Monday, February 8, 2016

ပဲပုစွန် ခရမ်းချဉ်သီးသုပ် - ကဏန်းမန်ကျည်းမှည့်ချက် - ချောင်းငါးကြင်း ငရုတ်သီးကြော်




......................................
ပေါ့ပါးပျော်ရွှင် ချက်စေချင်
......................................

'ကျောင်းသားဟောင်းတွေ တွေ့ကြတော့ သီချင်းဆိုတဲ့ သူကဆို၊ စကားတွေပြောတဲ့သူကပြော အတော်ပျော်စရာ ကောင်းတာပဲ'

'သူများပြောတာ၊ ဆိုတာပဲ ငေးကြည့်ရတယ်။ ကိုယ်က ဘာမှမပြောတတ်ဘူး။ စင်ပေါ်ရောက်ရင် လူ တွေကြည့်ရင်း ပြောမယ်စိတ်ကူးထားတဲ့ဟာတွေလည်း ဘယ်ရောက် ကုန်မှန်းမသိဘူး'

'အဲ့ဒါ စကားပြောမကျွမ်းကျင်လို့ . . .'

'ဟုတ်မှာ၊ မင်းပြောသလို စကားပြော မကျွမ်းကျင် တာရော၊ လူကြောက်တာ ရော၊ ကိုယ့်ကိုယ်ကို ယ်မယုံကြည် တာရော အားလုံးပေါင်းတော့ လူရှေ့စကားမပြောရဲတာ နေမှာ'

'စိတ်ဓာတ်ကျတာမြန်လိုက်တာ၊ ကျွမ်းကျင်ချင်ရင် လေ့ကျင့်လို့ရတယ်။ တစ်ခါ၊ နှစ်ခါ၊ သုံးခါ . . . အခါတစ်ရာ၊ အခါတစ်ထောင်၊ အခါတစ်သောင်းဆိုရင်တော့ မင်းလူရှေ့မှာ စကားပြောလို့ရလောက်ပါပြီ။'

'တကယ်စဉ်းစားကြည့်တော့၊ ဝါသနာနဲ့လည်းဆိုင် မယ်ထင်တယ်။ လူတွေ အများကြီးကြားထဲ ကိုယ်မသွား ချင်ဘူး။ စကားတွေ အများကြီးလည်း မပြောတတ်ဘူး။ စကားပြောကောင်းဖို့ အခါတစ်သောင်းမကျင့်နိုင်ဘူး။'

'ကောင်းပါလေ့၊ ဟင်းပွဲပေါင်း တစ်သောင်းလောက် တော့ ချက်ပြီးပြီမဟုတ် လား'

'မင်းပြောမှပဲ အသက်နှစ်ဆယ်ကျော်လောက်က တည်းက ချက်လာတဲ့ဟင်းပွဲတွေ၊ ရေထားရင် ပွဲပေါင်း တစ်သောင်းလောက်တော့ရှိမယ်ထင်တယ်'

'ဒါကြောင့် ဟင်းပွဲတွေကို ကြည့်တာနဲ့တင် ဘာနဲ့ဘာ နဲ့ ထည့်ချက်ပြီး ဘယ်လို အရသာဆိုတာကို ဆရာမပြဘဲနဲ့ ဟင်းချက်တတ်တာ မင်းရဲ့ ကျွမ်းကျင်မှုတွေပေါ့'

'ဟုတ်တယ်၊ ဝါသနာပါလို့လားမသိဘူး။ ဟင်းချက်တဲ့ အသားငါး၊ အသီးအရွက် ထည့်ရတဲ့ အနံ့အရသာ အကုန်လုံး စိတ်ဝင်စားစရာကောင်းပြီး ဘယ်အခါကြည်ကြည့် မရိုး နိုင်အောင်ကို အမြဲဆန်းသစ်နေတယ်လို့ ခံစားရတယ်။ ဟင်းချက်နည်းစာအုပ်တွေဆို လည်း အလွတ်နီးပါးရအောင် ကို ဖတ်ထားတယ်'

'ဒါဆို ဒီနေ့အတွက် ဖတ်ထားတဲ့ဟာတွေထဲက ချက် မှာလား၊ စိတ်ကူးထဲကဟာ ချက်မှာလား . . .'

'ဈေးထဲက ဝယ်လို့ရတဲ့ အသားငါးတွေနဲ့ ချက်မှာ၊ ကဏန်းမန်ကျည်းမှည့်ဟင်း အရည်သောက်နဲ့၊ အမြဲတမ်းရှိ နေတတ်တဲ့ ချောင်းငါးကြင်း၊ ငရုတ်သီးကြော်၊ ပဲပုစွန်ခရမ်း ချဉ်သီးသုပ်၊ ပူစီနံ ငါးပိ ထောင်း'

ချောင်းငါးကြင်းသုံး ဆယ်သား ရေစင်စင် ဆေး၊ အကြေးခွံခွာပြီး အကွင်းလိုက် တုံးမယ်၊ ဆား၊ အရသာ လက် ဖက်ရည်ဇွန်းတစ် ဝက်ဆီနဲ့ နနွင်း (ဆ နွင်း)အနည်းငယ် ရောနယ်ပြီး ဆီတစ်ဆယ်သားထည့်ကြော်မယ်။ အထက်အောက် သာ သာလှန်ပေးပြီး ငါးကြော်တွေ ရွှေဝါရောင် တောက်လာရင် ဆယ်ပြီး ပန်းကန်ထဲထည့်မယ်။ ကျန်ဆီထဲကို ကြက်သွန်ဖြူ တစ်ဥ ညက်အောင်ထောင်းထားတာနဲ့ ကြက်သွန်နီတစ်ဥ ပါးပါးလှီးထားတာ ထည့်ကြော်မယ်။ ကြက်သွန်ဖတ်တွေ ကျက်ပြီး အနံ့မွှေးလာရင် မီးအရှိန်လျှော့ ပြီး ငရုတ်သီးအကြမ်း ဖတ် စတီးဇွန်းအသေးတစ်ဇွန်း၊ ဆား အရသာ နည်းနည်းစီ ထည့်ဖြည့်ပြီး ကြော်ထားတဲ့ငါးနဲ့ ရောမွှေလိုက်ရင် ငါးကြင်း ငရုတ်သီးကြော်ရပါပြီ။

ကဏန်းဟင်းအတွက် ကဏန်းလတ်ဆက်တာ သုံး ကောင် အခွံခွာ ရေစင်စင်ဆေးပြီး လက်မတွေကို အရသာ ဝင်အောင် သာသာအက်သွားအောင် ထုပေးမယ်။ ဆား၊ အရသာ၊ လက်ဖက်ရည်ဇွန်းတစ်ဇွန်းလျှော့လျှော့နဲ့ ငါး ငံပြာရည်အချို၊ စတီးဇွန်းတစ်ဇွန်း ထည့်နယ်ထားပါမယ်။

အဆာအတွက် စပါးလင်တစ်ချောင်း ပါးပါးလှီး၊ ငရုတ်သီးပွအစေ့ထုတ်ရေစိမ် နှစ်တောင့်၊ ကြက်သွန်ဖြူငါး တက် ရောထောင်းထားတာကို ဆီနှစ်ကျပ်သားနဲ့ အဆီသတ် ပါမယ်။ အနံ့မွှေးလာရင် ခရမ်းချဉ်သီးနှစ်လုံးကြိတ်ထားတာ ထပ်ထည့်ပြီး ကဏန်းတွေထည့်ပါမယ်။ ကဏန်းထဲပါတဲ့ အရည်ခန်းပြီး အရသာဝင်သွားရင် ရေလီတာဝက်နဲ့အတူ မန်ကျည်းမှည့်အနှစ် စတီးဇွန်းကြီးနှစ်ဇွန်း၊ ငရုတ်သီးအစိမ်း အမှည့် ဆယ်တောင့်ဓားပြား ရိုက်ထားတာ၊ ထပ်ဖြည့်ပြီး ပွက်ပွက်ဆူလာအောင် အဖုံးအုပ်ပြီး ငါးမိနစ်တည်မယ်။ အိုးချခါ နီးရင်တော့ နံနံပင်၊ ရှမ်းနံနံခတ်ပြီးအရသာ ချဉ်စပ်နဲ့ ကဏန်းဟင်းရပါပြီ။ ကဏန်းချက်မယ့် ဆို လတ်ဆတ်တဲ့ ကဏန်းဖြစ်ဖို့ အရေကြီးပါတယ်။

ပဲပုစွန်သုပ်အတွက်လည်း ပဲပုစွန်တစ်ဆယ်သား ဘေးက အမြှေးတွေဖယ်ပြီး ရေဆူဆူမှာ သုံးမိနစ်ပြုတ်မယ်။ အနေတော်လှီးပြီး ကြက်သွန်နီတစ်ခု ပါးပါးလှီး၊ မြေပဲမှုန့် တစ်ဇွန်း၊ ကြက်သွန်ဖြူဆီချက်တစ်ဇွန်း၊ ခရမ်းချဉ်သီးချက် တစ်ဇွန်း၊ ဆားအရသာအနေ တော်ထည့်ပြီး ရောနယ်လိုက် ရင် ပဲပုစွန်သုပ်ရပါပြီ။ ခရမ်းချဉ်သီးအတွင်းနဲ့ နှမ်းစေ့လေး တွေ အပေါ်က တင်လိုက်ရင် စားလို့ဖြစ်ပါပြီ။

ပူစီနံငါးပိထောင်းအတွက် ငါးပိတစ်ဇွန်းစာ၊ ငရုတ်သီး အစပ်ကြိုက်သလောက် ပုစွန်ခြောက်မှုန့် (သို့) အကောင် တစ်ဇွန်း၊ ပူစီနံအရွက်နှစ်ဆယ်၊ ကြက်သွန်ဖြူသုံးတက်၊ အားလုံးရောထောင်းပြီး၊မီးကင်လိုက်ရင် ပူစီနံငါးပိထောင်းရ ပါပြီ။ သခွားသီး၊ သရက်ကင်း၊ သံပရာသီးပါးပါးလှီးနဲ့ တို့ရင် လိုက်ဖက်ပါတယ်။

ဘယ်အလုပ်မဆို ကျွမ်းကျင်အောင် ကြိုးစားလို့ ဖြစ် ပေမယ့်။ ဝါသနာအရင်းခံ တဲ့ အလုပ်ဆိုရင် ပိုစိတ်ဝင်စား ဖို့ကောင်းပြီး လုပ်လို့လုပ်မှန်းမသိဘဲ သက်သာပျော်ရွှင်နေ မှာ အမှန်ပါပဲ။
ပဲပုစွန် ခရမ်းချဉ်သီးသုပ်
...................................
• ပဲပုစွန် - ၁ဝ ကျပ်သား
• ကြက်သွန်နီ - ၁ ဥ
• မြေပဲမှုန့် - ၁ ဇွန်း
• ကြက်သွန်ဖြူဆီချက် - ၁ ဇွန်း
• ခရမ်းချဉ်သီးချက် - ၁ ဇွန်း
• ဆား - အနည်းငယ်
• အရသာမှုန့် - အနည်းငယ်
ကဏန်းမန်ကျည်းမှည့်ချက်
...................................
• ကဏန်း - ၃ ကောင်
• စပါးလင် - ၁ ချောင်း
• ငရုတ်ပွ - ၂ တောင့်
• ဆီ - ၂ ကျပ်သား
• ရေ - လီတာဝက်
• မန်ကျည်းမှည့် - စတီးဇွန်းကြီး ၂ ဇွန်း
• ငရုတ်သီးစိမ်း - ၁ဝ တောင့်
• ခရမ်းချဉ်သီး - ၂ လုံး
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငံပြာရည်အချို - စတီးဇွန်း ၁ ဇွန်း
ချောင်းငါးကြင်း ငရုတ်သီးကြော်
...................................
• ချောင်းငါးကြင်း - ၃ဝ သား
• ဆီ - ၁ဝ သား
• ကြက်သွန်ဖြူ - ၁ ဥ
• ကြက်သွန်နီ - ၁ ဥ
• ငရုတ်သီးအကြမ်းဖက် - စတီးဇွန်း ၁ ဇွန်း
• နနွင်း - အနည်းငယ်
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
...........................
ဒေါ်နန်းဆန်းဆန်းအေး
အဓိပတိ (ဖြူး)

No comments: