Monday, February 22, 2016

သူခိုး၊ ဓားပြထက် ဆိုးတဲ့ ရန်သူကို ဘယ်လို ကာကွယ်မလဲ




ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားအပြီး ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင်)

ရန်သူ ငါးပါးထဲမှာ ××× အင်မတန် ××× ဆိုးရွားလှတာ ××× မညှာတာ ××× ဘယ်သူ့မှ ××× မထောက်တာ ××× သူခိုးဓားပြထက် ဆိုးတဲ့ ××× ရန်သူဟာ ××× ဤဇဗ္ဗူတစ်ခွင်မှာ ××× ရန်သူမီးကို ××× အစဉ်အမြဲ ××× သတိပြုပါ ×××

တေးသံရှင် ကိုထွန်းရွှေ သီဆိုခဲ့သည့် “မီးသတိပြုပါ” သီချင်းက ယခုရက်ပိုင်း အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန်ကြားလာရသည်။ ဆယ်စုနှစ် နှစ်ခုကျော်မျှ ကြာမြင့်ပြီဖြစ်သော ထိုသီချင်းက ယနေ့ထက်တိုင် ရိုးအီ မသွားဘဲ လူထုကို မီးဘေး အန္တရာယ်နှင့် ပတ်သက်ပြီး သတိပေးနေဆဲ ဖြစ်သည်။

နွေဦးရာသီက လွမ်းဖွယ်ကောင်းလှသော ပန်းချီကားတစ်ချပ် ကဲ့သို့ ပူပြင်းခြောက်သွေ့လို့ နေသည်။ နွေဦး၏ အလှတို့က ခံစားတတ်သူတစ်ယောက် အနေဖြင့် ကြည့်မည်ဆိုလျှင် ဖွဲ့ဆို၍ မကုန်နိုင်လောက်အောင် များပြားလွန်းလှသည်။

ထိုသို့ လွမ်းမောဖွယ် ကောင်းလှသည့် နွေရာသီတွင် လူသားတို့ကို ခြောက်လှန့်နေသည့် အရာကား မီးဘေးအန္တရာယ်ပင် ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီလတွင် မီးလောင်မှုဖြစ်စဉ် ၁၇၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ် ၃၆၂၇၀ ဒသမ ၄၈၅ သန်း ဆုံးရှုံးခဲ့သည့်အပြင် ဖေဖော်ဝါရီလတွင် ဖေဖော်ဝါရီ ၁၄ ရက်အထိ မီးလောင်မှုဖြစ်စဉ် ၁၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ် ၁၄၄၇ ဒသမ ၁၇၇ သန်း ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစီး ဦးအောင်ဆွေဝင်းက ပြောကြားသည်။

“၂၀၁၆ ဇန်န၀ါရီလမှာ မီးလောင်မှုက ၁၇၈ ကြိမ် ဖြစ်တယ်။ ဆုံးရှုံးမှု တန်ဖိုးက သန်းပေါင်း ၃၆၂၇၀ ဒသမ ၄၈၅ သန်း ရှိခဲ့တယ်။ ဖေဖော်ဝါရီလမှာတော့ ၁၄ ရက် အထိကို မီးလောင်မှု ဖြစ်စဉ်က ၁၀၆ ကြိမ်ဖြစ်တယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ ၁၄၄၇ ဒသမ ၁၇၇ သန်း ရှိခဲ့တယ်” ဟု ဦးအောင်ဆွေဝင်းက ဆိုသည်။


၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း မီးလောင်မှုကြီးများ

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အနေဖြင့် မီးလောင် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၀ သန်းနှင့်အထက် မီးလောင် ဆုံးရှုံးလျှင် မီးလောင်မှုကြီးဟု သတ်မှတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၁၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် လောင်ကျွမ်းခဲ့သည့် မီးလောင်မှု ဖြစ်စဉ်များအနက် ရန်ကုန်တိုင်းဒေသကြီးမှ မင်္ဂလာဈေး မီးလောင်မှု ဖြစ်စဉ်၊ ဧရာဝတီတိုင်း ဒေသကြီးမှ လပွတ္တာမြို့ မီးလောင်မှု ဖြစ်စဉ်၊ ရှမ်းပြည်နယ်မှ နမ့်ဆန်မြို့ မီးလောင်မှု ဖြစ်စဉ်၊ မြိတ်ခရိုင် ပုလောမြို့နယ်မှ ကျောက္ကာကျေးရွာ မီးလောင်မှု ဖြစ်စဉ်များမှာ ထင်ရှားသည့် မီးလောင်မှု ဖြစ်စဉ်များ ဖြစ်ခဲ့သည်။


မင်္ဂလာဈေး မီးလောင်မှု ဖြစ်စဉ်

ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီ မိနစ် ၂၀ တွင် စတင် လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး မီးလောင်မှုမှာ ၀ိုင်ယာရှော့ကြောင့် မီးလောင်ခြင်း ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် သိန်းသုံးသောင်းကျော် ရှိကြောင်း မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“တတိယ၊ စတုတ္ထ၊ ပဉ္စမ အကုန်လုံး မီးလောင်တယ်။ အောက်ကဟာတွေကတော့ လွတ်တယ်။ လောင်တာက ၁၆၃၆ ခန်း ရှိတယ်။ ဆုံးရှုံးမှု တန်ဖိုးက သိန်းပေါင်း သုံးသောင်းကျော်တယ်” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်မှ မြို့နယ်ရဲမှူး ဦးသိန်းအောင်က ပြောကြားသည်။

မီးလောင်ရသည့် အကြောင်းရင်းမှာ လေးလွှာတွင်ရှိသည့် ဆိုင်အမှတ် ၄၅၁ တွင် လိပ်ဆွဲတံခါး တပ်ဆင်ရန် ဆိုင်ရှင်ဖြစ်သူ ဦးလှဝင်းက ဦးအောင်ဘွားနှင့် ၎င်း၏ အလုပ်သမားများ ဖြစ်သော မင်းသိန်းခေါ် မှတ်ကြီး၊ အောင်အောင်၊ ညွန့်ဝင်းနှင့် ကိုချမ်းတို့ကို အလုပ် အပ်နှံခဲ့ကြောင်း၊ ဇန်န၀ါရီ ၈ ရက် ညပိုင်းတွင် လုပ်ငန်းစတင်ရန် မင်္ဂလာဈေးဝင်းအတွင်း ပြုလုပ်သော သီတဂူ ဆရာတော် တရားပွဲပြီးမှ ခွင့်ပြုထားသော်လည်း မင်္ဂလာဈေး လျှပ်စစ် တာဝန်ခံ ကျော်ဆန်းဦး (ခေါ်) ဖိုးကျော်က တရားပွဲ မပြီးခင် ည ၁၀ နာ ရီခန့်တွင် လုပ်ငန်းလုပ်ကိုင်နိုင်ရန် လျှပ်စစ်မီး ဖွင့်ပေးခဲ့ကြောင်း၊ အဆိုပါ ဆိုင်သို့ ၀င်ရောက် အလုပ်လုပ်ကိုင်ရာမှ လျှပ်စစ်မီးအား ပေါ့ဆစွာ အသုံးပြုမိသဖြင့် ၀ိုင်ယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် အထပ်များဖြစ်သည့် တတိယလွှာတွင် အခန်းပေါင်း ၇၉၁ ခန်း၊ လေးလွှာတွင် ၇၉၇ ခန်း၊ ငါးလွှာတွင် စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ကျွမ်းခဲ့ပြီး တတိယလွှာနှင့် လေးလွှာသည် ကုန်စုံ၊ အလှကုန်၊ မီးဖိုချောင်သုံး ပစ္စည်းနှင့် ဆေးပစ္စည်းများ ရောင်းချသည့် နေရာများ ဖြစ်ကြသည်။

မီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ် ၅၈ စီး၊ ထောက်ကူယာဉ် ခုနစ်စီး၊ အုပ်ချုပ်မှုယာဉ် ၁၁ စီး၊ လှေကားတင်ယာဉ် လေးစီး၊ ဘောက်ဆာ ၂၇ စီး၊ မိတ်ဖက်ယာဉ် ခြောက်စီး၊ ကြက်ခြေနီကား ၁၉ စီး၊ ၀ါတားတာဝါ နှစ်ခုဖြင့် လာရောက် မီးငြှိမ်းသတ်ခဲ့ရသည်။

မီးစတင် လောင်ကျွမ်းချိန်သည် ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီ မိနစ် ၂၀ တွင် စတင်လောင်ကျွမ်းပြီး နံနက် ၅ နာရီ ၅ မိနစ်တွင် မီး ထိန်းနိုင်ကာ နံနက် ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
 
နမ့်ဆန်မြို့နှင့် လပ္ပတ္တာမြို့ မီးလောင်မှု ဖြစ်စဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နမ့်ဆန်မြို့တွင် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နမ့်ဆန်မြို့တွင်းရှိ အဓိက စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်သည့် ရပ်ကွက်ဖြစ်သော မင်္ဂလာရပ်ကွက်နှင့် မြို့လယ်ရပ်ကွက်ရှိ လူနေအိမ်ခြေ ၂၈၀ ကျော် မီးလောင်ဆုံးရှုံးမှုဒဏ် ခံခဲ့ရကာ အိမ်ထောင်စု အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ မင်္ဂလာ ရပ်ကွက်ရှိ ခိုင်သစ္စာ လက်ဖက်ခြောက် ပွဲရုံမှ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှု ကြာမြင့်ချိန်မှာ ၁၇ နာရီခန့်ထိ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် မီးဘေးသင့် ဒေသခံ ပြည်သူများအား နမ့်ဆန်မြို့မ ဂိုဏ်းချုပ်ကျောင်းနှင့် ခရစ်ယာန်ကျောင်းတို့တွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိ ဆောင်ရွက်ထားကြောင်း သိရသည်။

နမ့်ဆန်မြို့သည် ပင်မလမ်းမကြီး တစ်ခုသာရှိသော တောင်ပေါ်မြို့ ဖြစ်သောကြောင့် မီးသတ်ကားများ ၀င်ရောက် မီးငြှိမ်းသတ်နိုင်ရန် အခက်အခဲများစွာ ရှိခဲ့သဖြင့် မီးလောင်ကျွမ်းမှုမှာ ထင်မှတ်မထားသည်ထက် ပိုမို များပြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က အ၀တ်အထည်တွေ ရောင်းတယ်။ ဘာမှ မရလိုက်ဘူး။ မီးက တအားမြန်တယ်။ ပစ္စည်းတွေ သယ်နေတုန်းကို မီးတွေက ရောက်လာတယ်။ အဓိကက ဒီမှာ ရေရှားတယ်။ မီးသတ်ကားလည်း နည်းတယ်။ တခြားမြို့က မီးသတ်ကားတွေလည်း လာတယ်။ ဒါပေမဲ့ မြို့ထဲကို ၀င်ဖို့ မလွယ်ဘူး။ မီးလုံးတွေက ပိတ်နေတယ်။ ဒါနဲ့ ကျောက်ဖြူရွာဘက်ကနေ လှည့်ဝင်ရတယ်” ဟု မြို့လယ်ရပ်ကွက်မှ ဦးကျော်ညွန့်က ဆိုသည်။

ယခု မီးလောင်မှုသည် နမ့်ဆန်မြို့၏ အဓိက စီးပွားရေး လုပ်ငန်းများနှင့် ကုန်စုံဆိုင်များ၊ အ၀တ်အထည်ဆိုင်များနှင့် အခြား စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်သည့် ရပ်ကွက်ဖြစ်ပြီး မီးလောင်ကျွမ်းမှုကို လားရှိုး၊ ကျောက်မဲ၊ သီပေါမြို့၊ နမ္မတူမြို့များနှင့် မန္တလေးမြို့တို့မှ မီးသတ်ကားများ စုစုပေါင်း မီးသတ်ယာဉ် ၂၁ စီး လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာမြို့၊ ကမ်းနားလမ်းတွင် ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီခန့်က စတင်၍ မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၁၀၀ ကျော်ခန့် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။
 
ကျောက္ကာကျေးရွာ မီးလောင်မှု ဖြစ်စဉ်

တံငါလုပ်ငန်း အဓိက လုပ်ကိုင်သည့် ပင်လယ်အတွင်းမှ ကျွန်းတစ်ကျွန်းဖြစ်သော ကျောက္ကာကျေးရွာတွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် မီးပေါ့ဆမှုကြောင့် စတင် လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီ မိနစ်၂၀ မှ မီးညွန့်ကျိုးခဲ့ကြောင်း သိရသည်။

“အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ မူလတန်းပြ ဆရာမ ဒေါ်အေးအေးစိုးရဲ့အိမ်မှာ လေးနှစ်ခြောက်လအရွယ် မိန်းကလေးငယ်က ဖယောင်းတိုင်မီး ဆော့ကစားရာကနေ မီးစတင် လောင်ကျွမ်းတာ ဖြစ်ပါတယ်။ ဆရာမရဲ့ တူမဖြစ်သူက ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကျွန်တော်တို့ရွာကို ရောက်လာပါတယ်။ သူနှင့် အမေဖြစ်သူလည်း ပါလာတာ ဖြစ်ပြီး အဲဒီ သမီးလေးက ဖယောင်းတိုင်မီးနှင့် ဆော့ကစားနေတာကို မသိလိုက်ကြဘူး။ မီးက ခြုံထည် စောင်ကို လောင်ကျွမ်းပြီး အိမ်တွေကို ကူးစက်သွားတာပါ။ မီးလောင်တဲ့ အချိန်မှာ ရေကျချိန် (ဒီရေကျချိန်) ဖြစ်တဲ့အတွက် ရေတွေစုပ်ပြီး မီးငြှိမ်းသတ်လို့ မရခဲ့ဘူး။ လေကလည်း တိုက်နေတယ်ဆိုတော့ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄) အားလုံး မီးထဲပါသွားတယ်။ ကျွန်တော်က မီးစလောင်တဲ့ အိမ်နှင့် ကပ်လျက် ရှိတဲ့အတွက် ဘာမှ မသယ်ထုတ်လိုက်နိုင်ဘူး” ဟု ကျောက္ကာကျေးရွာမှ ဦးရဲအောင်က ပြောကြား ခဲ့သည်။

ကျောက္ကာကျေးရွာတွင် အိမ်ခြေ ၉၀၀ ခန့် ရှိနိုင်ပြီး မီးလောင်ကျွမ်း ခံရသည့် အိမ်ခြေမှာ ၆၀၀ အထိ ရှိနိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ကျောက္ကာ အထက (ခွဲ) အပါအ၀င် ဆိပ်ခံတံတားကြီး သုံးစင်း မီးလောင်ကျွမ်းခဲ့ပြီး ရေလုပ်ငန်း ဂိုဒေါင် အများအပြား မီးထဲပါသွားခဲ့ကာ ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုး သိန်းထောင်ချီ ရှိနိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်များ ဖြစ်ပွားနောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်၌ မီးဘေးအန္တရာယ် ကာကွယ်ရေးကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် ကြေညာချက် တစ်စောင်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့ပါသည်။
 
မီးလောင်ရသည့် အကြောင်းရင်းများ

မီးသတ်ဦးစီးဌာန အနေဖြင့် မီးလောင်မှု အကြောင်းရင်းများကို မီးဖိုမီး၊ ပေါ့ဆမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ တောမီး၊ သောင်းကျန်းသူရှို့မီး၊ စုံစမ်းဆဲ၊ မီးလန့်၊ မိုးကြိုးပစ်ဟူ၍ အမျိုးအစားများ ခွဲခြားထားရာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင် မီးဖိုမီး၊ ပေါ့ဆမီးနှင့် လျှပ်စစ်မီးတို့မှာ အများဆုံး ဖြစ်ပွားသည့် ဖြစ်စဉ်များ ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးစီး ဦးအောင်ဆွေဝင်းက ပြောကြားသည်။

“မီးလောင်မှု အမျိုးအစားတွေကတော့ အများကြီး ရှိတာပေါ့။ အဲဒီ အထဲမှာ အဓိက မီးလောင်မှုတွေ ဖြစ်နေတာကတော့ မီးဖိုမီးရယ်၊ ပေါ့ဆမီးရယ်ပေါ့နော်။ နောက် တတိယ လိုက်တာကတော့ လျှပ်စစ်မီးပေါ့။ အထူးသဖြင့်ကတော့ ပေါ့ဆမီးက အများဆုံးပဲ” ဟု ဦးအောင်ဆွေဝင်းက ဆိုသည်။

အတိတ်ကာလ၏ မီးလောင်ခဲ့မှု မှတ်တမ်းများကို ကြည့်မည် ဆိုပါက ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း မီးလောင်ခဲ့သည့် အကြိမ်ရေ စုစုပေါင်း ၇၁၅၂ ကြိမ်တွင် မီးဖိုမီး အကြိမ် ၁၇၄၀၊ ပေါ့ဆမီး ၂၅၈၅ ကြိမ်၊ အလိုအလျောက်မီး ၁၆၂ ကြိမ်၊ လျှပ်စစ်မီး ၁၄၀၄ ကြိမ်၊ မသမာသူ ရှို့မီး ၈၁၆ ကြိမ်၊ တောမီး ၄၂ ကြိမ်၊ သောင်းကျန်းသူ ရှို့မီး ခြောက်ကြိမ်၊ စုံစမ်းဆဲ နှစ်ကြိမ်နှင့် မိုးကြိုးပစ် ၁၆ ကြိမ် ဖြစ်ပွားခဲ့သည်။


 ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ ကမ်းနားလမ်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည်ကို ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ဖြစ်ပွားခဲ့သည့် မီးလောင်မှု အကြောင်းရင်းများကို ရာခိုင်နှုန်းဖြင့် ကြည့်လျှင် မီးဖိုမီး ၂၄ ဒသမ ၃၃ ရာခိုင်နှုန်း၊ ပေါ့ဆမီး ၃၆ ဒသမ ၁၄ ရာခိုင်နှုန်း၊ အလိုအလျောက်မီး ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ လျှပ်စစ်မီး ၁၉ ဒသမ ၆၃ ရာခိုင်နှုန်း၊ မသမာသူ ရှို့မီး ၁၁ ဒသမ ၄၁ ရာခိုင်နှုန်း၊ တောမီး ၅ ဒသမ ၈၉ ရာခိုင်နှုန်း၊ သောင်းကျန်းသူ ရှို့မီး ၀ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် မိုးကြိုးပစ် ၀ ဒသမ ၂၂ ရာခိုင်နှုန်း ရှိကြသည်။ ဤကိန်းဂဏန်းများကို မီးဘေးလုံခြုံရေး ရှုထောင့်မှ ကောက်ချက်ဆွဲပါလျှင် မီးဖိုမီး ၂၄ ဒသမ ၃၃ ရာခိုင်နှုန်းနှင့် ပေါ့ဆမီး ၃၆ ဒသမ ၁၄ ရာခိုင်နှုန်းမှာ အများဆုံး ဖြစ်ပွားခဲ့ကြောင်း သုံးသပ်ရမည် ဖြစ်ပါသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း မီးလောင်မှုကြီး ၁၈၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ အဆိုပါ ၁၈၈ ကြိမ်တွင် မီးလောင်မှု အကြောင်းရင်းများကို ပြန်လည်စိစစ်ရာ မီးဖိုမီး ၂၄ ကြိမ်၊ ပေါ့ဆမီး ၈၃ ကြိမ်၊ အလိုအလျောက်မီး နှစ်ကြိမ်၊ လျှပ်စစ်မီး ၃၈ ကြိမ်၊ မသမာသူ ရှို့မီး ၂၇ ကြိမ်၊ တောမီး ၁၂ ကြိမ်၊ စုံစမ်းဆဲ နှစ်ကြိမ် စသဖြင့် တွေ့ရှိရပြီး မီးဖိုမီး၊ ပေါ့ဆမီးနှင့် လျှပ်စစ်မီးတို့မှာ အကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

မီးလောင်မှု ကြီးမားကျယ်ပြန့်ရခြင်းတွင် အဓိက အကြောင်းရင်း (၃)ချက်ရှိပြီး ယင်းအချက်များမှာ (၁) လေပူစီးကြောင်းများ (Heat Air Current)၊ (၂) အပူဖြာကူးခြင်း (Radiant Heat) နှင့် (၃) မီးပွားများ လွင့်ပျံခြင်း (Flying Sparks) တို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မီးလောင်မှုကြီး ဖြစ်ပွားစေရန် လွှမ်းမိုးနေသည့် အခြားအကြောင်းတရားများမှာ နေအိမ်များ သိပ်သည်းခြင်း၊ လေတိုက်နှုန်း ပြင်းထန်ခြင်း၊ မီးငြှိမ်းသတ်ရန် ရေရရှိမှု ခက်ခဲခြင်း၊ လမ်းကျဉ်းမြောင်း၍ မီးသတ်ယာဉ်များ သွားလာရန် ခက်ခဲခြင်း၊ မီးသတ်စခန်း တည်ရှိနေမှုကြောင့် မြို့နယ်ကို စိုးမိုးနိုင်မှု မရှိခြင်းတို့သည်လည်း ဆက်စပ်နှီးနွှယ်နေကြောင်း ကိန်းဂဏန်းများမှ ဖော်ထုတ်သုံးသပ်အရ သိရသည်။

မီးလောင်မှုဟူသည် မီးလောင်လွယ်သော ပစ္စည်းများ (Flammable Materials) မှ သာမန်အားဖြင့် တစ်ဆင့်ချင်း မီးလောင်မှု အရှိန်အဟုန် မြင့်မားလေ့ ရှိကြပါသည်။ မီးလောင်မှု အစပျိုးသော ကနဦးအဆင့် (Initial Fire)၊ မီးတောက်ဖြစ်ပေါ်မှု အဆင့် (Small Fire)၊ မီးတောက်အားကောင်းသည့်အဆင့် (Medium Fire)၊ မီးလောင်မှုကြီး အဆင့် (Mega Fire) ဟူ၍ သေးငယ်သော မီးတောက်မှ အချိန်တိုအတွင်း ကြီးမားပြင်းထန်စွာ လောင်ကျွမ်းလေ့ ရှိပါသည်။
 

မီးသတ်ဦးစီးဌာန၏ လုပ်ဆောင်မှုများ

မီးသတ်ဦးစီးဌာနအား တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် လျော်ညီမှု ရှိစေရန် မီးငြှိမ်းသတ်ရေး လုပ်ငန်း တစ်ခုတည်းကိုသာ ဆောင်ရွက်နေရာမှ နိုင်ငံတကာ မီးသတ်စခန်းများကဲ့သို့ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ တားဆီးကာကွယ်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်ရန် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ယင်းသို့ ဖွဲ့စည်းရာတွင် တိုင်းဒေသကြီး၊ ပြည်နယ် မီးသတ်ဦးစီးမှူးရုံး ၁၅ ရုံး၊ ခရိုင်မီးသတ် ဦးစီးမှူးရုံး ၇၃ ရုံး၊ ခရိုင်မီးသတ်စခန်း ၇၃ ခု၊ မြို့နယ် မီးသတ်ဦးစီးမှူးရုံး ၃၃၀၊ မြို့နယ် မီးသတ်စခန်း ၃၃၀၊ နယ်မြေ မီးသတ်စခန်း ၄၂၈ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မတိုင်မီ မီးသတ်ယာဉ်၊ စက် ၁၂၈၂ စီးရှိရာမှ မီးသတ်ယာဉ် အမျိုးအစား လေးမျိုး သတ်မှတ်ပြီး ဖြည့်တင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ မီးငြှိမ်းသတ်ယာဉ် ၁၀၀၃ စီး၊ မီးသတ်ရေသယ်ယာဉ် အစီး ၅၇၀၊ မီးသတ်စက်ယာဉ် ၅၆ စီး၊ အထောက်အကူပြုယာဉ် ၄၄ စီး၊ စုစုပေါင်း ၁၆၇၃ စီးအထိ ဖြည့်တင်းနိုင်ခဲ့သဖြင့် စုစုပေါင်း ၂၉၅၅ စီးဖြင့် ဖြန့်ခွဲဆောင်ရွက်လျက် ရှိသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ခေတ်မီရှာဖွေ ကယ်ဆယ်ရေးသုံးယာဉ် လေးစီး၊ လူနာတင်ယာဉ် ၂၁ စီး၊ တရုတ်နိုင်ငံက လှူဒါန်းသည့် စက်လှေ အစင်း ၁၀၀ တို့ကို တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးသို့ ဖြန့်ခွဲ ထားရှိပါသည်။
 

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေ

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေကို ၂၀၁၅ ခုနှစ် မတ်လ ၁၇ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ ပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေ၌ ဖော်ပြထားသည့် ပုဒ်မ ၁၇ တွင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသည် အောက်ပါကိစ္စရပ်များအတွက် ခွင့်ပြုမိန့် ထုတ်မပေးမီ မီးဘေးလုံခြုံရေးကိစ္စ အလို့ငှာ မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် ရယူရမည့် အချက်များမှာ (က) သုံးထပ်နှင့် အထက်ရှိ အဆောက်အအုံ၊ စုပေါင်းပိုင် အိမ်ရာ၊ ဈေး၊ လူအများအပြား စုဈေး အသုံးပြုသည့် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ (ခ) ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခြင်း၊ (ဂ) စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံနှင့် သိုလှောင်ကန်များ ဆောက်လုပ်ခြင်း၊ (ဃ) မီးဘေးအန္တရာယ် စိုးရိမ်ရသော လုပ်ငန်း သို့မဟုတ် ပေါက်ကွဲစေတတ်သည့် ပစ္စည်း အသုံးပြု၍ လုပ်ငန်းလုပ်ကိုင်ခြင်း၊ (င) မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊ (စ) မော်တော်ယာဉ်၊ မီးရထား၊ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ စက်တပ်ရေယာဉ်၊ စက်မဲ့ရေယာဉ်တို့ကို အသုံးပြု၍ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း စသည့် အချက်များကို ပြဋ္ဌာန်းထားပါသည်။

ထို့ပြင် ပုဒ်မ ၂၅ တွင် စက်ရုံ၊ အလုပ်ရုံ၊ ကားဂိတ်၊ လေဆိပ်၊ ရေဆိပ်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စုပေါင်းပိုင် အဆောက်အအုံ၊ ဈေး၊ အလုပ်ဌာန၊ အဖွဲ့အစည်း (သို့မဟုတ်) မီးဘေးအန္တရာယ် စိုးရိမ်ရသော လုပ်ငန်းပိုင်ရှင် (သို့မဟုတ်) စီမံခန့်ခွဲသူ မည်သူမျှ မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ (က) သီးသန့် မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရန် ပျက်ကွက်ခြင်း မရှိစေရ (ခ) မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများကို ထားရှိရန် ပျက်ကွက်ခြင်း မရှိစေရဆိုပြီး ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

အဆိုပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၃၅ တွင် စက်ရုံ၊ အလုပ်ရုံ၊ ကားဂိတ်၊ လေဆိပ်၊ ရေဆိပ်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စုပေါင်းပိုင် အဆောက်အဦ၊ ဈေး၊ အလုပ်ဌာန၊ အဖွဲ့အစည်း (သို့မဟုတ်) မီးဘေးအန္တရာယ် စိုးရိမ်ရသော လုပ်ငန်းပိုင်ရှင် (သို့မဟုတ်) စီမံခန့်ခွဲသူ မည်သူမဆို ပုဒ်မ ၂၅ ပါ တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပါသည်။

ယင်းသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေတွင် ဖော်ပြထားသော်လည်း အချို့သော အဆောက်အဦးများမှာ စံချိန်စံညွှန်း မမီသည့် ပစ္စည်းများ အသုံးပြုနေသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးစီး ဦးအောင်ဆွေဝင်းက ပြောကြားသည်။

“အဆောက်အအုံတစ်ခု သုံးထပ်နဲ့အထက် ဆောက်ပြီ ဆိုတာနဲ့ လူတွေ အန္တရာယ် ဖြစ်လာရင် သုံးဖို့ ကျွန်တော်တို့က အရေးပေါ် လှေကားတွေ တောင်းတယ်။ နောက် မီးငြှိမ်းသတ်တဲ့ စနစ်တွေပေါ့။ အဲလို တောင်းရတာက တကယ်လို့ မီးလောင်မှု ဖြစ်ခဲ့ရင် ရေပိုက်တွေ ထိုးလိုက်တာနဲ့ ရေက အပေါ်ဆုံးထပ်အထိ ရောက်တဲ့အတွက် မီးငြိမ်းသတ်ရတာ လွယ်တာပေါ့။ နောက်ပိုင်း စနစ်တွေကျတော့ ကျွန်တော်တို့ Safety ဖြစ်အောင် လုပ်ပါတယ်။ အဲဒီလို လုပ်တဲ့ အခါမှာ တချို့တလေက စံချိန်စံညွှန်း မမီတာတွေ တွေ့ရတယ်။ နမော်နမဲ့လေးတွေ တပ်ထားတယ်။ တကယ့်တကယ် အရေးအကြောင်းဖြစ်ရင် ငုတ်တွေ ပြုတ်တာတို့၊ ပိုက်လည်း အဲလိုပဲ။ တကယ့် အရေးအကြောင်းဖြစ်ရင် အရည်ပျော်ကျတာပဲ။ တကယ်ဆို စံချိန်စံညွှန်း မီမီလေး လုပ်မယ်ဆို အားလုံးအတွက် အကျိုးရှိတာပေါ့။ တစ်ချိ့တလေက ခိုချင်တာပေါ့။ စံချိန်စံညွှန်း မမီတဲ့ ပစ္စည်းတွေ တပ်နေတာကို အဲဒီလိုမျိုးတွေ မတပ်ဖို့ ပြောချင်ပါတယ်” ဟု ဦးအောင်ဆွေဝင်းက ပြောကြားသည်။

အဆိုပါ ဥပဒေနှင့်အညီ ယခုအခါ သုံးထပ်နှင့်အထက် အဆောက်အအုံများတွင် မီးငြှိမ်းသတ်မှု စနစ်များ ထည့်သွင်း တည်ဆောက်ရန် မြို့နယ် မီးသတ်စခန်းများမှ မြို့နယ်အလိုက် စည်ပင်သာယာရေး ကော်မတီ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ မြို့ပြများတွင် အထပ်မြင့် တိုက်တာ အဆောက်အအုံကြီးများ တည်ဆောက်ကြရာတွင် မီးဘေးကာကွယ်ရေးအတွက် အလိုအလျောက် အချက်ပေး ကိရိယာ (Fire Alarm) များ၊ အသေတပ်ဆင်ထားသော မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ တပ်ဆင်ရေး၊ မီးငြှိမ်းသတ်ရန် ရေလုံလောက်စွာ ထားရှိရေး၊ အဆောက်အအုံအတွင်းရှိ လူများ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် အသက်အန္တရာယ် ကင်းဝေးစေရေးအတွက် လွတ်မြောက်ပေါက်များ၊ မီးခိုးလုံ အခန်းများ ထားရှိရန် အဆောက်အအုံ မဆောက်မီနှင့် ဆောက်လုပ်နေစဉ်အတွင်း မီးသတ်ဦးစီးဌာနက စစ်ဆေး အကြံဉာဏ်များပေးလျက် ရှိနေပါသည်။


 အိမ်ခြေ ၂၈၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သည့် နမ့်ဆန်မြို့ မီးလောင်ပြင်ကို ကြည့်နေသော ဒေသခံ အဘွားအို တစ်ဦးအား ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

ထိုသို့ လုပ်ဆောင်မှုများ ရှိနေသော်လည်း မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးတွင် တပ်ဆင်ထားသည့် အလိုအလျောက် မီးငြှိမ်းသတ်စက် Water Sprinkler မှာ အစစ်မဟုတ်ဘဲ မီးသတ်မှ အကြံပြု၍ တပ်ဆင်ထားသည့် Water Sprinkler မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောကြားသည်။

“မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်ပြီး စုံခုံဖွဲ့ပြီးတော့ စစ်ဆေးနေပါတယ်။ မီးလောင်မှု အကြောင်းရင်းနဲ့ ဆုံးရှုံးမှု တန်ဖိုးကို စစ်ဆေးနေပါတယ်။ စစ်တာက အကုန် စစ်ရမှာပါ။ ဈေးမှာ တပ်ဆင်ထားတဲ့ မီးလောင်ရင် ငြှိမ်းသတ်တဲ့ Water Sprinkler က လယ်တွေမှာ ရေဖျန်းတဲ့ဟာကို ဇောက်ထိုးတွေ ဆွဲထားတာ။ တကယ့် Sprinkler တော့ မဟုတ်ပါဘူး။ Sprinkler ဆိုတာက အလိုအလျောက် ရေဖျန်းတဲ့ စနစ်နဲ့ပါ။ မီးလောင်ရင် အလိုလို ငြှိမ်းသတ်တဲ့ ကိရိယာပါ။ အခု တပ်ဆင်ထားတာက ရေလွှတ်ပေးမှ ပက်ဖျန်းရတဲ့ ကိရိယာပါ။ မီးသတ်က အကြံပြု တပ်ဆင်ထားတဲ့ Sprinkler မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်ဒါက ဆိုသည်။
 

အယ်လ်နီညို အခြေအနေနှင့် နွေရာသီ မီးဘေး

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလလယ် အတွင်း အီကွေတာ အနီးရှိ အပူပိုင်း ပစိဖိတ် သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East-Central Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် အားကောင်းသော ယ်လ်နီညို ဖြစ်ပေါ်နိုင်သည့် အဆင့်အထိ ပူနွေးခဲ့ပါသည်။

ခန့်မှန်းချက်များအရ အဆိုပါ ပစိဖိတ် သမုဒ္ဒရာတွင် ၂၀၁၅-၂၀၁၆ ခုနှစ်၊ (ဒီဇင်ဘာ-ဇန်န၀ါရီ ဖေဖော်ဝါရီ) သုံးလ ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် အားအကောင်းဆုံး အယ်လ်နီညို အဆင့်သို့ ရောက်ရှိအောင် ပူနွေးနိုင်သဖြင့် ၁၉၅၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော အယ်လ်နီညို ဖြစ်စဉ်များ အနက်အား အကောင်းဆုံး ဖြစ်ခဲ့သည့် (၁၉၇၂-၁၉၇၃)၊ (၁၉၈၂-၁၉၈၃) နှင့် (၁၉၉၇-၁၉၉၈) ခုနှစ်တို့ထက် ပိုမို အားကောင်းသော အယ်လ်နီညို (Very Strong El-Nino) ဖြစ်လာနိုင်ကြောင်း၊ အယ်လ်နီညို ဖြစ်စဉ်သည် ၂၀၁၆ ခုနှစ် (မတ်-ဧပြီ-‌မေ)လ ကုန်အထိ ဆက်လက် ဖြစ်ပေါ်နိုင်ပြီး တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သနှင့် ရာသီဥတု ခန့်မှန်းရေး ဗဟိုဌာနများမှ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်က ထုတ်ပြန် အသိပေးထားပါသည်။

အယ်လ်နီညို ရာသီဥတုသည် ပူပြင်းခြောက်သွေ့နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ဆိုသည်။

“မီးလောင်ခြင်းဟာ မြန်မာနိုင်ငံမှာ အပျက်အစီး အများဆုံး သဘာဝဘေး ဖြစ်တဲ့အပြင် အဖြစ်အများဆုံး သဘာဝဘေးလည်း ဖြစ်ပါတယ်။ ၂၀၁၆ ဒီနှစ် မီးလောင်မှုဟာ နွေရာသီ မရောက်ခင်ကတည်းက မီးကြီးတွေလောင်တာ များလှတယ်။ မကြုံဖူးအောင်ကို များတယ်။ သဘာဝ မဟုတ်တဲ့ အခြားအကြောင်းတွေ ဘာတွေ ရှိမလဲ ကျွန်တော် မပြောတတ်ပေမယ့် သဘာဝဖြစ်စဉ် အကြောင်းထဲမှာတော့ အယ်လ်နီညိုဟာ မီးလောင်ခြင်းကို အားပေးတယ် ဆိုတာကိုတော့ သတိထားစေ ချင်ပါတယ်။ အထူးသဖြင့် လာမယ့် နွေရာသီဟာ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အလွန်ပူပြင်း ခြောက်သွေ့နိုင်တာကြောင့် မီးကို အထူးဂရုစိုက်ကြ စေလိုပါတယ်” ဟု ဒေါက်တာဦးထွန်းလွင်က ဆိုသည်။

ဆောင်းရာသီ မကုန်မီ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် နေ့အပူချိန်များသည် ၄၀ ဒီဂရီ စင်တီဂရိတ်မှ ၄၅ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိလာတော့မည် ဖြစ်သဖြင့် နွေကာလတွင် အပူချိန် မြင့်တက်လာမည့် အခြေအနေသည်လည်း စိုးရိမ်စရာဖြစ်ကြောင်း မိုးလေ၀သ ပညာရှင်များက သုံးသပ်ကြသည်။

“ခြောက်သွေ့ပြီ ဆိုတာနဲ့ မီးက လောင်တတ်ပါတယ်။ ပူပြင်းခြောက်သွေ့ပြီ ဆိုရင်တော့ အရာအားလုံးဟာ လောင်စာသဖွယ်ပါပဲ။ ပုံမှန်အားဖြင့် အယ်လ်နီညိုနှစ်တွေမှာ (၁) ရေရရှိရေး၊ (၂) ကျန်းမာရေး၊ (၃) စိုက်ပျိုးရေး ကဏ္ဍများမှာ ထိခိုက်မှု အများဆုံး ဖြစ်ပေမယ့် အခုတော့ သဘာဝဘေးကိုပါ ထည့်သွင်းရပါတော့မယ်” ဟု ဒေါက်တာ ဦးထွန်းလွင်က ဆိုသည်။
 

မီးဘေး လုံခြုံရေး ဘယ်လို လုပ်ဆောင်ကြမလဲ

မီးဘေး လုံခြုံရေး တာဝန်နဲ့ ပတ်သက်၍ အပိုင်းသုံးပိုင်းရှိပြီး ၎င်းတို့မှာ မီးဘေးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးတို့ ဖြစ်ကြောင်း သိရသည်။

မီးဘေး သတိပြုရေး အပိုင်းကို ကြည့်မည်ဆိုလျှင် ပြည်သူများ လိုက်နာရမည့် အပိုင်းဖြစ်ကြောင်း သိရသည်။ ပြည်သူများ အနေဖြင့် မည်ကဲ့သို့သော စည်းကမ်းများကို လိုက်နာသင့်ပါသနည်း။

ပြည်သူများ အနေဖြင့် မိမိတို့ အသုံးပြုနေသော မီးဖိုမီး၊ လျှပ်စစ်မီးများကို သတိထား၍ စနစ်တကျ ကိုင်တွယ် အသုံးပြုရမည့် နည်းလမ်းပင် ဖြစ်ပါသည်။ ထိုသို့ သတိထား၍ စနစ်တကျ ကိုင်တွယ် အသုံးပြုခြင်းကြောင့် ယခုအဆင့်၌ပင် မီးလောင်ခြင်းကို ကာကွယ် တားဆီးနိုင်မည် ဖြစ်သည်။

မီးဘေး ကြိုတင်ကာကွယ်ရေး ဆိုသည်မှာ မီးသေးသေးလေးမှ မီးအကြီးကြီး အဖြစ်သို့ မရောက်ရန် ကြိုတင်ကာကွယ် တားဆီးရသည့် အစီအစဉ်များကို လုပ်ဆောင်ရသည့် အနေအထားပင် ဖြစ်ပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မီးသတ်ဦးစီးတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက “မီးသေးသေးလေးလောင်တဲ့ အဆင့်ကနေ မီးအကြီးကြီး လောင်တဲ့အဆင့် မရောက်ခင် ကြိုတင်ပြီးတော့ အစီအစဉ်တွေ လုပ်တဲ့ အနေအထားကို မီးဘေး ကြိုတင်ကာကွယ်ရေးလို့ ခေါ်တယ်။ မီးစလောင်တဲ့ အချိန်မှာ မီးက သေးသေးလေးပဲ။ သေးတဲ့ အခြေအနေမှာ မီးငြှိမ်းသတ်နိုင်ရင် သိပ်ပြီး အခက်အခဲ မရှိဘူး။ အဲဒီ အခြေအနေလေးမှာ ပြည်သူလူထုကို တင်ပြလိုတာက မီးသေးတဲ့ အခြေအနေလေးမှာ သူ့ကို ကာကွယ်ဖို့အတွက် အိမ်တိုင်းမှာ မီးသတ်ဆေးဘူး ရှိမယ်ဆိုရင် အထိရောက်ဆုံးနဲ့ အကျိုးရှိဆုံးလို့ ပြောလို့ ရပါတယ်။ ထိုနည်းတူစွာပဲ မီးလောင်ခဲ့မယ် ဆိုရင် ကျွန်တော်တို့ မီးသတ်ဌာနရဲ့ အရေးပေါ် ဖုန်းနံပါတ် ၁၉၁ ကိုလည်း အကြောင်းကြားမယ်။ မီးလောင်နေတဲ့ အိမ်က ကာယကံရှင်ကလည်း ဒီ မီးသေးသေးလေးကို ငြှိမ်းလိုက်မယ်ဆိုရင် ဆိုးဆိုးဝါးဝါး မဖြစ်ဘဲ ငြိမ်းသွားမှာပေါ့” ဟု ပြောကြားသည်။

မီးငြှိမ်းသတ်ရေး အပိုင်းတွင် မီးလောင်မှုကို ပထမဆုံး စတင် တွေ့ထိ သိရှိသူမှာ မီးသုံးစွဲသူနှင့် မိမိအိမ်သူ အိမ်သားများ ဖြစ်ပြီး “ပထမအဆင့်” အဖြစ် ရရာ မီးငြှိမ်းသတ်နိုင်သည့် ပစ္စည်းဖြင့် အရင် ငြှိမ်းသတ်ရမည် ဖြစ်ပါသည်။ မီးများလာလျှင် ပတ်ဝန်းကျင်သို့ အသိပေး အကူအညီ တောင်းခြင်းဖြင့် “ဒုတိယအဆင့်” အဖြစ် မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခြင်းနှင့်အတူ တတ်နိုင်သမျှ ၀ိုင်းဝန်း ငြှိမ်းသတ်ကြရပါမည်။ မီးသတ်တပ်ဖွဲ့မှ မီးသတင်းရသည်နှင့် မီးလောင်မှု ဖြစ်ရာသို့ မီးသတ်ယာဉ်များ အမြန်ဆုံး ထွက်ခွာပြီး မီးသတ်တပ်ဖွဲ့ဝင်များက အမြန်ဆုံး ငြှိမ်းသတ်ခြင်းကို “တတိယအဆင့်” အဖြစ် မီးငြိမ်းအေးသည်အထိ ငြှိမ်းသတ်သွားရမည့် အပိုင်း ဖြစ်ပါသည်။

သို့သော် ဤအချက်များကို သိရှိရုံဖြင့် မီးလောင်မှု အန္တရာယ်ကို လက်တွေ့ ကာကွယ်နိုင်မည် မဟုတ်ပါ။ မီးလောင်မှု ဖြစ်ပွားပါက သင့်ထံတွင် မီးဘေးအန္တရာယ်ကို လက်တွေ့ ကာကွယ်နိုင်မည့် ပစ္စည်းတစ်ခုကို ၀ယ်ယူထားရန် လိုအပ်နေပါသေးသည်။ ထိုပစ္စည်းက မည်ကဲ့သို့သော ပစ္စည်း ဖြစ်မည်နည်း။

မတော်တဆ မီးလောင်မှု ဖြစ်ပွားခဲ့ပါက အလွယ်တကူ မီးငြှိမ်းသတ်နိုင်ရန် မရှိမဖြစ် ဆောင်ထားရမည့် ပစ္စည်းသည်ကား မီးသတ်ဆေးဘူးပင် ဖြစ်ပါသည်။

“အိမ်တိုင်းမှာ မီးသတ်ဆေးဘူးတွေ ထားသင့်နေပါပြီလို့ အကြံပြုချင်ပါတယ်။ ဒီနေရာမှာ တင်ပြချင်တာက တချို့လူတွေက မီးသတ်ဆေးဘူး ဆောင်တာနဲ့ ပတ်သက်ပြီး ပိုက်ဆံ အများကြီး ကုန်ကျတယ်လို့ ထင်ကြတယ်။ မီးသတ်ဆေးဘူးရဲ့ တန်ဖိုးက ဘူးသေး၊ ဘူးကြီး၊ ဘူးလတ်ပေါ့နော်။ တစ်သောင်း၊ တစ်သောင်း နှစ်ထောင်၊ တစ်သောင်းခွဲ စတဲ့ ဒီလောက်ငွေလေးကို မြင်ပြီးတော့ တချို့လူတွေက မီးသတ်ဆေးဘူးကို မ၀ယ်ကြဘူး။ ဒီလို မ၀ယ်ထားတဲ့အတွက် ဆိုးဆိုးဝါးဝါး ဖြစ်သွားတဲ့ အခါမှာ မီးကို မထိန်းနိုင်တော့ဘူးပေါ့။ အဲဒါကြောင့် ပြည်သူလူထုတွေ အနေနဲ့ ကိုယ့်အတွက် ကြိုတင်ပြင်ဆင် ကာကွယ်ထားရမှာက မီးသတ်ဆေးဘူး ၀ယ်တာဟာ မီးလောင်လို့ ဆုံးရှုံးသွားမယ့် တန်ဖိုးထက်စာရင် ဘာမှ မပြောပလောက်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစီး ဦးအောင်ဆွေဝင်းက ပြောကြားသည်။


Writer: 
ဆန်းမိုးထွန်း




No comments: