Sunday, August 23, 2015

Natural Fruits Juices




ကျန်းမာရေးလိုက်စားသူလူနည်းစုမှာတော့ တွင်ကျယ်နေပြီဖြစ်သော သဘာဝသစ်သီးဖျော်ရည်များကို အခုနောက်ပိုင်းမှာတော့ လူအတော်များများ ကြိုက်နှစ်သက်လာကြပြီဖြစ်ပါတယ်။ အစားအသောက်စားသောက်ကြရမှာ လူမှာအကျင့် ၀မ်းမှာအချင့်ဆိုတဲ့ အတိုင်း ကိုယ်ကြိုက်တာကိုကြီးပဲနင်းကန်စားမနေဘဲ သင့်တင့်မျှတအောင်စားသောက်ကြရမှာတော့ အမှန်တရားတစ်ခုဖြစ်ပါတယ်။

ဘယ်ရာသီမှာ ဘယ်လိုအစားအစာကိုစားမယ်ဆိုတာသိနေခြင်းဖြင့် မိမိကျန်းမာရေးကိုစောင့်ရှောက်ပြီးသားလည်းဖြစ်နေမှာ။ အခု ကျွန်တော်ဝေမျှမည့်ဖျော်ရည်များဟာ သဘာဝသစ်သီးများကို သူ့အရသာအတိုင်းဖျော်စပ်သောက်သုံးခြင်းဖြစ်ပြီး သကြားတို့ အခြား သဘာဝမဟုတ်သော အချိုအရသာဖြစ်ပစ္စည်းတွေထပ်ပေါင်းမထည့်ထားတဲ့ဖျော်ရည်တွေဖြစ်ပါတယ်။

ကျွန်တော့် Facebook Page က Notes မှာ နေ့တိုင်းရေးသားဝေမျှခဲ့တဲ့အရာတွေဖြစ်ပြီး မူရင်းရေးသားသူကတော့ အင်တာနက် အွန်လိုင်းပေါ်က Website အချို့မှဖြစ်ပါတယ်။

‘ဒီနေ့အတွက် သဘာဝဖျော်ရည် (၁)’
ကျွန်တော် ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးတယ် မှတ်တော့မမှတ်မိတော့ပါဘူး။ အိမ်မှာ Juice Maker စက်လေးတစ်လုံးရှိမယ် လတ်ဆတ်တဲ့ သစ်သီးဝလံတွေရနေမယ်ဆိုရင် ကျန်းမာရေး လှပရေး ကိုယ်ကာယ ကြံ့ခိုင်ရေးတို့အတွက် ပူစရာသိပ်မလိုဘူးတဲ့လေ။ သူဆိုလိုချင်တာက မနက်ခင်းတိုင်း သဘာဝသစ်သီးဖျော်ရည်စစ်စစ်လေးတွေကို ကိုယ့်ဖာသာဖျော်သောက်မယ်ဆိုရင် အခြားသော ဘေးထွက်ဆိုးကျိုးသိပ်မရှိတဲ့ အဟာရတွေလည်းရမယ် လှပကျန်းမာမယ်ပေါ့နော်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကလည်း သူဖျော်ဖျော်သောက်တဲ့ သစ်သီးဖျော်ရည်ပြုလုပ်နည်းလေးတွေကိုပြောပြပြန်တော့ ရေကန်အသင့် ကြာအသင့်ဖြစ်သွားတာပေါ့လေ။ သူငယ်ချင်းတွေကိုလည်း ပြန်လည်ဝေငှနိုင်မယ် မဟုတ်လား။ သစ်သီးတွေကို ဖျော်သောက်တာတော့ဟုတ်ပါပြီ သစ်သီးတွေကို မဖျော်ခင် အခွံမခွာခင် သေချာဆေးကျောရမယ်၊ ဖျော်ရည်လုပ်စက်ကိုလည်း သေချာသန့်စင်ထားရမယ် အဲဒါတွေအပြင် ထည့်သောက်မယ့် ဖန်ခွက်ကလည်း သန့်ရှင်းရမယ်နော့။ လျှာရှည်တာတော့ဟုတ်ပါဘူး သတိမေ့မှာစိုးရိမ်လို့ပါဗျာ။
အသီးအနှံတွေကို ဒီအတိုင်း Juice Maker or Blender ထဲ အခွံမသင်ဘဲ ဒီအတိုင်းထည့်တန်သည်လည်းထည့်ရမယ်နော်။ အချို့အသီး အနှံတွေက လှီးချွတ်စဉ်ခဏ အဟာရတန်ဘိုးတွေဆုံးရှုံးကုန်တတ်လို့ပါ။ ဥပမာ လိမ္မော်သီးထဲက ဗီတာမင်စီဓာတ်တွေလိုမျိုးပေါ့ခင်ဗျ။

ကဲအခုပြောပြမယ့် ဖျော်ရည်လေးက - မုန်လာဥနီ (Carrot) ၊ ဂျင်း (Ginger) နဲ့ ပန်းသီး (Apple) သုံးမျိုးကိုရောစပ်သောက်သုံးခြင်းဖြစ် ပါတယ်။ ကိုယ်တွင်း ကိုယ်ပ သွေးသားကိုသန့်စင်စေတယ်၊ အားအင်ပြည့် လန်းဆန်းစေတယ်တဲ့။ သောက်သုံးကာနီးမှ ချက်ချင်းပြုလုပ် သုံးဆောင်ရမှာဖြစ်ပါတယ်။ အဟာရတန်ဖိုးတွေပြောင်းလဲကုန်မှာစိုးလို့ဖြစ်ပါတယ်။

Note:  ဂျင်းကို 1cm လောက်ပဲထည့်ဖြစ်ပါတယ်။ ဆောင်းတွင်းဆိုရင်တော့ များများထည့်ရင် သွေးနွေးစေပြီး အချမ်းသက်သာစေမယ် ထင်တာပဲလေ။ ပိုထည့်ချင်ရင်လည်း 1cm အတုံးလေးတွေပဲထပ်ထည့်နော်။

Carrot, apple and ginger juice

Summary: မနက်ခင်းစာအတွက် အကောင်းဆုံး

Ingredients - ပါဝင်ပစ္စည်းများ

-       မုန်လာဥနီ ၆ လုံး

-       ပန်းသီး အရွယ်တော် ၁၀ လုံး

-       ၁ စင်တီမီတာ အရွယ် လတ်ဆတ်သော ဂျင်း

Instructions - ပြုလုပ်နည်း

(၁) ပါဝင်ပစ္စည်းတွေအကုန်လုံးကို Juice maker (or) Blender ထဲထည့်ပါ။ ဂျင်းကိုအခြားအသီးတွေရဲ့ အလယ် မှာထည့်ထားခြင်းဖြင့် ကြေညက်မှုမြန်ပါလိမ့်မယ်။ ခလုပ်နံပါတ် ၂ လောက်နဲ့ဖျော်ပါ။

(၂) သန့်စင်သော ဖန်ခွက်ထဲထည့်ကာ တည့်ခင်းနိုင်ပါပြီ။

ပြင်ဆင်ပြုလုပ်ချိန် : 8 မိနစ်

‘ဒီနေ့အတွက် သဘာဝဖျော်ရည် (၂)’
ကျွန်တော် မနေ့က ဖျော်ရည် ဖျော်စပ်နည်းတစ်ခုကို ရေးပေးဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတွေက ကြိုက်တယ်ဆိုလာတဲ့အတွက် ဆက်ရေးဖို့ စိတ်ပါလာတယ်လို့ဆိုနိုင်ပါတယ်။ ဒီသဘာဝသစ်သီးဖျော်ရည် ဖျော်စပ်နည်းတွေက နိုင်ငံတကာမဂ္ဂဇင်းတွေမှာကော အချို့သော ပြည်တွင်း ဂျာနယ် မဂ္ဂဇင်းတွေမှာပါ ပါရှိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော်က ပြန်လည်ထုတ်ဖော် ဝေငှခြင်းလို့ပဲ ယူဆနိုင်ပါတယ်နော်။

ဒီနေ့ပြောပြမယ့် ဖျော်ရည်လေးကတော့ ပန်းသီး (Apple) ၊ မုန်လာဥနီ (Carrot) ၊ သခွားသီး (Cucumber) နဲ့အတူ တရုတ်နံနံ (Celery) တွေကိုပေါင်းစပ်ပြီး ဖျော်ရည်တစ်ခွက်အသွင် သောက်သုံးဖို့ဖြစ်ပါတယ်။ ဒီ အမယ်သုံးလေးမျိုးကို ပေါင်းစပ်သောက်သုံးခြင်းရဲ့ အဓိက ရလာဒ် နှစ်ခုကတော့ ပိုနေတဲ့ ကိုယ်အလေးချိန်တွေ လျော့ကျစေနိုင်တယ်၊ ကယ်လိုရီတွေ လောင်ကျွမ်းစေတဲ့နေရာမှာ အထောက် အကူပြုနိုင် တယ်ဆိုတာပါပဲ။ ဖြည့်စွက်ပြောပြလိုတာကတော့ ကင်ဆာကိုကာကွယ်ပေးနိုင်တယ်၊ အစာအိမ်ထဲ ခိုးလို့ခုလုဖြစ်တာ ခေါင်းခဲတာတွေကို လည်းသက်သာ စေနိုင်တယ်ဆိုတာရယ် အဟာရကို ပြည့်ပြည့်၀၀ပေးစွမ်းနိုင်တယ်ဆိုတာကိုလည်းပြောပြချင်တာပါ။

တရုတ်နံနံ (Celery) ဆိုလို့ပြည်တွင်းက တရုတ်နံနံတွေလို ခပ်သေးသေး ဗမာနံနံနဲ့ ဆင်ဆင်ပုံစံမျိုးမဟုတ်ပါဘူး။ ဈေးဝယ်စင်တာတွေ မှာတွေ့နိုင်တဲ့ ရိုးတံခပ်ကြီးကြီး အရွက်နည်းနည်းများတဲ့ပုံစံမျိုး Celery ဆိုသိကြပါတယ်။ သူက Sodium နဲ့ Potassium ကို ကောင်းကောင်း ညီမျှစေပြီးတော့ မကောင်းတဲ့အညစ်အကြေးတွေကို ဆီးသွားတဲ့အခါ ပါသွားနိုင်အောင် ကျောက်ကပ်တွေသန့်စင် အောင် အားပေးပါတယ်။ ရေဓာတ်လျော့နေတယ် ကိုယ်လက်နွမ်းနေတယ်လို့ခံစားရတိုင်း ဖျော်သောက်ဖြစ်မယ့် ဖျော်ရည်တိုင်း Celery ကိုပေါင်းထည့်ပေးလိုက်ပါနော်။

Additional health benefits of this juicing recipe:
မုန်လာဥနီက ဗီတာမင်အေ ကြွယ်ဝတဲ့အသီးအနှံတစ်ခုဖြစ်ပါတယ်။ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ သံဓာတ်နှင့် ကယ်လ်စီယမ်ဓာတ် တွေလိုပဲ ကောင်းမွန်လှပါတယ်။
  ပန်းသီးတွေဟာလည်း ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝပါတယ်။ ပြီးတော့ ပက်တင်း (Pectin) နှင့်အတူ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants)တွေ ကောင်းကောင်းရနိုင်သော အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။
တရုတ်နံနံ (Celery) ကတော့ Phthalide လို့ခေါ်တဲ့ ဓာတ်ပေါင်းစုကိုပိုင်ဆိုင်ပါတယ်။ အဲဒီဟာက သွေးကြောတွေထဲမှာ လတ်ဆတ် သော သွေးတွေ လျှောလျှောရှူရှူစီးဆင်းနိုင်စွမ်းရှိအောင် ကူညီပေးတာကြောင့် သွေးတိုး(high blood pressure) ဖြစ်တန်စွမ်းကို လျော့နည်းစေပါတယ်။
•.ပါဝင်ပစ္စည်းအပေါင်းအစပ်တွေဟာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကြွယ်ဝတယ် သခွားသီးလေးပါပေါင်းစပ်ထားတော့ ရေငတ်ပြေတယ်။ လေ့ကျင့်ခန်းလေး မလုပ်ခင် မနက်စောစော ဒီဖျော်ရည်လေးတစ်ခွက်သောက်ပြီးမှ လေ့ကျင့်ရင် ဘယ်လောက်များကောင်းမလဲ ဖြေစရာကို မလိုတော့ဘူး။

Ingredients - ပါဝင်ပစ္စည်းများ
မုန်လာဥနီ - ၃လုံး

သခွားသီး - ၁/၂ လုံး

ပန်းသီး - ၁ လုံး

တရုတ်နံနံ (Celery) - ၂ ချောင်း

ပြင်ဆင်ပြုလုပ်ပုံ

အသီးအနှံတွေကို စင်ကြယ်အောင် ကောင်းကောင်းဆေးပါ။ မုန်လာဥနီတွေကို ဖျော်ရည်စက်ထဲမထည့်ခင် ထိပ်ပိုင်းနဲ့ ခြေရင်းကို တိပြီးထည့်ပါ။ အသီးအနှံတွေကို အခွံခွာခွာ မခွာခွာ အရေးတော့မပါပါဘူး။ ဘာကြောင့်လဲဆိုတော့ Juice Maker or Blender တွေက အားလုံးကို ခွဲခြမ်းပစ်လိုက်မှာမို့ပါပဲ။ အဟာရတန်ဖိုး မယုတ်လျော့စေချင်တယ်ဆိုရင်တော့ ဖျော်စပ်ပြီးပြီးခြင်းသောက်တာ အကောင်းဆုံး ပါပဲ။

အရည်ရွှမ်းတဲ့ အသီးအနှံတွေဟာ အံ့သြဖို့ကောင်းလောက်အောင်ကို ကျန်းမာရေးကို အထောက်အပံ့ပေးပါတယ်။ ပုလင်းတွေထဲမှာ ရေနဲ့ ဖျော်စပ်ရန်အသင့်ဆိုသော ဖျော်ရည်တွေက တကယ်တန်းတော့ သိပ်မကောင်းပါဘူး။ သကြားလို အချိုတွေ အခြားသောပေါင်းစပ် ပစ္စည်းတွေလည်းပါနိုင်တာကိုး။ အသီးအနှံတွေကို လတ်လတ်ဆတ်ဆတ်ဝယ် အိမ်မှာကိုယ့်ဖာသာဖျော်သောက်တာကတော့ တကယ့်ကို သန့်စင်တယ် လန်းတယ်မဟုတ်လား။

သခွားသီးကိုအရင်ထည့် ပြီးတော့ ပန်းသီး….မုန်လာဥနီ…နောက်ဆုံးမှ တရုတ်နံနံကိုထည့်လိုက်ပါ။ အားလုံးပြီးရင်တော့ လတ်လတ်ဆတ် ဆတ်သောက်တာအကောင်းဆုံးပါပဲ။ အနံ့မွှေးချင်ရင်တော့ သံပရာသီး တစ်စိတ်လောက်ညှစ်ပြီးမှသောက်နိုင်ပါတယ်။

‘ဒီနေ့အတွက် သဘာဝဖျော်ရည် (၃)’

သူငယ်ချင်းတို့ရေ ဖျော်ရည်လေးတွေ အိမ်မှာဖျော်သောက်ရတာ အဆင်ပြေကြရဲ့လား။ အချို့သောပါဝင်ပစ္စည်းတွေက ၀ယ်ယူရ ကရိကထနိုင်ပေမယ့် တကယ်အကျိုးရှိတာကြောင့် တမင်ရှာကြံဖျော်စပ်သောက်ကြရတာပါပဲ။ မြို့ကြီးတွေမှာရှိတဲ့ စူပါမားကတ်ကြီး တွေမှာတော့ အလွယ်တကူဝယ်လို့ရနိုင်ကောင်းပါရဲ့။

အခုပြောပြမယ့် ဖျော်ရည်ဖျော်စပ်နည်းလေးကတော့ ပန်းသီး (apple) + မုန်လာဥနီ (carrot) + ခရမ်းချဉ်သီး (Tomato) အဓိကအမယ် သုံးခုကိုပေါင်းစပ် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အချို့သော သူတွေကတော့ သွေးအားကောင်းအောင်လို့ဆိုပြီး ဟင်းနုနွယ်ရွက် (spinach) တစ်ပန်းကန်စာလောက်ကိုထည့်ဖျော်ကြပါရဲ့။

အဓိကအမယ် သုံးမျိုးကိုပေါင်းစပ်သောက်သုံးခြင်းဖြင့်ရလာမည့် ရလာဒ်ကတော့ အသားအရေတွေ ကောင်းမွန်လာမယ်၊ ခံတွင်းအနံ့ဆိုး တတ်တာ အသက်ကောင်းကောင်းရှူလို့အဆင်မပြေတတ်တာတွေကို သက်သာစေလာမယ်ဆိုပဲ။ စဉ်းစားကြည့်လေ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝတယ် ဗီတာမင်တွေပါတယ်မဟုတ်လား။ ခရမ်းချဉ်သီးက အမျိုးသားတွေ ဆီးကြိတ်ကြီးလာတာကိုသက်သာစေတယ် အမျိုးသမီးတွေ အသားအရေကောင်းစေတယ်လေ။

Ingredients - ပါဝင်ပစ္စည်းများ
ပန်းသီး - ၁ လုံး

ခရမ်းချဉ်သီး - ၁လုံး (အရွယ်တော်)

မုန်လာဥနီ - ၂ လုံ

ဟင်းနုနွယ်ရွက် - တစ်ခွက်စာ

ပြင်ဆင်ပြုလုပ်ပုံ

အသီးအရွက်တွေအကုန်လုံးကို သန့်စင်ပြီးသကာလ Blender ခပ်သန့်သန့်ထဲသို့ ဟင်းနုနွယ်ရွက် တစ်ပန်းကန်စာကိုအရင်ထည့်မွှေ ပါမယ်။ ပြီးနောက် မုန်လာဥနီ၊ပန်းသီး၊ခရမ်းချဉ်သီးတို့ကိုအသီးသီးထည့်ကာ မနှေးမမြန်ချိန်ကာ မွှေပစ်လိုက်ပါ။

ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုရင် သန့်ရှင်းသော ဖန်ခွက်တစ်ခုထဲသို့ထည့်ကာ လတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

(ဟင်းနုနွယ်ရွက်မထည့်ချင်ပါဘူးဆိုသူများအတွက်ကတော့ - အနီရောင်ပန်းသီး လေးလုံး၊ မုန်လာဥနီ တစ်ပေါင် (၂၂ကျပ်သား)၊ ခရမ်းချဉ်သီး လေးလုံးတို့ကိုသာ အထက်ပါနည်းအတိုင်းဖျော်စပ်လိုက်ပါ။)

‘ဒီနေ့အတွက် သဘာဝဖျော်ရည် (၄)’

ဘော်ဒါတွေကို ပြောပြရဦးမယ် ကိုယ့်အိမ်မှာ နေ့စဉ်နဲ့အမျှ ချက်ပြုတ်စားသောက်တဲ့အသီးအနှံလေးတွေကိုလည်း အဟာရလည်းဖြစ် ရောဂါကာကွယ်ဆေးအဖြစ်လည်းသုံး ကျန်းမာစေတဲ့ အစားအသောက်တစ်ခုအဖြစ်ဖန်တီးလို့ရတယ်ဆိုတာပါပဲ။ လူကြီးတွေပြောတာ ကြားဖူးတယ်မဟုတ်လား အပူစာတွေ မစားနဲ့၊ အအေးစာတွေစားပြန်ပြီ စသဖြင့်လေ။ တိုင်းရင်းဆေးသမားတော်ကြီးတစ်ဦးအမြဲပြော လေ့ရှိတာက အကြွပ်ကြော်၊ အရွကြော်၊ဆီကြော်တွေကို မစားနဲ့…ချို၊ချဉ်၊ငန်၊ခါး အရသာတွေကို ရာသီဥတုလိုက်လို့ သင့်တင့်မျှတ အောင်စားဆိုတာကိုလေ။ ဖျော်ရည်ဖျော်စပ်ပြီးသောက်တဲ့နေရာမှာလည်း ကိုယ်ဘာဖြစ်နေလည်း ရာသီဥတုကဘာလဲ စူးစမ်းပြီး ဓာတ်စာ သဘောသောက်နိုင်တယ်နော်။

အခုပြောပြမယ့် ဖျော်ရည်ဖျော်စပ်နည်းလေးကတော့ ကြက်ဟင်းခါးသီး (Bitter gourd) + ပန်းသီး (Apple) + နို့(Milk) အဓိကအမယ် သုံးခုကိုပေါင်းစပ်ကာဖျော်သောက်ခြင်းဖြစ်ပါတယ်။

ကြက်ဟင်းခါးသီးဆိုလို့ အကြီးကြီးတွေကိုဖျော်သောက်ခိုင်းတာမဟုတ်ဘူးနော်။ အရွယ်တော် သိပ်မကြီးတဲ့အနေအထားလေးတွေကို ဖျော်သောက်ခိုင်းတာဗျ။ နွားနို့ကတော့ ကျိုချက်ပြီးသားကိုထည့်ရမှာနော်။ မလိုင်မပါတာဆိုပိုကောင်းပေါ့။

အထက်ပါ အသီးအနှံ့သုံးမျိုးကိုပေါင်းစပ်သောက်သုံးခြင်းဖြင့်ရလာမည့် ရလာဒ်ကတော့ Super Cooler လို့ပြောနိုင်အောင်ပဲ ကိုယ်တွင်း အပူချိန်များတတ်တဲ့လူများ ခံတွင်းအနံ့ဆိုး တတ်တာ အသက်ကောင်းကောင်းရှူလို့အဆင်မပြေတတ်တာတွေကို သက်သာစေ လာမယ်ဆိုပဲ။  အာမခံနိုင်တာကတော့ သောက်ပြီးရင် နေလို့ထိုင်လို့ကောင်းပြီး သက်သောင့်သက်သာဖြစ်သွားစေရပါမယ်။

Ingredients - ပါဝင်ပစ္စည်းများ
ကြက်ဟင်းခါးသီး - ၁ ခြမ်း (တစ်လုံးလုံးမဟုတ်ဘဲ တစ်ခြမ်းလောက်ပါပဲ)

နို့ - တစ်ခွက်

ပန်းသီး - ၂ လုံး (အရွယ်အစားသိပ်မကြီးတဲ့)

ပြင်ဆင်ပြုလုပ်ပုံ

အသီးအနှံတွေအကုန်လုံးကို သန့်စင်ပြီးသကာလ Blender ခပ်သန့်သန့်ထဲသို့ ကြက်ဟင်းခါးသီးကိုအရင်ထည့်မွှေ ပါမယ်။ ပြီးနောက် ပန်းသီးတွေထည့်၊ နောက်ဆုံးတော့ နို့ကိုထည့်လိုက်ကာ ရောစပ်မွှေနှောက်လိုက်ပါ။

ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုရင် သန့်ရှင်းသော ဖန်ခွက်တစ်ခုထဲသို့ထည့်ကာ လတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

‘ဒီနေ့အတွက် သဘာဝဖျော်ရည် (၅)’
ဓာတ်စာ ဓာတ်စာဆိုတာတွေကို ကျွန်တော် ဘယ်လိုစားသောက်ရမလဲမသိပါသေးပါဘူး။ သဘောပေါက်မိတဲ့စားသောက် နေထိုင်မှုပုံစံလေး က ဘယ်အရသာကိုမှ တရားလွန်ခံစားခြင်းမပြုပါနဲ့လို့ပြောချင်တာပါပဲ။ အချိုအရမ်းကြိုက်တာ….ငါက ချဉ်ချဉ်လေးဆိုတာမျိုးမဟုတ်တဲ့ စားသောက်မှုမျိုးပေါ့နော်။ ပြီးတော့ ပတ်ဝန်းကျင်ရာသီဥတုသဘာဝကိုလိုက်လို့ အစားအသောက်ကိုလည်း ရွေးချယ်စားသောက်သင့်သေး တယ်။
သိလို့တတ်လို့တော့မဟုတ်ပါဘူးလေ ကျွန်တော်ဟိုသည်ဖတ်မိတဲ့စာလေးတွေမှာ မြင်မိလို့ပြောတာပါ။ အရင် သဘာဝဖျော်ရည် ဖျော်စပ်နည်းမှာ ကိုယ်တွင်းအပူချိန်များသူတွေနဲ့ သဟဇာတဖြစ်တဲ့ ဖျော်ရည်ဖျော်စပ်နည်းကိုပြောခဲ့တယ်နော်။ အခုတစ်ခါပြောပြမယ့် ဖျော်ရည်ဖျော်စပ်နည်းကျတော့ ကိုယ်ခန္ဓာအသားအရေ ကောင်းမွန်စေမယ် အစိုဓာတ်ကိုထိန်းသိမ်းပေးမယ် ပြီးတော့ ကိုယ်တွင်းအပူ ချိန်များပြီး အသားအရေချောက်သွေ့တတ်တာကိုလျော့နည်းလာစေမယ့် ဖျော်ရည်ဖျော်စပ်နည်းလေးပါပဲ။
ဂျင်းဆိုတာအပူဓာတ်ကဲတယ်လို့ထင်တတ်ကြတယ်။ ဘယ်အရာပဲဖြစ်ဖြစ် တန်ဆေးလွန်လေးပါပဲ သူက ကိုယ်တွင်းသွေးလှည့်ပတ်မှု ကောင်းစေတာတော့အမှန်ပါ။ လိမ္မော်သီးက ဗီတာမင်စီဓာတ်များတယ် လှီးဖြတ်ပြီးပြီးခြင်းလတ်လတ်ဆတ်ဆတ်စားမှ ဗီတာမင်စီဓာတ် အပြည့်ရတာတော့သတိပြုနော်။ သခွားသီးကတော့ အရည်ရွှမ်းတယ် ကိုယ်တွင်း ကိုယ်ပ အေးမြစေတယ်လေ။

အထက်ပါ အသီးအနှံ့သုံးမျိုးကိုပေါင်းစပ်သောက်သုံးခြင်းဖြင့်ရလာမည့် ရလာဒ်ကတော့ Super Skin လို့ပြောနိုင်အောင်ပဲ အသားအရေ အတွက် အရမ်းအထောက်အကူပြုပါတယ်။ လိမ္မော်သီးနှင့် သခွားသီးနှစ်ခုပေါင်းကိုတော့ အသားအရေအတွက်အရမ်းကောင်းတာ သတိ ထားမိကြပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ အဲ့ဒီအထဲကို ဂျင်းထည့်လိုက်ခြင်းအားဖြင့် ကိုယ်ခန္ဓာအသားအရေရဲ့ ကောင်းခြင်း စိုပြေခြင်း ကျန်းမာခြင်းတွေ ပိုမိုရရှိစေတယ်လေ။ ပြီးတော့ ကိုယ်တွင်းအပူများသူတွေအနေနဲ့လည်း ကိုယ်အပူချိန်မျှတလို့ နေရတာ သက်သောင့် သက်သာဖြစ်သွားစေမယ့် ဖျော်ရည်လေးပါပဲနော်။

Ingredients - ပါဝင်ပစ္စည်းများ
လိမ္မော်သီး - ၂ ခြမ်း (အမွှာခွဲထားခြင်းမဟုတ်ဘဲ ဒီအတိုင်းခြမ်းပစ်လိုက်ထားတာ ခပ်ကြီးကြီး)

သခွားသီး - ၂ခြမ်း (အရည်ရွှမ်းသခွားသီး နှစ်ခြမ်းပေါ့)

ဂျင်း - ၁ စိတ် (အကြီးကြီးမဟုတ်ဘဲ ၂ စင်တီမီတာ နှစ်ခုလောက်ပေါ့)

(ပါဝင်ပစ္စည်းတွေက နမူနာပြောပြထားတာနော် အတိုင်းအဆကိုတော့ ကိုယ်သောက်နိုင်မယ့်အနေအထားနဲ့ချိန်ပေါ့)

ပြင်ဆင်ပြုလုပ်ပုံ

အသီးအနှံတွေအကုန်လုံးကို သန့်စင်ပြီးသကာလ Blender ခပ်သန့်သန့်ထဲသို့  လိမ္မော်သီးကိုထည့်မွှေ၊နောက် သခွားသီးကိုထည့်ကာ အလယ်လောက်မှာ ဂျင်းကိုထည့်လို့ ခပ်သွက်သွက်မွှေပစ်လိုက်ပါ။

ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုရင် သန့်ရှင်းသော ဖန်ခွက်တစ်ခုထဲသို့ထည့်ကာ လတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

‘ဒီနေ့အတွက် သဘာဝဖျော်ရည် (၆)’
ရာသီပေါ်အသီးအနှံလေးတွေရယ် အမြဲလိုလိုဝယ်ခြမ်းနိုင်တဲ့အသီးအနှံလေးတွေရယ် ရောစပ်ပြီးတော့ဖျော်သောက်မယ်ဆိုရင် လူတိုင်း လိုလိုလားလားသောက်ချင်ကြမယ်နဲ့တူတယ်။ ကွမ်းအရမ်းစားတဲ့လူတွေက ဘာကြောင့် ဖရဲသီးကိုအားရပါးရ ဓာတ်စာအနေနဲ့စားကြ တာလဲ? ဒူးရင်းနဲ့ မင်းဂွတ်သီးတွေဘာကြောင့်တွဲစပ်တွေ့နေရတာလည်း သတိမူမိကြလားခင်ဗျ။
အခုပြောပြမယ့် သဘာဝအသီးအနှံဖျော်ရည် ဖျော်စပ်နည်းကတော့ ကျွန်တော်အကြိုက်ဆုံးလို့ပြောရင်ရပါတယ်။ ရေလေးဆေးလို့ တဂျွမ်းဂျွမ်း ကိုက်ဝါးနိုင်တဲ့ ပန်းသီး(Apple)၊ အရသာ ချဉ်ပြုံးလေးနဲ့ စားရတာအဆင်ပြေတဲ့ နာနတ်သီး (Pineapple)၊ ရေဓာတ် အပြည့်အ၀ပါပြီး ချိုမွှေးတဲ့အရသာပေးစွမ်းတဲ့ ဖရဲသီး(Watermelon) အမယ်သုံးမျိုးထဲရယ်ပါ။ ဒီသုံးမျိုးကို Blenderနဲ့ မွှေလို့ရလာမယ့် ဖျော်ရည်တစ်ခွက်ဟာ လူတိုင်းကို သွားရေယိုစေမယ်ထင်ပါတယ်။

အထက်ပါ အသီးအနှံ့သုံးမျိုးကိုပေါင်းစပ်သောက်သုံးခြင်းဖြင့်ရလာမည့် ရလာဒ်ကတော့ The Wild Things လို့ပြောနိုင်အောင်ပဲ ကိုယ်တွင်းထဲက အငန်ဓာတ်တွေကိုလျော့နည်းစေတယ်၊  ဆီးအိမ်နဲ့ ကျောက်ကပ်တွေအတွက် သင့်တော်ကောင်းမွန်သော သီးနှံဖျော်ရည်လေးလို့ဆိုနိုင်မှာပါ။ အချို့လူတွေကတော့ ဆားလည်းနည်းနည်းထည့်လို့သောက်တတ်ကြပေမယ့် ကျွန်တော်ကတော့ ဆားမထည့်ပဲသောက်ပါလို့ညွှန်းဆိုချင်ပါတယ်။

Ingredients - ပါဝင်ပစ္စည်းများ
ပန်းသီး - ၂ လုံး

နာနတ်သီး - ၁ခြမ်း (တစ်လုံးလုံးကို ထက်ဝက်ခြမ်းထားတဲ့ တစ်ခြမ်း)

ဖရဲသီး - ၁/၄  လုံး (တစ်လုံးကို လေးစိတ်စိတ်လိုက်မယ်ဆိုရင် တစ်စိတ်ပေါ့။ ဖရဲသီးအစေ့တွေကိုတော့ ဖယ်ထုတ်ထားတာအကောင်းဆုံးပေါ့နော်။ သူပါရင် အရသာကတစ်မျိုးဖြစ်နေဦးမှာ။)

(ပါဝင်ပစ္စည်းတွေက နမူနာပြောပြထားတာနော် အတိုင်းအဆကိုတော့ ကိုယ်သောက်နိုင်မယ့်အနေအထားနဲ့ချိန်ပေါ့နော်)

ပြင်ဆင်ပြုလုပ်ပုံ

အသီးအနှံတွေအကုန်လုံးကို သန့်စင်ပြီးသကာလ Blender ခပ်သန့်သန့်ထဲသို့  နာနတ်သီး ထည့်မွှေ၊နောက် ဖရဲသီးကိုထည့်ကာ နောက်ဆုံးမှာတော့ ပန်းသီးကိုထည့်လို့ ခပ်သွက်သွက်မွှေပစ်လိုက်ပါ။

ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုရင် သန့်ရှင်းသော ဖန်ခွက်တစ်ခုထဲသို့ထည့်ကာ လတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

ဒီနေ့အတွက် သဘာဖျော်ရည် (၇)
အိမ်တွေမှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် သစ်သီးဖျော်ရည်ဆိုရင် အသီးအနှံတစ်မျိုးတည်းကိုပဲ ဖျော်စပ်သောက်သုံးလေ့ရှိကြတာ နယ်ကလူတွေအတွက်အကျင့် ဖြစ်နေကြပါပြီ။ အခုတော့ သုံးလေးမျိုးရောစပ်လို့ အရသာအသစ်ကိုခံစားတတ်ကြတာ မြို့နေလူတွေအတွက် ရိုးအီနေပေါ့နော်။
ကျွန်တော်ပြောပြရေးပြဝေငှပြဖြစ်တဲ့ ဖျော်ရည်ဖျော်စပ်နည်းလေးတွေက ဘေးဥပါဒ်လည်းမဖြစ် ဓာတ်စာသဘောလည်းကျတဲ့ ဖျော်ရည် လေးတွေပဲဖြစ်ပါတယ်။ မနက်ခင်းစောစော ဗိုက်ထဲအစာသိပ်မများခင် တွဲစပ်သောက်တော့ အဟာရတွေက အပြည့်အ၀နီးပါးရတာပေါ့။ တစ်ခုသတိထားရမှာက အချို့သော အသီးအနှံများဟာ လတ်လတ်ဆတ်ဆတ်လှီးချွတ်ပြီးပြီးခြင်း စားသောက်မှ သူ့ထဲမှာပါတဲ့ အဟာရ ဓာတ်တွေရတယ် အချိန်ကြာသွားရင် ယုတ်လျော့သွားတတ်တယ်ဆိုတာပါပဲ။ ဥပမာ - လိမ္မော်သီး
အသီးအနှံလေးတွေကို မဖျော်စပ်ခင် သေချာဆေးကြောပြီးမှ ဖျော်စပ်ကြပါလို့ပြောရတာက Organic သီးနှံမဟုတ်ခဲ့ရင် ပိုးသတ်ဆေး ဓာတုဆေးအကြွင်းအကျန်တွေပါလာမှာစိုးရိမ်လို့ဖြစ်ပါတယ်။
အခုပြောပြမယ့် အသီးအနှံလေးတွေဟာ ဗီတာမင်ဓာတ်တွေ အရမ်းကြွယ်ဝနေတော့ The Vitamin Juice လို့ပြောရလောက်အောင်ပါပဲ။ ဗီတာမင်စီတွေပါတယ် ဗီတာမင်ဘီတူးဓာတ်တွေမကျန်ခဲ့ဘူး ပြီးတော့ ကိုယ်တွင်းဆဲလ်တွေရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီး ကိုယ်ခံ စွမ်းအားကို သန်စွမ်းတောင့်တင်းစေမှာပါ။ အိမ်မှာ ကလေးတွေရှိရင်တော့ တစ်စက်မကျန်မော့သောက်ကြမှာမြင်ယောင်သေးတော့တယ်။ ကဲ သခွားမွှေး (HoneyDew), အရောင်နက်နက် စပျစ်သီး (black grapes)၊ ဖရဲသီး (watermelon) နဲ့အတူ နို့(Milk)တို့ပေါင်းစပ်မယ့် ဖျော်ရည်ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
သခွားမွှေး - တစ်ခြမ်း
ဖရဲသီး - တစ်ခြမ်း
စပျစ်သီး - တစ်ခွက်စာ
နို့ - တစ်ခွက်စာ
(ပါဝင်ပစ္စည်းများကို နမူနာအတိုင်းအတာပြထားတာပါ။ တကယ်တန်းတော့ ပါဝင်ပစ္စည်းအားလုံး ဆတူထည့်ရမှာဖြစ်ပါတယ်။)
ဖျော်စပ်ပြင်ဆင်ပုံ
အသီးအနှံတွေကို သေချာဆေးကျောသန့်စင် ကာ သန့်ရှင်းသော Blender ထဲသို့ သခွားမွှေးကိုအရင်ထည့်၊ ဖရဲသီးထည့်၊ စပျစ်သီးထည့် နောက်ဆုံး နို့ကိုတိုင်းဆထည့်ကာ ရောသမမွှေလိုက်ပါ။
ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုတာနဲ့ သန့်ရှင်းသော ဖန်ခွက်များတွင်ထည့်ပြီး အားရပါးရသောက်နိုင်ပါပြီ။
‘ဒီနေ့အတွက် သဘာဝဖျော်ရည် (၈)’
ငယ်စဉ်က အစားအသောက်မဆင်ခြင်ခဲ့လို့ပဲဖြစ်ပါစေ မျိုးရိုးဗီဇကြောင့်ပဲဖြစ်ပါစေ အသက်အရွယ်နဲ့မလိုက် သွေးတိုးရောဂါခံစား နေကြရတဲ့သူငယ်ချင်းများကိုမြင်တိုင်း အစားအသောက်ဆင်ခြင်မိဖို့သတိကပ်မိပါတယ်။ အချိုမှုန့်ဆိုတဲ့ဟာကလည်း ဟင်းချက် တဲ့အခါပဲဖြစ်ဖြစ် တစ်ခုခုပြင်ဆင်တဲ့အခါ အချိုဓာတ်လေးပါချင်လို့ပဲဖြစ်ဖြစ်ထဲ့တတ်ကြတာမှာ သူက သွေးထဲကိုရောက်တဲ့အခါ အငန်ဓာတ်အဖြစ်ပြောင်းလဲသွားတာကြောင့် သွေးတိုးသမားတွေ သွေးချိန်မမှန်တတ်တဲ့သူတွေ သတိထားစရာပါနော်။
အဆီတို့ အချိုဓာတ်တို့ဆိုတာက လုံးဝကြီးရှောင်ပြန်တော့လည်းမရ ခန္ဓာကိုယ်ထဲကအနည်းငယ်တော့လိုအပ်တတ်ပြန်ပါရော။ ဒီတော့ သဘာဝ အသီးအနှံကရသော အချိုဓာတ်တွေနဲ့ နှစ်သိမ့်ကြရတော့တာပေါ့။ အခုပြောပြမယ့် ဖျော်ရည်လေးက ခပ်ရိုးရိုးလေးပါ။ ဒါပေမဲ့ တကယ် အသုံးတည့်ပြီးတော့ ကြေညက်လွယ် အစာကြေလွယ် အချိုစားချင်နေသူများ ကြေနပ်စေပါတယ်။ ကျွန်တော်တို့ ကိုယ်တွင်းရှိ သကြားဓာတ်တွေကို ထိန်းညှိပေးနိုင်ပါတယ်။ ဖျော်ရည်လေးက သစ်တော်သီး (Pear) နဲ့ ငှက်ပျောသီး (banana) နှစ်မျိုးကိုရောစပ်ကာ ဖျော်ထားခြင်းပါ။ သစ်တော်သီးက ပြည်တည်နာပေါက်သူ၊ ၀မ်းချုပ်တတ်သူ၊ဆီးစွန့်နည်းသူ၊ ပြီးတော့ အဖျားရောဂါတွေသက်သာ စေသလို၊ ချောင်းဆိုးနေသူများအတွက်လည်း အလုပ်ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ သွေးတိုး (high blood pressure) တတ်သူများ အတွက် အလုပ်ဖြစ်နိုင်ပါတယ် အငန်ဓာတ်ပါဝင်မှုနည်းလို့ဖြစ်လို့ပါ။ ငှက်ပျောသီးမှာ tryptophan ဓာတ်ပါဝင်ပြီး အဲဒီဓာတ်ဟာ ကိုယ်တွင်းမှာပဲ Serotonin ဓာတ်အဖြစ် အသုံးတည့်အောင် ပြောင်းလဲသွားတတ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပါတယ်။Serotonin ဓာတ် ဆိုတာက ပျော်ရွှင်တဲ့ စိတ်ခံစားချက်၊ စိတ်ပါဝင်စားမှုဆိုတာတွေကို စေ့ဆော်ပေးသော ဟော်မုန်းတစ်မျိုးဆိုတာ လူတိုင်းသိကြပါ တယ်နော်။

အထက်ပါ အသီးအနှံ့နှစ်မျိုးကိုပေါင်းစပ်သောက်သုံးခြင်းဖြင့်တော့ The Sugar Fighter လို့ပြောနိုင်အောင်ပဲ ကိုယ်တွင်းထဲမှာ အချိုဓာတ်တွေ အငန်ဓာတ်တွေ မတိုးစေပဲဖျော်သောက်သူအတွက် အကျိုးများစေတဲ့ ကြေနပ်စေမယ့် ဖျော်ရည်လေးပါပဲလို့။

Ingredients - ပါဝင်ပစ္စည်းများ
သစ်တော်သီး - အစိတ်ကြီး ၃ စိတ်

ငှက်ပျောသီး - ၂ လုံး

 (ပါဝင်ပစ္စည်းတွေက နမူနာပြောပြထားတာနော် အတိုင်းအဆကိုတော့ ကိုယ်သောက်နိုင်မယ့်အနေအထားနဲ့ချိန်ပေါ့နော်)

ပြင်ဆင်ပြုလုပ်ပုံ

အသီးအနှံတွေအကုန်လုံးကို သန့်စင်ပြီးသကာလ Blender ခပ်သန့်သန့်ထဲသို့  သစ်တော်သီး ထည့်မွှေ၊နောက် ငှက်ပျောသီးကို ထပ်ထည့်ကာ ခပ်သွက်သွက်မွှေလိုက်ပါ ခင်ဗျ။

ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုရင် သန့်ရှင်းသော ဖန်ခွက်တစ်ခုထဲသို့ထည့်ကာ လတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

(အပိုဆောင်း သကြားတွေ တခြားပါဝင်ပစ္စည်းတွေထပ်မထည့်ဘဲ သဘာဝအချိုဓာတ်ကိုသာ ကျေနပ်စွာသောက်သုံးကြည့်ပါ)

‘ဒီနေ့အတွက် သဘာဝဖျော်ရည် (၉)’
မနက်ခင်းတိုင်း ဘာတွေစားသောက်ရမလဲ ခေါင်းခဲနေတဲ့သူငယ်ချင်းတွေရှိကြောင်း တစ်ခါတရံပြောသံကြားရပါတယ်။ ပဲပြုတ်နံပြား၊ မုန့်ဟင်းခါးမုန့်တီ၊ သျှမ်းခေါက်ဆွဲ၊ လက်ဖက်ရည်နဲ့အီကြာကွေး အဲ တရုတ်လူမျိုးတွေရဲ့ ဟိုးအရင်ကစားသောက်ပုံကတော့ ဆန်ပြုတ် တစ်မျိုးမျိုးနဲ့အတူ အီကြာကွေး၊ ပေါက်စီတစ်မျိုးမျိုးတို့ကိုအစာလည်းကြေ အဟာရလည်းဖြစ်စားသောက်တတ်ခဲ့ကြတယ်လို့သိရ ပါတယ်။ အနောက်တိုင်းစတိုင်လ်စားသောက်သူများကတော့ မနက်စာစားသောက်ချိန်မှာ အသီးဖျော်ရည်တစ်မျိုးမျိုးထည့်သောက်လေ့ ရှိသလို စားပြီးမှ အချိုတည်းတဲ့အနေနဲ့သောက်လေ့ရှိတတ်ကြပါတယ်။
သူငယ်ချင်းတို့ရွေးချယ်ဖျော်စပ်ကြည့်ဖို့နည်း (၂) နည်းကို ဒီနေ့အတွက်ဝေမျှချင်ပါတယ်။ အသီးအနှံ့ဆိုတာ ရာသီအလိုက်ပေါ်တတ် တာတို့ ၀ယ်ဖို့အလွယ်တကူမရတာတို့ ဖြစ်တတ်တာကိုးနော်။
ပထမတစ်ခုကတော့ သရက်သီး(Mango)၊သစ်တော်သီး(Pear)၊ ပန်းသီး (apple) နဲ့မုန်လာဥနီ(Carrot) လေးမျိုးအရော antioxidant အာနိသင်ပေး ဖျော်ရည်ဖြစ်ပါတယ်။ ကိုယ်တွင်းအပူချိန်မြင့် တက်နေမှုကို ကင်းပစေတယ်၊ ထို့အတူ သွေးအတွင်း အဆိပ်ဖြစ်စေသော ဓာတ်တွေကို တိုက်ဖျက်ပေးသလို သွေးဖိအားတိုးမှာကိုပူစရာ မလိုပါဘူး။ ပန်းသီးကတော့ ဓာတ်တိုးဆန့်ကျင်တဲ့အသီးအဖြစ်လူသိ များပါတယ်။ သရက်သီးကတော့ အရသာပိုရှိသောဖျော်ရည်တစ်ခွက်ဖြစ်အောင်ဖော်ဆောင်ပါတယ်။

Ingredients - ပါဝင်ပစ္စည်းများ
သစ်တော်သီး - အစိတ်ကြီး ၂ စိတ်

ပန်းသီး - အစိတ်ကြီး ၂ စိတ်

သရက်သီး - အစိတ်ကြီး ၃ စိတ်

မုန်လာဥနီ - အစိတ်ကြီး ၂ စိတ်

 (ပါဝင်ပစ္စည်းတွေက နမူနာပြောပြထားတာနော် အတိုင်းအဆကိုတော့ ကိုယ်သောက်နိုင်မယ့်အနေအထားနဲ့ချိန်ပေါ့နော်)

ပြင်ဆင်ပြုလုပ်ပုံ

အသီးအနှံတွေအကုန်လုံးကို သန့်စင်ပြီးသကာလ Blender ခပ်သန့်သန့်ထဲသို့  အနည်းငယ်ပိုမာတဲ့ မုန်လာဥနီ၊ သစ်တော်သီး၊ ပန်းသီး၊ သရက်သီးတို့ကိုအဆင့်ဆင့်တစ်ခုပြီးတစ်ခုထည့်မွှေပါ။ အဖတ်ပါစားချင်သေးတယ်ဆိုရင် No.2 လောက်နဲ့မွှေပေါ့။

ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုရင် သန့်ရှင်းသော ဖန်ခွက်တစ်ခုထဲသို့ထည့်ကာ လတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

(အပိုဆောင်း သကြားတွေ တခြားပါဝင်ပစ္စည်းတွေထပ်မထည့်ဘဲ သဘာဝအချိုဓာတ်ကိုသာ ကျေနပ်စွာသောက်သုံးကြည့်ပါ)

နောက်တစ်မျိုးကတော့ နာနတ်သီး (pineapple) နဲ့ စပျစ်သီး(grapes) တို့ဖြင့်ဖျော်စပ်မည့် Purple Pine ဖျော်ရည်တစ်ခွက်ဖြစ်ပါတယ်။ အနက်ရောင်ရင့် စပျစ်သီးတွေကိုအသုံးပြုလေ့ရှိပါတယ်။ ဒီဖျော်ရည်ဟာ သံဓာတ်အချိုးမြင့်စွာရရှိစေမှာဖြစ်ပြီး နာနတ်သီးဟာလည်း ရောင်ရမ်းနာကျင်တာတွေကို ကာကွယ်ပေးတဲ့ အစာကြေညက်စေတတ်တဲ့ သဘာဝကြွယ်ဝပါတယ် ခင်ဗျ။ ဒီဖျော်ရည်အရောအစပ်ကို စာဖတ်သူတို့ နေ့လယ်စာ သို့မဟုတ် ညစာစားသောက်ပြီးချိန်မှာ သောက်သုံးနိုင်ပါရဲ့။ စပျစ်သီးဖျော်ရည်ဟာ နှလုံးအတွက်ကောင်း တယ်လို့ လူသိများပါတယ်။

Ingredients - ပါဝင်ပစ္စည်းများ
နာနတ်သီး - ၁ ခြမ်း (တစ်လုံးကို တစ်ခြမ်းပိုင်းထားတာ)

စပျစ်သီး - ၁ ခွက်စာ (နာနာတ်သီးအရွယ်အစားနဲ့ ချင့်ချိန်ပြီး စပျစ်သီးအနည်းအများချိန်ထည့်ပါ)

ပြင်ဆင်ပြုလုပ်ပုံ

အသီးအနှံတွေအကုန်လုံးကို သန့်စင်ပြီးသကာလ Blender ခပ်သန့်သန့်ထဲသို့  အနည်းငယ်ပိုမာတဲ့ နာနတ်သီး၊ ပြီးမှ စပျစ်သီးတို့ကိုအဆင့်ဆင့်တစ်ခုပြီးတစ်ခုထည့်မွှေပါ။ အဖတ်ပါစားချင်သေးတယ်ဆိုရင် No.2 လောက်နဲ့မွှေပေါ့။

ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုရင် သန့်ရှင်းသော ဖန်ခွက်တစ်ခုထဲသို့ထည့်ကာ လတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

(အပိုဆောင်း သကြားတွေ တခြားပါဝင်ပစ္စည်းတွေထပ်မထည့်ဘဲ သဘာဝအချိုဓာတ်ကိုသာ ကျေနပ်စွာသောက်သုံးကြည့်ပါ)

‘ဒီနေ့အတွက် သဘာဝဖျော်ရည် (၁၀)’
‘Oishi’ လို့ ပါးစပ်က ရေရွတ်မိရလာက်အောင် အရသာရှိလှတဲ့ ဖျော်ရည်တစ်မျိုးနဲ့မိတ်ဆက်ပေးပါ့မယ်။ အထူးတလည်တော့မဟုတ် ပါဘူး။ ငှက်ပျောသီး(Banana) နဲ့ စတော်ဘယ်ရီသီး (strawberry) သီးနှစ်မျိုးစပ်လေးပါ။ (များသောအားဖြင့် milk shake သဘော လုပ်သောက်ကြတာများပါတယ်)။ အခုပြောပြမယ့် ဖျော်ရည်လေး မဖျော်စပ်ခင်မှာ လိုအပ်ချက်က စတော်ဘယ်ရီသီးတွေကောင်းကောင်း ရင့်မှည့်ရမယ် နောက်ပြီး ကြေညက်နေအောင် မွှေ သို့မဟုတ် ကြိတ်ခြေထားရပါမယ်။ အချို့တွေကတော့ စတော်ဘယ်ရီကို စက်နဲ့ အဖတ်မပါအောင် စစ်ပစ်လိုက်တာပဲဖြစ်ဖြစ် ခြေပစ်လိုက်တာပဲဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။ ကျွန်တော်ကတော့ အရမ်းကြီးကြိတ်ခြေ ထားတဲ့အခြေအနေမျိုးမဟုတ်ဘဲ သောက်လို့အဆင်ပြေစေမယ့် အဖတ်အနေအထားလောက်လေးဆိုရင် တော်ပါပြီ။
အစာကြေတယ် ရင်ချောင်တယ် အားအင်ပြည့်တယ်ဆိုတာတွေကို ခံစားရရှိစေမှာပါ။ စတော်ဘယ်ရီကရရှိမယ့် ဓာတ်တွေ၊ ငှက်ပျောသီး ကရရှိသော ဓာတ်တွေ၊ ပေါင်းစပ်ထည့်မယ့် နို့ကရမယ့် ဓာတ်တွေကြောင့် ကလေးကော လူငယ် လူကြီးကော အကုန်လုံးအတွက် အဆင်ပြေစေမှာသေချာပါတယ်။
ကျွန်တော်ပြောတဲ့အထဲမှာ သကြားကိုထပ်ပေါင်းထည့်ဖို့မပြောထားဘူးနော်။

Ingredients - ပါဝင်ပစ္စည်းများ
အရွယ် အလယ်အလတ်ရှိ စတော်ဘယ်ရီသီး - ၈ လုံး

ငှက်ပျောသီး - ၃ လုံး

နို့ - ဖာလူဒါခွက် တစ်ဝက်စာ

ပန်းသီး - အစိတ်ကြီး ၂ စိတ်

(ပါဝင်ပစ္စည်းတွေက နမူနာပြောပြထားတာနော် အတိုင်းအဆကိုတော့ ကိုယ်သောက်နိုင်မယ့်အနေအထားနဲ့ချိန်ပေါ့နော်)

ပြင်ဆင်ပြုလုပ်ပုံ

အသီးအနှံတွေအကုန်လုံးကို သန့်စင်ပြီးသကာလ Blender ခပ်သန့်သန့်ထဲသို့  ငှက်ပျောသီ ထည့်မွှေ၊နောက် မညက်တညက် ကြိတ်ချေထားတဲ့ စတော်ဘယ်ရီ ထပ်ထည့်ကာမွှေ၊ အားလုံးအနေတော်ဖြစ်ချိန်မှာ ကြိုချက်ထားသော နို့ကိုထည့်ကာ နံပါတ်သုံးလောက်နဲ့ ရောသမမွှေ ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုရင် သန့်ရှင်းသော ဖန်ခွက်တစ်ခုထဲသို့ထည့်ကာ လတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

(အပိုဆောင်း သကြားတွေ တခြားပါဝင်ပစ္စည်းတွေထပ်မထည့်ဘဲ သဘာဝအချိုဓာတ်ကိုသာ ကျေနပ်စွာသောက်သုံးကြည့်ပါ)

ကျွန်တော်ရေးထားတာတွေက လိုတာရှိမယ် ပိုတာရှိမယ်။ အဲ့ဒါလေးကိုတော့ နားလည်ပေးပါဦးလို့ သူငယ်ချင်းတို့ကိုတောင်းပန်ပါရစေ။

Alex Aung (21 Aug 2015)

No comments: