Saturday, February 13, 2016

ဟိုင်ဟစ်၊ ဟန်ကင်၊ မောင်ဇံဆိုတဲ့ ချင်းတောင်ပေါ်က ရွာတွေဆီ




ဆောင်းနှင်းမြူတွေ ဝေ့၀ဲနေတဲ့ နံနက်ခင်းဟာ သစ်ပင်စိမ်းစိမ်းတို့ကို လွှမ်းခြုံထားနေပြီလေ။ ဆောင်းရာသီဆိုတော့ နှင်းမြူ တွေ ဝေ့ဆိုင်းနေပုံက စိမ်းစိုစို သစ်ပင်တွေကို ဖုံးကွယ်နေသလို စိမ်းညို့ညို့ တောင်တန်းကို ခြုံပ၀ါအဖြူ ပါးပါးလေး လွှမ်းထားသလိုပ။

မြောက်ပိုင်းချင်းတောင်ရဲ့ ကျေးလက်တွေဘက်ကို ခရီးဆက်ဖို့ ကလေး-တမူး လမ်းပေါ်ထွက်ခဲ့ပါတယ်။ ချင်းတောင်ခြေမှာလည်း ဆောင်းနံနက်ခင်းမှာ မြူနှင်းငွေ့တွေက တဝေေ၀။ ခပ်စိမ့်စိမ့်အေးတတ်တဲ့ လေနုလေးက အမြဲနော့တတ်တာပေါ့။ ဆိုင်ကယ်စီးတဲ့သူ တစ်ယောက်အဖို့တော့ အနွေးထည် လုံလုံလောက်လောက် ရှိမှသာ နွေးထွေးမှုကို ရနိုင်မယ်လေ။ ကလေးမြို့ကနေရာ ဇဂြိုဟ်ဆည်အထိ။ ဆည်ပေါင်ပေါ်ကနေ အနောက်မြောက်ဘက်ကို ဆင်းပြီးလာတော့ သစ်ဆိမ့်ပင်ရွာ။ အဲဒီရွာကနေ အနောက်ဘက်တည့်တည့်  ခရီးဆက်မယ် ဆိုရင်တော့ ရွှံ့နွံတွေ တစ်ရွာလုံးကို ဖုံးလွှမ်းသွားခဲ့တဲ့ ဟားခါးလေးရွာကို သွားနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီဘက်ကို ခရီးမဆက်ဘဲ ဟိုင်ဟစ်ဆိုတဲ့ ရွာလေးဆီ ဆက်ထွက်ခဲ့တယ်။



ချင်းပြည်နယ် အစပ်ကနေ ချင်းပြည်နယ် အတွင်းကို ၀င်ရောက်လာပြီးတော့ လမ်းကမြေလမ်းတွေပေါ့။ မြေလမ်းတွေဖြစ်တဲ့အပြင် ချောင်းငယ်လေးတွေကလည်း ဖြတ်ရဆဲ။ ဆောက်လုပ်ဆဲ တံတားတွေကလည်း မပြီးစီးသေး။ သိပ်မကြာခင်မှာဘဲ တောင်တက်ခရီးကို စတင်လိုက်တယ်။ လမ်းဆိုတာကလည်း ကျောက်ကြမ်းလမ်းလို့ ဆိုရမလား၊ မြေလမ်းလို့ဆိုရမလား၊ နှစ်မျိုးစလုံး ခေါ်မယ်ဆိုလည်း ခေါ်လို့ရတဲ့လမ်း။ ကားသွားလို့ ရလို့သာ ကားလမ်းပေါက်တယ်လို့ ပြောရတယ်။ တကယ်တော့ လမ်းဆိုတာ မည်ကာမတ္တ။

ဒီဒေသတွေမှာက သွားလို့ဖြစ်ရင် လမ်းကောင်းတယ်လို့ မှတ်ယူရတဲ့ နေရာတွေပေါ့။ ဒီလမ်းတွေက ကျွန်တော်တွေ တစ်ခေါက်မှ ရောက်ဖူးတာမဟုတ်။ ဒါပေမဲ့လည်း လမ်းမှားစရာ မရှိ။ ဘယ်ရှိမလဲ ကောင်းကောင်း မကောင်းကောင်း ရှိတာက လမ်းတစ်လမ်းတည်း။ အသွားအလာ ဆိုတာကလည်း သိပ်ရှိတာမဟုတ်။ မှတ်မှတ်ရရ ဟိုင်ဟစ်အထိသာ ဆိုင်ကယ်စီးခဲ့ရတယ်။ လမ်းမှာရှောင်ရတဲ့ ဆိုင်ကယ်၊ ကားဆိုတာ လုံးဝမရှိ။ ချင်းပြည်နယ်က လမ်းတွေ ဆိုတာက ဒီလိုပါပဲ ။ ချင်းပြည်နယ် မြောက်ပိုင်းမှာက ဟားခါး - ဖလမ်း - ကလေးလမ်း၊ တီးတိန် - ကလေးလမ်း လောက်သာ လမ်းရယ်လို့ ပီပီပြင်ပြင်ရှိတာ။ ကျန်တာတွေက သွားဖြစ်ရင်ပြီးရော။ ချင်းတောင်ကျေးလက်ရဲ့ ဆက်သွယ်ရေးက အရင်တုန်းကတော့ ခြေကျင်နဲ့မြင်းတွေသာ အဓိက။ အခုတော့ ဆိုင်ကယ်တွေကို အစားထိုး လာကြတာပဲလေ။



လမ်းဘေးဝဲယာ သစ်ပင်တွေ ရှိတယ်ဆိုပေမယ့် သစ်တောကြီးတွေ မဟုတ်ပါဘူး။ သစ်ကြီးဝါးကြီး ဆိုတာကလည်း သိပ်ကျန်တော့တာမှ မဟုတ်တာ။ ဒီလိုနေရာမျိုးမှာ ရွာရှိတယ်ဆိုတာ ဟုတ်မှဟုတ်ပါလေစလို့ တွေးတောရင်းပေါ့။ ဆိုင်ကယ် လမ်းဆိုတာကလည်း မြေပြန့်မှာပဲ ကျင်လည်ခဲ့ဖူးသူ အဖို့တော့ စာတစ်စောင် ပေတစ်ဖွဲ့ ရေးသားလို့ ရမယ့်လမ်းတွေ။ သူ့အရပ်နဲ့ သူ့ဇာတ်တော့ အတက်အဆင်းလည်း မကြီးမားသလို၊ မရှိသလို လမ်းရယ်လို့ သွားလို့ဖြစ်ရင်ကိုပဲ ကျေနပ်နေကြတဲ့ ဘ၀တွေပေါ့။ အကွေ့အကောက် အတက်အဆင်း၊ လမ်းကျဉ်းကျဉ်းတွေကို ကျော်ဖြတ်ပြီးတော့ ဟိုင်ဟစ်ဆိုတဲ့ ရွာကိုရောက်ပါတယ်။ လမ်းမှာတော့ သုံးအိမ်နဲ့ တစ်ရွာတည်ထားတဲ့ ရွာကို ဖြတ်ခဲ့ရပါသေးတယ်။ ဟိုင်ဟစ်ဆိုတဲ့ ရွာကလည်း အိမ်ခြေ ၃၀ ၀န်းကျင်လောက်ပါပဲ။ လူဦးရေတော့ ရာဂဏန်းတော့ ရှိမှာပေါ့လေ။ ကျွန်တော်တို့ သွားမယ့်ခရီးက ဟန်ကင်ရွာကို ခရီးဆက်ရမယ်လေ။ ကလေးမြို့ကနေ ဟိုင်ဟစ်အထိတော့ ပွင့်လင်းရာသီဆိုရင် ကားသွားလို့ ရပါတယ်။ ဟိုင်ဟစ်ကနေ စပြီးတော့ ဟန်ကင် ကျေးရွာကတော့ ဆိုင်ကယ်လမ်းပဲ ရှိတယ်။

ဟိုင်ဟစ်ကနေ စထွက်ထွက်ချင်း ဆိုင်ကယ်လမ်းမှ တကယ့် ဆိုင်ကယ်လမ်း။ ဆိုင်ကယ် တစ်စီးစာပဲ သွားလို့ ဖြစ်တဲ့ နေရာတွေ ရှိနေပါတယ်။ တချို့နေရာတွေကတော့ သစ်ပင်ကြီး လမ်းပေါ်ဖြတ်လဲနေလို့ သစ်တုံးကြီးအောက်က အသာလေး ခေါင်းလျှိုပြီး မောင်းခဲ့ကြရတဲ့ နေရာတွေ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မိုးတွင်းကာလမှာ မြေပြိုမှုကြောင့် လမ်းတွေပျက်စီးသွားပြီး အခုလို ဖြစ်သွားရတာလို့ သိရပါတယ်။ အရင်ကဆိုရင် ကလေးမြို့ကနေ ဟန်ကင်ကျေးရွာအထိ ကားလမ်း ပေါက်တယ်လို့ သိရပါတယ်။ တချို့နေရာတွေ လမ်းကျယ်ပေမယ့် တချို့နေရာတွေကတော့ လမ်းသားက လုံးဝပြတ်ကျသွားတော့ တောင်ပေါ်နေရာကနေ ပေါက်ပြားနဲ့ပေါက်ပြီး တကယ့်ဆိုင်ကယ်တစ်စီး စီးသာရုံလေး လုပ်ထားကြ ရပါတယ်။ စီးဖော်ကျေးရွာနဲ့ ဟန်ကင်းရွာကြားက ကားလမ်းမြေသား လုံးဝပြတ်ကျသွားတယ်။ ကားလမ်းက ၁၉၉၁ ခုနှစ်က စတင်လမ်းပေါက်ခဲ့ပြီး ၂၀၁၅ ခုနှစ် မိုးရွာမှုကြောင့် လမ်းပြိုသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရွာရဲ့ လူအားနဲ့ ဒီလိုလုပ်မထားဘူး ဆိုရင်လည်း ဟန်ကင်ကျေးရွာက အဆက်အသွယ်ပြတ်ပြီး စားနပ်ရိက္ခာပါ ခက်ခဲသွားတော့မှာပေါ့။ ချင်းတောင်ပေါ် ဆိုင်ကယ်မောင်းနေကျ ကျွန်တော်တို့ အဖို့တော့ တခြားသူတွေထက် တစ်နာရီခွဲလောက် စောပြီး ဟန်ကင်ကျေးရွာကို ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့က သဘာဝ မြေပြိုဆည်ကို လေ့လာဆန်းစစ်မယ့် အဖွဲ့တွေနဲ့ လာတာဆိုတော့ ရွာကလူတွေကလည်း ကြိုဆိုဖို့ စောင့်နေကြတယ်။ ဟန်ကင်ကျေးရွာက အိမ်ထောင်စု ၃၀ ၊ ၄၀ ကျော်လောက်ပဲ ရှိပြီး လူဦးရေ ၃၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။


"ကျွန်တော်တို့ ကျေးရွာ ရွာတည်လာတာ ကြာပါပြီ။ ၁၈၄၀ ပြည့်နှစ်ကတည်းက ရွာတည်လာတာ။ တစ်ခါမှ ရွာမပျက်ဖူးဘူး။ ၁၉၆၈ ခုနှစ်ကတည်းက အလယ်တန်းကျောင်း ရနေပြီ။ ဟိုတုန်းက တွဲဖက်အထက်တန်း ကျောင်းတောင် ဖွင့်ဖူးသေးတယ်။ နောက်ပိုင်းမှာတော့ ကျောင်းဆရာလခ မတတ်နိုင်လို့ ပိတ်လိုက်ရတယ်။ ၁၉၉၁ ခုနှစ်မှာ တိုက်နယ် ဆေးရုံဆိုပြီး ဆောက်ပေးထားပြီး ၀န်ထမ်းလည်း ခန့်ထားမပေးဘူး။ ဆက်ပြီး ဘာမှလုပ်မပေးတော့ အခုဆိုရင် အဆောက်အအုံကြီးက ပျက်စီးနေပြီ။ လမ်းဆိုလည်း ဆိုင်ကယ်လမ်းပဲ ကျန်တော့တယ်။ ကျန်းမာရေး ကိစ္စဖြစ်လို့ မြို့ပေါ်သွားမယ် ဆိုရင်တောင် မလွယ်ပါဘူး။ ဒီလို လမ်းပျက်နေတာကို ဒေသဆိုင်ရာ အာဏာပိုင်တွေကို တင်ပြခဲ့တာ ကြာပါပြီ။ အာဏာပိုင်က ခင်ဗျားတို့သွားရမယ့် လမ်းပဲ။ ခင်ဗျားတို့ ပြင်ရမှာပေါ့ဆိုပြီး ပြောတယ်။ ၂၀၁၅  ခုနှစ်က မိုးကြီးပြီး မြေပြိုခဲ့တာ။ အခုထိ လမ်းလာ မပြင်ဘူးလေ" လို့ ဟန်ကင်ကျေးရွာ ဒေသခံ ဦးကန်ခိုထောင်းက ပြောပြပါတယ်။

မြေပြိုမှုတွေကြောင့်လည်း တောင်ပေါ်ရွာတွေကို မထိခိုက်ခဲ့ပေမယ့် ကျေးရွာရဲ့ တောင်ယာ စိုက်ခင်းတွေ၊ လိမ္မော်ခြံတွေ၊ မျောက်ငိုသီးခြံတွေ အကုန်ပြိုကျခဲ့တာပါပဲ။ အခုလာမယ့် နှစ်မှာတော့ ၀မ်းရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းတွေ နည်းပါးလာခဲ့ပါတယ်။ တောင်ယာခုတ်ဖို့အတွက် တောင်ယာဧက အရေအတွက်လည်း နည်းပါးလာပြီး တောင်ယာခုတ်မှုကြောင့် သဘာ၀၀န်းကျင် ပျက်စီးမှုတွေကိုလည်း သိလာကြတော့ တောင်ယာစိုက်ဖို့ထက် အခြားစိုက်ပျိုးရေးကို စိတ်ဝင်စားလာကြတယ်။ ဒါပေမဲ့ ဒီလို ချက်ချင်းပြောင်းလဲဖို့ မဖြစ်နိုင်။ တောင်ယာ ပြန်စိုက်မယ် ဆိုပြန်တော့လည်း ရွာမှာရှိတဲ့ လူနဲ့ စိုက်ဧကအချိုးက ကွာဟနေပြီလေ။ ဒီလိုဆိုတော့ သူတို့ဝမ်းရေးကို ပူပင်လာကြတယ်။



ဟန်ကင်ကျေးရွာမှာ ၁၉၆၈ ခုနှစ် ကတည်းက ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိပါတယ်။ အခုတော့ ဘုန်းတော်ကြီးကျောင်း မရှိတာ ကြာပါပြီ။

"ကျွန်တော်တို့ ရွာအနေနဲ့ ဘုန်းတော်ကြီးကျောင်း အရင်ကတည်းက ရှိနေတော့ ဘုန်းကြီးတစ်ပါးနဲ့ ဘုန်းတော်ကြီးကျောင်း လိုချင်လို့တောင်းတာ ခဏခဏ ရှိပါပြီ။ ဘာလို့လိုချင်တာလဲ ဆိုတော့ ဘုန်းတော်ကြီးကျောင်း ရှိလာရင် ဘုန်းတော်ကြီးသင် အခမဲ့ ပညာရေးဆိုတာ ရှိလာပါမယ်။ ဒီလိုဆိုတော့ ကလေးတွေ ပညာရေးအတွက်လည်း မပူပင်ရတော့ဘူး ။ နောက်တစ်ခုက ဘုန်းတော်ကြီးကျောင်းတွေ ရှိလာတော့ မြန်မာစကားကို အကျွမ်းတ၀င် ရှိလာလိမ့်မယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရွာကို ဘုန်းတော်ကြီး အခုအထိ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့က ရွာမှာရှိခဲ့တဲ့ စေတီကိုလည်း သန့် ရှင်းရေးတွေ အမြဲလုပ်ပေးပါတယ်။ စောင့်ရှောက်ပေးထားပါတယ်" လို့ ဟန်ကင်ကျေးရွာ ဒေသခံ  ဦးအွန်ဇပေါင်က ပြောပြပါတယ်။



ဟန်ကင်ကျေးရွာရဲ့ ကုန်းမြင့်မြင့်မှာတော့ စေတီလေးတစ်ဆူ အထီးကျန်စွာ တည်ရှိနေပါတယ်။ တကယ်တော့ ဒီရွာဘက်တွေက ခရစ်ယာန် ဘာသာဝင်တွေ အများစု နေထိုင်ကြတာပဲလေ။ ဒီရွာကနေ တစ်ဖက်တောင်ကြောမှာတော့ မောင်ဇံဆိုတဲ့ ကျေးရွာ ရှိပါတယ်။ မောင်ဇံကျေးရွာနဲ့ ဟန်ကင်ကျေးရွာ နှစ်ရွာကတော့ ညီအစ်ကို ရွာနှစ်ရွာ ဖြစ်ပါတယ်။ တောင်ကြောတစ်ဖက် တစ်ချက်စီမှာ တည်ရှိကြပြီး အခုမှာတော့ တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ရေးက ခြေကျင်လမ်းပဲ ရှိပါတယ်။ ချင်းတောင်မှာက တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ရေးက ခြေကျင် ဆက်သွယ်ရေး ဒါမှမဟုတ် ဆိုင်ကယ် ဆက်သွယ်ရေး လောက်ပဲရှိတဲ့ ကျေးရွာတွေ အများကြီးပါ။

ချင်းတောင်ပေါ်က ရွာတွေဆိုတာက အိမ်ခြေ ဆယ်ဂဏန်းလောက်ပဲ ရှိကြတာ။ အိမ်ခြေရာ ဂဏန်းလောက် ဆိုရင်တော့ ရွာကြီးပေါ့။ အိမ်ဆောက်ဖို့ အတွက်လည်း မြေပြန့်ရှားတာကိုး။ အခု တွန်းဇံနယ်ထဲက ကျေးရွာတွေဘက်မှာ အဓိက ဖြစ်နေတာက ဘိန်းစိုက်ပျိုးမှု များနေတာပါပဲ။ ကျွန်တော်တို့ ရောက်ခဲ့တဲ့ ဟန်ကင်၊ မောင်ဇံ၊ ဟိုင်ဟစ်ရွာတွေကတော့ ဘိန်းစိုက်ပျိုးမှု မလုပ်ဘူးလို့ ပြောပါတယ်။ အခုလောလောဆယ်မှာ သူတို့ တောင်ယာနဲ့ ဥယျာဉ်လုပ်ငန်းတွေ ပြိုကျသွားတော့ စီးပွားရေး အစားထိုး စိုက်ပျိုးမှုနေရာမှာ ဘိန်းတွေ စိုက်လာမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ 'လုံးဝမစိုက်ပါဘူး' လို့တော့ ဒေသခံတွေက ဆိုကြပါတယ်။



ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာတိုင်းဟာ မြေပြန့်ဒေသတွေကထက် စားဝတ်နေရေး ခက်ခဲတယ်၊ သွားလာရေး ခက်ခဲတယ်၊ ဒီလိုဆိုတော့ လူမှုရေး၊ စီးပွားရေး အကုန်နောက်ကျလာတာ ဘာမှမဆန်းပါဘူး။ ဒီလိုဖြစ်လာတာကလည်း လွတ်လပ်ရေးရပြီး ကတည်းက အစိုးရခေတ် အဆက်ဆက်မှာ တိုင်းရင်းသားတွေကို ပစ်ထားခဲ့လို့ ဒီလိုဖြစ်ခဲ့တယ်ဆိုတာ ပြောစရာမှ မလိုတော့တာ။ တကယ်တမ်း ကျွန်တော်တို့ ချင်းပြည်နယ် မြို့တော် ဟားခါးမြို့က မန္တလေးတိုင်း ဒေသကြီးက မြို့တော် မန္တလေးလို ဖြစ်နေမယ်ဆိုရင် ဘယ်သူက ချင်းတောင်ကို စွန့်ခွာကြမှာလဲ။ ချင်းတစ်ကျပ်၊ ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ဗမာတစ်ကျပ်ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ သာတူညီမျှ အခွင့်အရေးဆိုတာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် တစ်ခုဖြစ်ပြီး လာမယ့်အစိုးရ လက်ထက်မှာ ဘယ်လောက်အထိများ မျှော်လင့်နိုင်မလဲဆိုတာ...။

Writer: ကိုဆူး (ချင်းတောင်ခြေ)

No comments: