Wednesday, April 4, 2018

နေကောင်းလို့ ဘာဆီးချိုဆေးမှ မသောက်တော့ဘူး


ပါမောက္ခ သန်းသန်းအေး
------------------

ရောဂါတစ်ခုကို ဆေးကုသရာမှာ ရည်ရွယ်ချက်အမျိုးမျိုး ရှိကြပါတယ်။ အဓိကရည်ရွယ်ချက် တွေကတော့-
(၁) လက်ရှိဖြစ်ပေါ်ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာအောင် ကုသပေးတာ (Symptomatic Treatment)
(၂) ဒီဝေဒနာတွေကို ဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်းရင်း ဇာစ်မြစ်ကို ဖယ်ရှားပစ်ဖို့ ကုသတာ (Treatment of The Cause)
(၃) နောင်ဖြစ်ပေါ်လာမယ့် ဆင့်ပွားနောက်ဆက်တွဲရောဂါတွေကို ကာကွယ်ကုသတာ (Prevention of Complications) စတာတွေ ဖြစ်ကြပါတယ်။

ဆီးချိုသွေးချိုရောဂါကို ကုသရတဲ့ အဓိကအရေးကြီးဆုံး ရည်ရွယ်ချက်ကတော့ နောင်ဖြစ်လာမယ့် နောက်ဆက်တွဲ ရောဂါအပေါင်းတို့ကို တားဆီးကာကွယ်ဖို့အတွက် ကုသနေရတာ ဖြစ်ပါတယ်။ ဒီလိုတားဆီးနိုင်ခဲ့ရင် ဝေဒနာတွေ ဖြစ်ပေါ်တာကိုလည်း တားဆီးပြီးသားဖြစ်သလို ပုံမှန် လူ့သက်တမ်းကိုလည်း ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါမှာ ဇာစ်မြစ်အကြောင်းရင်းကို ဖယ်ရှားနိုင်တဲ့ ကုထုံးမပေါ်ပေါက်သေးပါဘူး။ ဒါကြောင့်လည်း ဒီရောဂါနဲ့ ရာသက်ပန် လက်တွဲသွားကြရတာ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါမှာ တကယ်တော့ နောက်ဆက်တွဲရောဂါတွေ မရှိသေးရင် ဘာဝေဒနာမှ မခံစားရသေးဘဲ ရောဂါရှိမှန်းတောင် မသိကြတာ များပါတယ်။ ဒါပေမယ့် တစ်ချို့က “နေကောင်းနေရင် ဆေးသောက်စရာမလိုဘူး” ဆိုတဲ့ ယူဆချက်တွေ ရှိနေတတ်ကြတယ်။ ဒါဟာလည်း ဆီးချိုသွေးချိုရောဂါအကြောင်း ဂဃနဏ မသိတဲ့သူတွေအဖို့ ဒီလိုပဲ ယူဆနေကြတာများပါတယ်။ ဝေဒနာမရှိပေမယ့် ဆေးသောက်နေရတာက နောင်ဖြစ်လာမယ့် ဝေဒနာအပေါင်းကို တားဆီး ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိသူကို သွေးတွင်းအချိုဓာတ် မများအောင် ဆေးသောက်နေရတဲ့ လူကောင်းတစ်ဦးလို့ပဲ ယူဆလို့တောင်ရပါတယ်။
ဆီးချိုဖြစ်စမှာ လူမမာနဲ့ မတူတော့ ဆေးသောက်နေသူနဲ့ ဆေးမသောက်ဘဲ နေတဲ့သူ သိပ်မကွာခြားပါဘူး။ ဒါ့အပြင် ဆီးချိုရောဂါရဲ့ လက္ခဏာတွေကလည်း ကျန်းမာရေး ဂရုမစိုက်သူတွေအဖို့ သိပ်မသိသာလို့ သတိမပြုမိဘဲ ပေါ့ဆနေမိတတ်ကြပါတယ်။ ဥပမာ- ဆီးများရင်လည်း “ရေသောက်များ လို့ပါ”၊ “ဆီးရွှင်တာ ကျန်းမာရေး ကောင်းလို့ပေါ့”၊ “ညည ဆီးသွားရင်လည်း အိပ်မပျော်လို့ပါ” စသဖြင့် ထင်မှတ်မှားမိတတ်ကြပါတယ်။ ပိန်သွားပြန်ရင်လည်း “ငါဝိတ်ချတာ အောင်မြင်တယ်၊ ထိရောက်တယ်” ဆိုပြီး ကျေနပ်ဝမ်းသာနေမိတတ်ကြပါတယ်။ ဆီးချိုရောဂါကြောင့် ဗိုက် မကြာခဏ ဆာပြန်ရင်လည်း “စားကောင်း၊ သောက်ကောင်း၊ ခံတွင်းကောင်းတာ ကျန်းမာနေလို့ပေါ့” လို့ ယူဆကြပြန်ပါတယ်။ ရေဆာပြန်ရင်လည်း “ချွေးထွက်များလို့၊ အငန်စားမိလို့ ရေဆာတာ” လို့ပဲ ယူဆပြီး ပေါ့နေမိတတ်ပါတယ်။ အသားယားရင်လည်း ကုတ်နေရုံပဲ၊ အယားပြေဆေးသောက်ပြီး ပုံမှန်အတိုင်း သွားလာနေကြပြန်ပါတယ်။ နုံးချည့်နေရင်လည်း “အလုပ် ပင်ပန်းပြီး အားမရှိလို့” ဆိုပြီး ဆေးခန်းတွေမှာ အကြောဆေးနဲ့ အားဆေးထိုးဖို့ သွားရောက် တောင်းဆိုနေကြပြန်ပါတယ်။ ဒီနေရာမှာ အားမရှိလို့ အကြောဆေးထိုးမယ်ဆိုရင် သွေးတွင်းအချိုဓာတ်တိုင်းပြီးမှ ထိုးဖို့ သတိပေးလိုပါတယ်။ ဒါတွေအားလုံးဟာ ဆီးချိုရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အခုလို ရောဂါလက္ခဏာတွေဟာ ဘာလိုလိုနဲ့ မသိသာတဲ့အတွက် နေကောင်းနေတယ်လို့ထင်ပြီး ဂရုမစိုက်ဘဲ ဒီအတိုင်း နေနေကြသူတွေ များစွာရှိပါတယ်။ ဝေဒနာ ပြင်းထန်မှပဲ ဆရာဝန်ပြတော့မယ်ဆိုပြီး ပေနေကြသူတွေလည်း ရှိနေကြပါတယ်။

ခြုံပြီး ပြောရရင်တော့ ဆီးချိုသွေးချိုရောဂါဟာ အများအားဖြင့် ဆေးမသောက်တာ၊ ဆေးသောက်တာ အပေါ်ယံကြည့်ရင် ဘာမှမကွာခြားဘဲ တူနေသလို ဖြစ်နေပါတယ်။ အတွင်းထဲကို ဝင်ကြည့်ရင်တော့ သွေးချိုမြင့်နေတာနဲ့ ဆီးချိုပုံမှန်နီးပါး ကျနေတာတော့ ကွာကြပါတယ်။ သူတို့နှစ်ဦး နောက်ကို လိုက်ကြည့်နေမယ်ဆိုရင်တော့ နောက် ၁၀ နှစ်အတွင်းမှာ သွေးချိုမများအောင် ထိန်းနိုင်ရင် ထိန်းနိုင်သလောက် ဝေဒနာမရှိဘဲ အသက်ရှင်ပြီး ကောင်းစွာနေရမှာ ဖြစ်ပါတယ်။ ဆေးမသောက်ဘဲ ဆီးချိုများတာကို နေသာသလို နေနေတဲ့ သူတွေကတော့ ဝေဒနာပေါင်းစုံနဲ့ လူ့သက်တမ်းတိုကြရမှာ သေချာပါတယ်။ ဝေဒနာသိပ်ဆိုးပြီးမှ ဆီးချိုထိန်းရင် ပျက်စီးပြီးသား အင်္ဂါအစိတ်အပိုင်းတွေက အကောင်းပကတိ ပြန်လည်ရရှိနိုင်မှာ မဟုတ်တော့ပါဘူး။ နေကောင်း သွားလို့ ဆေးဖြတ်ထားတဲ့ အဘတစ်ဦးအကြောင်းလေးကို အတွေ့အကြုံတစ်ရပ်အဖြစ် ဗဟုသုတရစေဖို့ တင်ပြလိုက်ပါတယ်။

ဆေးရုံရဲ့ အရေးပေါ်အခန်းမှ လက်ထောက်ဆရာဝန် ဒေါက်တာသန့်ဇင်က လူနာအသစ် ရောက်ရှိကြောင်း အကြောင်းကြားလာပါတယ်။

“မမရဲ့လူနာဟောင်း အသက် ၇၀ အဘ ဦးလှမောင် ဖျားပြီး သတိလစ်နေလို့ ဆေးရုံတက်လာလို့ပါ။ သူဖျားတာ နှစ်ရက်အတွင်း သွေးပေါင် (Blood Pressure) အပေါ်သွေး ၈၀ပဲရှိပြီး သွေးချို(RBS) တိုင်းလိုက်တော့ ၄၀ဝ mg/dl တောင်ရှိနေတယ်” လို့ ဒေါက်တာသန့်ဇင်က ပြောပါတယ်။

“ဒီအဘက မအူပင်ကလာတဲ့ လူနာမဟုတ်လား၊ အရင်တစ်ခါကလည်း ဒီလိုပဲဖြစ်လို့ အတော်ကုခဲ့ရပြီး အသက်ကယ်ခဲ့ရဖူးလို့ မှတ်မိနေတာ” လို့ ဆရာမက ပြောလိုက်တော့ လူနာဖြစ်သူ ဦးလှမောင်ရဲ့ သမီးက ခပ်မြန်မြန် ပြောပြပါတယ်။

“ဟုတ်ပါတယ် ဆရာမ၊ အဲဒီအဘပါပဲ၊ နှစ်နှစ်ကျော်လောက်တုန်းက ဆရာမပဲ အဘကို ကုပေးခဲ့တာလေ၊ သွေးချို ၄၀ဝ mg/dl ကျော်ပြီး ဆီးပိုးလည်းဝင်လို့ နှစ်ပတ်တိတိ ဆေးရုံတက် ခဲ့ရဖူးပါတယ်”

“အဲဒီတုန်းက ဆေးရုံဆင်းပြီး နောက်တစ်ခါလားပဲ . . ပြန်ပြတာ အခုမှ တစ်ခါပြန်ပေါ်လာတော့တယ်။ ဒီအတောအတွင်း ဆေးတွေကိုကော ဘယ်သူ ညှိပေးထားသေးလဲ၊ ဆေးမှန်မှန်ကော သောက်ရဲ့လား” လို့ ဆရာမ မေးကြည့်ခဲ့ပါတယ်။

“ဆေးရုံဆင်းပြီး သုံးလကြာတော့ အဘက အတော်လေး နေကောင်းသွားတယ် ဆရာမ။ နေကောင်းသွားတာနဲ့ ဆေးဆက်မသောက်တော့ဘူး။ ဆေးဆက်သောက်ဖို့ ကျွန်မတို့ကမနည်း သတိပေးရတယ်။ ဒါကို သူက နေကောင်းသွားလို့ ဘာမှ မဖြစ်ဘူး၊ ဆီးချိုဆေးတွေ သောက်စရာ မလိုတော့ဘူးဆိုပြီး ဆေးလည်း မသောက်တော့ဘူး၊ အစားလည်း မရှောင်တော့ဘူးဆရာမ”

“အင်း . . ဆေးမှန်မှန် မသောက်ရင်တောင်မှ ဆီးချိုကို မှန်မှန်တိုင်းကြည့်နေရင်တော့ ဆီးချိုများတာ သိရမှာပေါ့”

“ဆီးချိုလည်းမတိုင်းတော့ ကောင်း၊ မကောင်းမသိတော့ဘူး ဆရာမ၊ အဘက သိပ်ခေါင်း မာတာ၊ အခုလို ပြန်ဖြစ်တော့မှ သူ သင်ခန်းစာ ကောင်းကောင်းရနေပြီလေ” လို့ သမီးဖြစ်သူက ပြန်ဖြေပါတော့တယ်။

အဘ ဦးလှမောင်ရဲ့ ဖြစ်ရပ်ကို နမူနာပြပြီး ‘နေကောင်းလို့ ဆီးချိုဆေး သောက်စရာမလို ဘူး” လို့ ထင်နေတဲ့ အယူအဆအမှားကို အခုကနေစပြီးပြင်ဖို့ အထူးသတိပေး တိုက်တွန်းလိုက် ရပါတယ်။

နောက်ထပ် “နေကောင်းလို့ ဆေးသောက်စရာမလိုဘူး” လို့ ထင်နေတဲ့ အဒေါ်ကြီး တစ်ယောက်အကြောင်းလည်း ရှိပါသေးတယ်။

တစ်ခါက နယ်က မြို့တစ်မြို့ကို နယ်လှည့်ဆေးကုသတဲ့ အဖွဲ့တစ်ခုနဲ့ ရောက်ရှိခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။

လာရောက်ပြသသူတွေကို သွေးချို တိုင်းပေးပြီး ဆေးကုသပေးရာ လူနာတော်တော်များများ ဟာ ဆီးချို ၃၀ဝ အထက်မှ ၅၀ဝ mg/dl အထိ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအထဲက လူနာအဒေါ်ကြီးတစ်ဦးရဲ့ ဆီးချိုက များနေလို့ သူ့ကို ဆရာမ မေးကြည့်မိပါတယ်။

“ဟင် . . အဒေါ်ကြီးရဲ့ ဆီးချိုက ၃၀ဝ တောင်ရှိနေတာ ဆီးချိုဆေး မှန်မှန်မသောက် ဘူးလား”

“ဟုတ်လား။ အဒေါ်ကတော့ ဘယ်လိုမှတောင် မနေပါဘူး။ အဒေါ့်ခြေထောက်လေးပဲ နည်းနည်းကျဉ်တင်တင်ရှိတာ။ ဆီးချိုဆေးတွေက ဆောင်ပဲဆောင်ထားတာ။ ခေါင်းမကောင်းတော့ မှ ဆေးသောက်လိုက်တာပဲ။ ကျွန်မခေါင်းက ဆီးချိုများရင်သိတယ်။ ကျွန်မအခုပဲ ထမင်းစား လာလို့ များနေတာဖြစ်မှာပေါ့” လို့ ပြန်ဖြေပါတယ်။

“အဒေါ့်ကို အခု စမ်းသပ်စစ်ဆေးကြည့်တော့ ကျောက်ကပ်နဲ့ နှလုံးက သွေးချိုကြောင့် ထိခိုက်နေတာကို တွေ့ရတယ်။ အဲ့ဒါသွေးချိုကို ထိရောက်အောင် မကုဘဲထားတာကြာလို့ဖြစ်တာ” လို့ ရှင်းပြလိုက်တော့-

“အဲဒီလောက်တောင်ဖြစ်သွားပြီလား၊ အဒေါ်လည်း မသိပါဘူး။ လမ်းထဲက အိမ်နီးချင်းတွေ လည်း ဒီလိုပဲ နေကြတာဆိုတော့ ဆေးဆိုတာ နေမကောင်းမှပဲသောက်ရတာလို့ ထင်မိတာ။ အခုတော့ ကျောက်ကပ်က တော်တော်ပျက်သွားပြီလား။ ဆေးမှန်မှန်သောက်ရင် ပြန်ကောင်းနိုင် မလား ဆရာမ” လို့ ပြန်မေးပါတယ်။

“အဒေါ် ဆေးမှန်မှန်သောက်မယ်။ သွေးချိုညှိပြီး ထိန်းထားနိုင်ရင် သိပ်မဆိုးသေးရင် ပြန်ကောင်းနိုင်ပါတယ်။ သိပ်လွန်သွားရင်တော့ ကျောက်ကပ်ကို မြန်မြန်ဆိုးမသွားအောင်ပဲ ထိန်းထားလို့ရတော့မှာ။ အဒေါ့်အိမ်နီးချင်းတွေကိုလည်း ဆေးမှန်မှန်သောက်ပြီး သွေးချို ပုံမှန်ဖြစ်အောင်ပဲ အဓိက ထိန်းဖို့ ပြောလိုက်ပါဦး” လို့ မှာကြားရပါတယ်။ အဲဒီတော့မှ လူနာအဒေါ်ကြီးက-

“ဟုတ်ပါရဲ့။ ဒါကြောင့်ဖြစ်မှာပဲ တစ်အိမ်ကျော်က ဆီးချိုရှိတဲ့ မိတ်ဆွေ ဦးကျောက်ကြီး တစ်လောက အကောင်းကြီးကနေ နှလုံးရပ်ပြီး ဆုံးသွားတာ သတိရမိတယ်။ သူလည်း အဒေါ်တို့ လိုပဲ ဆီးချိုရှိတယ် ဆရာမ၊ နေလို့ကောင်းတယ်ဆိုပြီး ဆေးမှန်မှန်မှန် မသောက်ဘဲ ခေါင်းနောက် တောက်တောက်၊ လူနုံးချည့်ချည့်ဖြစ်မှ တခါတရံဆေးသောက်တာ။ ဒီလိုဖြစ်တာ ဆီးချိုနဲ့ မဆိုင်ဘူးလို့ ထင်မိခဲ့တာ။ အခုတော့ နေကောင်းပေမယ့် ဆီးချိုဆေးကို မှန်မှန်သောက်ဖို့ အရေးကြီးတာသိလာပါပြီ။ အခုလို ပညာပေးလို့ ကျေးဇူးတင်ပါတယ် ဆရာမရယ်” လို့ ဖြေပါတော့တယ်။


မှတ်ချက်
(၁) ဆီးချိုသွေးချိုလူနာရှင် တော်တော်များများဟာ ဝေဒနာမရှိချိန်မှာ ပေါ့ဆနေတတ် ပါတယ်။ ဝေဒနာမရှိရင် ဆေးကုစရာမလိုဘူးလို့ ယူဆနေမိကြပါတယ်။

(၂) ဆီးချိုသွေးချိုရောဂါရှင် လူနာတွေမှာ ဝေဒနာပေါ်ရင်၊ ရောဂါမျိုးစုံ ခံစားရပြီဆိုရင် နောက်ဆက်တွဲပေါ်ပြီးသား ဖြစ်တတ်ပါတယ်။ အဲဒီအချိန်ကျမှ ရောဂါစကုရင် နောက်ကျပါမယ်။ ဆီးချို ပြန်ကောင်းလည်း ပျက်စီးပြီးသား အင်္ဂါအစိတ်အပိုင်းတွေ အားလုံး ပြန်မကောင်းနိုင်တော့ပါ။

(၃) ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ ဝေဒနာရှိမှ ဆေးကုသမှုခံယူရတာ မဟုတ်ဘဲ သွေးတွင်းအချိုဓာတ်ကိုသာ ထိထိရောက်ရောက် ထိန်းနိုင်အောင် အဓိက ကုသမှုပေးနေရမှာ ဖြစ်ပါတယ်။

Credit: ပါမောက္ခ သန်းသန်းအေး၏ ကျွန်မနှင့် ဆီးချိုလူနာများ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

No comments: