ရှေးသရောအခါ ပြည်ဗာရာဝယ်
ဗြဟ္မဒတ်မင်းကြီးဆိုသူ စိုးစံတော်မူလေ့ရှိ၏။ ယခုခေတ်
ဒုက္ခသီရိနေပြည်တော်ကြီးတွင် သမ္မတ ဦးကုဋေစိန် စိုးစံတော်မူသည်။
(သရုပ်ဖော် - ကာတွန်း စောငို)
ဦးကုဋေစိန်က ယခင့်ယခင် မင်းတရားကြီးများကဲ့သို့ ထောက် လှမ်းရေးအစီရင်ခံချက်များကိုသာ အားပြုသူမဟုတ်။ သိ လိုသောအရာကို ကိုယ်တိုင်ကိုယ်ကျ ထောက်လှမ်းလိုသူဖြစ်၏။ တိုင်းသူပြည်သားတို့၏အခြေအနေကို သိလိုသဖြင့် ယနေ့ တက္ကစီ မောင်းသူ ယောင်ဆောင်ပြီး စုံစမ်းထောက်လှမ်းမည်ဟု ဆုံးဖြတ် ပြီး ထိုဆုံးဖြတ်ချက်ကို ချက်ချင်း အကောင်အထည်ဖော်သူဖြစ်၏။
ယနေ့နံနက် သမ္မတ ဦးကုဋေစိန်၏တက္ကစီကို ပထမဆုံး တားစီး၊ ဈေးဦးဖောက်လိုက်သူကား ကျွန်ုပ်တို့၏သတင်းထောက် ရန်လိုကျွဲဖြစ်လေသည်။
ဦးကုဋေစိန်။ ။ ဘယ်သွားမလဲ ကောင်လေး။
ရန်လိုကျွဲ။ ။ အမေရိကန်သံရုံးကို သွားမယ်။ ဘယ်လောက်ပေးရ မလဲ။
စိန်။ ။ နှစ်ထောင်ပဲ ပေးပါ။
ကျွဲ။ ။ ဟုတ်ဗျာ၊ သွားမယ်။
လေးငါးထောင်ပေးရသောခရီးကို ဒီဘဲကြီးက နှစ်ထောင်ပဲ တောင်းသဖြင့် ရန်လိုကျွဲ အံ့သြသွားသည်။ တစ်ခုခုတော့ တစ်ခုခု ပဲ၊ သူ့ကားထဲ ဆီမထည့်၊ ဂက်စ်မထည့်ဘဲ ရေပဲ ထည့်မောင်း သလား မသိဘူးဟု တွေးလိုက်မိ၏။
ကားထွက်သည်နှင့် ဦးကုဋေစိန်က မေးခွန်းများ အဆက် မပြတ်မေးလေသည်။
စိန်။ ။ သံရုံးကို ဘာသွားလုပ်မလို့လဲ ကောင်လေး။
ကျွဲ။ ။ ဗီဇာလျှောက်ထားတာ အင်တာဗျူးခေါ်ထားလို့ပါခင်ဗျ။
စိန်။ ။ သြော်...အမေရိကန်သွားတော့မယ်ပေါ့လေ၊ ဘာသွား လုပ်မှာလဲ၊ အလည်လား၊ အလုပ်လား၊ ကျောင်းတက်ဖို့လား။
ကျွဲ။ ။ ကျောင်းတက်မယ်လို့ပြောပြီး ဟိုရောက်ရင် ဆူရှီလိပ်မှာပါ ခင်ဗျ။
ဦးကုဋေစိန်ထံမှ ဗီဇာ၊ အမေရိကန်၊ အလုပ်အကိုင်တို့နှင့် ပတ်သက်သော မေးခွန်းများ ထပ်ထွက်လာ၏။ ရန်လိုကျွဲလည်း အဆက်မပြတ် ဖြေရလေ၏။
စိန်။ ။ အင်း...မင်းတို့အရွယ်တွေက အမေရိကန်သွားတာမျိုးကို ငါတော့ သိပ်အားမပေးချင်ဘူးကွာ။ ငါတို့က ငါတို့နိုင်ငံကို တည်ဆောက်ဖို့ အစွမ်းကုန် ကြိုးစားနေကြရတဲ့ အချိန် မဟုတ် လား။
ကျွဲ။ ။ ဟုတ်ပါတယ်ခင်ဗျ။ သို့သော်လည်း ကျွန်တော်က ကိုယ့် ကိုယ်ကိုယ် အရင်ဆုံး တည်ဆောက်ဖို့ လိုနေပါသေးတယ်။ ဒါ ကြောင့် သွားဖို့ ကြိုးစားနေတာပါ။
ဆယ့်ငါးမိနစ်ကျော်ကြာသောအခါမှ ဒီအန်ကယ်လ်ကြီး ကို တစ်နေရာရာတွင် တွေ့ဖူးသလိုလိုပဲဟု စဉ်းစားမိသည်။
လေယူလေသိမ်းနှင့် ဆံပင်ပုံစံကို အကဲခတ်လိုက်သည်။ ဤတော့မှ အမေးအမြန်းထူ စပ်စုလွန်းသော တက္ကစီဒရိုင်ဘာ ကြီးသည် ၎င်းင်းတို့၏ သမ္မတ ဦးကုဋေစိန်ဖြစ်မည်ဟု သတင်း ထောက် ရန်လိုကျွဲ သဘောပေါက်သွားသည်။ နောက်ထပ် ငါး မိနစ်ခန့် စကားထပ်မံပြောကြည့်အပြီးတွင် သမ္မတ ဦးကုဋေစိန် က တက္ကစီသမားယောင်ဆောင်ပြီး လူအများအကြောင်း စနည်းနာနေခြင်းဖြစ်မည်ဟု ရန်လိုကျွဲ နားလည်သွားသည်။ စိတ်ထဲတွင် ကြိတ်ပြီး ပြုံးလိုက်သည်။ ဦးကုဋေစိန်ကြီးကို တစ် နည်းနည်းဖြင့် ပညာပေးရန် လိုအပ်သည်ဟု သတင်းထောက် ရန်လိုကျွဲ တွေးလိုက်မိ၏။
ကျွဲ။ ။ အန်ကယ်လ်ကြီးက မေးခွန်း အများကြီးမေးနေတယ်ဆို တော့ ကြည့်ရတာ စာနယ်ဇင်းသမားဖြစ်ရမယ်။ ဟုတ်တယ်မှုတ် လား။ သတင်းထောက်လား၊ အယ်ဒီတာလား။ ထုတ်ဝေသူလား။
စိန်။ ။ ငါ့ရဲ့ ပြောခွင့်ရအရာရှိ အဲ...ဒီလိုကွ...ငါ့အသိအကျွမ်း တစ်ယောက်က Facebook တို့၊ ဘာတို့မှာ ရေးတဲ့ အချိန်ပိုင်း စာနယ်ဇင်းသမား ဆိုပါတော့ကွာ။ ဒါကြောင့် ထူးခြားတာရှိရင် သူတို Facebook ဖြစ်ဖြစ်၊ ဂျာနယ်ထဲမှာဖြစ်ဖြစ် ထည့်ရေးသင့် ရေးရတာပေါ့ကွ။
ကျွဲ။ ။ ကောင်းဗျာ။ ကျွန်တော်သိတဲ့ ထူးခြားဖြစ်ရပ်တစ်ခု ရှိတယ်။
စိန်။ ။ အင်း....ပြောပါဦးကွ၊ ဘယ်လောက်အထိ ထူးခြားသလဲ သိရအောင်။
ကျွဲ။ ။ ဒီလိုဗျ၊ တော်တော်လေး ထူးခြားတဲ့ ဖြစ်ရပ်ပါ၊ ပြောရင် တော့ ယုံချင်မှ ယုံကြလိမ့်မယ်။ တကယ်ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ပါ။
အခုတလော နိုင်ငံတော်မှာ လူပြောများနေတဲ့ တန်ဖိုးနည်းတယ် လီဖုန်းနဲ့ ပတ်သက်တယ်ဗျ။
စိန် ။ ။ အင်း... စိတ်ဝင်စားစရာဖြစ်မယ်ထင်တယ်။
ကျွဲ ။ ။ ဟုတ်တယ်၊ စိတ်ဝင်စားစရာပဲ၊ အဲ...ဖြစ်ရပ်က ဒီလို... တယ်လီဖုန်းထဲ ကျွဲတစ်ကောင် ၀င်သွားတဲ့အကြောင်းပါ။
စိန်။ ။ ဟ...မင်းတယ်လီဖုန်းက ဘယ်လောက်ကြီးလို့ ကျွဲဝင် သွားရတာလဲ။ ဟုတ်မှလည်း လုပ်ပါ ကောင်လေးရာ။
ကျွဲ။ ။ ဟုတ်ပါတယ်ဆို...။ အဲဒါ တကယ်ဝင်သွားတာပါ။ အန် ကယ်လ်ကြီးတို့ မဂ္ဂဇင်းထဲ ထည့်လို့ရမှာပါ။
မျက်နှာဖုံးသတင်း တောင် ဖြစ်နိုင်ပါတယ်။ ဒီလိုဗျ...ကျွဲက ပုံမှန်အရွယ်၊ ဖုန်းက လည်း ပုံမှန်အရွယ်ပါပဲ။ အဲ...ဖုန်းက စမတ်ဖုန်း အမျိုးအစားပါ။
“ဒီအရွယ်ဖုန်းခင်ဗျ” ဟု ပြောပြောဆိုဆိုနှင့် ရန်လိုကျွဲ အိတ်ထဲမှ စမတ်ဖုန်းကို ထုတ်ပြပြီး ပြောလိုက်သေးသည်။
စိန်။ ။ ကဲ... တကယ်ဝင်သွားတယ်ဆိုတာတော့ ဟုတ်ပါပြီကွာ၊ ဆိုစမ်း...ဘယ်လိုဝင်တာလဲ၊ ကျွဲကို ပိစိကွေးဖြစ်အောင် ပြုစား ပြီး ၀င်ခိုင်းလိုက်တာလား။ ဂမ္ဘီရအတတ်၊ မှော်အတတ်တွေ သုံး လိုက်တာများလား။
ကျွဲ။ ။ ကဲ...အန်ကယ်လ်ကြီး စိတ်ဝင်စားလာပြီမဟုတ်လား။ ဒါ ကြောင့် ထူးခြားဖြစ်ရပ်လို့ ကျွန်တော် ပြောတာပေါ့ဗျ။ ကျွန်တော် သာ သတင်းသမား ဆိုရင် ဒီအကြောင်း ရေးမှာပဲ။
စိန်။ ။ ကဲ... ရေးတာတွေ၊ မရေးတာတွေ ထားလိုက်ပါဦး။ အဲဒီ ကျွဲက အဲဒီဖုန်းထဲ ဘယ်လိုရောက်သွားလဲ ပြောစမ်းကွာ။
ကျွဲ။ ။ ဒီလိုဗျာ၊ ဒီလို...ဒီလို။ အခုခေတ်မှာဗျာ၊ အတော်များများ မိုဘိုင်းလ်ဖုန်းကိုင်ကြတယ်ဆိုတော့ တောင်သူကြီးတစ်ယောက် ကလည်း မိုဘိုင်းလ်ဖုန်း ကိုင်ချင်လာတယ်၊ ဆက်သွယ်ရေး ကောင်းရင် လုပ်ငန်းကိုင်ငန်း အဆင်ပြေမယ်၊ ရပ်နီးရပ်ဝေး မိတ် ဆွေများကို ဆက်သွယ် ပြောဆိုနိုင်မယ်ပေါ့ဗျာ။
စိန်။ ။ အင်း...အဲဒီတော့ ဘာဖြစ်သလဲ။
ကျွဲ။ ။ တောင်သူကြီးက လက်ထဲ ပိုက်ဆံ မရှိဘူးဗျာ။ သူ့ကျွဲ တစ် ကောင်ကို ရောင်းလိုက်တာပေါ့။ ရောင်းလို့ရတဲ့ငွေနဲ့ တယ်လီဖုန်း ၀ယ်သုံးလိုက်တယ်ပေါ့ဗျာ။ ကဲ...အန်ကယ်လ်ကြီး ရှင်းပြီမဟုတ် လား။ ကျွဲတစ်ကောင် တယ်လီဖုန်းထဲဝင်သွားတယ်ဆိုတာ အဲဒါ ပါပဲဗျာ။
တက္ကစီမောင်းနေသော ဦးကုဋေစိန် ခေတ္တ တွေဝေသွား သည်။ ယင်းနောက်...
စိန်။ ။ ကောင်လေးရာ... မင်းရဲ့သတင်းက အတိဿယ၀ုတ္တိ အလင်္ကာမြောက်လွန်းနေပြီ။ ကျွဲတစ်ကောင်ရဲ့ တန်ဖိုးက သုံး၊ လေး၊ ငါးသိန်းတန်ပါတယ်ကွ။ တယ်လီဖုန်းအတွက်နဲ့တော့ ကျွဲ ရောင်းစရာ မလိုပါဘူးကွာ။ ဖုန်းဆင်းမ်ကတ် (SIM CARD) တစ်ခုက ထောင့်ငါးရာပဲ ပေးရတာ။
ကျွဲ။ ။ ထောင့်ငါးရာဆိုပေမယ့် ဈေးကွက်ထဲမှာက အဲဒီ ဆင်းမ် ကတ်က တစ်သိန်းဝန်းကျင် ဖြစ်နေတယ်မဟုတ်လား အန် ကယ်လ် ကြီး။
စိန်။ ။ အေးပါကွာ... ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကျွဲရောင်းလို့ရတဲ့ငွေက သုံး၊ လေးသိန်း ဆိုတော့ ပိုတဲ့ပိုက်ဆံ ဘာလုပ်လိုက်သလဲ။
ကျွဲ။ ။ ပိုက်ဆံက ပိုတယ်လို့လည်း မဟုတ်ပါဘူး။ ဖုန်းကိုင်တယ် ဆိုတော့ ဟန်းဆက်ကောင်းကောင်းတစ်ခု ၀ယ်ရမယ်လေ။ အများတကာ စမတ်ဖုန်းနဲ့ ဂိမ်းဆော့ကြ၊ အင်တာနက်သုံးကြ၊ ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ကြ၊ ဖုန်းမျက်နှာပြင်ကို ပွတ်ကြဆို တော့ တစ်သိန်းကျော်တန် စမတ်ဖုန်းတစ်ခု ကိုင်ချင်ပြီမဟုတ် လား။ ဖုန်းဝယ်၊ ဘာဝယ်ဖို့ မြို့တက်ပြီဆိုတော့ ပိုက်ဆံက ပိုတယ် ရယ်လို့ မရှိဘူးလေ။
ကဲ...ဘာပဲပြောပြောဗျာ၊ ကျွဲကြီးတစ်ကောင် လုံး တယ်လီဖုန်းထဲ ၀င်သွားတယ်ဆိုတာ ယုံပြီ မဟုတ်လား။
ခရီးဆုံးသဖြင့် ရန်လိုကျွဲလည်း ကားပေါ်မှ ဆင်းလိုက်သည်။ ရန်လိုကျွဲဆင်းသွားသော်လည်း တက္ကစီဒရိုင်ဘာ အသွင်ယူထား သူ ဦးကုဋေစိန်ကြီးက သူ့အတွေးနှင့်သူ ငြိမ်သက်နေမိ၏။ သတင်းထောက် အသေးစိတ်ရှင်းပြသွားချက်ကို ပြန်စဉ်းစား နေမိ၏။
“ကျွဲကြီးတစ်ကောင်လုံး တယ်လီဖုန်းထဲဝင်သွားတယ်ဆို တာ ယုံပြီမဟုတ်လား” ဟူသော ပြောဆိုချက်က သူ့နားထဲ ပဲ့တင် ထပ်နေ၏။ မြန်မာပြည်တွင် တယ်လီဖုန်းထဲသို့ ၀င်သွားသော ကျွဲ၊ နွား အကောင်ရေ မည်မျှရှိမည်နည်းဟု ဆက်လက်ပြီး အတွေး နယ်ချဲ့ နေလေသတည်း။ ။
ရန်လိုကျွဲရေးသည်။
(မော်ကွန်း - facebook.com/mawkunmagazine ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည် ဖော်ပြပါတယ်။)

No comments:
Post a Comment