Thursday, August 6, 2015

အုန်းထမင်း - ကြက်သားဆီပြန် - ဘာလချောင်ကြော် - ချဉ်ပေါင်းဟင်းချို




သူငယ်ချင်းတို့ရေ သူတကာတွေ စားသောက်ဖို့ဒုက္ခရောက်နေချိန်မှာ ဟင်းချက်နည်း ဝေမျှလို့ စိတ်တော့မရှိပါဘူးနော်။ လူဆိုတာ အလုပ်သာမလုပ်ချင် မလုပ်မယ် အစားအသောက်ကတော့ စားချင်သားပဲဗျာ။ အခုလတ်တလော အုန်းထမင်းစားချင်စိတ်ဖြစ်မိတာ ကြောင့် အုန်းထမင်းလေးချက်မယ် ကြက်သားဟင်းဆီပြန်လေးနဲ့ အအီပြေချဉ်ပေါင်ရွက်ဟင်းချိုလေးရယ် ဘာလချောင်ကြော်လေးရယ် လုပ်စားကြမယ်နော်။

ကိုယ့်ဝန်းကျင်မှာရှိတာလေးနဲ့ချက်ပြုနိုင်ဖို့ အွန်လိုင်းအနှံ့ခြေဆန့်ထားပါတယ် သူငယ်ချင်းတို့အဆင်ပြေပါစေ။

အုန်းထမင်း
လိုအပ်သော စာရင်းနှင့်ပြင်ဆင်ခြင်း

(၁) ဆန် ၅ လုံး(ဆန်ချိန်သောကော်ခွက်ဖြင့်) - ဆန်ကိုဆေး၍ ဇကာဖြင့်စစ်ထားပါ။ (၂) အုန်းနို့ဘူး တစ်ဘူး (ယိုးဒယားထုတ် နို့ဆီဘူးအရွယ် အုန်းနို့ဘူး) (၃) ဆား - လက်ဖက်စားဇွန်း (၁)ဇွန်း၊ သကြား - လက်ဖက်စားဇွန်း ၁ ဇွန်း (၄) ကြက်သွန်နီ (အခွံနွှာထားသော ကွမ်းသီးလုံးအရွယ် ၅ လုံး အလုံးသေးများမရပါက ရိုးရိုးကြက်သွန်နီကိုတစ်ခြမ်းခြမ်း တစ်ခြမ်းကို လေးစိတ်ပိုင်းပေးပါ) (၅) ဆီ (ထမင်းစားဇွန်း ၁ဇွန်း)

စတင်ချက်ပြုတ်ခြင်း
ဒယ်အိုးတစ်ခုထဲမှာ ဆီကို ထမင်းစားဇွန်းတစ်ဇွန်းထည့်၊ အုန်းနို့ ဘူးဖောက်ထည့်၊ ဆား/သကြား လက်ဖက်စားဇွန်းတစ်ဇွန်းစီထည့်။

၎င်းကို မီးမျှင်းမျှင်းနဲ့ အပူပေး၍ မူလအုန်းနို့ဘူး၏ ၂/၃ (သုံးပုံနှစ်ပုံ) ရအောင်ကြိုပါ။

၅ လုံးဆန့် ထမင်းအိုးထဲမှာဆေး၍ စစ်ထားသော ဆန် ၅လုံးထည့်၊ ရေ ၄ ခွက်ခွဲအတိထည့်၊ ကြိုထားတဲ့အုန်းနို့ ၁ခွက်ထည့်၊ ဥတစ်လုံး ကြက်သွန်နီ ၅လုံး (သို့) လှီးထားတဲ့ကြက်သွန်နီထည့်၊ ပြီးရင် ခလုပ်နှိပ်၍ချက်ပါ။

ထမင်းမကျက်မီ (၁၀)မိနစ်အလိုမှာ ထမင်းချက်အိုးအဖုံးကိုဟ၍ အထဲမှထမင်းများကို အထက်အောက်သမအောင် မွှေပေးပါ။
ထမင်းချက်အိုးမှ ထမင်းကျက်ကြောင်းအချက်ပြ၍ (၁၀)မိနစ် နေပြီးလျှင် အုန်းထမင်းစား၍ရပါပြီ။

ကြက်သားဆီပြန်

လိုအပ်သော ပစ္စည်း
ကြက်တစ်ကောင် - ကြက်သွန်နီ ၅ ဥ - မဆလာ

ချက်ပြုတ်နည်း
ကြက်တစ်ကောင်လုံးကို အရွယ်တော်အတုံးများတုံးပြီး ရေဆေးကာ ဆား ၊ ဟင်းခတ်မှုံ့၊ ငံပြာရည်၊ နနွင်းဖြင့်နယ်ပါ။

ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးပါ။ ပြီးနောက် ဒယ်အိုးပြားကိုမီးပေါ်တင်ကာ ဆီ ဟင်းချက်ဇွန်းဖြင့် (၃)ဇွန်းည့်ပါ။

 ဆီကျက်လာလျှင် နနွင်းအနည်းငယ်ထည့်ကာ ပါးပါးလှီးထားသော ကြက်သွန်နီကိုထည့်ပါ။ ကြက်သွန်ကျက်ကာနီးတွင် ငရုတ်သီးမှုံ့လက်ဖက်ရည်ဇွန်းဖြင့်  ၂ဇွန်းထည့်ပါ။ ကြက်သွန်ကျက်လျှင် နယ်ထားသောကြက်သားကိုထည့်ကာ ဆား ဟင်းခတ်မှုန့် ငံပြာရည်ထည့်ကာ ၅မိနစ်လောက်မွှေပေးပါ။ ကြက်သားတင်းလာလျှင် ရေကို ကြက်သားဖုံးရုံထည့်ကာ မီးပြင်းပြင်းဖြင့်တည်ပါ။

 (၁၅) မိနစ်လောက်တည်ပြီး ရေခမ်းလျှင် မဆလာ လက်ဖက်ရည်ဇွန်း (၁)ဇွန်းထည့်ကာ ဆီပြန်လာသည်အထိ မွှေပေးပါ။ 

ဆီပြန်လာပြီး မဆလာအနံ့မွှေးလာလျှင် ကြက်သားဆီပြန်အိုးကို မီးဖိုပေါ်မှချနိုင်ပါပြီ။

ဘာလချောင်ကြော်

လိုအပ်သောပစ္စည်းများ

အမှုန့်ကြိတ်ထားသော ပုဇွန်ခြောက် (၂၅) ဂရမ် ၊ ကြက်သွန်နီ  ၅ ဥ (ပါးပါးလှီးထားပါ)၊ ကြက်သွန်ဖြူ (၁) ဥ (ပါးပါးလှီးထားပါ)၊ ငရုတ်သီး မီးလှော်မှုန့်

ကြော်လှော်နည်း
ဒယ်အိုးပြားထဲသို့ ဆီ ဟင်းချက်ဇွန်းဖြင့် ၅ဇွန်းလောက်ထည့်ပါ။ ဆီပူလာသောအခါ နနွင်းအနည်းငယ်ထည့်၍ ပါးပါးလှီးထားသော ကြက်သွန်နီကို အ၀ါရောင်သမ်းလာသည်အထိကြော်ပါ။ ကြက်သွန်ဖြူကိုလည်း ထိုနည်းတူစွာကြော်ပါ။ ကြော်ထားသော ကြက်သွန် ဖြူ နီတို့ကို ပန်းကန်ပြားထဲတွင် ဆယ်ယူထည့်ထားပါ။

လက်ကျန်ဆီကို မီးပေါ်ပြန်တင်ပြီး အမှုန့်ကြိတ်ထားသော ပုဇွန်ခြောက်ကို ထည့်ပြီး ၅မိနစ်လောက်ကြာလျှင် ငရုတ်သီး မီးလှော်မှုန့်ကိုထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ကြော်ထားသော ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ကာ ဆား၊ ဟင်းခတ်မှုန့်လိုသလိုထည့်၍ အားလုံးသမအောင်မွှေပေးပါ။ ခဏကြာလျှင် အရသာရှိသော ဘာလချောင်ကြော်ကို အသင့်စားနိုင်ပါပြီ။

ချဉ်ပေါင်ရည်ကျဲ ဟင်းရည်အတွက် ပြင်ဆင်ချက်ပြုတ်ပုံ
ချဉ်ပေါင်ရွက် - တစ်စည်း (အရွက်ချည်းခြွေ၍ ရေဆေးထားရန်)
မျှင်ငါးပိ(အချိုစား) - ကွမ်းသီးလုံးခန့်
ကြက်သားမှုန့်၊ဆား - အနည်းငယ်
ကြက်သွန်ဖြူ -  ၅မြွှာ (အရံသင့် ထုထောင်းထားပြီး)

အနေတော် ဒန်အိုးထဲတွင် ချဉ်ပေါင်ရွက်၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၊ ဆားနှင့် မျှင်ငါးပိကို ရေအနည်းငယ်ဖျော်ထည့်ပါ။ရေကို နို့ဆီဘူး ၄ဘူးခန့်ထည့်ပြီး ဆူပွက်တဲ့အထိ တည်ပါ။ ချဉ်ပေါင်ရွက်များ၊ နူးပြီး အစိမ်းနံ့ ပျောက်သွားပြီဆိုရင် အရသာမြည်း၍ သုံးဆောင်နိုင်ပါပြီ။ ဟင်းအစပ်အဟပ်က ချိုချဉ်စပ်တွဲနေလို့ ဒီကနေ့အတွက်တော့ ထမင်းစားမြိန်စေမယ့် ဟင်းအတွဲအဖက်တစ်မျိုးပါ။

အုန်းထမင်း+ကြက်သားဆီပြန်ဟင်း+သရက်သီးပိုးတီသုပ်+ငံပြာရည်ကြော်/ဘာလချောင်ကြော်+ချဉ်ပေါင်ဟင်းချို စားလိုက်ရရင်ဖြင့်…..

Credit: www.myanmarcupid.net 

No comments: