Wednesday, January 22, 2014

Rice ဘာဂါ (Rice Burger)

တော်ဝင်စင်တာက Spicy Forest ဆိုင်က ဆန်ဘာဂါကိုစားလို့သဘောကျနေတုန်း ညီမလေး ၀တ်ရည်က အိမ်မှာကိုယ်တိုင်လုပ်စားလို့ရအောင် ဆန်ဘာဂါလုပ်နည်းကိုပုံလေးတွေနဲ့တင်လာပါတယ်။ ကိုယ်တိုင်လုပ်စားမှာဆိုတော့ လက်မှန်းတော်သူလုပ်တဲ့ဟာက ပိုစားလို့ကောင်းမှာပေါ့နော်။ ကျွန်တော်ကတော့ ကြည့်ပြီး သွားရည်ကျဖြစ်ပါတယ် လက်တွေ့တော့ မလုပ်စားဖြစ်ပါဘူး။
သူငယ်ချင်းတို့အားတဲ့အချိန်မှာ လုပ်စားကြည့်ကြပါဦး တမူထူးပြီးအရသာကောင်းလှပါတယ်။
Rice ဘာဂါ (Rice Burger) (၃လုံးစာ)
ဆန်းလည်း ဆန်းတယ်၊ စားလို့ကောင်းတဲ့ Rice ဘာဂါလေးပါ။ ဘာဂါမှာ ပါမုန့်ကို မသုံးထားပဲ ထမင်းကို ပါမုန့်အစား သုံးထားခြင်း ဖြစ်ပါတယ်။ ထမင်းကို အသားပြားနဲ့တွဲစားရသလို ဖြစ်ပေမယ့် သူမှာ ထူးခြားတဲ့ ဖန်တီးမှုတွေ၊ အများကြီးပါဝင်ပါတယ်။ ခုပဲ rice ဘာဂါကို တူတူလုပ်စားလိုက်ရအောင်…
Rice bun ပါဝင်ပစ္စည်းများ
  • ဆန် – ၂လုံး (ဆန်ကို မဆေးပဲ၊ ချက်နေကျအတိုင်း ထမင်း ချက်ပေးပါ)
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • နှမ်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားပြား ပါဝင်ပစ္စည်းများ
  • ကြက်သား -  ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • ငရုတ်ကောင်းမှုန့်(အဖြူ) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်မြိတ် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် ကြက်သားပြားအတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သား၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ နှမ်းဆီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ) တို့ကို သမအောင် ရောနုယ်ပေးပါ။
၂။ ထို့နောက် အသားများကို  ၂လက်မအရွယ် အ၀ိုင်းပြား ၃၀ိုင်းလုပ်ပေးပါ။
၃။ ပြီနောက် ဒယ်ထဲ ဆီထည့်ပြီ အ၀ိုင်းပြား အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။


၎။ ကြက်သားပြားများ ရပြီဆိုလျှင် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။
၅။ Rice bun အတွက် ချက်ပြီသားထမင်း(၁ခွက်)စာ ပလတ်စတစ်အကြည်ထဲ ထည့်ပြီ ပုံတွင်ပါသည့်အတိုင်း ၂လက်မအရွယ် ထမင်းဝိုင်းပြားဖြစ်အောင် ခပ်ကျစ်ကျစ်လေး ထုပ်ပေးပါ။

၆။ ထိုနည်းအတိုင်း ကျန်rice bun ၅လုံးထပ်လုပ်ပေးပြီ ရေခဲသေတ္တာ(အောက်ထပ်) တွင် ၁၀မိနစ်ခန့် ထည့်ထားပေးပါ။
ရ။ ပြီမှ ဒယ်ထဲ သံလွင်ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ rice bun များကို အညှိရောင်သန်းသည်အထိ တဖက်ကို ၅မိနစ်နှုန်းဖြင့် အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။
၈။ ပြီနောက် အပေါ်မှ နှမ်းလေးများ ဖြူပေးပါ။

၉။ ခု rice ဘာဂါကို စလုပ်ပါတော့မည်။ အရင်ဆုံး rice bun တစ်ခုပေါ်တွင် ဆလတ်ရွက် ၁ရွက်ခင်းပြီ ကြက်သားပြားကို တင်လိုက်ပါ။
၁၀။ ပြီမှ နောက်ဆလတ်ရွက် ၁ရွက်ခင်းပြီ နောက် rice bun တစ်ခုကို တင်ပေးပါ။
၁၁။ အရသာရှိပြီ ဆန်းသစ်သော Rice ဘာဂါကို သုံးဆောင်နိုင်ပါပြီ…



စာကြွင်း။ ။ ညီမလေး ၀တ်ရည်ရဲ့ဘလော့ခ်မှာတော့ အမျိုးပေါင်းများစွာရှိတဲ့ ဟင်းချက်နည်းမုန့်လုပ်နည်းတွေရှိနေပါတယ် သွားရောက်အားပေးကြပါဦးနော်။
ဝတ်ရည် Food House - ဆန်ဘာဂါ

No comments: