲ့ အုပ်စုတွေဟာ အချင်းချင်း အသိအမှတ်ပြုလက်ခံပြီး လူ့အဖွဲ့အစည်းရဲ့ ဘုံဘဝမှာ ပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။


ဥပမာ ဘာသာရေးအုပ်စုအမျိုးမျိုး ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ လူတိုင်းက ကိုယ့်ဘာသာကိုယ် ကိုးကွယ်ခွင့်ရှိပေမဲ့ ဘာသာရေးလူနည်းစုတွေကို အများပြည်သူဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်မပေးဘူးဆိုရင် Diversity ရှိပေမဲ့ Pluralism ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းလို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် Diversity က မတူညီမှုတွေ ရှိနေခြင်းကို ရည်ညွှန်းပြီး Pluralism က အဲဒီမတူညီမှုတွေကို အသိအမှတ်ပြုကာ အတူတကွ ပါဝင်နေထိုင်နိုင်တဲ့ လူမှုအခြေအနေကို ရည်ညွှန်းပါတယ်။


နောက်ထပ် Pluralism နဲ့ Tolerance ဆိုတာမှာမှာလည်း Tolerance ဟာ သည်းခံခြင်း၊ သဘောမတူညီတဲ့အရာကို လက်ခံခွင့်ပြုခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ ကိုယ်က ဘာသာရေးယုံကြည်သူတစ်ယောက် ဖြစ်ပေမဲ့ ဘာသာမဲ့တစ်ယောက်ရဲ့ ယုံကြည်ချက်ကို သဘောမတူဘူး။ ဒါပေမဲ့ သူ့မှာ ကိုယ့်ယုံကြည်ချက်အတိုင်း နေထိုင်ခွင့်ရှိတယ်ဆိုတာကို လက်ခံတယ်။ ဒါဟာ Tolerance ဖြစ်ပါတယ်။ Pluralism ကတော့ သည်းခံခွင့်ပြုရုံထက် ပိုကျယ်ပြန့်ပါတယ်။


မတူညီတဲ့ ယုံကြည်ချက်ရှိသူတွေကို လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုတယ်။ သူတို့ရဲ့ အသံကိုလည်း နားထောင်တယ်။ အများနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ ပါဝင်ဆွေးနွေးခွင့်နဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်ခွင့်ကိုလည်း အသိအမှတ်ပြုတယ်။ ဒါကြောင့် Tolerance ဟာ အခြားသူရဲ့ ကွဲပြားမှုကို သည်းခံလက်ခံခြင်းဖြစ်ပြီး Pluralism ကတော့ မတူညီသူတွေ အပြန်အလှန် အသိအမှတ်ပြုကာ လူ့အဖွဲ့အစည်းတည်ဆောက်ရာမှာ အတူတကွ ပါဝင်ခြင်းဖြစ်ပါတယ်။


Religious Pluralism (ဘာသာရေးဗဟုဝါဒ)


Pluralism ကို ဘာသာရေးနယ်ပယ်မှာလည်း အသုံးပြုကြပါတယ်။ Religious Pluralism ဆိုတာ ဘာသာရေးအမျိုးမျိုး၊ ယုံကြည်မှုအမျိုးမျိုးဟာ လူ့အဖွဲ့အစည်းအတွင်း အတူတကွ တည်ရှိခွင့်ရှိကြောင်း အသိအမှတ်ပြုတဲ့ အယူအဆဖြစ်ပါတယ်။ ဒီအယူအဆအရ လူတစ်ယောက်ဟာ မိမိယုံကြည်တဲ့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်နိုင်သလို အခြားသူတစ်ယောက်ကလည်း မိမိယုံကြည်တဲ့ ဘာသာတရားကို ကိုးကွယ်နိုင်ပါတယ်။ ဘာသာမဲ့တစ်ယောက်လည်း ဘာသာရေးမယုံကြည်ဘဲ နေထိုင်ခွင့်ရှိပါတယ်။


ဥပမာ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နဲ့ ဘာသာမဲ့တွေဟာ တစ်နိုင်ငံတည်းမှာ နေထိုင်ကြတယ်ဆိုပါစို့။ သူတို့အားလုံးဟာ မိမိတို့ရဲ့ ယုံကြည်ချက်အတိုင်း လွတ်လပ်စွာ နေထိုင်နိုင်ပြီး အခြားသူတွေရဲ့ ဘာသာရေးအခွင့်အရေးကိုလည်း လေးစားရပါတယ်။

Religious Pluralism ဟာ ဘာသာအားလုံးရဲ့ အယူဝါဒတွေ အတူတူပဲလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘာသာအားလုံးကို တစ်ဘာသာတည်းအဖြစ် ပေါင်းစည်းဖို့လည်း မဆိုလိုပါဘူး။ ဘာသာရေးအရ မတူညီမှုတွေ ရှိနေခြင်းကို အသိအမှတ်ပြုထားခြင်း ဖြစ်ပါတယ်။


Political Pluralism (နိုင်ငံရေးဗဟုဝါဒ)


နိုင်ငံရေးနယ်ပယ်မှာ Pluralism ဆိုတာ အာဏာနဲ့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုတွေကို လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လူမှုအုပ်စုတစ်စုတည်းကသာ ချုပ်ကိုင်မထားဘဲ လူမှုအဖွဲ့အစည်းအတွင်းရှိ အကျိုးစီးပွားနဲ့ အမြင်မတူညီတဲ့ အုပ်စုတွေ ပါဝင်နိုင်ခြင်းကို ရည်ညွှန်းပါတယ်။ ဒီအယူအဆအရ လူ့အဖွဲ့အစည်းမှာ အလုပ်သမားအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အခြားအကျိုးစီးပွားအုပ်စုတွေ ရှိကြပါတယ်။


အဲဒီအုပ်စုတွေမှာ မတူညီတဲ့ လိုအပ်ချက်တွေ၊ အကျိုးစီးပွားတွေနဲ့ နိုင်ငံရေးအမြင်တွေ ရှိကြပါတယ်။ Political Pluralism က အဲဒီအုပ်စုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရှိရမယ်လို့ ဆိုပါတယ်။ ဥပမာ အစိုးရတစ်ရပ်က အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ ပတ်သက်တဲ့ မူဝါဒတစ်ခု ချမှတ်မယ်ဆိုရင် အလုပ်သမားတွေရဲ့ အသံကိုလည်း နားထောင်ရမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အမြင်ကိုလည်း ဆွေးနွေးရမယ်။ အခြားသက်ဆိုင်သူတွေရဲ့ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ဒီလို အုပ်စုအမျိုးမျိုး ပါဝင်ဆွေးနွေးပြီး နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်းဟာ Political Pluralism ရဲ့ အဓိကသဘောတရား ဖြစ်ပါတယ်။


Philosophical Pluralism (ဒဿနဗေဒဆိုင်ရာ ဗဟုဝါဒ)


ဒဿနဗေဒနယ်ပယ်မှာ Pluralism ဆိုတာ အရာအားလုံးကို အခြေခံသဘောတရားတစ်ခုတည်းနဲ့ ရှင်းပြလို့မရဘူးဆိုတဲ့ အယူအဆမျိုးကိုလည်း ရည်ညွှန်းပါတယ်။ လူသားတွေဟာ အမှန်တရား၊ ကိုယ်ကျင့်တရား၊ တရားမျှတမှုနဲ့ ကောင်းမွန်တဲ့ဘဝဆိုတာတွေကို နားလည်ပုံချင်း မတူညီကြပါဘူး။ ဥပမာ လူတစ်ယောက်က လွတ်လပ်မှုကို အရေးအကြီးဆုံး တန်ဖိုးတစ်ခုအဖြစ် သတ်မှတ်တယ်။ နောက်တစ်ယောက်က တန်းတူညီမျှမှုကို ပိုပြီးအရေးကြီးတယ်လို့ ယူဆတယ်။ တခြားတစ်ယောက်က လူမှုအသိုက်အဝန်းရဲ့ စည်းလုံးညီညွတ်မှုကို အဓိကထားတယ်။


ဒီတန်ဖိုးတွေဟာ တစ်ခုနဲ့တစ်ခု အမြဲတမ်း တစ်ထပ်တည်းကျနေမှာ မဟုတ်ပါဘူး။ ဥပမာ လွတ်လပ်မှုကို ပိုမိုကျယ်ပြန့်စွာ ပေးအပ်ခြင်းက လူမှုတန်းတူညီမျှမှုအပေါ် သက်ရောက်မှုရှိနိုင်သလို တန်းတူညီမျှမှုကို ရရှိစေဖို့ ချမှတ်တဲ့ မူဝါဒတချို့ကလည်း လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုကို ကန့်သတ်နိုင်ပါတယ်။ Philosophical Pluralism မှာ လူ့ဘဝအတွက် အရေးကြီးတဲ့ တန်ဖိုးတွေ အမျိုးမျိုးရှိကြောင်းနဲ့ အဲဒီတန်ဖိုးအားလုံးကို စံတစ်ခုတည်းအောက်မှာ အပြည့်အဝ ပေါင်းစည်းရှင်းပြလို့ မရနိုင်ကြောင်းကို အလေးထားပါတယ်။


Value Pluralism (တန်ဖိုးဗဟုဝါဒ)


Value Pluralism ဟာ ဒဿနပညာရှင် Isaiah Berlin နဲ့ အထူးဆက်စပ်တဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ ဒီအယူအဆအရ လူသားတွေအတွက် အရေးကြီးတဲ့ တန်ဖိုးတွေဟာ တစ်မျိုးတည်းမဟုတ်ဘဲ အမျိုးမျိုးရှိကြပါတယ်။

ဥပမာ

လွတ်လပ်မှု (Liberty)

တန်းတူညီမျှမှု (Equality)

တရားမျှတမှု (Justice)

ပျော်ရွှင်မှု (Happiness)

လုံခြုံမှု (Security)

မေတ္တာနဲ့ သစ္စာရှိမှု (Love and Loyalty)

လူ့ဂုဏ်သိက္ခာ (Human Dignity)

ဒီတန်ဖိုးတွေဟာ တစ်ခုချင်းစီမှာ ကိုယ်ပိုင်အရေးပါမှုရှိကြပါတယ်။ တန်ဖိုးတစ်ခုတည်းက အခြားတန်ဖိုးအားလုံးထက် အမြဲတမ်းသာလွန်နေတယ်လို့ သတ်မှတ်လို့မရပါဘူး။


Berlin ရဲ့ အယူအဆမှာ အဓိကကျတဲ့အချက်က တန်ဖိုးတွေဟာ တစ်ခါတစ်ရံ အချင်းချင်း ပဋိပက္ခဖြစ်နိုင်တယ်ဆိုတာပါပဲ။ယဥပမာ လူတစ်ယောက်ဟာ လွတ်လပ်မှုနဲ့ လုံခြုံမှုကြား ရွေးချယ်ရတဲ့ အခြေအနေတစ်ခု ကြုံတွေ့နိုင်ပါတယ်။ လုံခြုံရေးအတွက် စောင့်ကြည့်ထိန်းချုပ်မှုတွေ တိုးမြှင့်လိုက်ရင် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ လျော့နည်းသွားနိုင်ပါတယ်။ာဒီလိုအခြေအနေမျိုးမှာ တန်ဖိုးတစ်ခုကို ရွေးချယ်ခြင်းဟာ အခြားတန်ဖိုးတစ်ခုကို စွန့်လွှတ်ရခြင်းလည်း ဖြစ်လာနိုင်ပါတယ်။ာBerlin ရဲ့ Value Pluralism ဟာ တန်ဖိုးအားလုံးကို တစ်ခုတည်းသော စံနှုန်းတစ်ခုနဲ့ တိုင်းတာဆုံးဖြတ်လို့မရကြောင်း ဖော်ပြတဲ့ အယူအဆဖြစ်ပါတယ်။


ဒီနေရာမှာ Pluralism ကို ပိုမိုနားလည်ဖို့ Monism နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ Monism ဆိုတာ အရာများစွာကို အခြေခံသဘောတရားတစ်ခုတည်းနဲ့ ရှင်းပြနိုင်တယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ လူမှုအတွေးအခေါ်နယ်ပယ်မှာ Monism ပုံစံတစ်မျိုးက လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးဖြစ်တဲ့ ဘဝပုံစံ၊ အမှန်တရား၊ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးစနစ်ဆိုတာ တစ်မျိုးတည်းသာ ရှိတယ်လို့ ယူဆခြင်းဖြစ်ပါတယ်။ ဥပမာ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ဘာသာရေးယုံကြည်ချက်တစ်ခုတည်းကို လက်ခံရမယ်၊ နိုင်ငံရေးအမြင်တစ်ခုတည်းကိုသာ မှန်ကန်တယ်လို့ သတ်မှတ်ရမယ်၊ လူတိုင်းဟာ တူညီတဲ့ လူနေမှုပုံစံကို လိုက်နာရမယ်ဆိုတဲ့ အယူအဆမျိုး ဖြစ်ပါတယ်။ Pluralism ကတော့ လူသားတွေရဲ့ ယုံကြည်ချက်၊ အတွေးအခေါ်နဲ့ တန်ဖိုးထားမှုတွေဟာ မတူညီနိုင်ကြောင်း အသိအမှတ်ပြုပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ အမြင်တစ်မျိုးတည်းသာ ရှိရမယ်လို့ မသတ်မှတ်ဘဲ မတူညီတဲ့ အမြင်တွေ အတူတကွ တည်ရှိနိုင်တဲ့ နေရာတစ်ခုအဖြစ် ရှုမြင်ပါတယ်။


Pluralism ဟာ လစ်ဘရယ်ဒီမိုကရေစီအယူအဆနဲ့လည်း နီးကပ်စွာ ဆက်စပ်နေပါတယ်။ ဒီမိုကရေစီစနစ်မှာ လူအများစုရဲ့ ဆန္ဒကို အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ကြပါတယ်။ ဒါပေမဲ့ Pluralism အရ လူများစုရဲ့ သဘောထားတစ်ခုတည်းက လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ သဘောထားကို ကိုယ်စားပြုတယ်လို့ မယူဆပါဘူး။ လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ အသံကိုလည်း အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဥပမာ နိုင်ငံတစ်နိုင်ငံမှာ လူအများစုက ဘာသာရေးတစ်ခုကို ကိုးကွယ်ကြတယ်ဆိုပါစို့။ အဲဒီအချက်ကြောင့် အခြားဘာသာဝင်တွေကို သူတို့ရဲ့ ဘာသာရေးယုံကြည်ချက်အတိုင်း နေထိုင်ခွင့် မပေးနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။


ဒီမိုကရေစီမှာ လူများစုရဲ့ ဆန္ဒကို လေးစားရသလို လူနည်းစုတွေရဲ့ အခြေခံအခွင့်အရေးကိုလည်း ကာကွယ်ပေးရပါတယ်။ ဒါကြောင့် Pluralism ဟာ ဒီမိုကရေစီကို မဲအများစုရရှိသူက အရာအားလုံးကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ စနစ်တစ်ခုအဖြစ်သာ မမြင်ဘဲ အမြင်မတူညီသူတွေ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခုအဖြစ် နားလည်နိုင်ပါတယ်။


Pluralism ရဲ့ အဓိကအချက်တွေကို စုစည်းပြောရရင် လူ့အဖွဲ့အစည်းတစ်ခုမှာ အယူအဆ၊ ယုံကြည်ချက်၊ တန်ဖိုးထားမှုနဲ့ လူနေမှုပုံစံတွေ မတူညီနိုင်တယ်ဆိုတာကို အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ အဲဒီမတူညီမှုတွေကြောင့် လူတစ်ဦးနဲ့တစ်ဦး အမြင်ကွဲလွဲမှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ အမြင်ကွဲလွဲခြင်းကြောင့် တစ်ဖက်လူရဲ့ တည်ရှိခွင့်၊ ယုံကြည်ခွင့်နဲ့ ပါဝင်ခွင့်တွေကို ပယ်ဖျက်လို့မရပါဘူး။ လူတိုင်းဟာ ကိုယ့်ယုံကြည်ချက်ကို လွတ်လပ်စွာ ထားရှိနိုင်တယ်။ ကိုယ့်အမြင်ကို ဖော်ပြနိုင်တယ်။ အခြားသူတွေနဲ့ ဆွေးနွေးငြင်းခုံနိုင်တယ်။ လူ့အဖွဲ့အစည်းရဲ့ ဘုံအရေးကိစ္စတွေမှာလည်း ပါဝင်နိုင်တယ်။ ဒါကြောင့် Pluralism ဆိုတာ လူတိုင်း အတွေးအခေါ်တူညီဖို့ မလိုအပ်ဘဲ အတွေးအခေါ်မတူညီသူတွေ အတူတကွ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နေထိုင်နိုင်ခြင်း ကို အခြေခံထားတဲ့ အယူအဆဖြစ်ပါတယ်။


(KSM Insights)

No comments: