Sunday, February 28, 2016

သက်သတ်လွတ်စား အကျိုးများ၏




................................................
လူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ သက်သတ်လွတ် စားကြပါတယ်။ ကိုးကွယ်တဲ့ဘာသာ၊ ဓလေ့ထုံးစံနှင့် မိရိုး ဖလာ သက်သတ်လွတ်စားသူတွေရှိသလို တိရစ္ဆာန်တွေ အပေါ် မေတ္တာထားတာ ကရုဏာထားတာသက်သက်ကြောင့် သက်သတ်လွတ်စားသူတွေ လည်းရှိပါတယ်။ မိမိယုံကြည် အားထားသူ၊ ရဟန်းသံဃာ၊ ဆရာသမား မိဘတို့ကို ကတိ ပေးပြီး သက်သတ်လွတ် စားသူတွေရှိသလို တစ်စုံတစ်ရာ ကို အဓိဌာန်ပြုပြီး အသားငါးမစားတဲ့ သူတွေလည်းရှိပါ တယ်။ ခုခါမှာတော့ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ပြီး သက်သတ်လွတ် စားသူတွေ မြန်မာနိုင်ငံနေရာအနှံ့အ ပြားမှာသာမက အခြားနိုင်ငံတွေမှာလည်း များပြား လာနေ ပါ တယ်။


* သက်သတ်လွတ် စားပုံအမျိုးမျိုး
တိရစ္ဆာန်အမျိုးမျိုးရဲ့ အသားနှင့် ကလီစာတွေကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း ကို သက်သတ်လွတ်စား တယ် (vegetarianism) လို့ ယေဘုယျပြောကြပါတယ်။ သက်သတ်လွတ် စားသူဟာ အသားငါးရှောင်ပေမယ့် ကြက်ဥဘဲဥစတဲ့ ဥအမျိုးမျိုးစားတယ်။ နွားနို့၊ ဆိတ်နို့စတဲ့ နို့အမျိုးမျိုးလည်း သောက်တယ်ဆိုရင် Ovolacto Veget- rarian လို့ ပြောပါတယ်။ OVO ဆိုတာ ဥကို ပြောတာဖြစ်ပြီး Lacto ဆိုတာက နို့ကို ပြောတာပါ။ အသားငါးမစားဘူး၊ နို့ မသောက်ဘူး၊ ဥတော့စားတယ်ဆိုရင် OVO Vegetarian လို့ ပြောပါတယ်။ သားငါးမစားဘူး၊ ဥမစားဘူး၊ နို့တော့ သောက်တယ်ဆိုရင် Lacto Vegetarian လို့ ပြောပါတယ်။ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် တိရစ္ဆာန်နို့အမျိုးမျိုးသာမက ပျားရည်အပါအဝင် တိရစ္ဆာန်နှင့် ပတ်သက်တာမှန်သမျှ ဘာမှ မစားသုံးဘူး၊ အပင်ထွက်အစားအစာတွေသာ စား သုံးသူတွေလည်းရှိပါတယ်။ သူတို့ကိုတော့ Vagan လို့ ပြောပါတယ်။ အသီးအရွက်ပဲ စားတာတောင် ချက်ပြုတ်မ စားသူကို Raw Vegetarian လို့ ပြောပါတယ်။ သစ်သီး တစ်မျိုးပဲ စားသူကို Fruitarian လို့ ပြောပါတယ်။


* သက်သတ်လွတ်စားခြင်းနှင့် ကျန်းမာရေး
ခုခါမှာ ကမ္ဘာအနှံ့အပြား နိုင်ငံအသီးသီးမှာ အဖြစ်များ နေတဲ့ အဝလွန်ခြင်းနှင့် နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုးစတဲ့ ရော ဂါတွေမဖြစ်အောင် ကာကွယ်ဖို့၊ ဆီးချို၊ သွေးချိုရောထိန်း သိန်းဖို့ စတာတွေအတွက် အဆီစားသုံးမှုကို လျှော့ချင်တယ် ဆိုရင် အထိရောက်ဆုံး စားသောက်နည်းက သတ္တဝါတွေ ရဲ့ အသားတွေ ကလီစာတွေကို မစားဘဲနေခြင်းဖြစ်ပါတယ်။


* သက်သတ်လွတ်စားလျှင် အဆီစားတာ နည်းသွားတယ်
သက်သတ်လွတ်စားသူတွေဟာ အသားစားသူတွေ ထက် ကယ်လိုရီ (Calorie) စားသုံးမှု နည်းတတ်ကြပါတယ်။ သက်သတ်လွတ်သမားတွေ အများဆုံးစားသုံးလေ့ရှိတဲ့ ကောက်နှံအသီးအရွက်နှင့် သစ်ဥသစ်ဖုတွေဟာ အသား တွေ ကလီစာတွေလို အဆီပါဝင် မှုမများတာကြောင့် အဆီရ တဲ့ ကယ်လိုရီအချိုးအဆ (Proportion of Calorie From Fat) ဟာလည်း အသားသူတွေထက် နည်းတတ်ပါတယ်။ စုစုပေါင်း ကယ်လိုရီ စားသုံးမှုနည်း ခြင်း၊ အဆီကရတဲ့ ကယ်လိုရီအချိုးအဆနည်းခြင်းတို့က ကိုယ်အလေးချိန် များခြင်း အဝလွန်ခြင်းတို့ ဖြစ်နိုင်တဲ့ အလားအလာကို နည်းစေပါတယ်။ 


အရပ်အမောင်းနှင့် ကိုယ်အလေးချိန်ကို အချိုးချပြီး ကြည့်မယ်ဆိုရင် သက်သတ်လွတ်စားသူတွေ က ပိုပြီးသွယ်လျတဲ့ အချိုးအဆကို ပိုင်ဆိုင်တတ်ကြပါ တယ်။ ဘီအမ်အိုင် (Body Mass Index-BMI) မများဘူးလို့ ပြောနိုင်ပါတယ်။ အသားစားရင် အသားတွေနှင့်ကပ်ပြီး ပါလာတဲ့ ပြည့်ဝဆီ (Saturated Fat) တွေကိုရှောင်ဖို့၊ ဖယ်ထုတ်ဖို့ မလွယ်ပါဘူး။ ပြည့်ဝဆီ စားသုံး ခြင်းဟာ သွေး ထဲမှာ ခိုလက်စထရော (Cholesterol) အဆီပမာဏကို မြင့်မားစေပြီး သွေးကြောတွေပိတ်ဆို့မှုကို ဖြစ်စေပါတယ်။ အထူးသဖြင့် ခုခေတ် မွေးမြူရေးတိရစ္ဆာန်တွေ ရဲ့ အသား တွေဟာ သဘာဝအတိုင်း မြက်တွေသစ်ရွက်တွေစားပြီး ကြီးထွားရတဲ့ တိရစ္ဆာန် တွေရဲ့ အသားထက် အဆီပိုများပါ တယ်။ သက်သတ်လွတ်စားသူတွေရဲ့ သွေးထဲ ခိုလက်စထ ရောပမာဏဟာ အသားစားသူတွေရဲ့ သွေးထဲက ခိုလက်စထ ရောပထမာဏထက် ၂ဝ% လောက် နိမ့်ပါတယ်။ ဒါက သက်သတ်လွတ်ခြင်းရဲ့ ကျန်းမာရေးကို အကျိုးပြုပုံ တစ်ခု ဖြစ်ပါတယ်။ 

* သက်သတ်လွတ်စားလျှင် အဆီစားတာ နည်းသွားတယ်
သက်သတ်လွတ် စားခြင်းဟာ အသက်အရွယ်တိုင်း အတွက် ကျန်းမာရေးကို အထောက်အကူပြုတယ်၊ အချို့ သော ရောဂါတွေ ကာကွယ်နိုင်စွမ်းလည်းရှိတယ်လို့ ကနေဒါ နိုင်ငံ အာဟာရနှင့် အစားအသောက်ဗေဒ ပညာရှင်များ အကယ်ဒမီ (The Academy of Nutrition and Dietetics and Dietitians of Canada) က ထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြထားပါတယ်။ အသားစားသူတွေဟာ သက်သတ် လွတ် စားသူတွေထက် အဆစ်ရောင်ရောဂါ (Arthritis)၊ အူအတတ်ရောင်ရောဂါ (Appendicitis)၊ ရင်သားကင်ဆာ (Breast Cancer)၊ အူမကြီးကင်ဆာ (Colon Cancer)၊ ဆီကျိတ်ကင်ဆာ (Prostate Cancer)၊ ဝမ်းချုပ်ခြင်း၊ ဆီးချို သွေးချို၊ သည်းခြေမှာ ကျောက်တည်ခြင်း (Gall Stone)၊ ဂေါက်အဆစ်ရောင်ရောဂါ (Gout)၊ သွေးတိုး၊ လေငန်း၊ သွေးကြောထုံးရောဂါတွေ ပိုပြီးအဖြစ်များပါတယ်။ ငယ် ငယ်ကတည်းက သက်သတ်လွတ်စားသူတွေဟာ အသား စားသူတွေထက် ဆေးရုံဆေးခန်းတွေမှာ ပြရတဲ့အကြိမ် ၂၂ ရာခိုင်နှုန်းလောက် လျော့နည်းပါတဲ့။ ဒါ့အပြင် သက် သတ်လွတ်စားသူတွေဟာ ကိုယ်ခန္ဓာ ပိုပြီး ကြံ့ခိုင်ကြပါ တယ်။ အောင်မြင်ခဲ့ ကြတဲ့/လောလောဆယ်အောင်မြင် နေတဲ့ အားကစားသမား အများအပြားမှာ သက်သတ် လွတ်စားသူတွေ ပါဝင်ပါတယ်။


* ဆီးချို၊ သွေးချိုဝေဒနာရှင်တွေ သက်သတ်လွတ် စားနိုင်သလား
ဟင်းသီးဟင်းရွက် သစ်သီးဝလံစတဲ့ အပင်ထွက်အ စားအစာ များများစားသူတွေဟာ အမျိုးအစား-၂ ဆီးချို သွေချိုရောဂါဖြစ်နိုင်တဲ့ အလားအလာ နည်းတယ်ဆိုတာ သုတေသနတွေမှာ တွေ့ရပါတယ်။ Seventh day Adventist ခရစ်ယံတွေမှာ ဆီးချိုရောဂါ ဖြစ်နေပါတယ်လို့ ပြောတဲ့ နှုန်းဟာ အခြားလူတွေမှာ ဖြစ်နေပါတယ်ဆိုတာရဲ့ တစ်ဝက် လောက်ပဲရှိတယ်လို့ သိရပါတယ်။ Seventh day Adventist တွေထဲမှာမှ သက်သတ်လွတ်စားသူတွေဟာ သက်သတ် လွတ်မစားသူတွေထက် ပိုပြီးတော့ပင် နည်းနေတာကို တွေ့ရပါတယ်။ သက်သတ်လွတ်စားသူတွေဟာ အရပ်အ မောင်းနှင့် ကိုယ်အလေးချိန် အချိုးအဆပိုကောင်းခြင်း၊ တစ်နည်းအားဖြင့် ဘီအမ်အိုင် နိမ့်ခြင်းနှင့် အစာမျှပိုပြီး စားသုံး ခြင်းတို့ကြောင့် ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ ဒီအချက်နှစ်ချက်ကြောင့် အင်ဆူလင် ဟော်မုန်းဟာ အစွမ်း ပိုပြီး ပြနိုင်ပါတယ်။ (Insulin Sensitivity ပိုပြီးကောင်းပါ တယ်။) ဆီးချို၊ သွေးချိုရောဂါဖြစ်နေသူတွေအတွက် လမ်း ညွှန်ချက်နှင့် ကိုက်ညီအောင် သက်သတ်လွတ်အစား အစာတွေကို စားသုံးဖို့ အဆင်ပြေပါတယ်။


* သက်သတ်လွတ် စားခြင်းနှင့် အရိုးကျန်းမာရေး
သက်သတ်လွတ်စားခြင်းနှင့် အရိုးကျန်းမာရေးတို့ရဲ့ ပတ်သက်ဆက်နွယ်ပုံက အမျိုးမျိုးရှိပါတယ်။ နို့သောက် ခြင်း၊ အရိုးပါဝါးစားလို့ရတဲ့ ငါးကလေးတွေ စားသုံးခြင်းက အရိုးတွေ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ကယ်လ်စီ ယမ်နှင့် ပရိုတင်းတွေ အလုံ အလောက်ရရှိစေပါတယ်။ အသားငါးကို သင့်တင့်ရုံစားသုံးခြင်းက ပရိုတင်းနှင့် အာ ဟာရတွေကို ဖြည့်ဆည်းပေးတဲ့အတွက် အရိုးတွေကြံ့ခိုင် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်မှရတဲ့ ပရိုတင်းတွေ စားသုံးမှု များလွန်းခြင်းက တော့ အရိုးထဲက ကယ်လ်စီယမ်တွေ သွေးထဲကို ထွက်လာ အောင်၊ သွေးထဲက ကယ်လ်စီယမ်တွေ ဆီးထဲက ထွက်သွား အောင် အားပေးတဲ့အတွက် အရိုးကျန်းမာရေးကို ထိခိုက် စေပါတယ်။ နို့သောက် တဲ့ သက်သတ်လွတ်သမားတွေအ နေနဲ့ အရိုးကျန်းမာရေးအတွက် ပူစရာမလိုပါဘူး။ ဟင်းသီး ဟင်းရွက်များများစားခြင်းကလည်း အရိုးကျန်းမာရေး ကို အထောက်အကူပြုပါတယ်။ ဟင်းရွက်အများအပြားမှာ အရိုးတွေ တည်ဆောက်ပြုပြင်ရေးအတွက်လိုအပ်တဲ့ ကယ်လ်စီယမ်ြ<ွကယ်ဝပါတယ်။ အသားစားသုံးမှုများလျှင် အသားတွေထဲက ဆာလဖာပါ တဲ့ အမိုင်နိုအက်ဆစ် (Sulphur-Containing Amino Acid) တွေကြောင့် ခန္ဓာကိုယ်မှာ အက်ဆစ်သဘာဝ လွန်ကဲ (Acidosis ဖြစ်) ပြီး အရိုးတွေရဲ့ ကြံ့ခိုင်မှု ထိခိုက်နိုင်တာကို ဟင်းသီးဟင်း ရွက် သစ်သီးဝလံတွေမှာပါတဲ့ ပိုတက်စီယမ် (Potassium) က ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ စား သုံးမှုကို မြှင့်တင်လိုက်ရုံနဲ့ ဆီးထဲကနေ ကယ်လစီယမ်တွေ ဆုံးရှုံးမှု လျော့နည်းပြီး အရိုးတွေရဲ့ ကြံ့ခိုင်မှု ပိုကောင်းလာ တာကို တွေ့ရပါတယ်။


* သက်သတ်လွတ်စားခြင်းနှင့်အာဟာရ
သက်သတ်လွတ် အစားအစာတွေမှာ ပြည့်ဝဆီ (Saturated Fat) နည်းပါ တယ်။ ခိုလက်စထရောနည်းပါ တယ်။ တိရစ္ဆာန်ထွက် ပရိုတင်း (Animal Protein) တွေ နည်းပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ အစာမျှင်၊ ပိုတက်စီယမ်၊ မက်ဂနီစီယမ်၊ ဖောလစ် အက်ဆစ်နှင့် အင်တီအောက်စီဒင့် အာနိသင်ရှိတဲ့ ဗီတာမင်တွေ ဖြစ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး နှင့် ဖိုက်တိုကင်မီကယ် (Phytochemical) တွေ များပါ တယ်။


အသား ငါးတွေမှာသာပါပြီး၊ ကောက်နှံ၊ သစ်ဥသစ် ဖု၊ အသီးအရွက်၊ အပွင့်၊ အစေ့အဆံ အစရှိတဲ့ အပင်ထွက် အစားအစာတွေမှာ မပါတဲ့ ပရိုတင်း၊ ဗီတာမင်၊ သတ္တု အာဟာရရယ်လို့ မရှိသလောက် ရှားပါတယ်။ သက်သတ် လွတ် အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် သစ်သီး ဝလံ ကောက်နှံအမျိုးမျိုးနှင့် သစ်ဥတစ်ဖု အစေ့အဆံတွေကို စုံစုံလင်လင်မျှမျှတတ စားတတ်ဖို့သာ အရေးကြီးပါတယ်။ သက်သတ်လွတ် အစားအစာ တွေကို သေချာချာ ရွေးချယ် ပြီး ရောနှော စားသုံးမယ်ဆိုရင် သက်သတ်လွတ်စားခြင်း အား ဖြင့် အာဟာရဓာတ်တွေ ပြည့်ပြည့်စုံစုံ လုံလုံလောက် လောက် ရနိုင်ပါတယ်။

* သက်သတ်လွတ်စားခြင်းနှင့် ပရိုတင်းအာဟာရ
အသားငါးတွေမှာ ပရိုတင်းကြွယ်ဝတယ်လို့ သိထား သူတွေဟာ သက်သတ်လွတ်စားရင်ပရိုးတင်း လုံလုံ လောက်လောက် ရပါတော့မလားဆိုတာ စိတ်ပူ တတ်ကြပါ တယ်။ ဟားဗတ်တက္ကသိုလ်အပါအဝင် အမေရိကန်ပြည် ထောင်စု ဌာနအများ အပြားက ပြုလုပ်ခဲ့တဲ့ သုတေသနတွေ၊ ယူကေ၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ဥရောပ နိုင်ငံတွေမှာလုပ်ခဲ့တဲ့ သုတေသနတွေအရ သက်သတ် လွတ်စားသူတွေဟာ လိုအပ်တဲ့ ပရိုတင်းပမာဏကို အလုံ အလောက်ရနိုင်တယ်ဆိုတာ အတည်ပြုထားပါတယ်။ ဟင်းသီးဟင်းရွက် သစ်ဥသစ်ဖုစတဲ့ အပင်ထွက်အစားအ စာတွေကရတဲ့ ပရိုတင်းတွေဟာ အသားငါးတွေကရတဲ့ ပရိုတင်းတွေလောက် အရည်အသွေးကောင်းပါ့မလားဆို တာလည်း စိတ်မပူပါနှင့်။ ပရိုတင်းဆိုတာ အမိုင်နိုအက်ဆစ် (Amino Acid) တွေနဲ့ တည်ဆောက်ထား တာဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ မတည်ဆောက်နိုင်တဲ့အတွက် အစား အသောက်တွေကနေ မဖြစ်မနေရအောင် စားသုံးဖို့လို အပ်တဲ့ အိုင်နိုအက်ဆစ်အမျိုးအစား၊ တစ်နည်း အားဖြင့် Essential Amino Acid တွေ စုံစုံလင်လင်ပါတဲ့ ပရိုတင်းမျိုး ကို အရည်အသွေးကောင်းတယ်လို့ သတ်မှတ်ပါတယ်။ Essential Amino Acid ချို့တဲ့လေ ပရိုတင်း အရည်အသွေး ကျဆင်းလေဖြစ်ပါတယ်။ တိရစ္ဆာန်နို့တွေ၊ နို့ထွက်အစား အစာတွေ၊ ကြက်ဥဘဲဥစတဲ့ ဥအမျိုးမျိုးထဲက ပရိုတင်းတွေ ဟာ Essential Amino Acid တွေ စုံလင်အောင်ပါတာမို့ အသားငါးသာရှောင်ပြီး ဥအမျိုးမျိုးစားသူနှင့် နို့သောက်သူ သက်သတ်လွတ်သမားတွေအနေနဲ့ အရည်အသွေးကောင်း တဲ့ ပရိုတင်းရဖို့အတွက် ပူစရာမလိုပါဘူး။ ဒီအစားအစာတွေ ကို အခါအားလျော်စွာ စားသုံးဖို့သာ လိုအပ်ပါတယ်။


နို့နှင့် နို့ထွက်အစား အစာတွေရော၊ ကြက်ဥဘဲဥစတဲ့ ဥအမျိုးမျိုးပါ မစားတဲ့ သက်သတ်လွတ်သမားတွေအတွက် လည်း အရည်အသွေးကောင်းတဲ့ ပရိုတင်းတွေရနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပထမနည်းက ပဲပုပ်၊ ပန်းဂျုံ၊ ဖရုံ စေ့၊ စိမ်းပြားရေညှိတို့လို Essential Amino Acid တွေ စုံ လင်အောင်ပါတဲ့ အပင်ထွက်အစားအစာတွေကို စားသုံး ခြင်းဖြစ်ပါတယ်။
နောက်တစ်နည်းက ပဲအမျိုးမျိုးနှင့် ကောက်နှံတွေကို တွဲဖက်စားသုံးခြင်းဖြစ် ပါတယ်။ ဆန်ဂျုံစတဲ့ ကောက်နှံတွေ မှာ ချို့တဲ့နေတတ်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ပဲအမျိုးမျိုး မှာ ပါဝင်နေပါတယ်။ ပဲအမျိုးမျိုးမှာ ချို့တဲ့နေတတ်တဲ့ အမိုင် နိုအက်ဆစ်တွေက လည်း ဆန်၊ ဂျုံစတဲ့ ကောက်နှံတွေမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ထမင်းနှင့် ပဲဟင်းစားသလို ၊ နံပြားနှင့် ပဲပြုတ်စားသလို ကောက်နှံတစ်မျိုးနှင့် ပဲတစ်မျိုးကို တွဲဖက်စားသုံးခြင်း အားဖြင့် အစားအစာတစ်မျိုးမှာ ချို့တဲ့ နေတာကို ကျန်တစ်မျိုးက ဖြည့်ဆည်းပေးနိုင်ပါတယ်။ တကယ်တော့ ပဲနှင့်ဆန်၊ ပဲနှင့်ဂျုံကို တစ်ပြိုင်နက် ရောပြီး စားရမယ်လို့ပင် မဆိုလိုပါဘူး။ တစ်ရက်တည်းမှာ တစ်နပ်စီ ခွဲပြီး စားရင်လည်း အမိုင်နိုအက်ဆစ်အမျိုးမျိုးဟာ ခန္ဓာ ကိုယ်ထဲ မှာ တွဲဖက်ပေါင်းစပ်မိသွားတာပါပဲ။


* သက်သတ်လွတ်စားခြင်းနှင့် သံဓာတ်အာဟာရ
သက်သတ်လွတ်အစားအစာတွေထဲမှာ သံဓာတ် ကြွယ်ဝတာတွေရှိပါတယ်။ ဥပမာ ကုလားပဲ၊ ပဲပုပ်တို့လို ပဲအမျိုးမျိုးနှင့် ဟင်းနုနယ်ရွက်၊ ဘရော့ကိုလီ (Broccoli) ခေါ် ပန်းဂေါ်ဖီစိမ်းတို့ကို အရွက်တွေဟာ သံဓာတ်ကြွယ်ဝ ပါတယ်။ ဒါပေမဲ့ အပင်ထွက် အစားအစာတွေထဲက သံဓာတ် အမျိုးအစားတွေဟာ အသားနှင့် အသည်းမှာပါတဲ့ သံဓာတ်အမျိုး အစားတွေလောက် လွယ်လွယ်ကူကူ စုပ် ယူအသုံးမပြုနိုင်တဲ့အတွက် သက်သတ်လွတ် စားသူတွေ ဟာ သံဓာတ်ချို့တဲ့နိုင်တဲ့ အလားအလာ များပါတယ်။ နို့ဟာ သံဓာတ်ြ<ွကယ်ဝတဲ့ အစာမျိုး မဟုတ်တာကြောင့် နို့ သောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ၊ သက်သတ် လွတ်စားသူတွေမှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်တဲ့ အလားအလာများပါတယ်။ သက်သတ်လွတ် လွတ်စားသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းသို လှောင် ထားတဲ့ သံဓာတ်ပမာဏဟာလည်း အသားစားသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ သံဓာတ်ပမာဏထက် နည်းတတ်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အပင်ထွက်အစား အစာတွေကို ဗီတာမင်စီကြွယ်ဝတဲ့ ရှောက်သံပရာမျိုးနွယ် အသီးတွေ၊ ဗီတာမင်စီကြွယ်ဝတဲ့ ဟင်းရွက်တွေနှင့် ရော နှောစားသုံးခြင်းအားဖြင့် သံဓာတ်စုပ်ယူမှုကို ပိုကောင်း စေနိုင်ပါတယ်။ အခြားနိုင်ငံတွေမှာတော့ သက်သတ် လွတ်စားသူတွေအတွက် သံဓာတ်ချို့တဲ့မှုကို ကာကွယ်ဖို့ သံဓာတ်အာဟာရဖြည့်ထားတဲ့ သက်သတ်လွတ် အစား အစာ (Iron Fortified Food) တွေ ရှိပါတယ်။ အဲသလို အစားအစာတွေ မရနိုင်တဲ့နေရာတွေမှာတော့ သံဓာတ် ဆေးပြားဆေးရည်တွေ သောက်သုံးဖြည့်တင်းနိုင်ပါတယ်။


* သက်သတ်လွတ်စားသူတွေချို့တဲ့နိုင်တဲ့ အာဟာရဓာတ်တွေ
သက်သတ်လွတ်စားသူတွေချိုတဲ့နိုင်တဲ အာဟာရ ဓာတ် နောက်တစ်မျိုးက ဗီတာမင်ဘီတွဲ (Vitamin B12) ဖြစ်ပါတယ်။ ဗီတာမင်တွဲကို အပင်ထွက်အစားအစာတွေ မှာ တွေ့ရလေ့မရှိပါဘူ။ တိရစ္ဆာန်ထွက် အစားအစာတွေမှာ သာ တွေ့ရပါတယ်။ ဒါကြောင့် နို့သောက်သူ၊ ဥစားသူ သက် သတ်လွတ်သမားတွေအတွက်တော့ နေ့စဉ်စားနေကျ အစားအသောက်တွေကနေ ဗီတာမင်ဘီတွဲကို ရနိုင်ပါ တယ်။ နို့လည်းမသောက်၊ ဥလည်းမစားသူ သက်သတ် လွတ်သမားတွေအနေနဲ့ ဗီတာမင်ဘီတွဲကို အာဟာရ ဖြည့်ထားတဲ့ အစားအစာ Fortified Food တွေကသော် လည်းကောင်း၊ ဆေးဝါးအနေနဲ့သော်လည်းကောင်း၊ မှီဝဲဖို့လိုပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်တွဲ လိုအပ်ချက် (၂.၅ မိုက်ခရိုဂရမ်) ဟာ အလွန် နည်းတဲ့ ပမာဏဖြစ်ပေမဲ့ ဗီတာမင်ဘီတွဲချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအာနည်းရောဂါနှင့် အာရုံကြောထိခိုက်မှုဟာ ပြင်းထန်တဲ့ ရောဂါမျိုးတွေဖြစ် ပါတယ်။


သက်သတ်လွတ်စားသူတွေ ချို့တဲ့နိုင်တဲ့ အာဟာရ နောက်တစ်မျိုးက DHA နှင့် EPA ဆိုတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေဖြစ်ပါတယ်။ DHA နှင့် EPA တို့ကို အဆီများတဲ့ ပင်လယ်ငါးတွေနှင့် ငါးအဆီ (Fish Oil) တို့ကနေ အလွယ်တကူ ရနိုင်ပါတယ်။ အိုမီဂါ-၃ ဖက်တီး အက်ဆစ်တစ်မျိုးဖြစ်တဲ့ Alpha Lenolenic Acid ကို အပင်ထွက် အစားအစာအချို့မှ ရနိုင်ပြီး လူ့ခန္ဓာကိုယ်ထဲမှ DHA နှင့် EPA တို့ဖြစ်လာအောင် ပြောင်းလို့ရပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းရတဲ့အလုပ်က မလွယ်ကူပါဘူး။ ဒါ ကြောင့် ငါးအဆီ ဆေးလုံးမသောက်သူ သက်သတ်လွတ် သမားတွေအတွက် အခက်အခဲဖြစ်ပါတယ်။ ခုခါမှာတော့ ပင်လယ်ရေမှော် (Sea Weed) မှ ထုတ်လုပ်တဲ့ DHA ဆေး လုံးတွေ ပေါ်ပေါက်နေပြီလို့ သိရပါတယ်။


* သက်သတ်လွတ်စားခြင်းကြောင့် အန္တရာယ်ကင်းတဲ့ အချက်တွေ
ကမ္ဘာတစ်ဝန်းမှာ လူတွေ နှစ်စဉ်ကြုံတွေ့နေကြပြီး အသက်သေဆုံးတဲ့ထိ အန္တရာယ်ပေးနိုင်တဲ့ အစာအဆိပ် သင့်မှု သန်းပေါင်းများစွာအနက် အများစုဟာ အသားငါး စားသုံးမှုတွေနှင့် ပတ်သက်နေပါတယ်။ သက်သတ်လွတ် စားသူတွေဟာ ဒီလိုအန္တရာယ် မျိုးမှ ကင်းဝေးကြပါတယ်။


နောက်တစ်ခုက မွေးမြူရေးတိရစ္ဆာန်တွေရဲ့အသား ကို စားသူတွေဟာ အဲဒီ တိရစ္ဆာန်တွေကိုကျွေးတဲ့ဟော် မုန်း အမျိုးမျိုးကိုလည်း စားသုံးနေကြရပါတယ်။ ဒီဟော် မုန်း တွေက အသားစားသူတွေရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်တယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြော နိုင်ပါဘူး။ တိရစ္ဆာန်တွေကိုကျွေးတဲ့ အစာထဲမှာ ပဋိဇီဝ ဆေး (Antibiotic) တွေကိုလည်း ထည့်ပြီးကျွေးကြပါတယ်။ လူတွေဟာ တိရစ္ဆာန်တွေရဲ့ အသားကို စားတဲ့အခါ အသား ထဲက ပဋိဇီဝဆေးတွေကိုပါ စားပြီးသားဖြစ်နေပါတယ်။ အသားအမျိုးမျိုးကိုစားရင်း ပဋိဇီဝဆေးတွေကို အမြဲစား သလိုဖြစ်နေတော့ လူမှာရောဂါဖြစ်တဲ့အခါ ရောဂါပိုးတွေ က ဆေးမတိုးတော့ပါဘူး။ သက်သတ်လွတ်ဟာ ဒီအန္တရာယ် တွေကို ရှောင်ပြီးသားဖြစ်သွား ပါတယ်။


မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ်လုပ်တဲ့အခါ တိရစ္ဆာန်အကောင်ရေက များ၊ တစ်ကောင်နှင့်တစ်ကောင် မလွှဲမရှောင်သော ထိနေတွေ့နေတာကြောင့် တိရစ္ဆာန် တွေ အချင်းချင်း တွန်းတာ၊ တိုက်တာ၊ ခိုက်တာ၊ ဝရုန်းသုံး ကားဖြစ်တာတွေနည်းအောင် အစာထဲမှာ စိတ်ငြိမ်ဆေး (Tranquilizer) တွေ ထည့်ကျွေးတာလည်းရှိပါတယ်။ ဒီဆေးတွေလည်း အသားစားသူတွေရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာကြပါတယ်။ အချိန်ကာလကြာလာတဲ့အခါ ဒီဆေးတွေက အသားစားသူတွေရဲ့ ကျန်းမာရေးကို ဘယ် လိုထိခိုက်စေနိုင်တယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။
အသားတွေထဲက ဟော်မုန်းတွေ၊ ပဋိဇီဝဆေးတွေ၊ စိတ်ငြိမ်ဆေးတွေရဲ့ အန္တရာယ်တွေကိုကြောက်လို့ အသား မစားတဲ့လူတွေ အများအပြား ရှိလာနေပါပြီ။


.............................


ဒေါက်တာလှကြည်

No comments: