Sunday, February 14, 2016

အမဲသားကောက်စိုက်မချက် - ပဲကြီးနှပ်ဆီပြန် - မုလာဥဖြူသုပ် - ဘဲဥဆူးပုတ်ကောက်ညှင်းလိပ်နှင့် ငါးပိပန်ထွေဖျော် - မြင်းခွာရွက်ဟင်းချို



ရုံးပိတ်ရက် သုံးလေးရက်ဆက်နေတဲ့အတွက် အညာဘက်က ချက်ပြုတ်တတ်တဲ့ ဟင်းလျာအတွဲအစပ်အချို့ကို ချက်ပြုတ်စားဖြစ်ကြ ပါတယ်။ ဟင်းချက်နည်းလေးတွေကတော့ စုတုပြုထဲကပေါ့နော်။

အမဲသားကိုတော့ တော်တန်ရုံမစားဖြစ်ပါဘူး။ ရှောင်တယ်ရယ်လို့မဟုတ်ပေမဲ့ တစ်ခါတလေ လယ်တီဆရာတော်ကြီးကိုမျက်လုံးထဲ မြင်ယောင်မိတာကြောင့် လျှာအလိုမလိုက်ဖြစ်ဘူးဆိုပါတော့။ အခုတော့ သူငယ်ချင်းတွေစုပြီးချက်စားကြတာမှာ ကိုယ်တစ်ယောက် တည်းထူးမနေချင်တာကြောင့်စားဖြစ်ပါတယ်။

အများအားဖြင့် အညာဘက်က ပဲအမျိုးမျိုးကိုမပါမဖြစ်ချက်ပြုတ်စားတတ်ကြတာပါ။ အရည်သောက်ပဲဖြစ်ဖြစ် ပဲနှပ်လိုဆီပြန်လေးပဲ ဖြစ်ဖြစ်ပေါ့။ ကဲ ထမင်းမြိန်ကြပါစေ သူငယ်ချင်းများ။

အမဲသားကောက်စိုက်မချက် 

*ပါဝင်ပစ္စည်းများ
အမဲသား ၂၅ကျပ်သား၊ ကြက်သွန်နီ ၃လုံး၊ ကြက်သွန်ဖြူ ၁ဥ၊ ငရုတ်သီးခြောက် ၅ - ၆ တောင့်၊ ဆီ ၇ကျပ်ခွဲသား၊ ဆား/ဂျင်း/နနွင်း အနည်းငယ်စီ။

*ပြင်ဆင်ပုံ
အမဲသားကောက်စိုက်သမချက်ချက်ဖို့ပထမဆုံးအမဲသားကိုပြုတ်လုံးလုံးပုံကိုပြောပြပါ့မယ်။အမဲသားကိုသင့်ရုံတော်ရုံလေးတွေတုံး၊ပြီးတော့ဆားလေးနနွင်းလေးတော်ရုံနဲ့နယ်၊ရေကိုအမဲသားတုံးတွေမြှုပ်နေအောင်ဖြည့်၊မီးသွေးမီးအေးအေးပေါ်မှာတင်၊ရေခန်းခါနီးတော့ဆီလေးနည်းနည်းထည့်ပြီးမွှေပေးလိုက်တယ်။ရေခန်းသွားတော့ဟင်းအိုးကိုမီးဖိုပေါ်ကချလိုက်ရော။နနွင်းလေးပါလေကာဆိုတော့အမဲသားအညှီပျောက်သွားပြီးအမဲသားအတုံးလေးတွေကလည်းခပ်ဝါ၀ါလေးတွေဖြစ်နေပါလိမ့်မယ်။နနွင်းသိပ်များသွားရင်တော့အမဲသားအတုံးအ၀ါကြီးတွေဖြစ်နေပါလိမ့်မယ်။အသားတုံးတွေနယ်တုန်းမှာဆားကိုလျှော့ထည့်ပြီးနယ်ရတယ်။
ဘာလို့လဲဆိုတော့ဆားအပေါ့အငန်ကိုနောက်မှကြည့်ပြီးပြင်တာပါ။ဟင်းအိုးကိုရေအပြည့်နဲ့မီးဖိုပေါ်တင်လိုက်ပြီးရေတွေတပွက်ပွက်ဆူလာတော့ဒန်အိုးဖုံးလေးဂလပ်ဂလပ်ဆိုမြည်လာမယ်။အဲဒီအခါရောက်တော့မှအဖုံးကိုအသာလေးလှပ်ပြီးအပေါ်ရေလေးကိုမြည်းကြည့်လိုက်၊ပေါ့သေးတယ်ဆိုရင်ဆားထပ့်ထည့်လိုက်လို့ရတယ်။
အစကတည်းကဆားကသိပ်များသွားမယ်ဆိုရင်တော့အမဲသားအတုံးတွေကိုဆားအငန်ဓာတ်ဝင်သွားပြီးပြန်ပြင်လို့ခက်သွားပါပြီ။ဒါကြောင့်အသားတုံးတွေကိုစပြီးနယ်ကတည်းကဆား၊နနွင်းကိုလျှော့ထည့်ရတယ်။နောက်ဆုံးရေခန်းခါနီးဆီထည့်တော့လည်းအများကြီးမထည့်ရဘူး။
အိုးအောက်ခြေမှာဆီလေးနည်းနည်းပဲရှိနေပြီးအသားတုံးတွေအိုးဖင်မှာကပ်မနေရုံလောက်ပဲဆီကိုတည့်ရတာ။အဲလိုဟင်းချက်ဆီဆိုတာမှာလည်းပဲဆီကိုသုံးရပါတယ်။နှမ်းဆီကိုအဲလိုအသားလုံးဖို့သုံးလိုက်ရင်အသားတွေခါးသွားမယ်။အဲဒီလိုအသားတွေကိုရေနြဲ့ပုတ်ပဲဆီလေးနဲ့လုံးတာကိုပြုတ်လုံးလုံးတယ်လို့ခေါ်ပါတယ်။

*ချက်ပြုတ်ပုံ
အမဲသားကောက်စိုက်မချက်ကိုချက်မယ်ဆိုရင်အမဲသားကိုအသားချည်းမ၀ယ်ပါဘူး။အသားနဲ့အရွတ်အကြောတွဲလျက်ဝယ်ပါတယ်။အဲဒီအကြောအရွတ်ပါတဲ့ပြုတ်လုံးလုံးပြီးသားအမဲသားအဖတ်လေးတွေကိုပါးပါးသေးသေးလေးလှီးတယ်။
ပြီးတော့ခရမ်းချဉ်သီးလေးတွေလည်းပါးပါးလှီးတယ်။အညာငရုတ်သီးတောင့်ပွတွေကိုလေးစိပ်စိပ်၊ကြက်သွန်နီကိုရိတ်ရိတ်လေးတွေလှီး၊ကြက်သွန်ဖြူလေးတွေကိုထောင်း၊အားလုံးလည်းပြီးရောဒယ်ပိုင်းလေးထဲအသားနဲ့အဆာပလာတွေအကုန်ရောထည့်၊ဒယ်အိုးထဲရေသုံးပုံနှစ်ပုံလောက်ထည့်ဆီလေးပါလေကာလောင်းထည့်၊မီးဖိုပေါ်တင်ရေတွေပွက်ပွက်ဆူလာတော့အကုန်လုံးရောမွှေ၊ပြီးတော့အပေါ်ရေကိုသောက်ကြည့်၊အပေါ့အငန်မြည်း၊ဆားလို၊မလိုကြည့်၊ခဏကြာရင်ဒန်အိုးအဖုံးလေးလှပ်ကြည့်၊ရေအနေတော်လောက်ဆိုရင်ချလိုက်။
အမဲသားဖတ်လေးတွေဟင်းရည်ထဲမြှုပ်နေပြီးခရမ်းချဉ်သီးကြက်သွန်ဖြူ၊နီတွေကလည်းကြေသွားပြီးငရုတ်သီးအပွအဖတ်တွေဘောလောပေါ်နေတဲ့ ‘အမဲသားကောက်စိုက်မချက်’ ကိုတွေ့ရပါလိမ့်မည်။ 

(ချက်ပြုတ်ပြသူ - အသည်းပါမောက္ခ ဒေါက်တာခင်မောင်ဝင်း)

မုန်လာဖြူသုပ်
...................
 
ကိုရီးယားစတိုင်လ် ဟင်းရံတစ်မျိုးဖြစ်တဲ့မုန်လာဖြူသုပ်ပါ။လုပ်ရလည်းအရမ်းလွယ်ပြီးအချိန်တိုတွင်းမှာပဲလုပ်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ
.......................
• မုန်လာဥဖြူ - ဥကြီး၁ဥ (အခွံနွှာထားပေးပါ)
• ဆား - လက်ဖက်ရည်ဇွန်း၃ပုံ၁ပုံ
• သကြား - လက်ဖက်ရည်ဇွန်း၂ဇွန်း
• ရှလကာရည် - စားပွဲဇွန်းတစ်ဝက်
• ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း၂ဇွန်းခွဲ
• ကြက်သွန်ဖြူ - ၁မြွှာ (နုပ်နုပ်စဉ်းပါ)
• ကြက်သွန်မြိတ် - စည်းဝက် (ပါးပါးလှီးပါ)
• နှမ်း - အနည်းငယ်

သုပ်နည်း
................
၁။အရင်ဆုံးမုန်လာဥဖြူများကိုခြစ်တံဖြင့်ခြစ်ပေးပါ။
၂။ပြီးမှဆားနှင့်မုန်လာဥဖြူများကို၅မိနစ်ခန့်နယ်ထားပါ။
၃။ပြီးလျှင်ရေဖြင့်ပြန်ဆေးပြီးကြက်သွန်ဖြူ၊ကြက်သွန်မြိတ်၊ငရုတ်သီးမှုန့်၊သကြားတို့ဖြင့်သမအောင်ရောနယ်ပေးပါ။
၎။အပေါ်မှနှမ်းလေးများဖြူးပေးပြီးအရသာရှိသောမုန်လာဖြူသုပ်ကိုသုံးဆောင်နိုင်ပါပြီ။
........................
Wutyee Food House
http://www.wutyeefoodhouse.com/

ပဲကြီးဟင်းဆီပြန်

ပါဝင်ပစ္စည်းများ
ပဲကြီး ၂၅ကျပ်သား၊ ဆီ ၅ကျပ်သား၊ ကြက်သွန်နီ ၅ဥ၊ ကြက်သွန်ဖြူ ၂ဥ၊ ငံပြာရည် စားပွဲဇွန်း ၂ဇွန်း၊ ဆူးပုပ်ရွက် တစ်စည်း၊ နနွင်းမှုန့် အနည်းငယ်၊ ဆား သင့်ရုံ။

ပြင်ဆင်ချက်ပြုတ်ပုံ

ပဲကြီးသည် အခွံချွတ်ပြီးသော ပဲကြီးရေစိမ်ဖြစ်ရပါမည်။ ၄င်းကို ရေသန့်ရေအေးနှင့် ကောင်းစွာဆေးကြောပြီးနောက် နနွင်းမှုန့် အနည်းငယ်နှင့် ဆီထည့်၍ အနည်းငယ် နှံ့ရုံမွှေမည်။ ရေသင့်ရုံထည့်ကာ ချက်မည်။

ပဲကြီး နူးကာနီးတွင် ကြက်သွနနီကို လှီးထည့်မည်။ ဆားနှင့် ငံပြာရည်လည်းဖျန်းပြီးထည့်မည်။ မွှေလိုသော် မမွှေဘဲ အိုးကိုလှုပ်ပေးရသည်။ အရည်ဆူပြီးနောက်တွင် မီးပြင်းမထိုးရပါ။

ဆီပြန်သော် ဆူးပုပ်ရွက်ကိုရေဆေးပြီး ခတ်ကာချစားနိုင်သည်။ ဆူးပုပ်ရွက်မကြိုက်သော် ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ အုပ်နိုင်သည်။ ပဲကြီးဟင်းချိုမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ဆီပြန်ခြင်းနှင့် ရေများခြင်းသာခြားနားသည်။

ဘဲဥ၊ဆူးပုတ်ကောက်ညှင်းလိပ်နှင့်ငပိပန်ထွေဖျော်
•••••••••••••••••••••••••••••••••••••••••••••••



ပါဝင်ပစ္စည်းများ
ဘဲဥ...................၃လုံး၊ဆူးပုတ်..............၂စည်း၊ကြက်သွန်နီ..........၁လုံး၊ ဆား/ဟင်းခတ်မှုန့်/ငရုတ်ကောင်း........အနည်းငယ်စီ၊
ကောက်ညှင်းပေါင်း...လက်တစ်ဆုပ်ခန့်။


ပြင်ဆင်ချက်ပြုတ်ပုံ
ဘဲဥကိုအကြောပြတ်သည်အထိခေါက်ပါ။
ဆား၊ဟင်းခတ်မှုန့်၊ငရုတ်ကောင်းတို့ဖြင့်အရသာသွင်းပါ။
ပါးပါးလှီးထားသောကြက်သွန်နီနှင့်ဆူးပုတ်ရွက်ကိုထည့်ပြီးသမအောင်မွှေပေးပါ။
ဒယ်အိုးပြားထဲမှာမပေါက်စေပဲမထူမပါးအဝိုင်းချပ်လေးရအောင်ကြော်ပါ။
ကောက်ညှင်းပေါင်းကိုဘဲဥဆူးပုတ်ကြော်ရဲ့အနားတဖက်မှာအနည်းငယ်စီထည့်ပြီးကျစ်နေအောင်လိပ်ပါ။
အနေတော်အရွယ်တစ်ချပ်စီရဖို့ဓားထက်ထက်နှင့်လှီးပေးပါ။
ငါးပိပန်ထွေဖျော် လေးဖြင့်တို့ပြီးတွဲဖက်သုံးဆောင်ပါ။

ငါးပိပန်ထွေဖျော်
••••••••••••••••

ပါဝင်ပစ္စည်းများ
ငါးပိ.................၁ဇွန်း၊ငရုတ်သီးစိမ်း ....၅တောင့်၊ကြက်သွန်ဖြူ......၃တက်၊သံပုရာရည်........၁ဇွန်း၊ထန်းလျက်.........၁လုံး။

ပြင်ဆင်ချက်ပြုတ်ပုံ
ငါးပိကိုဇွန်းလေးမှာကပ်ပြီးမီးအနည်းငယ်ကင်ပေးပါ။
ထန်းလျက်ကိုပါးပါးလှီးထားပါ။
ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း ကိုနွမ်းရုံလေးလှော်ပါ။
လှော်ထားသောအရောနှင့်ထန်းလျက်ကိုဦးစွာထောင်းပါ။
ညှက်သွားပြီဆိုမှငါးပိထည့်ထောင်းပါ။သကြား၊သံပုရာရည်၊ငါးငံပြာရည်တို့ဖြင့်အရသာဖြည့်စွက်ပါ။

မြင်းခွာရွက်ဟင်းခါး

ပါဝင်သောပစ္စည်းများ
မြင်းခွာရွက် ၃စည်း၊ ပုစွန်ခြောက်/ငါးပိ အနည်းငယ်၊ ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၁ဥ၊ ငရုတ်ကောင်းမှုန့်/ငံပြာရည်/ဟင်းခတ်မှုန့် သင့်ရုံ။

ပြင်ဆင်ပုံ
မြင်းခွာရွက်ကို အရိုးများဖယ်၍ ရေစင်အောင်ဆေးထားပါ။
ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

ချက်ပြုတ်ပုံအဆင့်ဆင့်
အိုးထဲသို့ ငါးပိ၊ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူထည့်ပါ။
ရေကို အနေတော်ထည့်၍ ဆူအောင်တည်ထားပါ။
ရေဆူလာလျှင် မြင်းခွာရွက်၊ငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပါ။ ခဏနေလျှင် အပေါ့၊အငန်မြည်း၍ သုံးဆောင်နိုင်ပါပြီ။ 
 
Credit: ဟင်းချက်နည်းစာအုပ်များ

No comments: