Sunday, August 9, 2015

သိပ်ကောင်းလယ် အိဖောင် . . .




သိပ်ကောင်းလယ် အိဖောင် …

ငါတို့အခု ရောက်နေတဲ့ ဒီနိုင်ငံဟာ နတ်ပြည်ကြီးပါ။ အိဖောင်၊ တကယ့်နတ်သားကြီးတွေ နေတဲ့ နတ်ပြည်ကြီးပါ။ဗုဒ္ဓဝင်ကျမ်းတွေမှာ လူ့ပြည်က နှစ်ပေါင်းတစ်ရာဟာ နတ်ပြည်က တစ်ရက်လို့ဆိုတယ် မဟုတ်လား။ အိဖောင်၊ ဘာပြောလယ်..အိဖောင်။ဒီနိုင်ငံဟာ ငါတို့ ဂုတ်ခွစီးသမျှခံ၊ ငါတို့ သွေးစုပ်သမျှ ခံနေတဲ့ အာပလာနိုင်ငံလေးပါ ဟုတ်လား။မီပြောပါနဲ့..အိဖောင်။ ဒီ နိုင်ငံဟာ နတ်ပြည်ကြီးဆိုတာ ငါ ကောင်းကောင်း သိသွားပြီ အိဖောင်။သူတို့ နိုင်ငံက နတ်ပြည်ကြီးဆိုတာ ငါရှင်းပြမယ်အိဖောင်။

ငါတို့လေ၊ သူတို့ဆီက ဈေးချောင်ချောင်နဲ့ဓာတ်ငွေ့တွေရတယ် အိဖောင်၊ ရေအားလျှပ်စစ်တွေ ရတယ် အိဖောင်၊ သူတို့က အမှောင်ခံပြီး ငါတို့ ပြည်မကြီးလင်းစေဖို့ ဓာတ်အားတွေရောင်းစားတယ် ဆိုကတည်းက သူတို့ဟာ ကိုယ်ရောင်ကိုယ်ဝါနဲ့ ထွန်းလင်းနိုင်တဲ့ နတ်ပြည် သူတွေဖြစ်လို့ ဖြစ်မယ်လို့ ငါတွေးမိတယ် အိဖောင်၊ ဟော့ ကြေးနီသတ္တုတွင်းကြီးကိုလည်း ငါတို့ ပေါချောင်ကောင်းရ လယ်အိဖောင်။ သူတို့ဆီကအောက် လူတချို့က ကလန်ကဆန် လုပ်တော့ သူတို့ဆီက ငါတို့မိတ်ဆွေတွေ အထက်လူတွေက မီးသတ်ပိုက်နဲ့ဖြန်းတာ အားလုံးမီးလောင် ကုန်တယ် အိဖောင်။

ရေနဲ့ဖြန်းလို့ မီးလောင်တာ နတ်တန်ခိုးတွေပဲပေါ့ အိဖောင်။ ငါတို့ကျေးဇူးကလည်း သူတို့ အပေါ်အကြီးသား မဟုတ်လား အိဖောင်။ ငါတို့က သစ်သားတူလုပ်ဖို့က အစ သူတို့ဆီက သစ်တွေခုတ်လို့ရတယ် အိဖောင်။ ဟိုဘက်က တိုင်းရင်းသား လက်နက်ကိုင်ဆို တဲ့ ကောင်တွေကို လက်ခံပြီး မီးရှို့ပေး။ ဒီဘက်က အစိုးရဆိုတဲ့ကောင် တွေကို ရန်တိုက်ပေး။ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက်သတ်နေချိန် ကျတော့သူတို့ လူသတ် စရိတ်လိုပြီမဟုတ်လား အိဖောင်။ အဲ့ဒီတော့မှ … သူတို့က သစ်ခိုးထုတ်ခွင့်ရော၊ တရားဝင် ထုတ်ခွင့်ပါ ငါတို့ ကို ရောင်းကြရ တော့မယ် အိဖောင်..ကဲလာ ထား…ငါတို့ ပေသီးလေးတစ်လုံးနှစ်လုံးခေါက်ပြနေယုံပဲ။ ဈေးပြိုင်စနစ်နဲ့ သစ်တွေခုတ် ဖို့ နေရာရောင်းပေးကြလိမ့်မယ် အိဖောင်။ ငါတို့က သစ္စာရှိတဲ့လူမျိုးပါ အိဖောင်။

သူတို့ကို မတရားမလုပ်ပါဘူး။ သူတို့က သစ်ခုတ်ပါဆိုတာနဲ့ ငါတို့က ပြီးစလွယ်မခုတ်ခဲ့ပါဘူး။ ကျန်ရစ်တဲ့ အမြစ်တွေကိုပါ နုတ်ပြီး တို့နိုင်ငံ ကို အပင်ပန်းခံ သယ် သွားပေးခဲ့ပါတယ် အိဖောင်။ငါတို့စေတနာတွေ သူတို့နား လည်မှာပါ အိဖောင်။ ဒါကြောင့်လည်း ငါတို့ကျေး ဇူး မြင့်မိုရ်ဦးဆိုပြီး သူတို့ဆီကဝန်ကြီး တွေက ပြောပြောနေတာ မဟုတ် လား အိဖောင်။ အခုကြည့်စမ်း အိဖောင်။ ငါတို့ သစ်တွေ ခုတ်ပေး၊ မြစ် တွေဖြုတ်ပေးတဲ့ ကျေးဇူးကြောင့် သူတို့ဆီကလူတွေ ပင်လယ်ကမ်း ခြေကို အပန်းဖြေထွက်စရာမလိုဘဲ ကုန်းခေါင်ခေါ င်လှေစီးနေတာမှတစ် နိုင်ငံလုံးပျော်စရာကြီးပေပဲ အိဖောင်။ ဒီနိုင်ငံဟာ နတ်ပြည်ဆိုတော့ အဲ့ဒီလို နတ်စည်းစိမ်တွေက အလို လို ရောက် လာတာပဲ အိဖောင်။ နေရာတကာ အေးမြတဲ့ သီ တာရေစင်တွေ လွှမ်းမိုးတာပေါ့ အိဖောင်။ ငါတို့မိတ်ဆွေ ဒီနိုင်ငံရဲ့ လူ ကြီးတွေရဲ့ ဘုန်း တန်ခိုးကြောင့်ရေ တွေ ဖွံ့ဖြိုးတိုးတက်လာတာလည်း ပါတာပေါ့ အိဖောင်။

နောက်ပြီး ငါတို့သစ်ခုတ်ခဲ့ တဲ့ကျေးဇူးတွေကြောင့် ရေတွေ တက်တော့ တစ်သက်လုံးက မညီ ညွတ်တဲ့သူတို့ဆီကနိုင်ငံရေး သမား တွေ၊တပ်မတော်သားတွေ၊ ပရဟိတ သမားတွေ ငါတို့ ကျေးဇူးကြောင့် စည်းလုံးကုန်ကြတယ်..အိဖောင်။ ဒါပေမဲ့ ကြာကြာမခံပါဘူး အိဖောင် …။ အဲဒီက တချို့ မျိုးချစ်ဆိုလား ဘာဆိုလားအဖွဲ့က ကိုယ်တော် တွေကတော့ သူတို့မကြိုက်တဲ့ ပါတီက ပရဟိတသမား ဆိုသူတို့ ခွင့်ပြုမိန့်ယူပြီးမှ ဝင်လုပ်ရမယ် လုပ်ရောတဲ့ အိဖောင်။ ဒီကိုယ်တော်တွေဆိုတာက သူတို့ မကျေနပ်တဲ့လူမျိုးဆို.. အမြစ်ဖြုတ်ပစ်တာများတို့ဆီက ရှောင်လင်သိုင်း ထက်တောင်မြန်တယ် ဆိုတာ မင်းအသိသားပဲ အိဖောင်။ ဟုန်းခနဲဆို ပြာကျပြီးသား မဟုတ်လား ..အိဖောင်။ တို့ခုလို မန်းစလေးမှာ မြို့ရိုး နဲ့ကျုံးနဲ့ အတည်တကျ လေးအေး အေးဆေးဆေး ဖြစ်နေတာတော့ ကိုယ်တော်တွေရဲ့ ကျေးဇူးပဲ အိ ဖောင်။ ဒီနတ်ပြည်လို နိုင်ငံမှာတော့ ဒီကိုယ်တော်တွေ သိပ်တန်ခိုးကြီးတယ် အိဖောင်။ ငါတောင် စဉ်းစားမိတယ် အိဖောင်၊ ပရဟိတသမားတွေ ဝင်လာရင် သူတို့ ခွင့်ပြုမိန့်ယူရမယ်ဆို တော့ …ပရဟိတသမားတွေ မလာခင်တက်လာတဲ့ တစ်ပြည်လုံးက ရေတွေလည်း သူတို့ခွင့်ပြုမိန့်ရမှ မြို့ထဲ ဝင်ကြမယ်ဆို သိပ်ကောင်း မှာပဲ အိဖောင်။

အို..ဒါပေမဲ့ သူတို့က နတ် ပြည်သားတွေပဲ အိဖောင်။ တိုင်းပြည်ရေနစ်လည်း လေ ပစ်ပြီး အချင်းချင်းရန်ဖြစ်ကြ တာနဲ့ ပျော်နေကြ တာပါ။ နောက်ဆုံး ငါတို့ဆီက ပစ္စည်း တွေ ပိုရောင်းကောင်း၊ သူတို့ဆီက ပစ္စည်းတွေအချောင်ရ ဒါကအရေး ကြီးတာမဟုတ်လား အိဖောင်။ အဲ..အိဖောင်..သူတို့ ပြည်မှာ တို့သိပ်ကြိုက်တဲ့ ဇိမ်ခံ ဆေးပြားလေးတွေလည်း သိပ်ပေါသတဲ့ အိဖောင်။အခု တစ်လောေ လးတင်..သူတို့ရန်ကုန်မြို့မှာ ဒေါ်လာသန်း ချီတန်း ဇိမ်ခံဆေးပြားကားကြီးကို ရဲတွေက ကောက်ရသတဲ့ မောင်။ ဒီလောက်တန်တဲ့ စိတ်ကြွဆေးပြားတွေကို ကားအစုတ်နဲ့တင်ပြီး ရဲတွေ့တာနဲ့ကားထားပြီးထွက် ပြေးရောတဲ့မောင်။ သူတို့လူမျိုးချင်းမို့ ပြေးတာပါ အိဖောင်။ ငါတို့သာဆို မပြေးဘူး။ ငါတို့ လူမျိုးတွေဆို အဲ့ဒီနတ်ပြည်က လူတွေက သိပ်စေတနာထားတယ် မဟုတ်လား အိဖောင်။ ငါတို့သာဆို ဟိုလိုလို ဒီလို လိုနဲ့ ပြည်မပြန်ပို့ပေးမှာ သေချာတယ် အိဖောင်။ သိပ်သဘောကောင်းတဲ့ လူမျိုးတွေပဲ အိဖောင်။ အောင်မယ်..နတ်ပြည်လို့ ငါပြောတာကို မရှင်းသေးဘူး ဟုတ်လား အိဖောင်။ ဟိုတလောက ငါတို့တစ်တွေ ကချင်ပြည်နယ်မှာ အုပ်စုလိုက် သစ်တွေခုတ်တယ် အိဖောင်။ ငါတို့ကို ဖမ်းသတဲ့ အိဖောင်။ မိတယ် အိဖောင်။ငါတို့ကိုသူတို့ထောင်တစ်သက် တစ်ကျွန်းချလိုက်တယ် အိဖောင်။ တစ်သက် တစ်ကျွန်းဆိုတာ အကြာကြီးပဲလို့ ငါထင်ထားတာ အိဖောင်။ အခုတော့ လွတ်ငြိမ်းချမ်းသာ ခွင့်တဲ့..ငါတို့ကိုလွှတ်တယ်အိဖောင်။ ငါ တို့တွေ တခြားလူတွေကို လွှတ်ပြီး သူတို့က ကျောင်းသားအထူးအကျဉ်းထောင်၊ အလုပ်သမား အထူးအကျဉ်းထောင်၊ လယ်သမား အ ထူး အကျဉ်းထောင်တွေ ဖွင့်မလို့ ဖြစ်မယ်လို့ ငါထင်တယ် အိဖောင်။ဒီနိုင်ငံမှာက အဲ့ဒီသုံးမျိုးပဲ ထောင်သက်ရှည်တတ်တာ မဟုတ်လား အိဖောင်။ ဘာပဲဖြစ်ဖြစ် သစ်တောပြုန်း အောင် ခုတ်ပစ်မှ ငါတို့ထောင် ခုနစ်ရက်ကျော်ပဲ နေလိုက်ရတယ် အိဖောင်။ ငါ့စိတ်ထဲ ဟ…ဒီနိုင် ငံက တစ်သက်တစ်ကျွန်း ဆိုတာ ခဏလေး ပါလားပေါ့။ ဟုတ်တယ်အိဖောင်။ နင် ဗုဒ္ဓကျမ်းစာတွေ ဖတ် ကြည့်..လူ့ပြည် က နှစ် တစ်ရာဟာ နတ်ပြည်က တစ်ရက်တဲ့။ ဒါကြောင့် လူ့ပြည်က တစ်သက်တစ်ကျွန်းဆိုတာ ဒီနိုင်ငံမှာရှစ်ရက်လောက်ပဲ ကြာတယ်။ ဒီတော့ ဒီနိုင်ငံဟာ နတ်သက် တမ်းနဲ့ ရေတွက်ပြီး ထောင်ချတာ ဖြစ်မယ်လို့ ငါတွေးမိတယ်အိဖောင်။ သိပြီလားအိဖောင်။ ဒီနိုင်ငံဟာ နတ်ပြည် ပါလို့ ငါ ပြောတာ နင်ယုံပြီမှတ်လား အိ ဖောင်။ ဒီနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်ရတာ သိပ်ကောင်းလယ်။

သိပ်ကောင်းလယ် …အိဖောင်။

သိပ်ကောင်းလယ်…အိဖောင်။

သိပ်..သိပ်..ကောင်း လယ်..အိဖောင်။

ဗြိတိသျှ ကိုကိုမောင်

Credit: www.popularmyanmar.com 

No comments: