Wednesday, August 12, 2015

လိင်ဝန်ဆောင်မှု ခရီးသွားလုပ်ငန်းတဲ့လား ...




သိ၍ ရေးသည်ပဲလား၊ မသိဘဲ ရမ်းရေးသည် လားတော့မသိ။ ဂျာနယ်တစောင်က လုပ်ချလိုက် သည်မှာ လိင်ဝန်ဆောင်မှု ခရီးသွားလုပ်ငန်းတဲ့။ ဧည့်လမ်းညွှန်မလေးများက နိုင်ငံခြားသားများကို လိင်ဝန်ဆောင်မှုပေးနေသလိုလို ရေးထားသည်။ သူတို့ထောက်ပြသောအကိုးအကားမှာ တရုတ်တန်း ၁၉ လမ်း ဘီယာဆိုင်တဆိုင်၌ ဧည့်လမ်းညွှန် (ဖြစ်ပုံရသော) ကောင်မလေးတယောက်သည်၊ လူငယ် နိုင်ငံခြားသားတယောက်နှင့် အများမြင်ကွင်းတွင် ကယုကယင် ယုယကြင်နာနေကြသည်မှာ ညားခါစ လင်မယားသဖွယ် ရှိပါပေသည်တဲ့။ 

အမျိုးဂုဏ်ကို မစောင့်၊ အရှက်အကြောက်မရှိ ပြုမူနေသဖြင့် လိင် ၀န်ဆောင်မှု ခရီးသွားလုပ်ငန်းဖြစ်နေသည်ဟု ရေးသားထားတာ ဖတ်ရပါသည်။ သတင်းစာလောက အနေနှင့်ပြောရလျှင် လူကိုခွေးကိုက်တာ သတင်းမဟုတ်၊ ခွေးကိုလူကိုက်တာသတင်းဟုဆိုလေ့ရှိသဖြင့် ဤဆောင်းပါးသည် သတင်းထူးဖြစ်သည်။ လူစိတ်ဝင်စားမည့် သည်းခြေကြိုက်သတင်းဖြစ်သည်။ သို့သော် အင်္ဂလိပ်ဘာသာတွင် Too good to be true ဟူသော စကားပုံရှိသည်။ ''သတင်းက အရမ်းကို ကောင်း လွန်းနေတယ်၊ ဒါပေမဲ့ ဟုတ်ကော ဟုတ်ပါ့မလား'' ဟူသော အဓိပ္ပာယ်ဖြစ်သည်။ 

ကျွန်တော်သည် သတင်း မီဒီယာလောကတွင်ရော ခရီးသွားလုပ်ငန်းတွင်ပါ နှစ်ဖက်စလုံး ထဲထဲဝင်ဝင်သိနေဖြင့် သတင်းတပုဒ် တက်လာလျှင် ချင့်ချိန်ပြီးမှယုံပါသည်။ လေ့လာဆန်း စစ်မှုကို မိမိအသိဥာဏ်ဗဟုသုတနှင့် ဆန်ခါတိုက် ချပြီးမှ ယုံပါသည်။ တိုးရစ်လောကကို ဂျာနယ် သမားများသည် သေသေချာချာမသိနိုင်။ စာနယ်ဇင်း လောကကိုလည်း ခရီးသွားလုပ်ငန်းမှလူများ အပြည့် အစုံနားမလည်နိုင်။ ကျွန်တော်မည်သည့်ဘက်သို့မျှ မလိုက်ဘဲ ရေးပါမည်။

ဂျာနယ်လစ်များအပါအ၀င် မြန်မာနိုင်ငံတွင် လူတော်တော်များများ နားလည်မှုလွဲနေသောကိစ္စတခု ရှိပါသည်။ ထိုအရာမှာ အခြားမဟုတ် နိုင်ငံခြားသားတယောက်နှင့် တွဲလာသောလူကို ဧည့်လမ်းညွှန် (Tourist Guide) ဟု ထင်တတ်ကြခြင်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားသား အမျိုးသားများနှင့် တွဲလာသောမိန်းကလေးများကို ဧည့်လမ်းညွှန် (ပုဂံ ဒေသကလူတွေအခေါ် ဂိုက်ဒ်မ)ဟု ထင်တတ်ကြ သည်။ သို့သော် ပုဂံကလူတွေကတော့ နိုင်ငံခြားသားများ၊ ဧည့်လမ်းညွှန်များကို မြင်နေကျဖြစ်နေသဖြင့် မည်သူသည်ဂိုက်ဒ်၊ မည်သူသည် ဂိုက်ဒ် မဟုတ်ဘူးဆိုတာ သိကြသည်။ 

ကျွန်တော်တို့ကတော့ ခရီးသွားလုပ်ငန်းတွင် အနှစ် ၂၀ ခန့် အတွေ့အကြုံ ရှိလာပြီးနောက် လူတယောက်ကို မြင်လိုက်တာနှင့် ဂိုက်ဒ်ဟုတ်သည် မဟုတ်သည်သာမက၊ သူသည် မည်သည့် သင်တန်းအပတ်စဉ်က ဆင်းသည်၊ မည်သည့် နိုင်ငံခြားဘာသာစကားပြောသည် (ဥပမာ စပိန်ဂိုက်ဒ်လား၊ ပြင်သစ်ဂိုက်ဒ်လား၊ အီတလီဂိုက်ဒ်လား) ကို တန်းသိပါသည်။ စစ်သားသည် အခြားစစ် သားတယောက်ကို လမ်းလျှောက်ပုံမြင်ရုံနှင့် (ယူနီဖောင်း ၀တ်မထားစေကာမူ)စစ်သားပဲဟု အလွယ် တကူ သိသကဲ့သို့ ကျွန်တော်တို့ ဂိုက်ဒ်များသည် အများအားဖြင့် နိုင်ငံခြားသားနှင့် တွဲလာသူတယောက်ကိုမြင်ရုံမျှနှင့် တရားဝင်လိုင်စင်ရ ဧည့်လမ်းညွှန် ဟုတ်မဟုတ် ခွဲခြားနိုင်ပါသည်။ ၀ါနုသော ဧည့်လမ်းညွှန်ပေါက်စဆိုလျှင်တော့ ထိုသို့ ခွဲနိုင်မှ ခွဲနိုင်ပေမည်။ သို့သော်အများအမြင်တွင် ထိုသို့ခွဲခြားနိုင်သည် မဟုတ်ရကား နိုင်ငံခြားသားနှင့် တွဲလာသောသူတယောက်ကို ဧည့်လမ်းညွှန် (တိုးရစ်ဂိုက်ဒ်) ဟု အလွယ်တကူ ဆုံးဖြတ်လိုက်ကြတော့၏။


ကျွန်တော့် ကိုယ်တွေ့တွေကို ပြောပြပါမည်။ ၂၀၀၅/၂၀၀၆ လောက်က '' . . . ''ခရီးသွားလုပ်ငန်းနှင့် ကျွန်တော် Group Tour တခု ဂိုက်ဒ်အဖြစ်လိုက် ရပါသည်။ ဧည့်သည်များမှာ ရေနွေးငွေ့မီးရထားစက်ခေါင်း ၀ါသနာရှင် အင်္ဂလိပ်များ ဖြစ်ပါသည်။ လူ ၂၆ ယောက်ခန့်ပါသော အဖွဲ့ကြီးဖြစ်သည်။ ထိုအဖွဲ့ခေါင်းဆောင် အင်္ဂလိပ်အဘိုးကြီးသည် တမြို့မှတမြို့ သွားလာလည်ပတ်ရင်း မြန်မာမိန်းကလေးလှလှလေးများကို နေ့စဉ်မြင်တွေ့ရာမှ စိတ်မထိန်းနိုင်တော့ဘဲ သူ့အတွက် မိန်းကလေးတယောက်ရှာပေးရန် ကုမ္ပဏီပိုင်ရှင်ကို ပူဆာပါသည်။ 

ကုမ္ပဏီပိုင်ရှင်ကလည်း သူ့အဆက်အသွယ်ဖြင့် ရန်ကုန်မြို့မှ မစန္ဒာဆိုသော အထက်တန်းစားပြည့်တန်ဆာတယောက်ကို စီစဉ်ပေးလိုက်ပါသည်။ ထိုမစန္ဒာသည် ဂိုက်ဒ် မဟုတ်ပါ။ ရုပ်ရည် အလွန်သန့်ပြန့်ပါသည်။ အင်္ဂလိပ်ဘာသာစကားကို အသင့်အတင့် ပြောနိုင်ပါသည် (အောင်မယ် လက်ထဲတွင် သာလွန် မြန်မာ-အင်္ဂလိပ် စကားပြော အိတ်ဆောင်စာအုပ်ကိုပင် သွားလေရာယူ လာပါသည်)။ ထိုမစန္ဒာသည် တမြို့မှတမြို့သို့ ခရီး သွားလာရာတွင် ကျွန်တော်တို့နှင့် ရထားတစ်စီးတည်း၊ ကားတစ်စီးတည်း အတူမလိုက်ပါ။ 

သို့သော် ကျွန်တော်တို့ရောက်သွားသောနေရာတိုင်းတွင် ဟိုတယ်သို့ဝင်လိုက်သည်နှင့် မစန္ဒာက ကြိုရောက်နေပါသည်။ သူနှင့် နိုင်ငံခြားသားအဘိုးကြီးသည် အခြား တိုးရစ်များ တည်းခိုသောအခန်းနှင့် ခပ်ဝေးဝေးတွင် အခန်းယူ၍ တည်းခိုကြပါသည်။ ညဘက်တွင် သူတို့နှစ်ယောက် (လင်မယားများသဖွယ်) အပြင်သို့ ထွက်လည်ကြပါသည်။ အကြောင်းမသိသူ ဂျာနယ်လစ်တယောက်က တွေ့ခဲ့ပါလျှင် ဧည့်လမ်းညွှန် (တိုးရစ်ဂိုက်ဒ်မလေးက) လိင်ဝန်ဆောင်မှုပေးနေသည်ဟု ထင်စရာဖြစ်သည်။ ကျွန်တော်ကလည်း ကိုယ့်အလုပ် ချိန်တွင် ဘာမှဝင်ရောက်နှောင့်ယှက်ခြင်းမပြုသဖြင့် ဘာမှ မဝေဖန်ခဲ့ပါ။ 

ထိုအမျိုးသမီးသည် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်တို့အထိ တောက်လျှောက်လိုက်ပါလာပါသည်။ ထိုခရီးသွားခေါင်းဆောင် (Tour Leader) အဘိုးကြီးသည် မြန်မာပြည်သို့ မကြာခဏ နိုင်ငံခြားသားများကိုခေါ်၍ လာလည်ရာ သူရောက်လာတိုင်းပင် ခရီးသွားကုမ္ပဏီက မစန္ဒာကို လက်စွဲအဖြစ် လိုက်ပါစေပါသည်။ မြန်မာပြည်သို့ ထိုနိုင်ငံခြားသားကြီး နောက်ဆုံးအခေါက်အဖြစ် ရောက်လာစဉ်က ကျွန်တော်မ,အားသဖြင့် ဂိုက်ဒ်မလိုက်နိုင် သော်လည်း ညစာစားပွဲသို့ ကျွန်တော်တို့ လင်မယားကိုဖိတ်ရာ သွားရောက်စားသောက်သောအခါ အဘိုး ကြီးသည် မစန္ဒာနှင့်နှစ်ယောက်တွဲ ကြွရောက်လာပါသည်။ 

မသိလျှင် လင်မယားနှစ်စုံတွဲလိုလို ဘာလိုလို ဖြစ်နေပါသည်။ ကျွန်တော့်မိန်းမ အနေခက်မည် စိုးသဖြင့် မစန္ဒာသည် ဇယားဆိုတာ ကျွန်တော်ထုတ် မပြောလိုက်ပါ (သို့သော် မိန်းမက ရိပ်မိမည်ထင်ပါသည်)။ ဆိုလိုရင်းမှာ နိုင်ငံခြားသားနှင့် သွားလာစား သောက်တပူးတွဲတွဲနေထိုင်သော မစန္ဒာလို မိန်းကလေး များစွာရှိပါသည်။ မသိသူများအမြင်တွင် ဧည့်လမ်းညွှန် ဟု ထင်စရာပဲဖြစ်သည်။ ကျွန်တော်တို့ ဧည့်လမ်းညွှန်များမှာ လိုင်စင်ကတ်ပြားကြီးကို အမြဲချိတ် ထားနိုင်သည်လည်းမဟုတ်၊ နဖူးတွင် ချိုပေါက်နေသူများလည်း မဟုတ်ရာ အချောင်နေရင်း နာမည်ပျက် ရသည့်ကိန်း ဆိုက်နေပါသည်။

နောက်ထပ်ကြုံရသည်ကိုလည်း ပြောပြပါမည်။ ရန်ကုန်မြို့တွင် နိုက်ကလပ်များစွာ ရှိပါသည်။ ထိုအထဲကမှ တာမွေမြို့နယ်အတွင်းရှိသော ဂျေဂျေ(JJ) နိုက်ကလပ်နှင့် ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း Park Royal ဟိုတယ်မြေအောက်ထပ်တွင် ဖွင့်ထားသော club မှာ အပျော်အပါးကိစ္စအတွက် ထင်ရှားပါသည်။ နိုင်ငံခြားသားများသည် ညအိပ်ဖော်လိုလျှင် ထိုက လပ်များသို့ပဲ သွားပါသည်။ သိမ်ကြီးဈေးအနီးမှ ကလပ်များမှာလည်း ထိုကိစ္စအတွက် ကျော်ကြားပါသည်။

 ကျွန်တော်သည် ထိုကလပ် နှစ်ခုစလုံးသို့ နိုင်ငံခြားသားများနှင့် ရောက်ဖူးပါသည်။ ဂျေဂျေ ကလပ်မှာ အနည်းငယ် လူစည်ကား ရှုပ်ထွေးပြီး အပေါစားမိန်းကလေး အများစုရှိပါသည်။ ထိုကလပ်ဝယ် ညစဉ်ညတိုင်း အရွယ်ကောင်းရုပ်ချောသော ကောင် မလေးတွေ ငါးဆယ်၊ ခြောက်ဆယ်ခန့် တရုန်းရုန်းဖြစ်နေပါသည်။ ကလပ်သို့ ၀င်ကြေးအဖြစ် ယောကျာ်းလေးများမှာ တယောက် ငွေငါးထောင်ကျပ်ပေးရပါသည်။ သူတို့က ဘီယာတဘူး (သို့မဟုတ်) အချိုရည်တဘူး ပြန်ဧည့်ခံသည်။ ကလပ်သို့လာသည့် ယောကျာ်းလေးများမှာ နိုင်ငံခြားသားတ၀က် မြန်မာတ၀က်ခန့်ရှိပါသည်။ နိုင်ငံခြားသားများတွင် အထူးသဖြင့် အရှေ့တိုင်းသားများဖြစ်သော တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားလူမျိုးများ များပါသည်။ 

ဥရောပ တိုက်သားသိပ်မပါပါ။ ကောင်မလေးတွေကတော့ အပြင်မှာတွေ့လျှင် မိန်းမပျက်ဟု နာမည်တပ်ရခက် လောက်အောင် ခေတ်မီလှပ ငယ်ရွယ်ကြသူများပါ သည်။ သူတို့သည် တညအတွက် လုပ်အားခငွေ တသိန်းခန့်တောင်းဆိုကြပါသည်။ ဗမာတွေကတော့ ဈေးဆစ်တတ်သဖြင့် လေးငါးသောင်းနှင့်ရပါသည်။ ဒါ့ကြောင့် ကောင်မလေးတွေသည် ကိုယ့်မြန်မာလူ မျိုးချင်းအနားမကပ်ဘဲ တရုတ်၊ ကုလား၊ ကိုရီးယား၊ အမေရိကန်များနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြတာ များပါသည်။ ကျွန်တော်နားမလည် နိုင်သောအချက်မှာ ထိုနေရာသည် ရန်ကုန်မြို့၏ အကြီးဆုံးပြည့်တန်ဆာဈေးကွက်ကြီးဖြစ်နေပါလျက် သက်ဆိုင်ရာမှ ဘာလို့အရေးမယူသလဲဆိုတာ စဉ်း စား၍မရပါ။ ကလပ်ပိုင်ရှင်များမှာ အခြေအမြစ်ကျကျ လိုက်စုံစမ်းကြည်လျှင် အာဏာပိုင် စစ်ဘက်အရာရှိ ကြီးများနှင့် တဦးမဟုတ်တဦး ပတ်သက်နေတာ တွေ့ရမည်ဖြစ်သည်။ မြန်မာပြည်တွင် မဟုတ်တာမှန်သမျှ ဘက်ဂရောင်းကြီးကြီးလိုသည် မဟုတ်ပါလား။ ထို့ကြောင့်လည်း ပြည့်တန်ဆာများအတွက် လုံခြုံသော အရောင်းစင်တာ (Sex Market) ကြီးဖြစ်နေခြင်းပင်။

 မီးရောင်မှိန်မှိန်တွင် အတတ်နိုင်ဆုံး ဖော်ချွတ်ဝတ်စုံများ ၀တ်ထားကြသော ကောင်မလေးများအပြင် ပြည့်တန်ဆာခေါင်းဖြစ်ဟန်တူသော အသက် ၅၀ ကျော် ၆၀ အမျိုးသမီးကြီးများသည် နိုင်ငံခြားသားများနှင့် တီးတိုး (ပေါ်တင်) ဈေးဆွေးနွေးကြပြီးနောက် ဈေး တည့်သောအခါ ကောင်မလေးက”''ခဏနော် (please wait)''ဟုဆိုကာ နောက်ဖေးဘက်ရှိအ၀တ်လဲ ခန်းထဲသို့ဝင်သွား၏။ ထိုကောင်မလေးပြန်ထွက်လာသောအခါ လူပင်မှားလောက်စရာ ဖြစ်သည်။ ယခင်က (အလုပ်မဖြစ်ခင်) ၀တ်စားထားသော Sexy စတိုင်လ် အ၀တ်အစားများမဟုတ်တော့ဘဲ ထဘီနှင့် မြန်မာ အင်္ကျီနှင့် ကောင်မလေးဖြစ်သွားသောကြောင့် ဖြစ်သည်။ 

ထိုကောင်မလေးသည် မျက်နှာပြုံးရွှင်လျက် နိုင်ငံခြားသားကို လက်ချင်းချိတ်ကာ ဓာတ်လှေကားမှဆင်းသွားပြီး မကြာခင် ရန်ကုန်မြို့အနှံ့ရောက်ချင်ရာ ရောက်တော့သည်။ ဟိုတယ်သို့တန်းသွားချင်သွားမည်။ တရုတ်တန်းမှာ ညစာစားချင် သွားစားမည်။ ရွှေတိဂုံသို့ တက်ဖူးချင်ဖူးမည်။ မြို့ထဲတွင် လက်ချင်းချိတ်၍ လမ်းလျှောက်ချင် လျှောက်မည်။ မည်သူ သိအံ့နည်း။

Park Royal ဟိုတယ် မြေအောက်ထပ်ရှိ ကလပ်မှာ ပို၍သေးငယ်သည်။ သာ၍တိတ်ဆိတ်သည်။ လူပိုနည်းသည်။ သို့သော် အဆင့်အတန်း ကွာလတီ ပို၍မြင့်သည်။ ၀င်ကြေးပေး၍ ကလပ်ထဲဆင်းသွားလျှင် ခပ်ငြိမ့်ငြိမ့် တီးခတ်နေသော တေးဂီတ၀ိုင်းတ၀ိုင်းကို တွေ့ရမည်။ မီးရောင်မှိန်မှိန်ဝယ် Live တီးခတ်ဖျော် ဖြေနေကြသူများမှာ ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသမီးများ ဖြစ်သည်။ ဖိလစ်ပိုင်များက တီးမှုတ်ပြီး သူတို့ကပဲ အင်္ဂလိပ်လို သီဆိုနေကြခြင်း ဖြစ်သည်။ ကလပ်ထဲမှာတော့ မြန်မာမိန်းကလေး ၁၅ ယောက် အယောက် ၂၀ ခန့်ပဲရှိသည်။ 

သို့သော် ထို ၁၅ ယောက်ခန့်မှာ ရုပ်ရှင်မင်းသမီးတမျှ၊ မော်ဒယ်လ်တမျှ လှပကြသူများ ဖြစ်သည်။ ၀တ်ပုံစားပုံက ဂျေဂျေကလပ် မှ ကောင်မ လေးများထက်ပို၍ အဆင့်အတန်းရှိသည်။ တန်ဖိုးကြီး အသုံးအဆောင်များကိုသာ အသုံးပြုသည်။ အချို့သည် ကိုယ်ပိုင်ကားကိုပင် မောင်းလာကြသည်။ သူတို့သည် အင်္ဂလိပ်စကားကို ကောင်းကောင်း ပြောနိုင်သည်။ နုနုနယ်နယ်ချစ်စဖွယ် အထက်တန်းစားပုံ ကလေးများဖြစ်သည်။ သူတို့တွင် မြန်မာနိုင်ငံကူး လက်မှတ်လည်း လက်ထဲတွင် အဆင်သင့်ရှိသည်။ 

ဘန်ကောက်ကို သွားချင်သလား၊ စင်ကာပူသို့ ခရီးဆက်မလား၊ ဖူးခက်ကမ်းခြေသို့ ဟန်းနီးမွန်း ထွက်ချင်သလား၊ သူတို့အလိုရှိသောငွေကိုပေးနိုင်လျှင် အားလုံးအသင့်ရှိသည်။ ဂျေဂျေကလပ်လို မြန်မာ ငွေနှင့်ဈေးစကားမပြော၊ သူတို့လုပ်အားခမှာ ဒေါ်လာဖြင့် တွက်ချက်တောင်းဆိုသည်။ အထည်ချုပ်စက်ရုံမှ အလုပ်သမများ တနေ့လုပ်ခ ၃၆၀၀ ကျပ်ခန့်ရရန် အာပေါက်မတတ် ညှိနှိုင်းနေရဆဲဖြစ်သော်လည်း ထိုနိုက်ကလပ်မှ မမများက တညဒေါ်လာ ၂၅၀- ၃၀၀ မရလျှင် အင်တင်တင်။ မြန်မာဆို လှည့်၍ပင် မကြည့်။ ဈေးဦးမပေါက်၍ ဈေးပေါင်ကျိုးကာမှ မြန်မာကို စိတ်ကူးသည်။ သူတို့ပစ်မှတ်သည် နိုင်ငံခြားသား။ သူတို့ တညတာ တည်းခိုရာအရပ်သည် Sedona တို့၊ Shangrila တို့၊ Park Royal ဟိုတယ်တို့မှ တပြားမှမလျှော့။

 နံနက်စောစော ဟိုတယ်များသို့သွားကာ လေယာဉ်ခရီးအတွက် နိုင်ငံခြားသား သွားခေါ်ရသောအခါများတွင် ဟိုတယ်ဧည့်ကြိုခန်းမ၌ ထိုမမများနှင့် မကြာခဏဆုံဖူးသည်။ မော်ဒယ်လ်ဂဲလ်ပင် ရှုံးလောက်သော အပြင်အဆင်များဖြင့် ဓာတ်လှေကားထဲမှထွက်ကာ ဟိုတယ် Lobby ထဲသို့ ရောက်လာပုံမှာ မသိပါက ကုမ္ပဏီပိုင်ရှင်တွေလား၊ NGO မှ ၀န်ထမ်းတွေလား၊ တိုးရစ်ဂိုက်ဒ်တွေ လားထင်ရသည် (အမှန်မှာ တိုးရစ်ဂိုက်ဒ်များမှာ စာရင်းအင်းများလုပ်ရ၊ ခရီးသွားဖို့ကြိုတင်ပြင်ဆင်ရ၊ တနေ့လုံးလည်း Sightseeing ပြထားရသည့်အပြင် ကမန်းကတန်း အချိန်မီအောင် နံနက်အစောကြီး ထလာရသည့်အတွက် သူတို့လို အခြယ်အသတွေ မလုပ်နိုင်၊ ဖုတ်ပူမီးတိုက် ပုံစံတွေများသည်)။ 

ဟိုတယ်များတွင် ထိုကောင်မလေးတွေနှင့် နံနက် စောစောသွားတိုင်း တွေ့ရဖူးသည်။ ထိုကောင်မလေးတွေကို ဘာတွေမှန်း အစကမသိ၊ တော်တော်လှ၍ သတိထားမိသည်။ နောက်တော့ ကောင်မလေးက တက္ကစီ တစီးငှားသည်။ ဂျပန်အဘိုးကြီးတယောက် ပေါက်ချ လာပြီး တက္ကစီဖိုးရှင်းပေးသည်။ ကောင်မလေးကို ဖက်ပြီး နှုတ်ဆက်သည်။ ထိုအခါမှ ရုပ်ရည်ခပ်သန့်သန့် ကောင်မလေးမှာ ကြက်ပြန်ချိန်တွင် ပေါ်ထွက်လာသော နွမ်းလျအိမ်အပြန်ပါလားဟု သဘောပေါက်မိသည်။ ဟိုတယ်ဝန်ထမ်းတွေအားလုံး၊ တက္ကစီကား ဆရာတွေအားလုံး၊ ဧည့်လမ်းညွှန်တွေအားလုံးကတော့ ထိုကောင်မလေးတွေ ဘာဆိုတာသိနေနှင့်ပြီး ဖြစ်ပါသည်။ ဟိုတယ်လောက၊ ခရီးသွားလောကနှင့်စိမ်း နေသူများတွေ့သွားပါက ဂျပန်နှင့်ညအိပ်ပြီး ပြန်သွားသည့် ဧည့်လမ်းညွှန်မလေးဟု ထင်ယောင်ထင်မှား သတင်းတပုဒ်ဖြစ်လောက်သည်။

တခါက အမေရိကန်တိုးရစ်ကြီး တယောက်သည် ကျွန်တော့်ကို ဧည့်လမ်းညွှန်ငှား၏။ ဧည့်သည်မှာ တယောက်တည်းဖြစ်သည်။ ရန်ကုန်လေဆိပ်မှာ ကြိုလာပြီး သမ္မတဟိုတယ်သို့ ပို့ပေးရုံလေးတင် ဖြစ်သည်။ ထိုခရီးလေး ခဏလိုက်ပေးတာကို ကျွန်တော့်အား မုန့်ဖိုး (tip) ဒေါ်လာ ၁၀၀ ပေး၏။ ထို့နောက် မနက်ဖြန် သူငပလီသို့သွားချင်သဖြင့် လေယာဉ်လက်မှတ် စီစဉ်ပေးနိုင်မလားဟုမေးရာ ကျွန်တော်က စီစဉ်ပေးနိုင်ပါသည်ဟု ပြောလိုက်သည်။ လေယာဉ်လက်မှတ်ရကြောင်း ဖုန်းဆက်ပြောသောအခါ၊ ဂိုက်ဒ်တယောက်ပါ စီစဉ်ပေးပါဟုဆိုသည်။ အမျိုးသမီးဂိုက်ဒ် ဖြစ်ရမည်ဟုပြော၏။ ရရမည်ဟု ကျွန်တော် အာမခံလိုက်သည်။ ထိုအခါ ထပ်မံတောင်း ဆိုလာသည်မှာ ထိုဂိုက်ဒ်သည် အင်္ဂလိပ်စကားသိပ် မတတ်လည်း ရသည်။

ထမင်းစားရေသောက်လောက်ပြောတတ်လျှင်တော်ပြီ၊ သို့သော် သူနှင့်အတူတူ တခန်းတည်းအတူအိပ်ရမည် ဆိုသတည်း။ ထိုအခါမှ ထိုအမေရိကန်လိုချင်သည်မှာ ဂိုက်ဒ်မဟုတ် လိုင်းဖြစ်နေမှန်းသိလိုက်ရကာ မြန်မာနိုင်ငံတွင် မည်သည့်ဂိုက်ဒ်မျှ ထိုသို့မလုပ်ကြောင်း၊ သင်ထိုမိန်းကလေး မျိုးလိုချင်ပါက ညဘက်ကျလျှင် သမ္မတဟိုတယ်မှ လမ်းဖြတ်ကူးရုံနှင့် ရောက်နိုင်သောနိုက်ကလပ်တခုရှိကြောင်း၊ ထိုကလပ်ထဲတွင် များစွာသော မိန်းကလေးများမှာ သင်ငပလီသို့ခေါ်ဆောင်ရာတွင် လိုက်ပါပေးနိုင်မည့် မိန်းကလေးများဖြစ်ကြောင်းပြောဆိုပြီး ထိုလူနှင့်အဆက်ဖြတ်လိုက်ရပါသည်။ ဘယ်လိုဆက်ပြီး စခန်းသွားသလဲ မသိတော့ပါ။ အကယ်၍ ထိုအမေရိကန်ကြီးသည် ငပလီကမ်းခြေတွင် ထိုကလပ်မှကောင်မလေးနှင့် နှစ်ပါးသွား ဟန်းနီးမွန်းထွက်နေသည်ကို လူတွေမြင်ပါက မည်သို့ထင်ကြမည်နည်း။ မပြောတတ်တော့ပါ။

တခါကလည်း အသက်အစိတ်ခန့် အမေရိကန်အမျိုးသမီးနှစ်ယောက်သည် ညစာစားပြီး ဟိုတယ်သို့ပြန်ချိန်တွင် ယခုညအတွက် ယောကျာ်းလေးနှစ်ယောက် အလိုရှိသည်ဟု ဧည့်လမ်းညွှန်ကို ပြောပါသည်။ ဧည့်လမ်းညွှန်မှာ မိန်းကလေး ဖြစ်ပါသည်။ ထိုမိန်းကလေးသည် ဘာလုပ်ရမှန်းမသိ ကြံရာမရဘဲ သိမ်ကြီးဈေးရှေ့နိုက်ကလပ်တခုတွင် ကားကိုရပ်ပေးပြီး ''ငါတော့ မသိဘူး။ အဲဒီကလပ်ပေါ်သာ သွားရှာပေ တော့''ဟုဆိုကာ အမေရိကန်မနှစ်ယောက်ကို ထိုနေရာတွင်ထားခဲ့သည် ဆို၏။

 နောက်တနေ့နံနက်တွင် ပုံမှန်လုပ်ငန်းခွင် Yangon City Tour အတွက် ထိုဧည့်သည်နှစ်ဦးကို သူတို့တည်းခိုရာဟိုတယ်သို့သွားခေါ်ရာ စပ်ဖြဲဖြဲနှင့် အမေရိကန်မနှစ်ယောက် ကားပေါ်တက်လာကြပါသတဲ့။ ဧည့်လမ်းညွှန်မိန်းကလေးက ညကအဆင်ပြေရဲ့လားဟု မေးမြန်းရာ အဆင်ပြေကြောင်း၊ ကျေးဇူးတင်ကြောင်းများ ပြန်ပြောသည်ဟုသိရ၏။ ကျွန်တော်တွေ့ဖူးသော အိန္ဒိယနိုင်ငံသားဧည့်သည်များမှာလည်း တည်းခို မည့် Traders ဟိုတယ်တွင် အထုပ်အပိုးချပြီးသည်နှင့်''မိန်းမရှာပေးပါ၊ မိန်းမ၊ ငယ်ရမယ်၊ လှရမယ်''ဟု အရူးအမဲသားတောင်းဆိုသလို ဆက်တိုက်ပြောနေရာ ကျွန်တော်က ဧည့်လမ်းညွှန်များသည် ဒါမျိုးရှာပေးဖို့ တာဝန်မရှိကြောင်း၊ ကိုယ့်ဘာသာ တက္ကစီငှားစီးပြီး နိုက်ကလပ်များသို့ သွားပါ၊ ဖြစ်လာသည့်ပြဿနာ ကိုယ့်ဘာသာရှင်းပါဟု ပြောလိုက်ရပေ သည်။

 နိုင်ငံခြားသားများထဲတွင် အချို့မိန်းမလျာများလည်း ပါလာတတ်သည်။ သူတို့သည် တိတ်တိတ်ပုန်းယောကျာ်း ရှာတတ်သည်။ များသောအားဖြင့် ကလပ်များသို့ သူ့ဘာသာ ညဘက်ထွက်သွားကြတာ များပါသည်။ အချို့ NGO ၀န်ထမ်းအခြောက်များကတော့ သူတို့အလိုဖြည့်မည့်သူများ ကို ၀န်ထမ်းအဖြစ်လက်သပ်မွေးထားခြင်း၊ အချို့ကလေးချစ်တတ်သလိုလို ဘာလိုလိုဖြင့် နယ်မှကလေးများကို ဟိုတယ်သို့ခေါ်သိပ်ကာ မဟုတ်က ဟုတ်က လုပ်ခိုင်းခြင်းများလည်း ရှိသည်။

လိင်ဈေးကွက်သည် မြန်မာပြည်တွင် သူ့ဘာသာရှိနှင့်နေပြီး ဖြစ်ပါသည်။ နိုက်ကလပ်များ၊ စင်တင်တေးဂီတမှ အချို့မိန်းကလေးများ၊ ဖုန်းဖြင့်အဆက်အသွယ်လုပ်ကြသော ကြေးကြီးပြည့်တန်ဆာများ၊ အွန်လိုင်းမှ ဖောက်သည်ရှာသူများသည် မြန်မာပြည်နေရာအနှံ့ ရှိနေပြီးဖြစ်ပါသည်။ ရန်ကုန်တွင် စာကြည့်တိုက်မရှိသောမြို့နယ်သာ ရှိရမည်၊ ဘီယာဆိုင်၊ KTV နှင့် အနှိပ်ခန်းမရှိသော မြို့နယ်ဟူသည်မရှိပါ။ ရန်ကုန်မြို့တွင် တရုတ်တန်း၊ လမ်း ၂၀ (အနော်ရထာလမ်းနှင့် ဗန္ဓုလလမ်းကြား တရုတ် ဘုံကျောင်းဘေး) ထဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာပင် လိင်ဝန်ဆောင်မှုပေးသော အနှိပ်ခန်းတခုရှိပါသည်။ 

စမ်းချောင်းပဒုမ္မာလမ်းထဲမှာလည်း အနှိပ်ခန်းယောင်ဆောင်ထားသော ပြည့်တန်ဆာခန်းများ ရှိပါသည်။ ကျောက်မြောင်း၊ တာမွေ၊ လမ်းမတော် စသောမြို့နယ်များတွင်လည်း လက်ညှိုးထိုးမလွဲနိုင်အောင်ရှိပါသည်။ ရန်ကုန်တမြို့လုံး မြို့နယ် အနှံ့ဖြစ်ပါသည်။ ညအခါ မင်္ဂလာဈေးအနီးမှ ယခင်တာမွေသုသာန်ဟောင်းနေရာတွင် ဆောက်ထားသော Entertainment အမည်ခံ ပလာဇာကြီး တခုသည် ရန်ကုန်မြို့၏ တရားဝင်လိင်ဈေးကွက်ကြီးဖြစ်ပါသည်။ ညအခါ ပွဲဈေးတန်းကြီးသဖွယ် မီးရောင်တထိန်ထိန်နှင့် လူအများစည်ကားနေ တတ်ပါသည်။ အခြားနိုက်ကလပ်များ၊ KTV များ၊ မာဆတ်များသည်လည်း လိင်ဝန်ဆောင်မှုလုပ်ငန်းကို ၀ိုင်းဝန်းကူညီ ပါဝင်လုပ်ကိုင်နေကြပါသည်။ အချုပ်ပြောရလျှင် မြန်မာနိုင်ငံတွင် လိင်ဝန်ဆောင်မှုခရီးသွားလုပ်ငန်း ရှိနေသည်ဆိုခြင်းမှာ မှန်ကန်ပါသည်။ သို့သော် ဧည့်လမ်းညွှန်များက လုပ်ကိုင်နေကြခြင်း မဟုတ်ပါ။ 

မည်သူတွေက လုပ်ကိုင်ခွင့်ပြု၍ မည်သူတွေက တရားဝင်သဖွယ် လုပ်ကိုင်နေကြသလဲ၊ မည်သူတွေကလိုင်းကြေးယူကာ မသိချင်ယောင်ဆောင်နေကြသလဲဆို၊ မည်မျှကြီးမားသောပုဂ္ဂိုလ်ကြီးများ ရင်းနှီးမြှုပ်နှံမှုလုပ်ထားကြသနည်း။ ဘာကြောင့် အရေးမယူ သနည်းဆိုတာ စာနယ်ဇင်းသတင်းစာဆရာများ ရေဆုံးရေဖျားလိုက်လံ စုံစမ်းရေးသားရမည့်ကိစ္စ ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ အပေါ်ယံကြောကို ကြည့်၍ နိုင်ငံခြားသားများနှင့် တွဲလာတိုင်း ဧည့်လမ်းညွှန်တယောက်ဟု သတ်မှတ်ကာ အလွယ်ပြော၊ အလွယ်ရေး၊ အလွယ်သိက္ခာချနေကြလျှင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေကြမည် ဖြစ်ကြောင်း။ မြန်မာ့လိင် ၀န်ဆောင်မှုလုပ်ငန်းတွင် အာဏာရအသိုင်းအ၀ိုင်းမှ ကြီးစွာခြစားပြီး ပတ်သက်မှုရှိနေသည်ကို မသိချင်ယောင် မမြင်ချင်ယောင်ဆောင်၍ မရပါ ကြောင်း ရေးသားလိုက်ရပါသည်။

သရ၀ဏ်(ပြည်) - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments: