The
Union ပြည်ထောင်စုဆိုတာ
• မြန်မာနိုင်ငံဟာ ပြည်ထောင်စုဖြစ်တယ်။ ဒေသတခုနဲ့တခု မတူပါ။
နေရာတခုကကြိုက်တာကို နေရာတိုင်းမှာ အကုန်လိုက်လုပ်လို့ မရပါ။
• တရားသဖြင့်နိုင်ငံရေးအာဏာရတဲ့အများစုကလွှမ်းမိုးမှုရခြင်းဟာ ပြည်ထောင်စုသဘောမှာ အားနည်းချက်ဖြစ်သလို အားသာချက်လည်းဖြစ်တယ်။ အများစုကိုထင်ဟပ်စေတာလုပ်တိုင်းလည်း လူမျိုးကြီးဝါဒလို့ တံဆပ်ကပ်မရပါ။ ဥပမာ ဗမာစကားပြောဆိုရေးသားတာ၊ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ သင်္ကြန်ရက်တွေကို နေ့အားရက်လုပ်တာ။
• အဲလိုပါတီမျိုးကို နေရာတကာပြစ်တင်ဝေဖန်ပြီး ကိုယ့်လောဘ (ထောက်ခံမှုရရေး) ကိုရယူလိုခြင်းဟာ အမြင်ကျဉ်းမြောင်းလွန်းတဲ့ စည်းရုံးရေးသာဖြစ်ပြီး ပြည်ထောင်စုမူကို ခြိမ်းခြောက်ရာရောက်တယ်။
• ကိုယ့်နိုင်ငံတခုတည်းသာ ကွက်လုပ်တာလဲ နိုင်ငံတကာဆက်ဆံရေးမှာ လုပ်မဖြစ်သလို၊ ကိုယ့်လိုဘ တခုတည်းအတွက်သာ ကွက်ကြည့်ခြင်းဟာ ပြည်ထောင်စုတခုလုံးနဲ့ဆိုင်တဲ့နိုင်ငံရေး မဟုတ်ပါ။
• ပြည်ထောင်စုတခုလုံးမှာ ကိုယ်စားပြုမဲ့နိုင်ငံရေးပါတီတိုင်းဟာ ပြည်ထောင်စုအမြင်ရှိဘို့ လိုတယ်။ ပြည်ထောင်စုလို့ နာမည်၊ ခေါင်းစီးတပ်ထားတိုင်း ပြည်ထောင်စုအနှစ်အရသာကို ပေးစွမ်းနိုင်တာမဟုတ်ပါ။
• တရားဝင်နယ်နိမိတ်အတွင်းက တရားဝင်နေထိုင်ကြတဲ့လူမျိုးတွေရဲ့ တရားတဲ့အလိုဆန္ဒတွေအားလုံးကို ခြုံကြည့်နိုင်စွမ်းတဲ့ နိုင်ငံရေးသည်သာ တရားနည်းလမ်းကျပါတယ်။ အဲလိုအမြင်ရှိတဲ့နိုင်ငံရေးပါတီကဦးဆောင်ခြင်းဟာ သူ့ထက်သင့်မြတ်တာမရှိလို့ ကြည့်ကြည်ဖြူဖြူလက်ခံအားပေးရပါမယ်။
ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၄
၁၁-၂-၂ဝ၁၆

တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ (၅၃) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများ
သက္ကရာဇ်(၂ဝဝဝ) ဖေဖေါ်ဝါရီလ (၁၂)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာ
တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြသော နိုင်ငံဟူသည် ရေရှည် တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေးအတွက် မတူကွဲပြားမှု အပေါ်တွင် ညီညွတ်ရေးဖေါ်ထုတ်ရန်လိုပါသည်။ ထိုကဲ့သို့ မတူညီမှုအပေါ်တွင် ညီညွတ်ရေး တည်ဆောက်ရန် အဓိကလိုအပ်ချက်မှာ အချင်းချင်းအကြား ယုံကြည် လေးစားမှုနှင့် နားလည်မှုရှိခြင်းပင်ဖြစ်ပါသည်။ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗမာအမျိုးသား ခေါင်းဆောင်များအကြား ယုံကြည်လေးစားမှု၊ နားလည်မှုများ ရယူခြင်းဖြင့် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရန် အခြေခံအုတ်မြစ်ဟုခေါ်ရမည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပင်လုံစိတ်ဓာတ်၏အခြေခံဖြစ်သော အချင်းချင်း ယုံကြည်လေးစားမှုနှင့် နားလည်မှုကို ဖွံ့ဖြိုးတိုးတက်စေရန်ပြည်ထောင်စုသားအားလုံးကြိုးပမ်းကြရပါမည်။
(၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ဝေသော ဤစာအုပ်ငယ်တွင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားအသီးသီးတို့ ရေးသား ပြုစုသော စာတမ်းများကို စုဆောင်းထားပါသည်။ တိုတောင်းသော အချိန် ကာလအတွင်း ဤစာတမ်းများကို စုဆောင်းရသဖြင့် ကချင်တိုင်းရင်းသား များထံမှစာတမ်းမရယူနိုင်ခဲ့ခြင်းကို ဝမ်းနည်းမိပါသည်။ သို့သော်လည်း ယခု ရရှိစုဆောင်းထားသော စာတမ်းများကို ဖတ်ရှုခြင်းအားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ သမိုင်းအစဉ်အလာ၊ နိုင်ငံရေး မျှော်မှန်းချက်များနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့အပြင် တရားသောပြဌာန်းချက်များ၏ အကာအကွယ်မရှိသော လူသားတို့၏ ခံစားချက်များကိုနားလည် သဘောပေါက်နိုင်ရန် လမ်းပွင့်သွားစေသကဲ့သို့ ဖြစ်မည်ဟုယုံကြည်ပါသည်။
ပြည်ထောင်စုအတွင်း နေထိုင်ရှင်သန်နေကြရသော တိုင်းရင်းသားများ၏ ပြောင်မြောက်သောသမိုင်းကို လေ့လာခြင်းဖြင့် လူများစု၊ လူနည်းစု မဟူ အချင်းချင်းအကြားအပြန်အလှန် ဂုဏ်ယူလေးစားဖွယ်ရာ များစွာရှိ ကြောင်းကို သိရှိနိုင်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းရာတွင် လူများစုဗမာများနည်းတူလူနည်းစုတိုင်းရင်းသားများ၏ တက်ကြွသောတိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ် စိတ်ဓာတ်များသည်လည်း အရေးပါလှကြောင်း၊ ထင်ရှားပါသည်။ တိုင်းရင်းသားများ၏ နိုင်ငံရေး မျှော်မှန်းချက်များကို လေ့လာလျှင် ၄င်းတို့ သည် ဆင်ခြင်တုံတရားပေါ် အခြေခံပြီး တိုင်းရင်းသားများ၏ ပထဝီအနေ အထား၊ လူမျိုးအနေအထားအရ လိုအပ်ချက်များနှင့် လျော်ကန်သင့်မြတ် ကြောင်းကို နားလည်နိုင်ပါသည်။
ကိုလိုနီအုပ်ချုပ်ရေးခေတ်နှင့် လွတ်လပ်ရေးရပြီးခေတ်များအတွင်း ပြည်ထောင်စုတိုင်းရင်းသားများ ကျော်ဖြတ်ခဲ့ရသော စိတ်နှလုံးမချမ်းမြေ့ဖွယ် ရာအတွေ့အကြုံများသည် ကျမတို့တနိုင်ငံလုံးအတွက် ရင်နင့်စရာပင်ဖြစ်ပါသည်။ အချင်းချင်း စိတ်ဝမ်းကွဲမှုများ၊ အုပ်ချုပ်သောအစိုးရများ၏ တရားမျှ တမှု၊ စာနာမှုကင်းမဲ့သော အပြုအမှုများ၊ လက်နက်ကိုင် ပုန်ကန်ထကြွသည် အထိရောက်ခဲ့ရသော နိုင်ငံရေးóကးပမ်းမှုနှင့် သဘာဝအားဖြင့် ကြွယ်ဝသော ပတ်ဝန်းကျင်အတွင်း ဆင်းရဲနွမ်းပါး၍ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ နစ်နာမှုများခံရခြင်းသည် ကျမတို့နိုင်ငံကို လွန်စွာမှ အကျည်းတန်စေပါသည်။ ဤကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်ရခြင်းမှာ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးခြင်းကြောင့်ပင်ဖြစ်ပါသည်။
ပြည်ထောင်စုစိတ်ဓာတ်ဟူသည် အဘယ်နည်း၊ မည်ကဲ့သို့ တည် ဆောက်ရမည်နည်း ဟူသော မေးခွန်းများ၏ အဖြေကို ယခု (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေလိုက်သည့် တိုင်းရင်းသားများကိုယ်တိုင် ရေးသားထားသော ဆောင်းပါးများအတွင်းမှာ ရှာစေချင်ပါသည်။
ပြည်ထောင်စုသားများအကြား နားလည်မှုတိုးပွားစေရန် ရည်ရွယ်၍ ရေးသားပေးခဲ့သော ဆောင်းပါးရှင်များကို ပင်လုံစိတ်ဓာတ် ရှင်သန်စေသူများအဖြစ် ဂုဏ်ပြုလိုက်ပါသည်။ ။
အောင်ဆန်းစုကြည်
(အထွေထွေအတွင်းရေးမှူး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ပည်ထောင်စုစိတ်ဓာတ်
ပည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများ
သက္ကရာဇ်(၂ဝဝဝ) ဖေဖေါ်ဝါရီလ (၁၂)ရက်
ပြည်ထောင်စုစိတ်ဓာတ်
ယခုခေတ်အခါသမယ၌ လမ်း၊ တံတား၊ အဆောက်အဉီ ဖွင့်ပွဲများ နှင့် ယုတ်စွအဆုံး ဘာမဟုတ်သည့် သာမန်ကိစ္စကလေးများပြုလုပ်ဆောင်ရွက်ကြရာ၌ပင် ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးစုံတို့၏ ဝတ်စုံများကို ဝတ်ဆင်စေလျက် တခမ်းတနား ပါဝင်ဆင်နွှဲစေ၏။ တိုင်းရင်းသား ပေါင်းစုံတို့၏အကများဖြင့်လည်း အခမ်းအနားများကို သရုပ်ဖေါ်အမွှန်းတင်ကြသည်ကိုလည်းများစွာတွေ့မြင်နေရ၏။
တိုင်းရင်းသားလူမျိုးများကို အလေးပေး အရေးပေးသည့် သဘောပေလော၊ သို့မဟုတ် လူမျိုးပေါင်းစုံနေထိုင်သည့် ပြည်ထောင်စု၏ အဓိပ္ပါယ်ကို သရုပ်ဖေါ်ပြသခြင်းပေလော၊ သို့တည်းမဟုတ် ရောင်စုံအဝတ်တန်ဆာများဖြင့် ဤတို့၏ အခမ်းအနားများကို ပိုမို၍လှပတင့်တယ် ကျက်သရေရှိစေရန် အခမ်းအနား၏ အဆောင်အယောင် သဘောထား၍ ပြုမူဆောင်ရွက်ခြင်းပေလော၊ ဤအချင်းအရာသဘောထားများကို ပြုသူများသာ သိကြပေလိမ့်မည်။
တိုင်းရင်းသားလူမျိုးများကို အရေးပေးသည့် အလေးအနက်ထား သည့် သဘောဆိုပါက ကောင်းလေစွ။ ထိုထက်မှာမူ တိုင်းရင်းသားလူမျိုး အရေးကိုအပေါ်ယံရွှေမှုံ့ကြဲအဆောင်အယောင်သဘောမျှဖေါ်ပြနေခြင်းထက် တိုင်းရင်းသား လူမျိုးများ၏အရေးကို ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံဖြင့် ဖြေရှင်းလျက် အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်ကြမည်ဆိုပါမူ ပို၍ ကောင်းလေစွဟူ၍ ဆင်ခြင်တွေးတောမိပေသည်။
ဤအပြင် ပြည်ထောင်စုစိတ်ဓာတ်ဟူသော ဝေါဟာရဆိုင်ရာ အပြောအဆို၊ အရေးအသား၊ အသုံးအနှုံးများသည်လည်း ယခင်ခေတ်အခါ များမှာထက် ပိုမိုတွင်ကျယ်လာ၏။ ရွှေရည်စိမ် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းရင်းသားလူမျိုးများကို ပျားရည်နှင့် ဝမ်းချခြင်းပေလော၊ သို့မဟုတ် အများယောင်၍ ယောင်ရ၊ အမောင် တောင်မှန်း မြောက်မှန်း မသိပါ ဆိုသကဲ့သို့ မိမိကိုယ်၌က ပြည်ထောင်စု၏အခြေခံသဘောနှင့် ပြည်ထောင်စု မူများကို ခံယူသိမြင်ခြင်းမရှိပါဘဲလျက် အများကပြောဆိုသုံးနှုံးခြင်းကြောင့် သာ ပြောဆိုသုံးနှုန်းကြခြင်းပေလော၊ သို့တည်းမဟုတ် မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောပြည်ထောင်စုကို တည်ထောင်မှသာ တိုင်းရင်းသားလူမျိုးများကို စည်းရုံးနိုင်မည်ဟူ၍ ခံယူချက်ဖြင့်ပင် ပြောဆိုသုံးနှုန်းနေခြင်းပေလော။ ဤ အချင်းအရာသဘောထားများကိုလည်း ပြုသူများသာသိကြပေလိမ့်မည်။
ရွှေရည်စိမ်ပြည်ထောင်စုစိတ်ဓာတ်များကို ဖယ်ရှားပြီး ဗိုလ်ချုပ် အောင်ဆန်းချမှတ်ခဲ့သော ပြည်ထောင်စုမူ၊ ပြည်ထောင်စု စိတ်ဓာတ်ကိုသိမြင် ခံယူလျက် ပြောဆိုသုံးနှုန်းပါမူ ကောင်းလေစွ။ ထိုထက်မှာမူ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုပြီး လူမျိုးစုပြဿနာကို ဖြေရှင်းကာ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြ ပါမူကား အတိုင်းထက်အလွန် ကောင်းလေစွဟူ၍ တွေးမြင်ခံစားမိပေသည်။
လမ်းစဉ်ပါတီခေတ်၌ တောင်သူလယ်သမားဉီးကြီးမျာဆိုသော ဝေါဟာရသည်တွင်ကျယ်စွာ အသုံးပြုခြင်းခံခဲ့ရသည်။ သို့ရာတွင် တောင်သူ လယ်သမားများ၏ ဘဝမှာမူ အထူးအခွင့်အရေးများ ဗလာနတ္ထိ၊ ယ္ခင်ခေတ် များမှာထက်ပင် ခါးသီးသောခံစားချက်များကို ခံစားခဲ့ကြရ၏။
ပြည်ထောင်စုစိတ်ဓာတ်နှင့်ပတ်သက်၍ ပြောဆိုသုံးနှုန်းကြရာတွင် လည်း ဤသို့မဖြစ်ရန်လိုသည်။ မည်သည့် ပြဿနာကိုမဆို အပေါ်ယံ အပြောသက်သက်ဖြင့်မှုပီးပေ။ ရွှေရည်စိမ်စိတ်ဓာတ်နှင့်သဘောထားများကို ဖယ်ရှားပြီး ပြဿနာကို အခြေခံကျကျ ရှုမြင်သုံးသပ်ရန်လိုသည်။ လောက၌ ဖြစ်ပျက်တတ်သော သဘာဝနိယာမတရားများသည် လူတို့၏ဆန္ဒနှင့် ကင်း လွတ်၏။ ထို့ကြောင့် ပြဿနာတရပ်ကိုရှုမြင်သုံးသပ်ရာတွင်လည်း ဆန္ဒစွဲ၊ လူမျိုးစွဲများကင်းရှင်းရန် လိုပေသည်။ ထို့အပြင် ဓမ္မဓိဋ္ဌာန် ကျကျသုံးသပ်၍ ရလာသော အခြေခံသဘောတရားများကို အသိအမှတ်ပြု လက်ခံရန်လို၏။ ဤအပြင် ပြေလည်စွာဖြေရှင်းမှသာပြီးမြောက်နိုင်ပေမည်။ ထို့ကြောင့် ပြည် ထောင်စုအတွင်းမှ တိုင်းရင်းသားလူမျိုးများပြဿနာကိုလည်း ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ရမည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအသိအမှတ်ပြုရမည်။ လူမျိုးစု၊ လူနည်းစုများ၏ အခွင့်အရေးကို အလေးနက်ထား လက်ခံမည်။ ဤ အခြေခံသဘောတရားများပါသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ဖြေရှင်းမှသာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ်ရရှိ နိုင်ပေမည်။
ပြည်ထောင်စုဟူသည် ပြည်ထောင်များကို ပေါင်းစည်းထားခြင်းဖြစ်၏။ လူမျိုးအသီးသီးတို့ မှီတင်းနေထိုင်ရာများကို စုပေါင်းထားခြင်းလည်း မည်၏။ ပေါင်းစည်းကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘုံရန်သူကို စုပေါင်း ကာကွယ်ရန်နှင့် ဘုံအကျိုးစီးပွါးကို တည်ဆောက်ကြရန်ဖြစ်၏။
ရှေးပဝေသဏီခေတ်၌လူသားတို့သည်မိသားစု၊ ဆွေမျိုးစု၊ သွေးတူ များအဖြစ်သာစုဖွဲ့နေထိုင်ခဲ့ကြသည်။ အန္တရာယ်များနှင့် ရန်သူများကိုလည်း မိမိတို့အင်အားဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်းဖြင့်သာ များသောအားဖြင့်ဖြေရှင်း ခဲ့ကြဟန်ရှိသည်။ သို့ရာတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ဆွေမျိုးစု၊ သွေးတူစု များ၏ ပိုင်ဆိုင်မှု (ကျွဲ၊ နွား၊ သိုး၊ တိရိစြွာန်များနှင့် စိုက်ပျိုး မြေယာများ) ကို ပိုင်ဆိုင်လာသောအခါ မြေယာလုစစ်ပွဲများ၊ အုပ်စုစစ်ပွဲများ ဖြစ်ပွါးလာ၏။ ဤသို့ဖြင့် ကြီးနိုင် ငယ်ညှဉ်းသဘော၊ အုပ်စုကြီးများက အုပ်စုငယ်များကို အနိုင်ပြုတိုက်ခိုက်လုယက်သိမ်းပိုက်မှုများ ရှိလာခဲ့၏။ မိမိအုပ်စုကို ရန်ပြုမည့် ရန်သူများရှိလာ၏။ စိန်ခေါ်မှုများ ရှိလာ၏။ ဤသို့ဖြင့် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစုများအချင်းချင်း ပေါင်းဖွဲ့သည့်အစုအဖွဲ့များ ပေါ်ထွန်းလာ၏။ ဤသည်မှာ ယနေ့ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် တွင်ကျယ်စွာ ကျင့်သုံးနေကြသော ပြည်ထောင်စုများ၏ အခြေခံသဘောပင်ဖြစ်ပေသည်။
လူသားတို့သည် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစု အသိုင်းဝိုင်းမျိုးစုံမှ တဖြည်းဖြည်း နိုင်ငံတော်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ဘာသာစကား၊ ဓလေ့ ထုံးတမ်းယဉ်ကျေးမှု၊ ဆွေမျိုးတော်စပ်မှုအရ ဖွဲ့စည်းနေထိုင်ခဲ့ရာမှ တခုတည်း သော အာဏာပိုင်မှု (အကြီးအကဲ)အောက်တွင်နေလိုခြင်းကြောင့် မျိုးတူစုများ စုဖွဲ့လာကြသည်။ လူ့ယဉ်ကျေးမှုစတင်လာခြင်းနှင့် စိုက်ပျိုးရေးစနစ် ပိုမိုထွန်းကားလာခြင်းကြောင့်လည်း ဆွေမျိုးစုများ ပိုမိုစုစည်းလာကြသည်။ အုပ်စုတစုနှင့်တစုအကြား ရန်လိုမှု၊ စိန်ခေါ်မှုများနှင့် နယ်မြေလုစစ်ပွဲများကြောင့် အင်အားကြီးသောအုပ်စုက အင်အားငယ်သောအုပ်စုအပေါ် လွှမ်းမိုး တိုက်ခိုက်သိမ်းပိုက်မှုများရှိလာသည်။ ဤကဲ့သို့သော စုဖွဲ့မှုများမှအုပ်ချုပ်ရေးယန္တယားနှင့် နိုင်ငံတော်များ ပေါ်ပေါက်လာခဲ့ပေသည်။
မူလနိုင်ငံတော်များသည် ဒီမိုကရေစီကျသော၊ လူထုအားဖြင့်ရွေး ချယ်သည့် လူထုကိုတိုက်ရိုက်ကိုယ်စားပြုသော နိုင်ငံတော်များသာ ဖြစ်ခဲ့ ကြ၏။ သို့ရာတွင် ပစ္စည်းဉစ္စာနှင့် ဓနအင်အားကို ရှာဖွေစုဆောင်းရာတွင် ထွန်ယက် စိုက်ပျိုးလုပ်ကိုင်၍ ရှာဖွေသည်ထက် လုယက်တိုက်ခိုက် သိမ်းပိုက် ခြင်းအားဖြင့် ပိုမိုရရှိနိုင်သည့်သဘောကို မြင်လာသောအခါ လုယက်သိမ်းပိုက် သည့် စစ်ပွဲများမှသည် ပဒေသရာဇ်အင်ပါယာများ ထူထောင်ခဲ့ကြသည်။
နပိုလီယံ၏ အင်ပါယာကိုအကြောင်းပြုပြီး အမျိုးသားရေးစိတ်နှင့် အမျိုးသားနိုင်ငံကိုကာကွယ်ရန်စိတ်များ ပြင်းပြလာခဲ့ကြသည်။ နပိုလီယံ သည် ဉရောပ၌ အင်္ဂလန်မှလွဲပြီး ကျန်ပဒေသရာဇ်နိုင်ငံများကို သိမ်းပိုက်ခဲ့ သည်။ ထိုနိုင်ငံများတွင် အမျိုးသားဘုရင်များကို ဖယ်ရှားပြီး နပိုလီယံ၏ ဆွေတော်မျိုးတော်များကို ဘုရင်များအဖြစ် ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံများစွာတို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်လူမျိုး ဘုရင်များကို တမ်းတလာကြ၏။ အမျိုး၊ ဘာသာ၊ သာသနာနှင့် မိမိနိုင်ငံကိုထူ ထောင်လိုသော ကာကွယ်လိုသော စိတ်များပေါ်ပေါက်ကာ တော်လှန်ပုန်ကန်ခဲ့ကြသည်။ ထိုကဲ့သို့ တော်လှန်ပုန်ကန်မှုများကြောင့် နပိုလီယံ၏ အင်ပါယာ ပြိုကွဲရပြီး အမျိုးသားနိုင်ငံများပေါ်ပေါက်လာ၏။
စက်မှုတော်လှန်ရေးနောက်ပိုင်း၌ နယ်ချဲ့စနစ်ပေါ်ပေါက်လာရာ ထို နယ်ချဲ့စနစ်မှမွေးဖွားပေးလိုက်သော ကိုလိုနီဝါဒနှင့် ကိုလိုနီနိုင်ငံများ ပေါ် ပေါက်လာခဲ့၏။ ယင်းကိုလိုနီနိုင်ငံများတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တည်းဟူသောအမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေး ဝါဒသည်လည်း ပီပြင်စွာပေါ်ပေါက်လာခဲ့ပေသည်။ အမျိုးသားနှင့်နိုင်ငံတော်၊ နိုင်ငံတော်နှင့် အမျိုးသား၊ အပြန်အလှန်ဆက်စပ်နေသည့် အမျိုးသားနိုင်ငံတော် သဘောတရားများ၊ လူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသား နိုင်ငံထူထောင်ခွင့် စသည့် အမျိုးသားဝါဒသည် ပထမကမBာစစ်ကြီးအပြီးတွင် ထင်ရှားစွာပေါ်ပေါက်လာခဲ့ပေသည်။ (အမေရိကန်သမတ ဝုဒ်ရိုးဝီလ်ဆင်၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဆိုဗီယက်ယူနီယံ၏ခေါင်းဆောင်လီနင်၏ ကိုယ်ပိုင် ပြဌာန်းခွင့် သဘောတရားများ)
ပထမကမ္ဘာစစ်ကြီးအပြီး ပေါ်ပေါက်လာသော နိုင်ငံတော်များသည် များသောအားဖြင့် လူမျိုးတမျိုးတည်းဖြင့်ဖွဲ့စည်းသော နိုင်ငံတော်များထက် လူမျိုးအများအပြားကို စုပေါင်းပါဝင်ဖွဲ့စည်းထားသော နိုင်ငံတော်များသာ ဖြစ်ကြပေရာ ပြည်ထောင်စု သဘောတရားများသည်လည်း ပေါ်ထွန်းလာခဲ့ ပေသည်။ (ဆွစ်ဇာလန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားပြည်ထောင်စု၊ ချက်ကိုစလိုဗက်ကီးယား ပြည်ထောင်စုတို့သည် ပြည်ထောင်စုသဘောတရား အမျိုးမျိုးကိုပေါ်လွင်စေ သည်။)
မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ်ဉီးဖြစ်သော (၁ဝ၄၄)ခုနှစ်မှ စ၍ နန်းတက်သည့် အနော်ရထာမင်းသည် တိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပဒေသရာဇ်လက်နက်နိုင်ငံတော်ကို တည်ထောင်ခဲ့၏။ သို့ရာတွင် အနော် ရထာ၏ နိုင်ငံတော် မပေါ်ထွန်းမှီ မြန်မာနိုင်ငံ၏ နယ်မြေဒေသအတွင်းတွင် ပျူလူမျိုးတို့၏ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာနိုင်ငံတော်များ၊ မွန်တို့၏ သုဝဏ္ဏဘူမိနိုင်ငံတော်၊ ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ နိုင်ငံတော်များ၊ ရှမ်းတို့၏ နန်ရှောင် နိုင်ငံတော်စသည့်နိုင်ငံများသည် အုပ်ချုပ်ရေး၊ စာပေယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်ဝဖွံ့òဖိးတိုးတက်လျက် ရှိနေသည်ကို တွေ့ရပေမည်။
ပျူလူမျိုးတို့သည် တိဘက်တိုဘားမင်းအုပ်စုဝင်များဖြစ်ကြပြီး တိ ဘက်ကုန်းမြင့်မှ ဆင်းသက်လာသည်။ မြန်မာပြည် ဒေသသို့ ရောက်သော အခါ ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ ကြသည်။ မွန်လူမျိုးတို့သည် မွန်ခမာ အနွယ်ဝင်များဖြစ်ကြပြီး သုဝဏ္ဏဘူမိ နှင့် ဟံသာဝတီနိုင်ငံများကို တည်ထောင်ခဲ့ကြသည်။ ရခိုင်လူမျိုးများသည် ရခိုင်ဒေသသို့ ရှေးဉီးရောက်နှင့်လာကြသော ကမ်းယံလူမျိုး၊ သက်လူမျိုးများ နှင့် နောက်ပိုင်းမှ ဝင်ရောက်လာသော အာရီယံလူမျိုးများရောနှော နေထိုင် ခဲ့ကြပြီး ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်းကြတ်၊ မြောက်ဉီး နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။ ရှမ်းလူမျိုးတို့သည် ဆီနိုထိုင်း အနွယ်များဖြစ်ကြပြီး နန်ချောင်နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။ နောက်ပိုင်းတွင် စော်ဘွားနယ်များဖြင့် အုပ်စိုးနေထိုင်ခဲ့ကြသည်။ မြန်မာလူမျိုးတို့သည် တိဘက်မြန်မာ အနွယ်များဖြစ်ကြပြီး ပုဂံ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ အမရပူရ၊ မန္တလေးနိုင်ငံတော်များကို တည်ထောင်ခဲ့ကြသည်။
မြန်မာပဒေသရာဇ်ခေတ်သည် အေဒီ (၁ဝ၄၄)ခုနှစ်၊ အနော်ရထာ နန်းတက်သောနှစ်မှ သီပေါမင်းနန်းကျသော သက္ကရာဇ် (၁၈၈၅) ခုနှစ်ထိ ရှည် ကြာခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လာမည့် သမိုင်းကြောင်း ကို လေ့လာမည်ဆိုပါက ထိုသမိုင်းကြောင်းဖြစ်ပေါ်ရာပထဝီအနေအထားကို လည်း အနည်းငယ် သိမြင်ထားရန်လိုပေသည်။ ပထဝီအနေအထား များသည် ထိုတိုင်းပြည်၏ ရာဇဝင်သမိုင်းကြောင်းကို စီမံဖန်တီးရာတွင် အဓိကအချက်တချက်အနေဖြင့် ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည်အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်စွန်း၌တည်ရှိသည်။ အရှေ့ဘက် တွင် တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံတောင်ဘက်တွင် မုတ္တမကွေ့နှင့် ဘင်္ဂလား ပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မဏိပူရနယ်၊ အာသံနယ်နှင့် မြင့်မောက်သောတောင်တန်းကြီးများ၊ မြောက်ဘက်တွင် တိဘက်နိုင်ငံများ ရှိခဲ့ကြပေသည်။
ရှေးမြန်မာမင်းတို့၏ လက်ထက်တန်ခိုးကြီးသော မင်းများသာလျှင် ဤမျှ ကျယ်ပြန့်သောဒေသနှင့် ၄င်းထက်ပိုသော ဒေသများကို သိမ်းပိုက် ပိုင်ဆိုင်ခဲ့ကြပြီး ကျန်အချိန်များမှာတစိတ်တဒေသကိုသာပိုင်ဆိုင်ကာ ထီးပြိုင်နန်းပြိုင် တိုင်းငယ်ပြည်ငယ်ကလေးများအဖြစ်သာ တွေ့မြင်ကြရပေသည်။
မြန်မာနိုင်ငံကို အကြမ်းအားဖြင့် သုံးသပ်ရလျှင် ပင်လယ်ကမ်းခြေ ဘက်တွင် ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်းကြပ်၊ မြောက်ဉီး။ မွန်တို့၏ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ(ပဲခူး)။ အလယ်ပိုင်း၌ သရေခေတ္တရာ (ပြည်)နှင့် ၄င်း၏ အရှေ့ဘက်၌ ကေတုမတီ (တောင်ငူ)၄င်း၏ မြောက်ဘက်၌ ပုဂံ၊ အင်းဝ၊ စစ်ကိုင်းစသည်တို့၏ တည်ရာဖြစ်သောဧရာဝတီ မြစ်ဝှမ်းအလယ်ပိုင်း၊ ထိုမှ မြောက်နှင့်အရှေ့ဘက်တို့တွင် ရှမ်းပြည်များတည်ရှိ ခဲ့ကြပေသည်။
စစ်ကိုင်း၊ အင်းဝ၊ ပုဂံပြည်ကြီး၏တည်ရာ ဧရာဝတီမြစ် အနောက် ဘက်ကို သုနာပရန္တတိုင်း၊ အရှေ့ဘက်ကို တမ္ပဒီပတိုင်း ဟူ၍ခေါ်ပြီး မြန်မာတို့၏ဒေသဖြစ်သည်။ ပုသိမ်၊ မြောင်းမြ၊ ပဲခူး၊ ဟံသာဝတီ၊ မုတ္တမ၊ တနင်္သာရီ စသည်တို့ကား မွန်လူမျိုးတို့၏ ဒေသဖြစ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ မြေပုံကို ကြည့်လျှင် ရခိုင်ပြည်ကိုချန်လှပ်ထားသော မြန်မာနိုင်ငံကို တောင်နံရံတံတိုင်းကြီးဝိုင်းရံလျက် ရှိသည်ကို တွေ့ရပေလိမ့် မည်။ နောက်ဘက်တွင် ပတ်ကွိုင်တောင်၊ နာဂတောင်၊ ချင်းတောင်၊ ရခိုင် ရိုးမတောင်တို့ ပါဝင်သော တောင်တန်းမြင့်ကြီးသည် ကျော်ဖြတ်ရန်ခဲယဉ်းလှ၏။ ၄င်းတောင်တန်းနံရံကြီးကို ဖြတ်ကျော်၍ ဝင်ရောက်ရန် ခရီးလမ်းများမှာ စင်စစ်အားဖြင့် မြစ်ငယ်များစီးဆင်းနေသော တောင်ကြားများသာ ဖြစ်ကြ၏။ ဗြဟ္မပုတ္တရမြစ်ရှိရာ ဟူးကောင်းတောင်ကြားလမ်း၊ မဏိပူရမြစ်စဉ်အတိုင်း မဏိပူရလမ်း၊ အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြား လမ်း၊ အရှေ့ဘက်တွင် တာပင်မြစ်ကြောင်းလမ်း (ဗန်းမော်) ကသာမှ ရွှေလီ မြစ်ကြောင်းလမ်း၊ မြစ်ငယ်ကြောင်းအတိုင်း ကွမ်းလုံကူးတို့ဆိပ်လမ်း၊ တောင် ဘက်တွင် ဂျိုင်းမြစ်ကိုလျှောက်၍ ကော့ကရိတ်လမ်း၊ မော်လòမိင်အရှေ့ဘက် တောင်ကုန်းများမှာ မမြင့်လှ၍ ကျော်ဖြတ်ရန်လွယ်ကူသည်။ ဤလမ်းများ သည် မြန်မာတို့က နိုင်ငံခြားသို့ စစ်ချီရာလမ်းနှင့် နိုင်ငံခြားသားတို့ မြန်မာ နိုင်ငံသို့ ဝင်ရောက်ရာလမ်းများဖြစ်ကြသည်။
မြန်မာနိုင်ငံနှင့် ရခိုင်ပြည်တို့သည် ရခိုင်ရိုးမတောင်တန်းကြီး၏ အတားအဆီးကြောင့် စစ်မက်ရေးရာများကို ကာဆီးထားသကဲ့သို့ ရှိသည်။ ထို့ကြောင့်ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက်သောအကြိမ်ပေါင်း အလွန်နည်း သည်။ အနော်ရထာမင်းလက်ထက်တွင်တကြိမ်၊ အလောင်းစည်သူ လက်ထက်တွင် တကြိမ်၊ အင်းဝမင်းခေါင်လက်ထက်နှင့် တပင်ရွှေထီးတို့ လက်ထက်တွင် တကြိမ်စီ တိုက်ခိုက်ပြီး ရခိုင်ဘုရင်မင်းရာဇာကြီးလက်ထက် တွင် မြန်မာပြည်ဘက်သို့ တကြိမ်သာလာရောက်တိုက်ခိုက်သည်ကိုတွေ့ရ ပေသည်။ အမရပူရခေတ် ဘိုးတော်ဘုရားလက်ထက်ကျမှသာ မြန်မာတို့ သည် ရခိုင်ပြည်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အင်းဝ (မြန်မာ) နှင့် ဟံသာဝတီ(မွန်)တို့အကြားတွင် သွားလာရ လွယ်ကူသော ဧရာဝတီမြစ်ကြောင်းရှိခြင်းကြောင့် အကြိမ်များစွာ စစ်မက်ဖြစ်ပွါးကြသည်ကိုတွေ့ရပေသည်။ (အနှစ် ၄ဝ စစ်)။ ပြည်နှင့်တောင်ငူတို့ သည်ဟံသာဝတီနှင့် အင်းဝတို့အကြားတွင်ရှိသော်လည်း ပြည်မှာ ဧရာဝတီ မြစ်ကြောင်းလမ်းတွင်ကျပြီး တောင်ငူမှာမူ ပဲခူးရိုးမတောင် တန်းဖြင့် ပိုင်းခြား ကာကွယ်ထားသကဲ့သို့ရှိသည်။ ဟံသာဝတီနှင့် အင်းဝတို့ အပြန် အလှန် စစ်ပြုကြရာတွင်လည်း ဧရာဝတီမြစ်ကြောင်းဖြင့် ရေကြောင်းချီသည်က များ ပေသည်။ ထို့ကြောင့် သရေခေတ္တရာ(ပြည်)သည် ရှေးအခါက လွတ်လပ်ခဲ့သော်လည်း နောင်တွင် မြန်မာလူမျိုးနှင့် မွန်လူမျိုးတို့၏ လက်အောက်တွင် တလှည့်စီကျရောက်ခဲ့ရပေသည်။ ကေတုမတီ (တောင်ငူ) မှာကား စစ်မက် ဘေးမှလွတ်ကင်းခဲ့ပေသည်။ ထို့ကြောင့် တဖြည်းဖြည်းအင်အားတောင့်တင်း လာပြီးလျှင် နောင်တွင် အင်းဝနှင့်ပဲခူး(ဟံသာဝတီ)တို့စစ်ပန်းလာသောအခါ ထိုပြည်နှစ်ပြည်လုံးကိုပင် သိမ်းယူနိုင်ခဲ့ပေသည်။
ရှမ်းပြည်ကား မြန်မာပြည်နှင့် တရုတ်တို့၏ ကြားတွင်ရှိ၍တခါတရံ သီးခြားလွတ်လပ်နေပြီး ရံဖန်ရံခါတွင် မြန်မာတို့၏ လက်အောက်ခံ ဖြစ်ကာ တခါတရံ တရုတ်တို့၏ လက်အောက်ခံလည်းဖြစ်ခဲ့သည်။ ထားဝယ်၊ တနင်္သာရီ၊ မုတ္တမတို့မှာလည်း ပဲခူး(မွန်)နှင့် ယိုးဒယားတို့အကြားတွင်ရှိပြီး မွန်တို့၏ လက်အောက်ခံဖြစ်ပြီး ရံဖန်ရံခါတွင် ယိုးဒယားလက်အောက်သို့ ကျရောက်ခဲ့ပေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းကို ရေးသားဖေါ်ပြရာတွင် မြန်မာလူမျိုးတမျိုးတည်း၏သမိုင်းကိုဖေါ်ပြခြင်းထက်အခြားလူမျိုးများ၏ သမိုင်းအပါအဝင် ပြည်ထောင်စုသမိုင်းကိုသာ ဖေါ်ပြသင့်ပေသည်။ ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတွင်သမိုင်းကို ရေးသားဖေါ်ပြရာ၌ မွန်လူမျိုးများ၏ သမိုင်းနှင့် မွန်နိုင်ငံတော်များအကြောင်းကိုလည်းကောင်း၊ မွန် မင်းဆက်ကို လည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များအကြောင်း ကိုလည်းကောင်း၊ ရှမ်းလူမျိုးတို့၏သမိုင်းနှင့် ရှမ်းနိုင်ငံတော်အကြောင်းကိုလည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များ အကြောင်းကိုလည်းကောင်း၊ ထိုနည်းတူစွာ ရခိုင်လူမျိုးတို့၏သမိုင်းနှင့်ထင်ရှားသော နိုင်ငံတော်များကိုလည်းကောင်း၊ ထင်ရှား သောဘုရင်များအကြောင်းကိုလည်းကောင်း ဖေါ်ပြမှု၊ သင်ကြားမှုနည်းပါး ခြင်းကြောင့် သိရှိသူအလွန်ပင်နည်းပေသည်။ အချို့မှာဉက္ကလာပမင်း၊ ရှင် စောပုဘုရင်မနှင့် ဓမ္မစေတီမင်းစသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၏ ဒါယကာများဖြစ်ကြသော ဘုရင်များကိုပင် မွန်ဘုရင် ဟူ၍လည်းကောင်း၊ သီဟသူ၊ အုန်းဘောင်ခုံမှိုင်းစသည့်မင်းများကိုလည်း ရှမ်းမင်းများဟူ၍လည်းကောင်း သိကြသူနည်းပေသည်။ ထိုနည်းတူစွာရခိုင်မင်းဆက်မှ ထင်ရှားသောမင်းများဖြစ်ကြသည့် စန္ဒာသူရိယ၊ မင်းထီး၊ မင်းဘာကြီး၊ မင်းရာဇာကြီး စသည့်မင်းများအကြောင်းကိုကား သိရှိသူ အလွန်နည်းပါးလှပေသည်။ ဤသို့ဖြစ်ရသည်မှာ သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်းအနေဖြင့် ဖေါ်ပြခြင်းထက် မြန်မာသမိုင်းကိုသာ ဖေါ်ပြနေခြင်းကြောင့် ဖြစ်ပေသည်။ ထို့ ကြောင့် သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်းအနေဖြင့်သာဖေါ်ပြသင့်ပေသည်။ လူမျိုးတို့၏ သမိုင်းဟူသည် မေ့ပျောက် ချန်ထားသင့်သော အကြောင်း အရာများမဟုတ်ပေ။
ထိုနည်းတူစွာ သမိုင်းကိုဖေါ်ပြရာ၌လည်း ဖြစ်ရပ်မှန်များအတိုင်း ရေးသားဖေါ်ပြရန်လို၏။ ဤသို့ ဖေါ်ပြခြင်းသည် ပဒေသရာဇ်ခေတ်တွင်ဖြစ်ခဲ့ သည်များကို အကြောင်းပြု လူမျိုးအချင်းချင်း အမုန်းပွါးရန် မဟုတ်ပေ။ လူမျိုးတို့၏ သမိုင်းမှတ်တမ်းကို သုံးသပ်ပြီး သင်ခန်းစာယူကာ အနာဂတ် နိုင်ငံတော်တည်ဆောက်ကြရန်သာဖြစ်၏။ (အတိတ်ကာလက ဂျပန်လူမျိုး များသည် ဖက်ဆစ်စနစ်ဖြင့် မြန်မာနိုင်ငံကို အုပ်စိုးခဲ့ခြင်းကြောင့် ယနေ့ခေတ် ဂျပန်လူမျိုးများအား မုန်းတီးမှုများမထားသင့်ပေ၊ သို့ရာတွင် စစ်ဝါဒီ ဖက်ဆစ်တို့၏ သဘောကိုမူ သုံးသပ် ဆင်ခြင်အပ်ပေသည်)။ ရှည်ကြာများ မြောင်လှသောသမိုင်းကြောင်းသည် လူမျိုးတမျိုး၏ရှေ့ ခရီးအတွက် အင်အားတရပ်လည်းဖြစ်ပေသည်။
မြန်မာတို့သည်အနော်ရထာမင်းလက်ထက်မှစ၍ ရှမ်းတို့ကို သိမ်း သွင်းနိုင်ခြင်း၊ မဏိပူရနှင့်အာသံနယ်များကို သိမ်းပိုက်နိုင်ခြင်း၊ လင်းဇင်း၊ ဇင်းမယ်နှင့် ယိုးဒယားကို အောင်နိုင်ခြင်း၊ မွန်မြန်မာ အနှစ် (၄ဝ)စစ်ပွဲကို အပြီးသတ်အောင်မြင်ခြင်း တရုတ်တို့၏ကျူးကျော်မှုများကိုတွန်းလှန်နိုင်ခြင်း၊ ရခိုင်ပြည်ကိုသိမ်းယူနိုင်ခြင်း (ဘိုးတော်ဘုရားလက်ထက်) ပန်းဝါစစ်ပွဲကို အောင်နိုင်ခြင်းစသည်တို့ကြောင့် မြန်မာတို့၏ ဇာတိသွေး ဇာတိမာန်များ ထက်သန်ခဲ့ကြသည်။ မွန်လူမျိုး၊ ရခိုင်လူမျိုးတို့မှာမူ ပဒေသရာဇ်နိုင်ငံတော်များပျောက်ပြီး ဇာတိသွေးဇာတိမာန်များ ညှိုးနွမ်းခဲ့ကြရပေသည်။
သို့ရာတွင် မြန်မာတို့သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင် ရှုံးနိမ့် ခြင်း၊ ဗြိတိသျှတို့၏ နိုင်လိုမင်းထက်ပြုမူမှုကိုခံရခြင်း၊ ဒုတိယအင်္ဂလိပ်မြန်မာ စစ်ပွဲနှင့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲများတွင် ရှုံးနိမ့်ပြီး ထီးနန်းပါ ပျောက်ရသောအခါ အမျိုးသားဇာတိမာန်များ ညှိုးကျခဲ့ရပြန်သည်။ သူ့ကျွန်မခံလိုသောမြန်မာတို့၏ တော်လှန်ရေးသည်လည်း စည်းလုံးညီညွတ်မှုမရှိခြင်း၊ လက်နက်အင်အား၊ လူအင်အား မမျှခြင်းကြောင့် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး (၁ဝ)နှစ်ခန့် အကြာတွင် ကျရှုံးကာ အားမတန်မာန်လျှော့၍ မီးခဲပြာဖုံးကြိမ်မီး အုံးဘဝသို့ရောက်ရပြီး အင်္ဂလိပ်တို့၏အုပ်ချုပ်မှု အောက်တွင် ငြိမ်ဝပ်ပိပြား ခဲ့ရပေသည်။ အချို့မှာမှု အင်္ဂလိပ်တို့ကိုပင် အထင်ကြီးကာ အင်္ဂလိပ်တို့ပေးသော ရာထူးဌာနများ၌ နှစ်ခြိုက်ပျော်ပိုက်လျက်ရှိကြပေသည်။ ပြည်သူအများမှာကား ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းကို တမ်းတ၍ မင်းလောင်းနှင့် တန်ခိုးရှင်များကိုသာ မျှော်လျက်ရှိကြပေသည်။
မြန်မာတို့၏ ညှိုးနွမ်းခဲ့သော ဇာတိမာန်သည် မီးခဲပြာဖုံးဘဝမှ ရုရှား-ဂျပန်စစ်ပွဲကို အကြောင်းပြု၍လည်းကောင်း၊ ပထမ ကမBာစစ်ကြီးကို အကြောင်းပြု၍လည်းကောင်း ပြန်လည်နိုးကြားလာခဲ့ပေသည်။ ဤသို့ဖြင့် ဝိုင်အမ်ဘီအေအသင်းကြီး ပေါ်ပေါက်လာခဲ့ပြီး ထိုအသင်းကြီးမှ ချမှတ်လိုက် သော အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတည်းဟူသော ဝံသာနုရက္ခိတ တရားများပေါ်ထွန်းလာခဲ့ပေသည်။ ထိုတရားများသည်ဉီးဉတ္တမ၏ကြောက် သွေးပါရင် ဇာဂနာနှင့် နှုတ်ပစ်၊ ခရက်တောက်ထွက်သွားစသည့် ရဲရဲ တောက် ဟောပြောစည်းရုံးမှုများကြောင့် အမျိုးသားရေးစိတ်ဓာတ်များနိုး ကြားလာခဲ့ပေသည်။ (၁၉၂ဝ)ခုနှစ် ကျောင်းသားသပိတ်ကြီးမှာမူ အမျိုးသားရေးစိတ်ဓာတ်ကို တရှိန်ထိုးတွန်းတင်ပေးသကဲ့သို့ရှိပေသည်။ ဒို့ဗမာအစည်း အရုံးခေတ်သို့ရောက်သောအခါ ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့ စာ၊ ဗမာစကားသည် ဒို့စကား၊ ဗမာပြည်ကိုချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊ ဒို့စကားကို လေးစားပါဟူသော အမျိုးသားရေးဝါဒသည် ငွါးငွါးစွင့်စွင့် ပေါ် ထွက်လာခဲ့ပေသည်။
ဗမာ့ထွက်ရပ်ဂိုဏ်းခေတ်သို့ရောက်သောအခါ နယ်ချဲ့ ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးစသည့် အမျိုးသားရေးဝါဒဖြင့် အမျိုးသားလွတ်မြောက်ရေးလက်နက်ကိုင် တိုက်ပွဲကို ဆင်နွှဲခဲ့ကြပေသည်။ (၁၉၄၆-၄၇) ခုနှစ်များဖြစ်သော လွတ်လပ်ရေး အကြိုကာလသို့ ရောက်သောအခါ မြန်မာတို့၏ အမျိုးသားရေးဝါဒသည် အလှည့်အပြောင်း တခုသို့ ရောက်လာပြီး အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုသဘောတရား များကို ပေါင်းစပ်ကာ ပြည်ထောင်စုစိတ်ဓာတ်တည်းဟူသော အမျိုးသားများ ပေါင်းစည်းရေးဝါဒ (သဘောတရား) သည် ပေါ်ထွန်းလာခဲ့ပေသည်။ ထိုသို့ ဖြစ်ပေါ်ရန် စေ့ဆော်သည့် နိုင်ငံရေးအခြေအနေများလည်း ရှိခဲ့ပေသည်။
ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို မြန်မာဒေသ၊ ရခိုင်ဒေသ၊ မွန် ဒေသများကိုပေါင်းလျက် မြန်မာပြည်မဟူ၍ အုပ်ချုပ်ပြီး ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းဒေသများကိုမူ တောင်တန်းအထူးဒေသများအဖြစ် သီးခြားခွဲ၍ အုပ်ချုပ်ခဲ့ပေသည်။ ဒုတိယကမBာစစ်ကြီး ပြီးသောအခါ မြန်မာ အမျိုးသားများ၏နိုင်ငံရေးအရနိုးကြားမှု ကမ္ဘာ့နိုင်ငံတကာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလူပ်ရှားမှုအရှိန်အဟုန် ပြင်းထန်လာခြင်းကြောင့် မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရမည့်အခြေအနေ ရောက်ရှိသောအခါ ဗြိတိသျှအစိုးရသည် ရှမ်းပြည်နှင့် တောင်တန်းနယ်များကို ချန်ထားလိုသောသဘောထားများရှိခဲ့ကြပေသည်။ ထိုသဘောထားများ ကို (၁၉၄၅)ခု မေလ (၁၇) ရက်နေ့တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းတွင် အထင်အရှားတွေ့ရပေသည်။
ယင်း စက္ကူဖြူစာတမ်းတွင် -
ရှမ်းပြည်အပါအဝင် တောင်တန်းဒေသများကိုမူ မြန်မာပြည်မနှင့် အဆိုပါဒေသများ တလုံးတစည်းတည်း ပူးပေါင်းရန် တောင်တန်းဒေသများ ကဆန္ဒမရှိသရွေ့  ထိုဒေသများကို ဘုရင်ခံက သီးခြားအုပ်ချုပ်သွားမည်ဟု ဖေါ်ပြထားသည်။
ဤအချက်အရမြန်မာပြည်မကိုလွတ်လပ်ရေးပေးသည့်တိုင်အောင် တောင်တန်းဒေသများကို ချန်ထားမည့် ဗြိတိသျှအစိုးရ၏ သဘောထားမှာ ထင်ရှားပေသည်။ ထို့ကြောင့် ပြည်မနှင့်တောင်တန်းဒေသများသည် လွတ်လပ်ရေးယူရာတွင် ပူးပေါင်းရေး/မပူးပေါင်းရေးသည်ပြဿနာတရပ်အနေဖြင့် ပေါ်ပေါက်လာခဲ့ပေသည်။ တနည်းအားဖြင့် တောင်တန်းဒေသများအနာဂတ် ရေးသည်လည်း မြန်မာ့လွတ်လပ်ရေးóကးပမ်းမှုတွင် ပြဿနာတရပ် ဖြစ်လာ တော့သည်။ တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင်လည်း လူဉီးရေအားဖြင့် အတော်အသင့်များပြီး နယ်မြေအားဖြင့် ကျယ်ဝန်းသော ရှမ်းပြည်နှင့် ပူးပေါင်းရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာရပေသည်။
တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင် ဖဆပလ၏ သဘော ထားကို(၁၉၄၅)ခုသြဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပသောနေသူရိန်အစည်း အဝေးကြီး၌ ကြေညာခဲ့သည့် ကြေညာချက်တွင် အောက်ပါအတိုင်း တွေ့ရပေသည် -
ဗမာပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ကသာ ဖန်တီးနိုင်ပြီး အားလုံး၏သဘောနှင့် ညီညွတ်စွာထူထောင်သော နိုင်ငံတည်ထောင်ရန်။ ဤသို့တည်ထောင်ရာ၌ပါဝင်သော လူမျိုး အသီးသီးအား မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်သောအခွင့်အရေးပေး ထားရန်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ရေးနှင့်ပတ်သက်၍ -
၁) ဗမာများကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရသကဲ့သို့ တခြားတိုင်းရင်း သားများလည်းရရမည်ဆိုသည့်သဘောမှဗမာများနှင့် အခြားတိုင်း ရင်းသားများ တန်းတူအခွင့်အရေး ရရမည်။
၂) လွတ်လပ်လာမည့်မြန်မာနိုင်ငံကိုလည်း တိုင်းရင်းသားအားလုံး၏ သဘော ဆန္ဒနှင့်အညီသာ ဖွဲ့စည်းတည်ထောင်သွားမည် ဆိုသည့် သဘောထားများကို တွေ့ရသည်။
(၁၉၄၅) ခု နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ရွှေတိဂုံစေတီ အလယ် ပစ္စယံ၌ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံကြီးတွင်တင်သွင်းသည့် အဆိုအမှတ်(၆) တိုင်းရင်းသား လူနည်းစုအရေးအဆိုနှင့် အဆို အမှတ်(၇) နယ်ခြားဒေသများအား မြန်မာပြည်မနှင့် ပေါင်းစည်းရေးအဆိုများတွင်လည်း အထက်ပါသဘောထားများကို အထင်အရှားတွေ့ရပေသည်။
အဆိုအမှတ်(၆)တွင် -
လွတ်လပ်သော ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်း သားလူနည်းစု၊ လူမျိုးစုအားလုံး သဘောတူတဲ့နည်းနဲ့ လွတ်လပ်စွာတည် ထောင်ရန် ကျနော်တို့က သဘောတူကြောင်း ကတိပေးပါသည်။ မည်သည့် တိုင်းရင်းသား လူနည်းစုမဆို မိမိတို့ကြမ္မာကို မိမိတို့ ဘာသာ ဖန်တီးခွင့်ပေး ပါမည်။ ကျနော်တို့နှင့် ခွဲလိုတဲ့ အခါမှာ ခွဲခွင့်ရှိကြောင်း ကတိပြုပါသည်။ လူမှန်လျှင် အခွင့်ရေးတူရှိရမည်ကို သဘောပေါက်ပြီးသားဖြစ်သော (၄၆) ခုနှစ် မြန်မာတို့အပေါ်၌ လူနည်းစုကို ချုပ်ချယ်လိမ့်မည်ဟု သံသယရှိဖွယ် မဟုတ်တော့ပါ။
အဆိုအမှတ်(၇)တွင်-
မြန်မာတို့နှင့် ခွဲရေးတွဲရေးကို ဗြိတိသျှတို့က မဆုံးဖြတ်ပဲ မြန်မာ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ် အချင်းချင်းသာ လွတ် လပ်စွာ ဆွေးနွေးဆုံးဖြတ်ရန်။
ရှမ်းတို့၏ သဘောထားများကိုလည်းအောက်ပါအတိုင်း တွေ့ရပေ မည် -
ရှမ်းစော်ဘွားအချို့က ရှမ်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးရယူပြီး ဗြိတိသျှဓနသဟာယနယ်အတွင်း ပါဝင်လိုကြသည်။ စော်ဘွားအချို့ကမူ ရှမ်းပြည်ကိုမြန်မာ၊ အိန္ဒိယ၊ သီဟိုဠ်နှင့်မလေးနိုင်ငံများကဲ့သို့ပေးရန် တောင်းဆိုလိုကြသည်။ (ရပလ) ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့ကြီး အဖွဲ့ဝင်များကမူ ဗမာပြည်နှင့်ပေါင်း၍ လွတ်လပ်ရေးကို ရယူလိုကြသည်။ သို့ရာတွင် -
၁) ပြည်ထောင်စုမူအရ ပေါင်းရမည်။
၂) အခွင့်အရေးနှင့် အဆင့်အတန်းတူ ဖြစ်ရမည်။
၃) ရှမ်းပြည်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရမည်။
၎) ခွဲထွက်လိုက အချိန်မရွေး ခွဲထွက်ခွင့်ပေးရမည်။
မည်သို့ပင်ရှိစေဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင် များသည်ပင်လုံတွင်တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာပြည်နှင့်ပေါင်း၍ လွတ် လပ်ရေးကိုယူမှသာ ရှမ်းပြည်နှင့် ကချင်၊ ချင်း အစရှိသော တိုင်းရင်းသား တို့သည် လွတ်လပ်ရေးကို အလျင်အမြန်ရမည်ဟူသော အဆုံးအဖြတ်ပေါ် မူတည်၍ ပူးပေါင်းကြရန်သဘောတူခဲ့ကြသည်။ ဤသို့ဖြင့် ပင်လုံသဘောတူ စာချုပ် ပေါ်ပေါက်လာခဲ့ရပေသည်။
ပင်လုံစာချုပ်သည် ရိုးရိုးရှင်းရှင်း စာချုပ်တခုမျှသာဖြစ်သည်။ ပြည် ထောင်စုဖွဲ့စည်းရေးဆိုင်ရာမူများကို ဖေါ်ပြထားခြင်း မရှိပေ။ သို့ရာတွင်ပင်လုံ စာချုပ်ချုပ်ဆိုရန်အတွက် ဆွေးနွေးချက်များ၊ တိုင်းရင်းသားခေါင်းဆောင်များ ၏ တင်ပြချက်များ၊ အပြန်အလှန် နားလည်သဘောပေါက်ပြီးသဘောတူ ညီချက်များနှင့် ကတိကဝတ်များအနေဖြင့်သာ တည်ရှိပေသည်။ ဤအချက်များမှာ ပင်လုံစိတ်ဓာတ်ခေါ် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချမှတ်ခဲ့ကြသော ပြည် ထောင်စု စိတ်ဓာတ်ဆိုသည်မှာ တန်းတူခြင်း၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီကျခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုခြင်း၊ လူနည်းစုလူမျိုးစုများ၏ အခွင့်အရေးကို အလေးအနက်ထားခြင်းများလည်း ဖြစ်ပေသည်။ တနည်း အားဖြင့် နယ်ချဲ့ဆန်ကျင်ရေး၊ အမျိုးသားများအားလုံး လွတ်မြောက်ရေး တည်းဟူသော ဘုံအကျိုးစီးပွါးအတွက် အကျိုးတူ၊ သဘောတူပူးပေါင်းခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်၏ အဓိကမျှော်မှန်းချက် ဖြစ်ပေတော့သည်။
ဉီးအေးသာအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားလူမျိုးများအရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နိဒါန်း
၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှအလယ်ပိုင်းကုန်းမြေမှ ဆင်းသက်ပေါက်ဖွား လာကြသည့် တိုင်းရင်းလူမျိုး၊ မိသားစုဝင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံတနိုင်ငံ ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းလူမျိုးများ၊ လူမျိုးစုများ၏ အမိမြေသည် မြန်မာနိုင်ငံသာလျှင် ဖြစ်ပေသည်။
၂။ သို့ဖြစ်ရာ လူမျိုး တမျိုးနှင့် တမျိုး၊ လူမျိုးစု တစုနှင့်တစုတို့သည် အပြန်အလှန် ယုံကြည်မှု ရရှိကြရန်၊ တန်းတူရည်တူ ဆက်ဆံကြရန် အရေးကြီးပေသည်။ လူမျိုးကြီး၊ လူမျိုးငယ် ဟူသော ပြဿနာများ၊ တောင်ပေါ်နှင့် မြေပြန့်ဟူသော အစွဲအလမ်းများကို အပြီးအပိုင် ဖျောက်ဖျက်ပြီး၊ ပြည်ထောင်စုတခုအတွင်းထဲမှ ပေါက်ဖွားလာသော ညီအကို တိုင်းရင်သားများအဖြစ် စွဲမြံစွာ ခံယူကြအပ်ပေသည်။
၃။ ဤတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်း ထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တမျိုးတစား တည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်း ပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကား တို့ကို အရေးထားရမည် ဖြစ်သော်လည်း၊ စင်စစ်မှာ အေးတူ ပူအမျှ၊ ကောင်းတူဆိုးဆက် ပူးပေါင်း နေလိုသော အစဉ်အလာ ဆန္ဒအပေါ်တွင်၊ ဝံသာနုရက္ခိတာတရားသည် တည်နေပေ၏” ဟူသော မိန့်ကြားချက်ကို တိုင်းသူပြည်သားအားလုံးက လမ်းညွှန်အဖြစ် ခံယူကြရန် လွန်စွာမှ အရေးကြီးပေသည်။
၎။ သို့မှသာလျှင် “ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ်”၊ တနည်းအားဖြင့် “စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်သစ်” ကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး၊ တိုင်းရင်းသား လူမျိုးအားလုံး၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင် သွားနိုင်ကြပေမည်၊ သို့မှသာလျှင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မာပြီး တိုင်းရင်းသား လူမျိုးများ အကြားတွင် ထာဝရ ငြိမ်းချမ်းသာယာမှု ထွန်းကားနိုင်မည် ဖြစ်ပါသည်။
၅။ ထိုအမြော်မြင်ကြီးမားသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ တိုင်းရင်းသားလူမျိုး ခေါင်းဆောင်ကြီးများသည် ကိုလိုနီနယ်ချဲ့၏ ထမ်းပိုးအောက်မှ လွတ်မြောက်၍ အချုပ်အခြာ အာဏာပိုင်သော “ပြည်ထောင်စုနိုင်ငံတော်” ကို ကျစ်လစ် ခိုင်မာစွာ တည်ဆောက်နိုင်ရန် ပင်လုံညီလာခံ ကျင်းပ၍ အကြေအလည် ညှိနှိုင်း ဆွေးနွေးကြချက်-
“…တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝ ပြုကူလိမ့်မည်မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည်။”
“တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” - ဟူသော အချက်များကို အလေးထားကာ၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်၊ ရှမ်းပြည် ပင်လုံမြို့၌ သဘောတူ စာချုပ် ချုပ်ဆိုပြီး၊ လွတ်လပ်ရေးကို အတူတကွ ပြန်လည် အရယူခဲ့ကြပေသည်။
၆။ ဤသို့အားဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူရှိမှုကို လည်းကောင်း၊ နယ်တွင်းကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ရရှိရေးကိုလည်းကောင်း မိသားစုစိတ်ဓါတ်၊ သို့မဟုတ်၊ ပင်လုံစိတ်ဓါတ်ဖြင့် အသိအမှတ်ပြုသဘော တူခဲ့ကြပေသည်။
ရ။ ဤသည်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလေးအနက်ခံယူ၍ စစ်မှန်သော ပါတီစုံဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည်သူပြည်သားအားလုံးနှင့် အတူ တက်ညီလက်ညီ တည်ဆောက်သွားကြရန် အခိုင်အမာ သန္နိဋ္ဌာန်ချမှတ်ခဲ့ပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ အစဉ်တစိုက်ချမှတ်ခဲ့သော သဘောထားများ
အဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (ယာယီ)နှင့် မူဝါဒသဘောထားများ (မူကြမ်း)
၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၈၈ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (ယာယီ)နှင့် မူဝါဒသဘောထားများ (မူကြမ်း) ပါ၊ တိုင်းရင်းသား လူမျိုးများအပေါ် ထားရှိသည့် မူဝါဒသဘောထားများတွင် -
(က) “့  တိုင်းရင်းသားလူမျိုးများ၏ ပြဿနာကို ဦးစားပေးအလေးထားကာ ဖြေရှင်းကြမည်။ တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူရည်တူ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ စိတ်ထား စေသနာ ဖြူစင်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ တဦး၏ အယူအဆ တဦးလေးစားခြင်း၊ အခြေခံ လူ့အခွင့်အရေး လေးစားယုံကြည်ခြင်း၊ တိုင်းရင်းသား လူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းစဉ်လာ ဖွံ့ဖြိုးစေလိုသော ဆန္ဒအား လိုက်လျောခြင်းတို့ကို အခြေပြုလျက်၊ အကောင်းဆုံး အဖြေကို ရရှိသည်အထိ ကြိုးပမ်းမည်။ ဤအချက်များကို အထူးအလေးအနက်ထား၍ ပူးပေါင်း ဖြေရှင်းကြလျှင်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုသား အချင်းချင်း သဟဇာတဖြစ်ရေးတို့သည် မုချအောင်ပန်းဆင်နိုင်မည့် ရည်မှန်းချက်များ ဖြစ်သည်ဟု ယုံကြည်သည်။ ဤရည်မှန်းချက်များ ထမြောက်အောင် ကြိုးပမ်း လုပ်ဆောင်သွားမည်။”
ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးအဖြစ်၊ စီးပွားရေး အင်အားခိုင်မာ တောင့်တင်းစွာ ရပ်တည် နိုင်ရေးကို လိုလားသည့်အလျောက် ပြည်နယ်အသီးသီးတွင် စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်မည်။ တိုင်းရင်းသား လူမျိုးများ၏ မွေးရာပါ အခွင့်အရေးများ ခံစား ပြည့်ဝရေးနှင့် ပြည်ထောင်စုကြီး တခုလုံး သာယာဝပြောရေးတို့ သဟဇာတ ဖြစ်စေမည့်မူကို လက်ကိုင်ကျင့်သုံး၍ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ထုတ်မည်။” - ဟု အတိအလင်း မူဝါဒ သဘောထားများ ချမှတ်ခဲ့ပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက် အမှတ် (၉)
၉။ တဖန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်အတွင်း နိုင်ငံအနှံ့အပြား ကွင်းဆင်း စည်းရုံးခဲ့စဉ် ရှမ်းပြည်ပင်လုံမြို့၌ (၁၁.၂.၈၉) ရက်နေ့တွင် နေ့စဉ် အဖွဲ့ချုပ်၏ သဘောထားနှင့် ယေဘူယျ ရှေ့လုပ်ငန်းစဉ်များကို ကြေညာချက်အမှတ် (၉) အတိုင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ရှင်းလင်းပြောကြားချက်မှာ-
(က) “ပြည်ထောင်စု တခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍနယ်ပယ် အားလုံးတို့၌ အပြည့်ဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်မှန်ဆုံးသော ဒီမိုကရေစီ နိုင်င့တော်သစ် တည်ဆောက်ရေးကို ဦးတည် ရှေးရှုမည်။”
(ခ) “တိုင်းရင်းသားလူမျိုးအားလုံး လက်တွဲမဖြုတ်စတမ်း သွးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည် ရှေးရှုမည်။”
(ဂ) “ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူမှုကို လက်ခံလျက်၊ မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေး မပေးရေးနှင့် လူမျိုးနွယ်စု အားလုံး ခံစားထိုက်၊ ခံစားအပ်သော မည်သည့် အခွင့်အရေးကိုမျှ ချုပ်ခြယ်ကန့်သတ်မှု မပြုရေးကို ဦးတည် ရှေးရှုမည်။” “တိုင်းရင်းသား လူမျိုးများ အားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍနယ်ပယ် အသီးသီး၌ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေးကို ဦးတည် ရှေးရှုမည်။”
(င) “နယ်ပယ်ဒေသ အသီးသီး၌ တိုင်းရင်းသားလူမျိုး အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု၊ ကူညီ ရိုင်းပင်းမှု၊ ဝိုင်းဝန်း ပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီး တခုလုံးနှင့် ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသ အစိတ်အပိုင်း အသီးသီး၏ စီးပွား ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ရှေးရှုမည်၊” ဟူသည်များ ဖြစ်ပေသည်။
၁ဝ။ ယေဘူယျ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျင်း၍
(က) ဒီမိုကရေစီ အောင်မြင်စွာ တည်ဆောက်နိုင်ချိန်တွင် ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသား လူမျိုးများအားလုံး သွေးစည်းညီညွတ်ရေး၊ တန်းတူသော ဒီမိုကရေစီ လူ့ဘောင်သစ်၏ အခြေခံ အုတ်မြစ်ကြီးများကို အခိုင်အမာ ချနိုင်စေရန် အကျိုးငှာ၊ ပင်လုံညီလာခံကြီးကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်။
(ခ) တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်းရင်းသား လူမျိုးအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့်၊ လူမျိုးနွယ်ကြီး တခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေဒေသရှိသော လူမျိုးငယ်တို့၏ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည့် အရေးကိစ္စများနှင့်စပ်လျင်း၍ အများသဘော ညီမျှသော ပြဋ္ဌာန်းချက်များကို ချမှတ်မည်။
(ဂ) “တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး၏ သွေးစည်းခိုင်မာမှုကို ယိမ်းယိုင် ပြိုကွဲနေစေပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် ဒုက္ခ ပင်လယ်ဝေစေလျက်ရှိသည့် ပြည်ထောင်စုတွင်း စစ်မက်ဖက်ပြိုင်မှုများ အပြီးအပိုင် ပြေပျောက်ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် ညှိနှိုင်းမည်။”
(ဃ) တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်းရင်းသား လူမျိုးအားလုံးနှင့် ပြည်နယ်အားလုံး၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ပိုင်စာပေ၊ ထုံးတမ်းယဉ်ကျေးမှုနှင့် ဘာသာစကားများ စည်ပင် ထွန်းကားရေးနှင့် အပြန်အလှန် ဖလှယ်စည်းပူးရေးတို့အတွက် ခိုင်မာတိကျသော ဝိုင်းဝန်းပံ့ပိုးမှု၊ အာမခံမှု၊ လေးစား စောင့်ထိန်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းချမှတ်မှုများကို ဖော်ထုတ်မည် ဟူ၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပေသည်။ အထက်တွင် ဖော်ပြခဲ့သည့် “…ပင်လုံ ညီလာခံကြီးကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်များကို ချမှတ် နိုင်မည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်” ဟူသည်နှင့်ပတ်သက်၍ အဆိုပါ ညီလာခံသည် ပြည်ထောင်စု စိတ်ဓာတ် လုံးဝလွှမ်းမိုးသော ညီလာခံဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း
၁၁။ ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉ဝ ပြည့်နှစ် မေလတွင် ကျင်းပပြုလုပ်ခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ရသည်။ ထိုစဉ်က တိုင်းပြည်သို့ ထုတ်ပြန် အသိပေးခဲ့သော အဖွဲ့ချုက်၏ “ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကြေညာစာတမ်း” တွင်-
“တိုင်းရင်းသားလူမျိုးအသီးသီးသည် မိမိတို့ ရပိုင်ခွင့်များနှင့် တာဝန်ယူမှုတို့တွင် တန်းတူ ရည်တူ ရှိစေရမည်။ ထို့အပြင်-
(က) တိုင်းရင်းသား လူမျိုးများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့်၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည်ရှေးရှုမည်။
(ခ) ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေးတန်းတူရည်တူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမျှ အခွင့်အရေးမပေးရေးနှင့် လူမျိုးနွယ် လူမျိုးစု အားလုံး၏ ခံစားထိုက်၊ ခံစားအပ်သော မည်သည့်အခွင့်အရေးကိုမျှ ချုပ်ခြယ် ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုမည်။
(ဂ) တိုင်းရင်းသား လူမျိုးများ အားလုံးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍ စသော နယ်အသီးသီး၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့အညီ ဦးတည်ရှေးရှုမည်။
(ဃ) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မပေါ်ပေါက်မီ ကြားကာလ အစီအစဉ်ဖြင့် ပြည်သူ့လွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ရှိပြီးသားပြည်နယ်များအတွက် အာဏာပိုင် အဖွဲ့များ ဖွဲ့စည်းပေးမည်။
(င) နယ်ပယ်အသီးသီး၌ တိုင်းရင်းသားလုမျိုးအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီးတခုလုံးနှင့်၊ ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသအစိတ်အပိုင်း အသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရှေးရှုမည်။
(စ) ဒီမိုကရေစီစနစ် အောင်မြင်စွာ တည်ဆောက်နိုင်ချိန်တွင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသား လူမျိုးအားလုံး သွေးစည်းညီညွတ်ရေး တည်းဟူသော ဒီမိုကရေစီလူ့ဘောင်၏ အခြေခံအုတ်မြစ်ကြိးများကို အခိုင်အမာချနိုင်စေရန်အလို့ငှါ၊ ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂါတ် ခရီး လမ်းညွန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှုညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်၊
(ဆ) တိုင်းရင်းသားလူမျိုးတိုင်းသည် မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်စေခွင့် ရှိစေရမည်။
(ဇ) တိုင်းရင်းသားလူမျိုးများသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား လူမျိုးများ အားလုံး စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စ အစရှိသည်များကို ပြည်ထောင်စုတခုလုံး အတိုင်းအတာဖြင့် ပါဝင်ဆောင်ရွက် စေရမည်” ဟု ကတိကဝတ်ပြုခဲ့ပေသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းခြင်း
၁၂။ ဤသို့အားဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မဲဆန္ဒရှင် ပြည်သူတို့၏ တခဲနက် ထောက်ခံမှုဖြင့်၊ အထွေထွေ ရွေးကောက်ပွဲတွင် အောင်ပန်းဆွတ်ခူး အနိုင်ရရှိခဲ့သည်။ ထိုသို့ အောင်နိုင်ပြီးနောက်၊ တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလား မျှော်မှန်းနေကြသည့် “စစ်မှန်သော ပါတီစုံဒီမိုကရေစီနိုင်ငံတော်သစ်” တည်ဆောက် နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများ၏ သဘောဆန္ဒများကို ရယူရန်ဦးစားပေး ဆောင်ရွက်ခဲ့သည်။ တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေးပါတီ (၂၁) ပါတီ ပေါင်းစပ်ဖွဲ့စည်းထားအပ်သော “ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်” နှင့် ညှိနှိုင်းပြီး၊ ၁၉-၈-၉ဝ ရက်နေ့တွင် သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်မှ အချက်အချို့ များမှာ -
(က) “ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာပြီးလျှင် ပြည်သူ့လွှတ်တော်က တင်မြှောက်သော ဒီမိုကရေစီအစိုးရ ဖွဲ့စည်းပြီး၊ အမြန်ဆုံးသော ကာလအတွင်း၊ ပြည်သူ့လွှတ်တော်၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား လူမျိုးများနှင့် ပါဝင်သင့်သော ပါဝင်ထိုက်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတရပ် ကျင်းပ၍၊ ပြည်ထေင်စု ထူထောင်ရေးအတွက် လမ်းညွန်မှုများ ချမှတ်မည်။ ယင်းလမ်းညွန်မှုများနှင့်အညီ ပြည်သူ့လွှတ်တော်က ရေရှည် တည်တံ့ခိုင်မြဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် တရပ်ကို ရေးဆွဲပြဋ္ဌါန်းအတည်ပြုရမည့့်”။
(ခ) “တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဋ္ဌါန်းခွင့် အပြည့်အဝ ရှိစေရမည့်အပြင်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန်လိုအပ်ကြောင့်း့” ဟူသည်များ ဖြစ်ပါသည်။
၁၃။ “ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် အပြည့်အဝရှိစေရမည်” ဟူသော သဘောသည် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်အပိုဒ် - ၅ ပါ၊ “့တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခု ရရှိခံစားလျှက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်၊ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံမည်။” ဆိုသည့် သဘောတရားကို အခြေခံ၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အာဏာပိုင်အဖွဲ့များသို့ လုံလောက်သော အုပ်ချုပ်မှု အာဏာများကို ညှိနှိုင်းဆွေးနွေး၍ ခွဲဝေ ပေးအပ်ရမည် ဖြစ်ပေသည်။
အခြေခံဥပဒေရေးဆွဲရာတွင် တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော သဘောထားများ
၁၄။ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပီပြင်စွာ ရေးဆွဲကြမည်ဆိုပါက ဒီမိုကရေစီ အခြေခံမူများကို လည်းကောင်း၊ လူ့အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များကို လည်းကောင်း၊ မလွဲမသွေအခြေခံရပေမည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့စဉ်က ပြည်သူတို့အား ပေးထားခဲ့ပြီးသော ကတိကဝတ်များကို သတိရှိရှိ၊ လက်ကိုင်ပြု၍ ယင်း အခြေခံမူများအပေါ် စွဲမြဲစွာ ရပ်တည်သည်။ ပြည်သူတို့အား ပေးထားခဲ့ပြီးသော ကတိကဝတ်များကို ၎င်းတို့ထံ ပြန်လည်၍ တင်ပြခြင်း မပြုဘဲ၊ မည်သည့် အခါမျှ၊ မည်သည့် အကြောင်းကြောင့်မျှ၊ သွေဖီ ချိုးဖောက်ခြင်း ပြုလိမ့်မည်မဟုတ်ပါ။
၁၅။ အခြေခံဥပဒေရေးဆွဲရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော အခြေခံသဘောထားများမှာ -
(က) တိုင်းရင်းသားလူမျိုးများသည် မိမိတို့ ဘိုးစဉ်ဘောင်ဆက်ရပ်တည်ခဲ့သော လူမျိုး အစဉ်အဆက်ကို မပျောက်မပျက် ထိန်းသိမ်းလိုကြသည်။
(ခ) မိမိတို့၏ ဓလေ့ထုံးတမ်းဝဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဘာသာစကား၊ ဘာသာတရား၊ စရိုက် လက္ခဏာများကို အလွန်တန်ဖိုးထား ထိန်းသိမ်း မြှင့်တင်လိုကြသည်။
(ဂ) နယ်မြေဒေသကို မြတ်နိုးတန်ဘိုးထားကြသည်။
(ဃ) အစဉ်အဆက် ရပ်တည်နေထိုင်ခဲ့သော အစဉ်အလာနှင့် လွတ်လပ်ခွင့် တို့ကိုလည်း ဆက်လက်ခံယူလိုကြသည်။
(င) တန်းတူရည်တူမှုနှင့် မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ၊ မခွဲစတမ်း နေထိုင်သွားရေးနှင့် တမိသားစုဝင်များ အဖြစ်၊ မျှတသည့်လူ့ဘောင်ဘဝကို တည်ဆောက်လိုကြသည်။
(စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားကြသည်၊ စသည်တို့ဖြစ်ပါသည်။
၁၆။ ဤအချက်များကို အသိအမှတ်ပြု၍ တရားမျှတစွာ စီမံဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခံယူထားပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသည့်အရေးများကို အခြေအနေအချိန်အခါနှင့် လိုက်လျောညီညွတ်စေရန် လည်းကောင်း၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တမိသားစုအဖြစ် လက်တွေ့ခံယူကျင့်သုံး ဖေါ်ဆောင်နိုင်ရေးများ ရရှိစေရန် လည်းကောင်း၊ သဘောထားကြီးစွာထားပြီး ကြေအလည်ညှိနှိုင်း ဆွေးနွေးကြရန် လိုအပ်ပါသည်။
၁၇။ ပြည်နယ်နှင့် တိုင်းအတွင်းရှိ လူမျိုးစုများအနေဖြင့် ကိုယ်ပိုင်နယ်မြေ၊ ကိုပိုင်စကားနှင့် သင့်တင့်သော လူဦးရေရှိပြီး ၎င်းတို့၏ သဘောဆန္ဒအလျောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် နေလိုသော ဆန္ဒရှိပါက သတ်မှတ်ပေးရန်ဖြစ်ပေသည်။ ဤသည်နှင့် ပတ်သက်၍ ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ လူမျိုးစုပြည်နယ်ဟု တိုင်းပြည်အခြေအနေများအရ လည်းကောင်း၊ နိုင်ငံရေးအခြေအနေများအရလည်းကောင်း သတ်မှတ်ပေးရန် လိုကောင်းလိုလာလိမ့်မည်။ ထိုသို့ အခြေအနေပေါ်ပေါက်လာလျှင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် အခြေခံရေးဆွဲရန်အတွက်၊ ဖဆပလ ပဏာမညီလာခံသို့ တင်သွင်းသည့် အဂါင်္ရပ်များဟူသည့် အချက်များအရ၊ ဆောင်ရွက်ပေးရန်သင့်လျော်သည်ဟု သဘောရသည်။ အင်္ဂါရပ်များမှာ -
(က) ပထဝီအနေအထားအရ၊ နယ်နိမိတ်အထင်အရှားရှိခြင်း၊
(ခ) မြန်မာ့စကားနှင့် မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း၊
(ဂ) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း၊
(ဃ) ရာဇဝင်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း၊
(င) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊
(စ) လူဦးရေအတော်အတန်ရှိခြင်း၊
(ဆ) သီးခြားပြည်ထောင်စု ဒေသ တခု အဖြစ်ဖြင့် မိမိ၏
ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်း၊ - တို့ဖြစ်ကြသည်။
၁၈။ တိုင်းရင်းသားလူမျိုးနွယ်စု အားလုံးသည် ပြည်ထောင်စုဖွား မိသားစုများဖြစ်ကြပြီး တမြေတည်းနေ တရေတည်းသောက်၍ တန်းတူရည်တူ၊ အေးအတူပူအမျှ၊ ဥမကွဲ သိုက်မပျက်၊ သံသယကင်းရှင်းစွာ ထာဝစဉ် သွေးစည်းညီညွတ်စွာ မခွဲစတမ်း နေထိုင်သွားကြရမည်။ ပြည်ထောင်စု အတွင်းရှိ ပြည်နယ်အားလုံးသည် အခြေခံဥပဒေနှင့် အညီ -
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။
(ခ) ပြည်နယ်များက ပြဋ္ဌါန်းသော ဥပဒေမှန်သမျှသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဖြစ်ရမည်။ အကယ်၍ ပြည်နယ်များက ပြဋ္ဌါန်းလိုက်သော ဥပဒေ တရပ်ရပ်သည် ပြည်ထောင်စု အကျိုးကို ထိခိုက်မည်ဆိုပါက လွှတ်တော်က ပြန်လည်စီစစ်ပိုင်ခွင့်ရှိရမည်၊ ဟု သဘောထားသည်။
၁၉။ နိုင်ငံတော်သည်၊ တန်းတူရည်တူဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသားလူမျိုးနွယ်စုများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ လူမျိုးနွယ်စု အချင်းချင်း သည်လည်းကောင်း၊ လွမ်းမိုးခြင်း၊ အကြပ်ကိုင်ခြင်း၊ ချိုးနှိပ်ခြင်း၊ တရားမဲ့ပြုခြင်း၊ ခေါင်းပုံဖြတ်ခြင်း အလျင်း မရှိစေရ။ နိုင်ငံတော်၏ အသီးအပွင့် များကို မိမိတို့၏ ကာယ၊ ဥာဏ၊ ဇွဲ၊ ဝိရိယစွမ်းအားအလိုက် အကျိုးခံစားခွင့် ရှိစေရမည်ဟု သဘောထားသည်။
၂၂။ လွတ်တော်များဖွဲ့ စည်းရေးကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည်၊ ၁၉၈၉ ခုနှစ်၊ ဇူလိုင် (၁၅) ရက် ကတည်းကပင်၊ တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းခဲ့သည်။ ထိုစဉ်ကပင် ဖက်ဒရယ် (ပြည်ထောင်စု) ဟူသော ကိစ္စကို စဉ်းစား ဆွေးနွေးကြရာ၌ ပြည်ထောင်စု ဖွဲ့ခြင်းသည်၊ ခွဲထွက်ရန်မဟုက်ဘဲ၊ ဗဟိုနှင့် ပြည်နယ်အစိုရများသို့ အာဏာများ ခွဲဝေပေးရေးနှင့် အစဉ်ပြေစွာပူးပေါင်း နေထိုင်သွားရေးသည်သာ အဓိကဖြစ်ကြောင်း သဘောထားခဲ့ကြသည်။ အထူးသဖြင့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုများအကြား အာဏာများမည်ကဲ့သို့ ခွဲဝေပြီး၊ တာဝန်ဝတ္တရားများကို မည်ကဲ့သို့ ပိုင်းခြားသတ်မှတ်ကြမည်ကို ဆွေးနွေးညှိနှိုင်းကြပြီး၊ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ များကို ဆန့်ကျင်ပြီး၊ တိုင်းရင်းသား လူမျိုးအားလုံး ချစ်ကြည်သွေးစည်းရေးကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ကြးရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ၊ ဘာသာရေး ကိုးကွယ်မူ စသည်များကို ထိန်းသိမ်းသွားနိုင်ကြရေးးအတွက် ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သဘောထားခဲ့ကြပေသည်။
၂၃။ ထို့ကြောင့် ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဖွဲ့စည်းကြသည့်အခါ ပြည်ထောင်စု လွှတ်တော်ကို-
(က) မဲဆန္ဒနယ်မြေအလိုက် လူဦးရေကို အခြေခံရွေးကောက်တင်မြောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် လွှတ်တော်တရပ်နှင့်
(ခ) ပြည်နယ်နှင့်တိုင်းများမှ လူဦးရေတူညီစွာ ရွေးကောက်တင်မြှောက်လိုက်သော လွတ်တော်ကိုယ်စားများနှင့် ဖွဲ့စည်းသည့် လွှတ်တော်တရပ် ပေါင်း (၂) ရပ်တို့ဖြင့် ဖွဲ့စည်းရန်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းများတွင်လည်း အချုပ်အခြာ အာဏာသည် ပြည်သူလူထုမှ ဆင်းသက်သည် ဟူသော ဒီမိုကရေစီ မူဝါဒအရ အဆိုပါ လွှတ်တော်များသို့ ပြည်သူများက မိမိတို့ပိုင်သည့် အချုပ်အခြာ အာဏာကို အသုံးပြု၍ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ မိမိကိုယ်စား ပြည်သူ့ကိုယ်စားလှယ်များကို မိမိတို့ကိုယ်တိုင် ရွေးကောက်တာဝန် အပ်နှင်းရန်ဖြစ်သည်ဟု သဘောထားသည်။
၂၄။ လွှတ်တော် (၂) ရပ်၏ တာဝန်ပိုင်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းများ ပြုစုတင်သွင်းနိုင်ခွင့်၊ တင်ပြလာသော ဥပဒေကြမ်းများကို စိစစ်ဝေဖန် အကြံပြုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ တူညီစွာ ရှိသင့်ကြသည်။ သို့သော် ငွေကြေးဆိုင်ရာ ဥပဒေကြမ်းများကိုမူ ပြည်သူ့လွှတ်တော်ကသာ စတင် အကြံပြုသင့်ကြောင်း သဘောထားပါသည်။
၂၅။ အာဏာများ ခွဲဝေရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်းဆိုင်ရာ ကိစ္စရပ်များကို ပီပြင်စွာ ဆောင်ရွက်နိုင်ရန် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး၊ အာဏာများကို ခွဲဝေ သတ်မှတ်ပေးရန် လိုအပ်သည်ဟု သဘောထားသည်။ ထို့ကြောင့် ပြည်ထောင်စု ဥပဒေပြုဇယား၊ ပြည်နယ်/တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ရဒေသ အာဏာပိုင်အဖွဲ့များ၊ ဥပဒေပြုဇယားနှင့် တူညီ ဥပဒေပြုဇယားများကို တိကျစွာ ခွဲဝေသတ်မှတ်သွားကြရမည်ဟု အလေးအနက် ခံယူပေသည်။
၂၆။ တရားစီရင်ရာ၌ ထူးခြားသော အခြေအနေအရ တိုင်းရင်းသား လူမျိုးများအလိုက် ကျင့်သုံးကြသည့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ပေးထားသင့်သည်ဟု သဘောထားသည်။ သို့သော် ခေတ်စနစ်များနှင့် လိုက်လျောညီထွေမှု မရှိလျှင်ဖြစ်စေ၊ ဥပဒေ ပြဋ္ဌာန်းချက်အရ လူမျိုးစုတမျိုးက အခြားလူမျိုးစုတမျိုးကို ထိခိုက်နစ်နာမှုရှိလျှင်ဖြစ်စေ ပြည်ထောင်စု လွှတ်တော်က စီစစ်ပြုပြင်ပိုင်ခွင့် ရှိသင့်ပေသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားအနှစ်ချုပ်
၂၇။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်းရင်းသား လူမျိုးများအရေးနှင့် စပ်လျဉ်း၍ထားရှိသည့် သဘောထား အနှစ်ချုပ်များမှာ -
(က) အမိ မြန်မာနိုင်ငံတော်ကို “ပြည်ထောင်စု မြန်မာနိုင်ငံတော်” အဖြစ် ဖွဲ့စည်း တည်ဆောက်သင့်သည်။
(ခ) တိုင်းရင်းသား လူမျိုးများနှင့် ပေါင်းစပ်ဖွဲ့စည်းအပ်သော အမိနိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးနှင့် တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား လူမျိုးအားလုံး၏ သွေးစည်းညီညွတ်ရေးသည် အခြေခံအကျဆုံးသော လိုအပ်ချက်ဖြစ်သည်။
(ဂ) ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား ပြည်သူတို့၏ အကျိုးကို ဖော်ဆောင်ကြရာ၌ တိုင်းရင်းသားလူမျိုး အချင်းချင်း တန်းတူရည်တူမှုဖြင့် သံသဝစိတ်ကင်းစင်စွာ အပြန်အလှန် ယုံကြည်ကြရန်၊ အပြန်အလှန် ကူညီရိုင်းပင်းကြရန်၊ အတူတကွ တက်ညီလက်ညီ လုပ်ကိုင်ဖော်ဆောင်ကြရန်နှင့် နိုင်ငံတော်၏ အသီးအပွင့်များကို မိမိတို့၏ ကာယ၊ ဥာဏ၊ ဝိရိယ စွမ်းအား အလိုက် အကျိုးခံစားခွင့်ရကြရန် လိုအပ်သည်။
(ဃ) တနိုင်ငံလုံးနှင့်ဆိုင်သော ကိစ္စရပ်များကို စုပေါင်းအကောင်အထည်ဖော်ကြ၍ ထူးခြားသော အခြေအနေအရ လူမျိုးစုများဆိုင်ရာ မိမိတို့ မြတ်နိုးတန်ဖိုးထားသည့် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ၊ စောင့်ထိမ်းအပ်သည့် ဓလေ့ထုံးတမ်းများကို သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် ရှိကြရန် လိုအပ်သည်ဟူသည်များ ဖြစ်ပါသည်။
၂၈။ အထက်ပါ သဘောထားများနှင့်အညီ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် -
(က) အမိမြန်မာနိုင်ငံတော်ကို “ပြည်ထောင်စုနိုင်ငံတော်” အဖြစ် တည်ဆောက်ကြရန်၊
(ခ) ပြည်ထောင်စု နိုင်ငံတော်ကို ဖွဲ့စည်းသည့်အခါ ဗဟိုတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့စည်းကြရန်၊
(ဂ) တန်းတူရည်တူဖြစ်ကြသော ပြည်နယ်နှင့် တိုင်းများတွင် သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်း လွှတ်တော်တရပ် ဖွဲ့စည်းရန်၊
(ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာများရှိသည့် အာဏာပိုင် အဖွဲ့များ ထားရှိရန်၊
(င) အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့များကို အာဏာပိုင်အဖွဲ့များကို ပြည်သူက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများတွင် မိမိတို့ ကိုယ်တိုင် ရွေးကောက် တင်မြှောက် အာဏာနှင်းလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန်၊
(စ) အဆင့်ဆင့်သော လွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအာဏာပိုင် အဖွဲ့များသို့ လိုအပ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာနှင့် တရားစီရင်မှု အာဏာများကို ညှိနှိုင်းဆွေးနွေး၍ ခွဲဝေပေးအပ်ရန်၊
(ဆ) အာဏာများ ခွဲဝေသတ်မှတ်ရာတွင် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်း ဆိုင်ရာကိစ္စရပ်များကို လုံလောက်စွာ ဆောင်ရွက်နိုင်ရန် အကြေအလည် ညှိနှိုင်းပြီး သတ်မှတ်ရန်၊ အထူးသဖြင့် ပြည်ထောင်စု ဥပဒေပြုဇယား၊ ပြည်နယ်/တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥပဒေပြု ဇယားများနှင့် တူညီဥပဒေပြု ဇယားများကို တိကျစွာ ခွဲဝေသတ်မှတ်ရန်၊
(ဇ) တိုင်းရင်းသား လူမျိုးများအလိုက် ကျင့်သုံးကြသည့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ ဒေသ အာဏာပိုင်အဖွဲ့များမှ လုပ်ပိုင်ခွင့်ရှိစေရန်၊
(ဈ) ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်၍ မိမိမြတ်နိုးကြည်ညိုသည့် မည်သည့် ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်ရှိစေရန်၊ - စသည်တို့ ဖြစ်ပါသည်။
၂၉။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေခံသဘောထားမှာ ငြိမ်းချမ်းတည်ငြိမ်ပြီး၊ လူတဦးချင်း၏ အခွင့်အရေးများ၊ တိုင်းရင်းသး လူမျိုများဆိုင် အခွင့်အရေးများ ခံစားပိုင်ခွင့်ရှိသော စီးပွားရေး၊ ဘဝခိုင်ခံ့မှု စသည်တို့ကို အာမခံသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရေး ဖြစ်ပါသည်။
၃ဝ။ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့်အခါ စစ်ရေးနည်းလမ်းအားဖြင့် တည်ဆောက် ၍မရနိုင်ချေ။ နိုင်ငံရေးနည်းလမ်းအားဖြင့်သာ တည်ဆောက်သွားကြအပ်သည်ဟု ရိုးသားစွာ ယုံကြည်ကြသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင်လည်း မိမိတို့နိုင်ငံအတွင်း ပြဿနာများကို နိုင်ငံရေးနည်းအားဖြင့်သာ အောင်မြင်စွာ ဖြေရှင်းကြသည်ချည်း ဖြစ်ပါသည်။
၃၁။ ထိုသို့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့်အခါ သက်ဆိုင်ရာများအနေဖြင့် မိမိတို့ဆန္ဒစွဲများကို တရားသေ ဆုတ်ကိုင်၍မထားဘဲ မိမိအပါအဝင် အများအားလုံး၏ အကျိုးစီးပွားကို စေတနာမှန်ကန်စွာဖြင့် ဖြစ်ပေါ်ခဲ့သော၊ ဖြစ်ပေါ်လျက်ရှိသော ချို့ယွင်းချက်၊ အားနည်းချက်များကို သင်ခန်းစာယူလျက် အမှန်တရားကို ရှာဖွေကြရပေလိမ့်မည်။ လူတဦးချင်း၏ အခွင့်အရေးများနှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာ ရပိုင်ခွင့်များကို တရားမျှတစွာ အဖြေရှာပြီး၊ အများစုကြီး၏ အကျိုးကို ဦးထိပ်ပန်ဆင်ကြရမည်ဟုလည်း အခိုင်အမာ သဘောထားပေသည်။
၃၂။ သို့ပါသဖြင့် အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းကြသည့်အခါတွင်လည်း၊ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်ဟူသော ဒီမိုကရေစီ၏ အဓိကမူအရ၊ ပြည်သူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒအရ၊ လွတ်လပ်စွာ ရွေးချယ်ကြပြီး၊ အများစု လက်ခံနိုင်သော ဒီမိုကရေစီ အာမခံချက်များ ပါရှိရမည်ဖြစ်ပေသည်။ သို့မှသာလျှင် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများ မုချ ဖြစ်ထွန်းခံစားနိုင်ကြမည်ဟု အလေးအနက် သဘောထားပေသည်။
နိဂုံး
အထက်ပါအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသား လူမျိုးများနှင့် ပတ်သက်၍ ထားရှိသော သဘောထားသည် အဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ စွဲမြဲစွာ ခံယူသည့် မူဝါဒသဘောထားများအပေါ် အခြေခံ၍ ခိုင်မာစွာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍လဲ ရပ်တည်ချက် ဖော်ဆောင်သွားမည် ဖြစ်ပေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများ သွေးစည်းညီညွတ်မှုကို ခိုင်မြဲစွာ တည်ဆောက်ခြင်းမပြုနိုင်ပါက၊ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်မဟုတ်ဟု သဘောထားသည်။
အထက်ပါသဘောထားများအပေါ် အခြေခံ၍ နိုင်ငံတော်နှင့် တိုင်းရင်းသား လူမျိုးများ၏ အကျိုးစီးပွားကို ပီပြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ခိုင်မာစွာ ထည့်သွင်းပြဋ္ဌာန်းထားရှိရပေမည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဟူသည်၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အကြား ချုပ်ကိုင်သည့် ပဋိညာဉ်စာတမ်း ဖြစ်သောကြောင့် ဖြစ်ပေသည်။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူအများစုကြီးက ယုံကြည်စွာ လက်ခံနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်မှသာလျှင် တိုင်းရင်းသား လူမျိုး အားလုံး ပြန်လည်ရင်ကြားစေ့ရေးကို အမှန်တကယ် ဖော်ဆောင်ရာရောက်ပေမည်။ ရင်ကြား စေ့ရေးကိစ္စများကို အကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသား လူမျိုးခေါင်းဆောင်များ၊ အာဏာပိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြရန်ဖြစ်သည်။ သို့မှသာလျှင် တိုင်းရင်းသား ပြည်သူများ မျှော်မှန်းထားသော “စစ်မှန်သည့် ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်” ပီပြင်စွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း အလေးအနက် ခံယူအပ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ရန်ကုန်မြို့
၁၃၅၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၉) ရက်။
၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ယာယီစာကူးစက်
အမှတ် - ၃၉၃ ဖြင့် ကူးယူသည်။
အဖွဲ့ချုပ်အဖွဲ့ဝင်များ (အတွက်သာ)
http://union-affairs.blogspot.com/2009/03/blog-post_7861.html
Monday, march 2, 2009

No comments:
Post a Comment