Monday, January 13, 2014

သမိုင်းဝင် ကပ်ရောဂါများ (၁)



AIDS ဆိုတဲ့ ကမ္ဘာရဲ့ နောက်ဆုံး ကပ်ရောဂါ အကြောင်းကိုတော့ တစေ့တစောင်း တင်ပြခဲ့ပြီးပါပြီ။ ကပ်ရောဂါတွေရဲ့ ကြီးမားဆိုးရွားတဲ့ ဘေးဥပဒ် အန္တရာယ်ရဲ့ အတိုင်းအတာ၊ အတိမ်အနက်၊ အကျယ်အပြန့်ကိုတော့ သာမန်ကာ လျှံကာပဲ စဉ်းစားသူအတွက်တော့ သိသာထင်ရှားလာမှ မဟုတ်ဘူး။ ဒါ့ပြင် ကပ်ရောဂါကြီးတစ်ခု ကမ္ဘာမှာ ဖြစ်လာပြီဆိုရင် လူသားတွေကို ဝေဒနာဒုက္ခအပြင်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အပါအဝင် ကဏ္ဍအသွယ်သွယ်ကို ဘယ်လောက် နှောက်မွှေသွားနိုင်သလဲ ဆိုတာကို သိပ်ပြီး ခေါက်မိမယ် မဟုတ်ဘူး။

ဒီအကြောင်းတွေကို ပိုမိုပြီး မိမိထင်ထင် သိချင်ရင်တော့ ရှေးကဖြစ်ခဲ့တဲ့ အလားတူ ဖြစ်ရပ်များကို ပြန်ပြောင်းလေ့လာဖို့ လိုမယ်။ ဒီလို သမိုင်းအမြင်နဲ့ ကြည့်လိုက်ပြန်တော့လည်း ပိုပြီး ဓမ္မဓိဋ္ဌာန်ကျတဲ့ ယူဆချက်တွေ ရှိလာမယ်။ ဒါကြောင့် ပြဿနာကို ဖြေရှင်းရာမှာ မှန်ကန်ပြီး သဘာဝလည်းကျ အောင်မြင်မှုလည်း ပိုမိုရရှိနိုင်မယ့် ကြံစည်တွေးခေါ်မှုနဲ့ တိုက်ဖျက်ရန် စီမံချက်တွေကို စဉ်းစားဖော်ထုတ်လို့ ရမယ်။ သင်ခန်းစာယူရှိရင်လည်း ယူနိုင်မှာ ဖြစ်တယ်။ ဒါပြင်လည်း စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။

လူသားတွေ မှတ်တမ်းတင်ပြီးသားဖြစ်တဲ့ သမိုင်းမှာ မကြုံစဖူးလောက်အောင် ကြောက်မယ်ဖွယ်ကောင်းတဲ့ ရောဂန္တရ ကပ်ကြီးဟာ ခရစ်သက္ကရာဇ် ၁၃၄၇ လောက်မှာ စခဲ့တယ်။ ဒီလောက် အချိန်ကြာမြင့်ခဲ့ပေမယ့် ဒီကပ်ကြီးရဲ့ အတိုင်းမသိ ဆိုးဝါးမှုကြီးကတော့ အခုထက်တိုင် မေ့ပျောက်လို့ မရနိုင်လောက်အောင် ပါပဲ။ ဒီရောဂါဟာ အဲဒီအချိန်အခါက မသိရသေးတဲ့ ရောအသစ်ပါ။ ပြန့်ပွားပုံ ကတော့ မြန်ဆန် လွန်းလှလို့ ခြောက်သွေ့နေတဲ့ တောကြီးမှာ နွေခါလောင်တဲ့ တောမီးနဲ့ နှိုင်းခဲ့ကြတယ်။

Crimea လို့ခေါ်တဲ့ အနောက်အာရှမှာ ရှိတဲ့ ရှေးအခေါ် Caffia၊ နောင်အခေါ် Feodosia မှာ ခရစ်ယာန် ဘာသာဝင်တွေရယ်၊ မူစလင် ဘာသာဝင်တွေရယ်၊ တာတာ (မွန်ဂို) တွေရယ် စစ်ဆင်နေကြတယ်။ တာတာတွေက မြို့ကို ဝိုင်းထားတာ အတော်ကြာသွားပြီ၊ မြို့ဟာ “ကျ” လုဆဲမှာ၊ ရောဂါသစ် တစ်ခုဟာ တာတာတွေစခန်းမှာ “ဘွား” ခနဲဆိုသလို ပေါ်လာခဲ့တယ်။ မိုးကြိုးလက်နက် ထိလိုက်သလိုပဲ ရက်ပိုင်းအတွင်းမှာ တာတာစစ်တပ် အများစုဟာ အတုံးအရုံး သေကြေပျက်စီး ခဲ့ကြတယ်။
တာတာတွေ အကြီးအကျယ်ကြောက်လာကြပြီး ကစဥ့်ကရဲ ပြန်လည်ဆုတ်ခွာသွားကြတယ်။ မဆုတ်ခွာခင် သူတို့ထဲက လူသေအလောင်းကောင် အချို့ကို မြို့ထဲ ပစ်သွင်းခဲ့ ကြတယ်။ အဲဒါနဲ့ ဒီရောဂါဟာ ကပ်ဖီးယားမြို့ထဲကို ရောက်ခဲ့တယ်။ ဒါဟာဖြင့် နောက်သမိုင်းမှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ကပ်တွေရဲ့ ထပ်တန်းစာရင်းမှာ ပါလာခဲ့တဲ့ ပလိပ်ရောဂါ ကပ်ကြီးရဲ့ အစပဲ။ ဒီ ကပ်ဖီးယားမြို့ကတော့ အနောက်ဥရောပနဲ့ အရှေ့တိုင်းဖြစ်တဲ့ တရုတ်ပြည်သို့ ကုန်သွယ်ရာ လမ်းကြောင်းမှာ အချက်အချာကျတဲ့ စည်းကားတဲ့ မြို့တစ်မြို့ဖြစ်တယ်။

တာတာတွေ မြို့ကို ဝိုင်းထားရမှ အခုလို ထွက်သွားပြီးနောက် မြို့တွင်းက ကုန်သည်တွေကလည်း လွန်မြောက်ပြီဆိုပြီး ကိုယ်ဌာနေအရပ်ကို အမြန်တက်သုတ်နှင်ကြဖို့ ထွက်လာကြတယ်။ နောက် သင်္ဘောတွေနဲ့ ထွက်သွားကြတယ်။ အဲဒီ အထဲမှာ အီတလီပြည်ရှိ ဂျနိုအာ က သင်္ဘောတွေလည်း ပါတယ်။ ထွက်ပြေးသူတွေကတော့ ဒုက္ခက လွတ်မြောက်ပြီလို့ ထင်တာပဲ။ သူတို့ သင်္ဘောထဲမှာ သေမင်းတမန် တပါတည်း စီးလိုက်လာတယ် ဆိုတာကတော့ မသိကြရှာဘူး။

လမ်းခုလတ်မှာပဲ ရောဂါစဖြစ်ကြတော့တာပဲ။ နေ့စဉ် ရောဂါကြောင့် သေသူတွေကို ပင်လယ်ထဲ ပစ်ချကြပြီး ခရီးဆက်ခဲ့ကြတယ်။ သူတို့မြို့ရောက်တဲ့ အခါမှာတော့ သင်္ဘောတွေမှာ စီးနင်းလိုက်ပါလာတဲ့ ထောင်နဲ့ချီတဲ့ ခရီးသည်တွေထဲက ၁၀ ယောက်ပဲ ကျန်တော့တယ်။ အိမ်ရောက်တော့ ကြိုဆိုကြတဲ့သူနဲ့ အတူနေသူတွေကို မီးကူးစက်လောင်သလို ဒီရောဂါက ကူးပြန်တော့ လူတွေ ထောင်ပေါင်းများစွာ သေကြရပြန်တယ်။ ဒါနဲ့ နောက် ဒီသင်္ဘောတွေကို အဝင်မခံတော့ပဲ ပင်လယ်ထဲကိုပဲ အတင်းအဓမ္မ ပြန်လွှတ်ကြတယ်။ ဒီလိုနဲ့ပဲ ကပ်စရာ ခိုစရာ ဆိပ်ကမ်းမရှိလေတော့ ပင်လယ်ထဲမှာ တရွေ့ရွေ့ ရောက်တတ်ရာရာ မျောနေခဲ့ ကြရတယ်။

အဲဒီထဲက တစ်စင်းကတော့ ပြင်သစ်ပြည် မာဆေးမြို့မှာ ကပ်ခွင့်ရတယ်။ နောက်တစ်စင်းကတော့ အိုက်စလန်ကျွန်းမှာ ကပ်ခွင့်ရတယ်။ ကျန်တစ်စင်းကတော့ ဘာဖြစ်သွားတယ် မသိရတော့ဘူး။ သူတို့တွေ ဆိုက်လာတာနဲ့ ရောဂါကတော့ မဆိုင်းမတွ ကူးတော့တာပဲ။ “မာဆေး” မှာဆိုရင် မြို့ရဲ့ ၅ ပုံ ၄ ပုံ သေကုန်တယ်။ အိုက်စလန်ကျွန်းကတော့ “ကန္တရကျွန်း” သဖွယ် ဖြစ်သွားတာပဲလို့ ဆိုကြတယ်။ နောက် ဥပမာ တစ်ခုမှာတော့ အင်္ဂလန်ပြည် လန်ဒန်မြို့က သိုးမွေးတွေ သယ်ဆောင်သွားတဲ့ သင်္ဘောတစ်စင်းဟာ North Sea မြောက်ပင်လယ်ကို မကျော်လွန်ခင် သင်္ဘောပေါ်ရှိ လူတွေအားလုံး သေကုန်ကြတယ်။
သင်္ဘောကြီး သုမဒ္ဒရာထဲမှာ မျော်နေခဲ့ရက နောက်ဆုံး နော်ဝေးပြည် Bergen (ဘာဂျင်) မြို့ကို ရောက်သွားတယ်။ ဒီ အသက်ရှင်သူ တစ်ယောက်မျှ မရှိတဲ့ သင်္ဘောပေါ်တက်ပြီး စုံစမ်းတဲ့ အရာရှိတွေကနေ ရောဂါပိုးတွေ ပါလာတော့ မြို့ကလူတွေလည်း ရောဂါ ဖြစ်ကြရ ပြန်တယ်။

အီတလီနိုင်ငံရှိ (Florence) ဖလောရင့်မြို့ တစ်မြို့ထဲမှာပဲ ၁၃၄၈ ခု၊ မတ်လနဲ့ ဇူလိုင်လအတွင်း လူ ၁၀၀ ၀၀၀ သေခဲ့တယ်။ “မနက်ကပဲ နံနက်စာ အတူစားသူတစ်ယောက်ဟာ ညကျတော့ အခြား ကမ္ဘာကို ရောက်နေကြတဲ့ သူ့ရဲ့ သွားလေသူ အဘိုးအဘွားတွေနဲ့ ညစာကို စားရတယ်” လို့ သမိုင်းကျော် စာရေးဆရာကြီး Boccaccio က "the Decameron" မျာ မှတ်သားထားခဲ့တယ်။ (... breakfast with their kinsfolk in the morning and when evening came supped with their forefathers in the other world) ဒီလိုနဲ့ပဲ တွေးလို့ မရနိုင်အောင် မြန်ဆန်လှတဲ့ နှုန်းနဲ့ ပြန့်သွား လိုက်တာ နောက်ဆုံး အဲဒီတုန်းက သိရှိနေတဲ့ ကမ္ဘာရဲ့ တစ်ကွက် တစ်ထောင့်မကျန် စေ့စုံအောင် ရောက်သွားလို့ ကမ္ဘာမှာ အဲဒီတုန်းက ရှိတဲ့ လူဦးရေရဲ့ သုံးပုံ တစ်ပုံ သေခဲ့ကြရတယ်လို့ ဆိုတယ်။

ပြင်သစ်ပြည်ရဲ့ လူဦးရေ လေးပုံ သုံးပုံ ပျက်စီးခဲ့တယ်။ လန်ဒန်မြို့မှာ ဆိုရင် လူ ၁၀ ယောက် အနက်က လူတစ်ယောက်ပဲ ကျန်တယ် (၁၀% ပဲ ကျန်တယ်)။ ၁၃၄၈ မှ ၁၃၅၉ အတွင်း ဥရောပမှာ ရှိတဲ့ လူတွေအားလုံးထဲက ထက်ဝက်သေးဆုံး ခဲ့တယ်။ အဲဒါကတော့ “ပလိပ်” ကပ်ရောဂါကြီးရဲ့ လက်ချက်ပဲ။ အင်္ဂလိပ်လို "Black Death" လို့ ခေါ်စမှတ်ပြုတယ်။ လူသားတွေ မမေ့နိုင်လောက်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သမိုင်း ကဏ္ဍတစ်ခု ဖြစ်တယ်။

ပလိပ်ရောဂါဟာ အနောက်နိုင်ငံတွေမှာတော့ လုံးဝ ပပျောက်သွားတာ ကြာပါပြီ။ အရှေ့တောင် အာရှဒေသမှာ ဆိုရင်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်အထိ ပလိပ်ရောဂါ အနှံ့အပြား ခပ်ဆိုးဆိုး ဖြစ်တုန်းပါပဲ။ “ကြွက်ကျတယ်” ဆိုလိုက်တာနဲ့ သေမင်းတမန် ရောက်လာပြီလို့ ယူဆလိုက်ပြီး ကြောက်ပြီး တုန်နေခဲ့ကြရတယ်။ ရွာလုံးကျွတ် ထွက်ပြေးဖို့ ပြင်ကြရတယ်။ ဒါပေမယ့် ၁၉၇၉-၈၀ လောက်ကစပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ အရှေ့တောင် အာရှဒေသရှိ နိုင်ငံတွေထဲမှာတော့ မြန်မာမှအပ အခြားနိုင်ငံတွေမှာ မဖြစ်တော့ပါဘူး။

သိရသလောက်တော့ မြန်မာနဲ့ ဗီယက်နမ်မှာ ပလိပ်ရောဂါဟာ စိတ်မချရသေးတဲ့ လူထုကျန်းမာရေး ပြဿနာအဖြစ် အခုထိ တည်ဆဲဖြစ်တယ်။ ဒါကြောင့် ကာကွယ်ရေး ကိစ္စတွေကို သတိရှိစွာနဲ့ ဆက်လက်လုပ်ဖို့ လိုသေးတယ်လို့ ယူဆရတယ်။ ၁၄၉၃ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ နှစ်တစ်နှစ်ပါ။ အဲဒီနှစ်မှာ “ကမ္ဘာ့ခရီးသည်ကြီး” ကိုလံဘတ် ဟာ အရင်က မသိသေးတဲ့ “တိုက်” သစ်ဖြစ်တဲ့ အမေရိက တိုက်ကို တွေ့ခဲ့တယ်။

ကမ္ဘာကျော် သမိုင်းဝင် နှစ်ကြီးပေါ့။ လူ့သမိုင်းတွင် မကပါဘူး၊ ကျန်းမာရေး သမိုင်းအတွက်လည်း သိပ်ပြီး အရေးပါခဲ့တာကိုတော့ သာမန်လူတွေ မသိကြဘူး ထင်ပါတယ်။ ဒီလို ထူးခြားပြီး စံတင်ထိုက်တဲ့ အောင်မြင်မှုကြီးကို ရပြီးနောက် ကိုလံဘတ်ရဲ့ သင်္ဘော ၃ စင်းဟာ စပိန်ကို ပြန်လာကြတယ်။ ကမ္ဘာသစ်ဖြစ်တဲ့ ဟေတီ (Haiti) နဲ့ ကျူးဘား (Cuba) ကျွန်းမှာ အပျော်ကြီး ပျော်ခဲ့ကြတဲ့ ကိုလံဘတ်ရဲ့ သင်္ဘောသား အချို့ရဲ့ ကိုယ်ပေါ်မှာ အဖုအပိမ့်တွေ ထလာတာ တွေ့ရတယ်။

နောက်တော့ ဒါတွေ ပျောက်သွားပြန်တယ်။ ၁၄၉၃ ခု၊ မေလ ၇ ရက် စပိန်ပြည် ဘာစီလိုနာ မြို့ကို ရောက်တော့ ဘုရင် ဖာဒီနန်နဲ့ ဘုရင်မ အစ်ဆာဘဲလာ တို့က သူတို့တတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခဲ့ ကြတယ်။ သူတို့ ကြိုဆိုလိုက်တဲ့ အထဲမှာ ကိုလံဘတ်နဲ့ သင်္ဘောသားတွေ အပြင် “စပိုင်ရိုခိ” (Spirochaete) လို့ ခေါ်တဲ့ ဆစ်ဖလစ် ကာလသားရောဂါ ပိုးလည်း ပါတယ်ဆိုတာတော့ ဘုရင်နဲ့ ဘုရင်မ သိလိုက်ကြမှာ မဟုတ်ဘူး။

ဒီသင်္ဘောသားတွေက “ကမ္ဘာသစ်” ကို လွမ်းမိုး အောင်နိုင်ခဲ့သလို သူတို့သယ်ဆောင်လာခဲ့တဲ့ “စပိုက်ရိုခိ” တွေကလည်း ဥရောပ တိုက်ကို နောက်အနှစ် ၅၀၀ တိုင်တိုင် အနှောင့် မယှက်ပြုပြီး အကြီးအကျယ် ဒုက္ခပေးခဲ့တယ်။ အခုထက်တိုင် ကမ္ဘာက ဒီဒဏ်ကို ခံနေရဆဲပဲ။ အရင် ပထမ စစဉ်က ဥရောပမှာ ဖြစ်သလို မီးဟုန်းဟုန်း ထလောင်သလို ဆိုးဆိုးဝါးဝါး အခြေသာ မဟုတ်တာ၊ ပြဿနာကတော့ ပျောက်သွားတာ မဟုတ်သေးပါဘူး။ ယခုတိုင် ရှိနေဆဲပဲ။

၁၄-၉-၁၄၉၃ မှာ သင်္ဘောတွေ ကမ္ဘာသစ်ကို ထပ်လွှတ်ပြီး ဖေဖော်ဝါရီ ၁၄၉၄ မှာ ပြန်လာတော့ ရောဂါဟာ ထပ်ပြီးပါလာပြီး ပြန့်တော့တာပဲ။ အဲဒီတုန်းက ဥရောပမှာ စစ်တွေဟာ အမြဲလိုလို ဖြစ်နေကြတယ်။ ပြင်သစ်က အီတလီရဲ့ နယ်ပယ်တွေ ဝင်တိုက်လို့ စပိန်က တစ်ခါမှာ အီတလီဘက်က ကူ၊ နောက်တစ်ခါ အခြားဘက် ဖြစ်တဲ့ ပြင်သစ်ကို ကူနဲ့ နိုင်ငံရေး ရှုပ်ယှက်ခတ်နေတဲ့ အခါ ဖြစ်တယ်။ ဒီလို အခါမျိုးမှာ ကြေးစားစစ်သားတွေ တစ်ခေတ်ထတဲ့ အချိန်ပေါ့။ သူတို့ဟာ ဥရောပရှိ နိုင်ငံပေါင်းစုံမှ လာတာဖြစ်တယ်။

ကြေးစား စစ်သားဆိုတာ “ပြည့်တန်ဆာ” တွေနဲ့ လွတ်ကြတာ မဟုတ်ဘူး။ ကြေးစား တပ်ဖွဲ့နောက်က ပြည့်တန်ဆာအဖွဲ့ (camp follower) “စစ်သားစခန်း နောက်လိုက်” များ ပါစမြဲပဲ။ ဒီဖြစ်ရပ်တွေ ပေါင်းလိုက်တော့ ဆစ်ဖလစ်ရောဂါ မဆိုင်းမတွ ပြန့်ပွားဖို့ရာ အခွင့်ကောင်းကြီး ဖန်တီးပေးသလို ဖြစ်သွားတာပေါ့။ ပထမ ပြင်သစ်နဲ့ နေပယ် (အီတလီပြည်) စစ်တိုက်စဉ် စပိန်က “နေပယ်” ကို ကူတယ်။ အဲဒီ အခါမှ “နေပယ်” က တကယ်ကြောက်စရာ ကောင်းတဲ့ စစ်ပရိယာယ်ကို သုံးလိုက်တယ်။

မြို့ပြင်ရှိ ရေတွင်း စသည်တို့က ရေတွေမှာ အဆိပ်ခပ်တယ်။ နောက်ပြီး မြို့တွင်းက ဆစ်ဖလစ်ရောဂါ စွဲပြီးဖြစ်တဲ့ ပြည်တန်ဆာတွေကို မြို့ထဲမှာ အစာရေစာ ကုန်ခန်းနေပြီဆိုတဲ့ ဆင်ခြေနဲ့ မြို့ပြင်ကို မောင်းထုတ်လိုက်တယ်။ ဒါနဲ့ မြို့ကို ဝိုင်းထားတဲ့ ပြင်သစ်စစ်သား အချို့ဟာ ဒီရောဂါကို ရခဲ့တယ်။ ဒီစစ်မှာ အီတလီတွေက စစ်ကူလာသူ စပိန်တွေဆီက ဆစ်ဖလစ်ရောဂါ ရခဲ့တာ၊ နောက် ဒီရောဂါဟာ အီတလီမှာ ခြေကုပ်ရပြီး တစတစနဲ့ မပြတ်တမ်း ပြန့်ပွားခဲ့တာ လူတော်တော်များများ ရောဂါစွဲပြီး ရှိနေကြတယ်။

၁၄၉၈ လောက်မှာ ပြင်သစ်က နေပယ်ကို ဒုတယ အကြိမ် တိုက်ပြန်တယ်။ ဒီတစ်ခါကျတော့ စပိန်ကလည်း ပြင်သစ်နဲ့ တစ်တပ်တည်း နေပယ် ကို တိုက်တယ်။ ဒါပေမယ့် နောက်ကျတော့ ပြင်သစ်နဲ့ စပိန် မဟာမိတ် ၂ ဦး နယ်ပယ် အဝေမတဲ့ တော့လို့ တစ်ဦးကို တစ်ဦး တိုက်ကြပြီး နောက်ဆုံး ကျတော့ ပြင်သစ်တွေကို နေပယ် တွင် မကဘူး အီတလီ တစ်နိုင်ငံလုံးကနေ အပြီးအပိုင် မောင်းထုတ်လိုက်ကြတယ်။

ဆစ်ဖလစ်ပိုး ခြေကုပ်ရထားပြီးဖြစ်တဲ့ နေပယ်ကို တိုင်းပြည်မျိုးစုံက လူတွေလာကြပြီး ဆစ်ဖလစ်ပိုးတွေ တမင်တကာ သယ်ကြတဲ့ ပွဲကြီး ဆိုရတော့မှာပဲ။ ပြင်သစ်၊ စပိန်နဲ့ နိုင်ငံပေါင်းစုံက ကြေးစားတွေရယ်၊ သူတို့ရဲ့ နောက်လိုက်နောက်ပါ ဖြေဖျော်သူ “တပ်နောက်လိုက်” ပြည့်တန်ဆာတွေ အားလုံး ကိုယ့်ဌာနေပြန်တော့ ဒီပိုးတွေ သယ်ယူသွားလေရဲ့။ ဒါနဲ့ပဲ ရောဂါက ဆွစ်ဇာလန်၊ ဂျာမနီ နိုင်ငံတွေကို မြန်မြန်ပဲ ပွားသွားတယ်။ တစ်နှစ်လောက် အတွင်းမှာ ဥရောပရောရှိ မြို့တိုင်းလိုလိုမှာပဲ ဒီရောဂါ ရောက်ရှိသွားတော့တာပဲ။

လူတွေလည်း အဲဒီအခါကျတော့ လန့်ဖျက်သွားကြပြီး လူမှုရေး၊ နိုင်ငံရေး၊ ကုသရေး၊ လူထုကျန်းမာရေး ပြဿနာတွေလည်း ရှုပ်ထွေးလာ ကုန်ကြတယ်။ ဒီရောဂါကြောင့် အဲဒီခေတ်က ဆရာဝန်တွေ ဒေါင်ချာစိုင်း သွားခဲ့ရသေးတယ်။ ပထမတော့ သူတို့သိနှင့် ထားတဲ့ ရောဂါဆိုးကြီး တစ်ခုဖြစ်တဲ့ ကျောက်ကြီး ရောဂါနဲ့ တူသယောင်ယောင် ရှိတယ်ဆိုပြီး “အပြင်စား ကျောက်ကြီး” လို့တောင် ခေဲခဲ့ကြသေးတယ်။ တချို့ကလည်း “ပြင်သစ်” ရောဂါလို့ ခေါ်ကြတယ်။

ကာကွယ်ရေးမှာလည်း ကျောက်ရောဂါမှာလို နိုင်ငံခြားသားတွေ မဝင်ရဘူးဆိုတဲ့ ဥပဒေနဲ့လည်း တားမြစ်ခဲ့သေးတယ်။ ၁၄၉၇ မှာ ပြင်သစ်ပြည်မှာ ဒီရောဂါရှိသူတွေဟာ ပြင်ပလောကနဲ့ လုံးဝ အဆက်ဖြတ်ထားရမယ်ဆိုပြီး တားမြစ်ခဲ့တယ်။ ဆက်သွယ်တာမိရင် သေဒဏ်လို့ ဆိုတယ်။ နောက် ဒီရောဂါသည် အားလုံးကို St. Germain (စိန့်ဂျာမိန်း) ဆိုတဲ့ နေရာမှာ စုပြီးထားတယ်။ မကြာခင်ပဲ လူနာတွေ ပြည့်လျှံအန်ထွက်သွားလို့ မတတ်နိုင်ကြတော့ဘူး။ နောက်တခါ လူနာတွေကို Seine မြစ်ထဲ ရေနှစ်သတ်မယ်လို့ ဥပဒေ ထုတ်လိုက်သေးတယ်။

ဒါလည်း အကောင်အထည် မဖော်နိုင်ကြပါဘူး။ ဒီတားမြစ်ချက်တွေဟာ မထိရောက်ခဲ့ဘူး။ ဒီကပ်ကြီးဟာ အထက်က တင်ပြခဲ့တဲ့အတိုင်း အနှစ် ၅၀၀ လောက် (ယခုတိုင်) ဥရောပကို ညှဉ်းပန်း နှိပ်စက်နေခဲ့တယ်။ ကမ္ဘာ အရပ်ရပ်မှာလည်း ဒီလိုပဲ ဖြစ်ခဲ့ကြတယ်။ ဆစ်ဖလစ်ရောဂါဟာ အီတလီမှာ အကြီးအကျယ် စဖြစ်ပြီးနောက် ၁၆ ရာစုလောက်မှာ အာရှတိုက်ကို ရောက်ခဲ့တယ်လို့ သိရတယ်။ အိန္ဒိယမှာတော့ ဒီရောဂါဟာ အရင်ကမရှိခဲ့လို့ “နိုင်ငံခြားသား ရောဂါ” လို့ ခေါ်ကြတယ်။

မြန်မာပြည်ကို ဘယ်တုန်းက စရောက်ခဲ့တယ်ဆိုတာ မှတ်တမ်းအတိအကျ မရှိခဲ့ပေမယ့် ၁၉၃၀-၃၉ နဲ့ ၄၀ မှာတော့ အလွန်များနေပြီးဆိုတာ စာရင်းကောက် ထားတာရှိတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာတော့ ပိုလာခဲ့ပြီး ထိပ်ရောက်ခဲ့တယ်။ နောက်ဆုံး ပဲနီစလင် ပေါ်လာမှပဲ ဒီရောဂါကို နှိမ်နင်းလို့ ရတော့တာ။ ပဲနီစလင်ကတော့ တကယ်အစွမ်းထက်တဲ့ ဆေးပါ။ ဆစ်ဖလစ်ကိုတော့ ဆေးတစ်ချောင်း ထိုးတာနဲ့ မက်လှည့်ပြလိုက်သလို ပျောက်စေနိုင်တယ်။
အရင်က နှစ်နဲ့ချီပြီး အဆိပ်အတောက် ပြင်းတဲ့ အာစာနစ်ပါတဲ့ ဆေးတွေကို သုံးခဲ့ပေမယ့် ထိရောက်မှုကတော့ ပဲနီစလင်လောက် မရှိခဲ့ဘူး။ ဒီလို လွယ်လွယ် ဆေးတစ်ချောင်း ထိုးရုံနဲ့ အပြတ်ရှင်းပစ်လို့ ရတဲ့ ကုထုံးကို တွေ့ရလို့ ဆစ်ဖလစ်ရောဂါ ဒီကမ္ဘာ မျက်နှာပြင်က ကွယ်ပျောက်သွားမယ်လို့ ထင်ခဲ့ကြရင်တော့ မှားတာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီရောဂါဟာ အခုအထိ ရှိတုန်းပဲ။ ပဲနီစလင် ပေါ်လာပြီး နှစ်ပေါင်း အတော်ကြာ အထိ ရောဂါတွေ့ရှိနှုန်းဟာ ဆက်တိုက်ပဲ ထင်ရှားသိသာစွာ ကျဆင်းသွားတယ်။ ဒါပေမယ့် ၁၉၆၀ ခုနှစ်ကျော်က စပြီး သိသိသာသာ တိုးခဲ့တာ ဆိုးဝါးတဲ့ အခြေ ပြန်ရောက်သွားတော့တယ်။

မြန်မာပြည်မှာ ဆိုရင် ၁၉၅၇ နဲ့ ၁၉၇၁ အတွင်း ဆစ်ဖလစ် တွေ့ရှိမှုနှုန်းဟာ ဒီအရင် အလားတူအချိန် (နှစ်) တွေထက် သုံးလေးဆ (၇၀ % နီးပါး) တိုးလာတာ တွေ့ရတယ်။ အခြား အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း ဒီအတိုင်းပဲ နှုန်းတွေတက်နေလျက်ပဲ။ ဒီလို ဖြစ်လာရတဲ့ အကြောင်းတွေကတော့ ကုစားစရာမရှိတဲ့ အခြေကနေ လွယ်လွယ်နဲ့ ကုလို့ရတဲ့ ရောဂါဖြစ်လာတော့ လူတွေက ဆစ်ဖလစ်ကို ရှေးကလောက် မကြောက်ကြလို့ ပေါ့ပေါ့ တန်တန် လုပ်ကြတာရယ်။ လူမှုရေး၊ စီးပွားရေး ကြပ်တည်းမှု၊ လူနေမှုစနစ် ပြောင်းလဲလာမှု၊ တစ်နည်းဆို “ခေတ်မီ/ခေတ်ဆန်” လာမှုတို့နဲ့ ယှဉ်တွဲနေတာ တွေ့ရတယ်။

ဒီအကြောင်းတွေဟာ AIDS မှာလည်း ပတ်သက်နေတာ တွေ့ရလိမ်မယ်။ ဒီပြင် ဆစ်ဖလစ်၊ ဂနိုရီးယား စတဲ့ “ကာလသားရောဂါ” ရှိနေသူတွေဟာလည်း AIDS ဖြစ်ဖို့ရာအကြောင်း ပိုရှိတယ်။ ဆစ်ဖလစ် ရောဂါဟာ AIDS ရောဂါနဲ့ တူတဲ့ အချက်တွေ ရှိပါတယ်။ လိင်စပ်ယှက်ရာမှ ကူးစက်နိုင်တယ်။ မိဘကနေ ကလေးကို ပေးနိုင်တယ်။ ပေါ်စက တစ်ခါမှ မတွေ့ဘူးခဲ့တဲ့ ရောဂါ အသစ်စက်စက်မို့ ဆရာဝန်တွေ မျက်စိလည်ပြီး မလုပ်တတ် မကိုင်တတ် ဖြစ်ခဲ့ရတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

No comments: