Thursday, April 19, 2018

ICC မှာတိုင်ကြားလို့ရတဲ့ အကြုံးဝင်တဲ့ အမှု (၃) မျိုးအကြောင်း

တနေ့က တင်လိုက်တဲ့ ICC အကြောင်းကို အားပေးကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်.. သင်္ကြန်တွင်းမှာ ဒီလိုစာမျိုးတွေကို ဗဟုသုတအနေနဲ့ ဖတ်သူတွေရှိသေးတာကို သိရလို့ ၀မ်းသာပါတယ်..

ဒီတခေါက်မှာတော့ ICC မှာတိုင်ကြားလို့ရတဲ့ အကြုံးဝင်တဲ့ အမှု (၃) မျိုးအကြောင်းကို အသေးစိတ်ရှင်းပြထားပါတယ်..

နောက်တပုဒ်မှာတော့ မြန်မာနိုင်ငံကို ICC တရားရုံးမှာ တင်နိုင်မတင်နိုင်ကို ရှင်းပြထားတဲ့ လုပ်ထုံးလုပ်နည်းကို ရေးပေးပါ့မယ်...
-----------------------------

ICC တရားရုံးတွင် ဘယ်လို အမှုများကို တိုင်ကြားနိုင်ပါသလဲ

ICC တရားရုံးတွင်
-  လူမျိုးတုန်း သတ်ဖြတ်မှုများ (Genocide)၊
- လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇ၀တ်မှုများ (Crime against Humanity)၊
- စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှုများ (War Crime) တို့ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသည် လူပုဂ္ဂိုလ်တဦးတယောက်တိုင်းကို
ခုံရုံးတင်အရေးယူနိုင်ပါသည်။
- ထိုအမှုသုံးမျိုးနှင့်အကြုံးမ၀င်သည့် ကျန်အမှုများကို မတိုင်ကြားနိုင်ပါ။

လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဆိုသည်မှာ
နိုင်ငံသား၊ လူမျိုးနွယ်စု၊ လူမျိုးစု သို့မဟုတ် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များအားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်မှုများ သို့မဟုတ် အချို့အစိတ်အပိုင်းကို ဖျက်စီးရန်ရည်ရွယ်ချက်ဖြင့် ကျူးလွန်မှုများကို ဆိုသည်။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုသည်မှာ စစ်ပွဲကာလဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မည်သည့်ကာလမျိုးတွင်မဆို လူအုပ်စုတမျိုးမျိုးအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုသည် နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးနှင့် ဘာသာရေးအဖွဲ့အုပ်စုတစုကို တခုလုံးဖြစ်စေ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သော အမှုများဖြစ်သည်၊


လူမျိုးတုန်းသတ်ဖြတ်မှုနှင့် သက်ဆိုင်သော ပြစ်မှု အမျိုးအစား (၅) မျိုးမှာ -
(၁) လူတစု၏ အဖွဲ့ဝင်များကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း
(၂) လူတစု၏ အဖွဲ့ဝင်များကို ခန္ဒာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အန္တရာယ်ပြုခြင်း
(၃) အသင်းအဖွဲတခုလုံး သို့မဟုတ် အချို့ကို စိတ်ပိုင်းဆိုင်ရာ ကျဆင်းပျက်စီးမှုဖြစပေါ်စေရန် တမင်တကာရည်ရွယ်၍ ထိုအုပ်စုဒ အသက်အန္တရာယ်ကို ထိပါးခြင်း၊
(၄) လူအုပ်စုအတွင်းရှိ ကလေးမွေးဖွားမှုကို တားဆီးရန်ဟူသောရည်ရွယ်ချက်ဖြင့်
ချမှတ်သည့် သတ်မှတ်ချက်ကို လိုက်နာစေခြင်း၊
(၅) ကလေးသူငယ်များကို လူအုပ်စုတစုမှ တခြားလူအုပ်စုတစုသို့ အဆင်းအဓမ္မရွေ့ပြောင်းခြင်း၊

လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇ၀တ်မှုများ (Crime against Humanity) ဆိုသည်မှာ-
မည်သည့်အရပ်သားလူုထုကိုမဆို ဦးတည်၍  စနစ်တကျတိုက်ခိုက်သော သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်သော ကျူးလွန်မှုများကို ဆိုလိုသည်။

လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇ၀တ်မှုဆိုသည်မှာ စစ်ပွဲကာလ
ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မည်သည့်ကာလမျိုးတွင်မဆို လူသားတို့အပေါ်   စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်သော ပြစ်မှုဖြစ်သည်။ ထိုပြစ်မှုမြောက်ရန်အတွက် အရပ်သားပြည်သူများအပေါ် ဆိုးဆိုးဝါးဝါး ကျူးလွန်ဖြစ်ပျက်သည့် သို့မဟုတ် စနစ်တကျ ကြံစည်သည့် တိုက်ခိုက်မှုမျိုးဖြစ်ရမည်။

လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇ၀တ်မှုနှင့် သက်ဆိုင်သည့် ပြစ်မှု (၁၁) ခုမှာ-
(၁) လူသတ်မှု
(၂) မျိုးဖြုတ်ခြင်း
(၃) ကျွန်ပြုခြင်း
(၄) ပြည်နှင်ဒဏ်ပေးခြင်း သွှိုမဟုတ် အတင်းအကျပ်ရွေ့ပြောင်းခြင်း
(၅) ထောင်သွင်းအကျဉ်းချခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အခြေခံစည်းမျဥ်းများကို ချိုးဖောက်၍ လူတယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ဆုံးရူံးစေခြင်း
(၆) ညှင်းပမ်းနှိပ်စက်ခြင်း
(၇) မုဒိန်းကျင့်ခြင်း၊ လိင်ကျေးကျွန်ပြုခြင်း၊ အတင်းအကြပ် ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်း၊ ကိုယ်ဝန်ရှိစေခြင်း၊ ကိုယ်ဝန်မရှိစေခြင်း သို့မဟုတ် အခြားဆိုးဝါးသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊
(၈) သက်သေအထောက်အထားပြနိုင်သော မည်သည့်လူစုကိုမဆို ညှင်းပမ်းနှိပ်စက် သို့မဟုတ် နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လိင်စသည့်အုပ်စုများအား ညှမ်းပမ်းနှိပ်စက်ခြင်း၊
(၉) လူများအား အတင်းအကြပ်ပျောက်ဆုံးစေခြင်း၊
(၁၀) လူမျိုး၊ အသားအရောင်ခွဲခြားရေးမူဝါဒနှင့် ဆိုင်သော ရာဇ၀တ်မှု၊
(၁၁) တမင်တကာရည်ရွယ်၍ ကြီးစွာသော ခံစားမှုဖြစ်စေခြင်း၊ စိတ်ပိုင်းအရခန္ဒာကိုယ်အရ ပြင်းထန်စွာထိခိုက်အနာတရဖြစ်စေခြင်း စသည့် တခြားလူမဆန်သည့် လုပ်ရပ်များကို ဆိုလိုသည်။


စစ်ရာဇ၀တ်မှု (War Crime) ဆိုသည်မှာ ပြည်တွင်းစစ်ဖြစ်စေ နိုင်ငံတကာစစ်ပွဲတွင်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခကာလအတွင်း စီမံကိန်းတခု မူဝါဒတခု၏ အစိတ်အပိုင်းဖြင့် ကျူးလွန်ခြင်း သို့မဟတြ် ထိုပြစ်မှုမျိုးကိုကျယ်ပြန့်သောပမာဏတခုဖြင့် ကျူးလွန်ခြင်းကို ဟုအဓိပ္ပာယ်ဖွင့်ထားသည်။

စစ်ရာဇ၀တ်မှုဆိုသည်မှာ စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခကာလအတွင်း အရပ်သားများနှင့် စစ်သုံ့ပမ်းများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်သော ပြစ်မှုများဖြစ်သည်။ ထို့ကြောင့် စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှုသည် စစ်ပွဲကာလအတွင်း လက်နက်ကိုင်မဟုတ်တော့သည့် သုံ့ပမ်းများနှင့် အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျုးလွန်သော တိုက်ခိုက်မှုများကို ဆိုလိုသည်။

စစ်ရာဇ၀တ်မှုနှင့် ပတ်သက်၍ အဓိကကျသော အောက်ပါအချက်လေးချက်ကို ကျူးလွန်ပါက စစ်ရာဇ၀တ်မှုမြောက်သည်ဟု ဆိုနိုင်သည်။
(၁) ၁၉၄၉ ခုနှစ် သြဂုတ်လ (၁၂) ရက် ဂျီနီဗာသေဘာတူညီချက်များ၊ ပြဌာန်းချက်များကို လူအများ သို့မဟုတ် အရာဝတ္တုများအပေါ် ပြင်းထန်စွာ ချိုးဖောက်မှုများ၊
(၂) စစ်ပွဲအတွင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင် ကျင့်သုံးရမည့်စစ်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုများ၊
(၃) အပြည်ပြည်ဆိုင်ရာလက္ခဏာဆောင်သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်ရာတွင် ၁၉၄၉ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့ ဂျီနီဗာသဘောတူညီချက် (၄) ရက်နှင့် သက်ဆိုင်သည့် ပုဒ်မ(၃) ကို ပြင်းထန်စွာ ချိုးဖောက်မှုများဖြစ်သည့် ဖျားနာနေသော၊ ထိခိုက်ဒဏ်ရာရနေသော၊ ဖမ်းဆီးချပ်နှောင်ခံရသော သို့မဟုတ် အခြားအကြောင်းကြောင့်စစ်မတိုက်နိုင်တော့သော လက်နက်ချပြီးဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် တက်ကြွစွာ ပါဝင်တိုက်ခိုက်ခြင်း မရှိတော့သည့်သူများကို ဆန့်ကျင်တိုက်ခိုက်ကျူးလွန်မှုများ၊
(၄) အပြည်ပြည်ဆိုင်ရာ လက္ခဏာ  မဆောင်သည့် လက်နက်ကိုင်ပဋိပက္ခများ (ပြည်တွင်းစစ်) များအတွက် ကျင့်သုံးသည့် စစ်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုတို့ဖြစ်သည်။

စစ်ရာဇ၀တ်မှုမြောက်နိုင်သောအမှုများမှာ
- လူအများကို သတ်ဖြတ်ခြင်း၊ မျိုးတုန်းစေခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းနှင့် ရက်ရက်စက်စက်ဆက်ဆံခြင်း၊
- လူတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ဆက်ဆံခြင်း၊ ဓားစာခံအဖြစ်ခေါ်ဆောင်ခြင်း၊
-ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို ပြစ်မှတ်ထားတိုက်ခိုက်ခြင်း၊
- ဂျီနီဗာစာချုပ်က သတ်မှတ်ထားသည့် သင်္ကေတများပါရှိသည့် အဆောက်အဦများ၊ ပစ္စည်းများ၊ ဆေးဝါးဌာနများနှင့် ယာဉ်များကို ပြစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်း၊
- လူသားချင်းစာနာမှုဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ပြစ်မှတ်ထားတိုက်ခိုက်ခြင်း၊
- ဘာသာရေး၊ ယဉ်ကျေးမှုအထိမ်းအမှတ်များ၊ ဆေးရုံများနှင့် လူနာများထားရှိသည့်နေရာများကို ပြစ်မှတ်ထား တိုက်ခိုက်ခြင်း၊
-လိင်စော်ကားခြင်း၊ အတင်းအကြပ်ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်း၊ ကိုယ်ဝန်ရစေခြင်း၊ သားကြောဖြတ်ခြင်းနှင့် အခြားပုံစံများဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊
- အသက် (၁၅) နှစ်အောက်ကလေးများကို စစ်ပွဲအတွင်းတွင် ပါဝင်စေခိုင်းခြင်း၊
- ရပ်ရွာလူထုများကို လုံခြုံရေးအကြောင်းကြောင့် မဟုတ်ဘဲ ရွေ့ပြောင်းစေခိုင်းခြင်း၊
- ဒဏ်ရာရသည့် တဖက်တပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊
- စစ်သုံ့ပမ်းများကို တယောက်မကျန်သတ်ဖြတ်ခြင်း၊ သူတို့ ခန္ဒာကိုယ်များကို ဖြတ်တောက်ခြင်း၊ ဆေးသို့မဟုတ် သိပ္ပံပညာစမ်းသပ်မှုလုပ်ဆောင်ခြင်း၊
- လိုအပ်ချက်အရမဟုတ်လဲ လူထု၏ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း၊


မြန်မာနိုင်ငံနှင့် ICC သို့ တင်နိုင်သည့်အမှုများ
ယခင်စစ်အစိုးရကာလအတွင်း လက်နက်ကိုင်စစ်ပွဲများဖြစ်ပွားနေသော ကရင်၊ ရှမ်း၊ ကချင်၊ မွန်ဒေသများရှိ တိုင်းရင်းသားများအား သတ်ဖြတ်ခြင်း၊ လိင်စော်ကားခြင်း၊ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးပြီး ရွာများကို အစုအလိုက်အပြုံလိုက် ပြောင်းရွေ့ခြင်း၊ ပေါ်တာစေခိုင်းခြင်းတို့ကို စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှုကျူးလွန်သည်ဟု ပြောဆိုချက်များရှိခဲ့သည်။ ကလေးစစ်သားအမြောက်အများစေခိုင်းခြင်းသည်လည်း စစ်ပွဲဆိုင်ရာရာဇ၀တ်မှုမြောက်သည်ဟု ထောက်ပြကြသည်။

မကြာမီဖြစ်ပွားခဲ့သော နိုင်ငံတကာ၏ တောင်းဆိုချက်များတွင် လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်တခုလုံးကိုထိခိုက်စေသော ရာဇ၀တ်မှုများကို ရခိုင်ပြည်နယ်တွင် ကျူးလွန်နေသည်ဟု ဆိုကြသည်။

ဆရာ အောင်မျိုးမင်း (Equality Myanmar) 

ICC ဆောင်းပါးများ တစ်စုတည်းဖတ်လိုပါလျှင် - အပြည့်အစုံ 

No comments: