Thursday, January 9, 2014

ကွန်တော့် ဝန်းကျင်က သူတို့ဘဝ (၂)


"လူသည် ဘဝကို လောဘဖြင့် စတင်ခဲ့၏" ဆိုတဲ့ ဆရာကြီး ဦးရွှေအောင် စကားကို မှတ်သားဖူးပါတယ်။ ဘဝကို မြတ်နိုးသော တဏှာသဘောအရ လူဟာ မိမိ ဘဝကို ပျက်သုဉ်း မသွားရစေရန် လောဘနဲ့ အရာရာတိုင်းကို ရအောင် ကြိုးပမ်း အားထုတ်ကြ ပါတယ်။ မိမိဘဝ ရပ်တည်မှုနဲ့ တိုးတက်မှု အတွက် အမြဲ စဉ်းစားလေ့ရှိကြပါတယ်။ ဒါကတော့ လူ့သဘာဝပါ။

လူတိုင်း အသက်ရှင် နေရခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ "ချမ်းသာမှု" ကို ရဖို့တွက် စွမ်းအား ရှိသလောက် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးစားရမှာ "မျှော်လင့်ချက်" က အရေးကြီး ပါတယ်။ ဒီနေ့ရ မရသေးရင် မနက်ဖြန်မှာ ရလိမ့်လို့ မျှော်လင့်ကြပါတယ်။ ဒီနေ့ ရပြီးသွားရင် နောက်နေ့တွေမှာ ပိုပြီး ရလိမ့်မယ်လို့ မျှော်လင့်ပြန်ပါတယ်။ တကယ်လို့သာ "မျှော်လင့်ချက်" တွေ ကုန်ဆုံးသွားခဲ့ မယ်ဆိုရင်တော့ လူ့ဘဝရဲ့ အသက်ရှင်နေရခြင်း ရည်ရွယ်ချက်ဟာလည်း ကုန်ဆုံးသွားရမျာ ဖြစ်ပါတယ်။ ဒါကြောင့် လူ့ဘဝမှာ အသက်ရှင် နေရခြင်း ရည်ရွက်ချက် အကောင်အထည် ဖော်ဖို့ အတွက် "မျှော်လင့်ချက်" သာလျှင် ပဓာန အကျဆုံး စွမ်းအားဖြစ် ပါတယ်။

"မျှော်လင့်ချက်" နဲ့ ဒွန်တွဲ ဆက်စပ်နေတတ်တာကတော့ "ဒေါသ" တရားပဲ ဖြစ်ပါတယ်။ "မျှော်လင့်ချက်" ကို ထိုခိုက်စေတဲ့ အကြောင်းတရားတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ "ဒေါသ" ဖြစ်ကြပါတယ်။ ဒီနေရာမှာ ဒေါသက ပုံစံ နှစ်မျိုးဖြစ်နိုင် ပါတယ်။ ပထမ ပုံစံကတော့ "ပြင်းထန်သော ဒေါသ" ပါ။ စိတ်ဆိုးလွယ်၊ ရန်ဖြစ်လွယ်ပြီး ကိုယ်အမှုအရာ၊ နှုတ်အမှုအရာ ကြမ်းတမ်း ခက်ထန်လာနိုင်ပါတယ်။ ဒုတိယ ပုံစံကတော့ "ပြေညှင်းသော ဒေါသ" ပါ။ စိတ်ဓာတ်ကျလာပြီး ဘာကိုမှ စိတ်မဝင်စားတော့ပါဘူး။ ပတ်ဝန်းကျင်နဲ့ ကင်းကင်း ရှင်းရှင်း နေရတာမျိုးကို ပိုပြီး လိုလားလာတတ်ပါတယ်။

"ဘဝ မျှော်လင့်ချက်" ကို ထိခိုက်စေတဲ့ အကြောင်းတရားတွေ အများကြီး ပါတယ်။ ဒီအထဲမှာ ကျန်းမာရေး ပြဿနာက ထပ်ဆုံးက ပါနေပါတယ်။ "ကျန်းမာရေး" မကောင်းတော့ဘူး ဆိုရင် "မျှော်လင့်ချက်" ကို အနည်းနဲ့ အများတော့ ထိုခိုက်စေပါတယ်။ ဒီလို အချိန်မျိုးမှာ လူသားတွေ ထားတဲ့ "မျှော်လင့်ချက်" တစ်ခု ရှိတတ်ပါသေးတယ်။ "ပြန်ကောင်းလာခဲ့ရင်" ဆိုတဲ့ မျှော်လင့်ချက်ပါ။ အကယ်၍ "ပြန်ကောင်း လာခဲ့ရင်" ဆိုတဲ့ မျှော်လင့်ချက် မျိုးထားဖို့ အခွင့်အလမ်း နည်းပါးခဲ့မယ်ဆိုရင် လူသားတွေရဲ့ စိတ်ထဲမှာ ပြင်းထနတဲ့ ဖိစီးမှုကနေ "ဒေါသ" ဖြစ်လာရမှာ သေချာပါတယ်။

HIV ရောဂါပိုး ရှိတယ်ဆိုတဲ့ စစ်ဆေး တွေ့ရှိချက်ဟာ "ဘဝမျှော်လင့်ချက်" ကို သေချာပေါက် ထိခိုက်စေပါတယ်။ ဒါဆိုရင်တော့ "ဒေါသ"  ဖြစ်လိမ့်မယ် ဆိုတာကိုလည်း ငြင်းလို့ မရပါဘူး။ အခြား လူတစ်စုံ တစ်ယောက်ရဲ့ ကြံစည် ကြိုးစားမှုကြောင့် မဟုတ်ဘဲ မိမိပြုခဲ့တဲ့ ကံနဲ့ အလုပ်ကြောင့်သာ ဒီလိုဖြစ်ရတာပါ။ ဒါကြောင့် "ပြေညှင်းသော ဒေါသ" ကိုလည်း ပေါက်ကွဲ ခံစားရနိုင်ပါတယ်။

"ဘဝမျှော်လင့်ချက်" ထိခိုက်လာမှုကြောင့် ဖြစ်ရတဲ့ ဒိဒေါသ တရားဟာ HIV ရောဂါပိုး ရှိသူတွေကို အရမ်း ဒုက္ခပေးလေ့ ရှိပါတယ်။ စိတ်ဓာတ်ကျတဲ့ ဝေဒနာကြောင့် မစားနိုင် မအိပ်နိုင် ဖြစ်ရပါတယ်။ ပတ်ဝန်းကျင်နဲ့ ကင်းကွာ လာတတ်ကြ ပါတယ်။ အသက်ရှင် နေထိုင်ရတဲ့ အချိန်ကလည်း အဓိပ္ပါယ် မရှိတော့သလို ခံစားလာ ရနိုင်ပါတယ်။

အချိန်ကြာလာတော့ ဒီဝေဒနာကို ဘယ်လိုမှ ဆက်ပြီး မခံစားနိုင်တော့ပါဘူး။ အားပေး ကူညီမှု ရယူဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဆေးဝါးကုသပေးမယ့်သူကို ကြိုးစားရှာဖွေသလို စိတ်ပိုင်းဆိုင်ရာ အားပေး နှစ်သိမ့်မှု ပြုပေးမယ့် သူကိုလည်း ရှာဖွေကြပါတယ်။ ဒါတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်ကြုံတွေ့ နေရတဲ့ တကယ့် ဘဝထဲက ဖြစ်ရပ်တွေပါ။

လက်တွေ့ ဘဝထဲမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ် တစ်ခုကို ထုတ်နုတ်တင်ပြလိုပါတယ်။ HIV ရောဂါပိုး ရှိသူတစ်ယောက်ရဲ့ ကိုယ်တွေ့ ဖြစ်စဉ်တခုကို လေ့လာသုံးသပ်ရင်း ရောဂါပိုး ရှိသူတို့ရဲ့ ခံစားချက်များကို နားလည် သဘောက်ပေါက် လာကြလိမ့်မယ်လို့လည်း ယုံကြည် မိပါတယ်။

------------------------------------

အမည်        - ကို ..........
မွေးသက္ကရာဇ်    - ၁၉၇၆
အလုပ်အကိုင်    - ကုန်သည်
ပညာအရည်အချင်း - B.A (Myanmar)

"ကျွန်တော် ငယ်ငယ်ကတည်းက ကျန်းမာရေးကို အရမ်း ဂရုစိုက်ခဲ့ပါတယ်။ ကျွန်တော် ဆယ်ကျော်သက် အရွယ်လောက်က ကာလသား ရောဂါဆိုတာ အရမ်း ခေတ်စား ပါတယ်။ ကျွန်တော် အကာအကွယ် ပစ္စည်း (condom) မပါရင် လိင်ဆက်ဆံမှု မပြုပါဘူး။ အဲ အသက်ကြီးလာတော့ HIV ဆိုတဲ့ ရောဂါပိုးက ခေတ်စား လာပါတယ်။ ကျွန်တော် ပိုပြီး ဂရုစိုက် သထိထားပါတယ်။ မှတ်မှတ်ရရ ကျွန်တော် ဘဝတစ်လျောက်လုံးမှာ အကာအကွယ် ပစ္စည်း (Condom) မပါပဲ (၂) ကြိမ်လောက် ဆက်ဆံခဲ့ဘူး ပါတယ်။ ဒါဟာ အရက်ကြောင့်၊ အရက်မှုးနေလို့ သတိလက်လွတ် ဖြစ်ခဲ့ရတာပါ။"

"၂၀၀၃ ခုနှစ် ဇွန်လထဲမှာ ကျွန်တော် ချောင်းအဆက်မပြတ် ဆိုးလာခဲ့ပါတယ်။ HIV ရောဂါပိုး ရှိနေပြီလားလို့လည်း သံသဝ ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့မှာ အန္တရာယ် ဖြစ်စေလောက်တဲ့ အပြုအမှု၊ အရမ်းနည်းပါးခဲ့တာကို အကြိမ်ကြိမ် ပြန်ပြီး သုံးသပ်ခဲ့ပါတယ်။"

"နောက်ဆုံး မနေနိုင်တာနဲ့ အားတင်းပြီး စစ်ဆေးကြည့်ပါတယ်။ အဖြေကို ကျွန်တော်ကိုယ်တိုင် သွားမယူရဲပါဘူး။ ဖုန်းဆက် မေးကြည့်ပါတယ်။ မျက်လုံးတွေ ပြာလာတယ် ဆိုတဲ့ ခံစားမှုမျိုး ပထမဆုံး အကြိမ် ခံစားခဲ့ဘူးပါတယ်။"

"၂-၆-၂၀၀၃၊ တစ်ညလုံး အိပ်လို့မရခဲ့ပါဘူး"

"ကျွန်တော် ဘာဆက်လုပ်ရင် ကောင်းမလဲ အတွေးပေါင်းစုံနဲ့ တစ်ပတ်လောက် အချိန်ကုန်သွားခဲ့ပါတယ်။"

"ရုပ်ပျက် ဆင်းပျက် သေရမှာကိုလည်း မျက်လုံးထဲမှာ မြင်ယောင်လာခဲ့ ပါတယ်။ ကျွန်တော် ဆေးကုသဖို့ လက်လှမ်းမီသလောက် စုံစမ်း ရှာဖွေကြည့်ခဲ့တယ်။ သိပ်မကြာပါဘူး ကျွန်တော် အားကိုးရမယ့် သိဒ္ဓိဆရာ တစ်ယောက်ကို မြို့ထဲမှာပဲ ရှာတွေ့ခဲ့တယ်။ သူက HIV ကို အမြစ်ပြတ်အောင် ကုသပေးမယ် ဆိုပါတယ်။ ရွှေနှင့် ပြုလုပ်ပြီး သိဒ္ဓိတင်ထားတယ် ဆိုတဲ့ သူ့ရဲ့ ဆေးအမျိုးမျိုးကိုလည်း ထုတ်ပြပါတယ်။ ဈေးအရမ်းကြီးတယ်။ (၆) လ သောက်ပြီးရင် လုံးဝပျောက်သွားရမယ်လို့လည်း အာမခံ ခဲ့ပါတယ်။ ကျွန်တော်လည်း အခြေတကျ လုပ်ငန်းကြီး လုပ်နေတဲ့ ဆရာကြီးပဲ ဆိုပြီး ယုံယုံကြည်ကြည်နဲ့ ဝယ်သောက်မိပါတယ်။"

"တိုးတက်မှု မရှိပါဘူး။ ကျွန်တော် ဆရာဝန်တွေနဲ့လည်း ထပ်ပြီး တိုင်ပင်ကြည့်ပါတယ်။ HIV ဆေးဝါး ကုသတဲ့ အယူအဆ၊ HIV နဲ့ ပတ်သက်တဲ့ ဗဟုသုတ ပြည့်ဝလာတော့မှ ကျွန်တော် လူလိမ်ခံလိုက်ရပြီ ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။"

"အခုတော့ ကျွန်တော့် ကျန်းမာရေးက ကောင်းကောင်း မွန်မွန်ပါပဲ။ စိတ်ထဲမှာတော့ မကြာခဏ ဆိုသလို ဒုက္ခပေးနေတာ တခုရှိပါတယ်။ ဒါကတော့ သေခြင်းတရားပါ။ ကျွန်တော် သေရမှာကို ကြောက်ပါတယ်။ အထူးသဖြင့် အရှက်တကွဲနဲ့ သေရမှာကို ပိုပြီး ကြောက်နေပါတယ်။"

"သေခြင်း တရားကို ဆိုတာက ပြောရတာ လွယ်ပေမဲ့ လက်တွေ့ရင်ဆိုင်ရဖို့ တော်တော်ခက်ပါတယ်။ စိတ်ထဲကို ခဏ ခဏ ဝင်လာတတ်ပါတယ်။ တစ်ခါက ကျွန်တော့် လုပ်ဖော်ကိုင်ဖက် တပည့်မလေး တစ်ဦးကို အစားအဆက်အစပ် မရှိပဲနဲ့ သေရမှာ အကြောက်ဘူးလားလို့ မေးကြည့်ဖူးပါတယ်။ သေပြီးသွားရင် ဘာမှ သိမှာ မဟုတ်ဘူး။ ကြောက်စရာလဲ မလိုဘူး၊ အခုသေသွားမလား ရတယ်။ လွယ်လွယ်လေးပဲလို့ ကောင်းမလေးက ပြန်ဖြေခဲ့ပါတယ်။"

"သူတို့ကတော့ ကျန်းမာရေး ကောင်းနေတော့ ပြောအားရှိတာပေါ့။ ကျွန်တော့ အတွက်ကတော့ သေရမှာ အ၇မ်း ကြောက်စရာ ကောင်းနေပါတယ်။ ဘယ်နေ့လဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်လိုပုံစံနဲ့လဲ၊ ကျွန်တော်ဆက်ပြီး မစဉ်းစားနိုင်တော့ ပါဘူး။ အခု ကျွန်တော် နေ့စဉ် လုပ်ငန်းတွေကို အကောင်းဆုံး ကြိုးစားလုပ်ကိုင်နေပါတယ်။ ဒါပေမယ့် မနက်ဖြန် အကြောင်းကို လုံးဝ မစဉ်းစားရဲပါဘူး၊ ကျွန်တော့ ချစ်သူ၊ ကျွန်တော့် မိသားစု အားလုံးကို သံယောဇဉ် ပြတ်အောင် ကြိုးစားနေရပါတယ်။"

"သူငယ်ချင်းတွေနဲ့ အလုပ်ထဲမှာ စကားပြောကြရင်း၊ ဆိုင်မှာ စကားပြောကြရင် ကျွန်တော် တက်တက်ကြွကြွ မရှိတော့ပါဘူး။ သူငယ်ချင်းတွေက ကျွန်တော့်ကို လောဘ သိပ်မကြီးတတ်တော့ဘူးလို့ သုံးသပ်နေကြပါတယ်။ အမှန်တော့ ကျွန်တော် ဘာကိုမှ စိတ်မဝင်စားတော့တာပါ။" (11.10.2003)

-------------------------------

ဒီလို လူနာတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ဒုက္ခကတော့ စိတ်ပူပန်သောက ရောက်ရတဲ့ ဒုက္ခပဲ ဖြစ်ပါတယ်။ ဒီလို ဒုက္ခကိုလည်း ဘယ်သူကမှ ဖန်တီးပေးလိုက်တာ မဟုတ်ပါဘူး။ လူနာတွေ ကိုယ်တိုင်ပဲ ရှာဖွေတွေးတော နေကြတာ ဖြစ်ပါတယ်။ "ဒုက္ခသစ္စားတရား" လွှမ်းမိုးတဲ့ လောကကြီးမှာ ဒီလို ကိုယ့်ကိုယ်ကို ဒုက္ခရှာတွေးတော နေမယ်ဆိုရင်တော့ အဆုံးမရှိတဲ့ ဒုက္ခတွေကိုပဲ ဆက်ပြီး ရင်ဆိုင်ကြရ မှာပါ။ အဆက်မပြတ်သော ရှုံးနိမ့်မှုတွေကိုသာ ဆက်တွေ့ရဦးမှာ ဖြစ်ပါတယ်။

"သေခြင်းတရား" ဆိုတာဟာ လူသားတိုင်း ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘဝဖြစ်စဉ် တစ်ခုပါပဲ။ ဒီနေ့ မဟုတ်ရင် နောက်တစ်ရက်ရက်မှာ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ရှောင်လွှဲမရတဲ့ ဖြစ်စဉ် တစ်ခုအပေါ် အာရုံစူး စိတ်အတွေး လွန်နေတာဟာ ကိုယ့်ကိုကိုယ် နှိပ်စက်ညှင်းပမ်း နေမှုသာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ HIV ရောဂါပိုး မရှိပေမဲ့လည်း အချိန်မရွေး သေဆုံးသွားနိုင်ပါတယ်။

HIV ရောဂါပိုး ရှိနေတယ်ဆိုတဲ့ အဖြေဟာ ကြောက်စရာ ကောင်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ချက်ချင်း သေသွားနိုင်လောက်အောင် ဒုက္ခမပေးပါဘူး။ ရောဂါပိုး ကူးစက်မှု ခံရပြီး (၁၅) နှစ်မက အသက်ရှင် ကျန်းမာနေကြတဲ့ လူတွေလည်း ရှိပါတယ်။ တကယ်တော့ ရောဂါပိုး ရှိနေတယ် ဆိုတဲ့ သွေးစစ်ဆေးမှု အဖြေဟာ ကျန်းမာစွာ ဆက်လက် အသက်ရှင်သန်မှု အတွက် အရေးကြီးတဲ့ အတင်းပေးမှု တစ်ရပ်သာ ဖြစ်ပါတယ်။ အနေအထိုင် အစားအသောက် ဆင်ခြင်ဖို့၊ ကျန်းမာရေးကို ဂရုစိုက်ဖို့ သတိပေးမှု တစ်ရပ်သာ ဖြစ်ပါတယ်။

ဒီသတိပေးမှုကို အချိန်မီ ရလိုက်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုကို စောစီးစွာ ခံယူနိုင်ခွင့်လည်း ရလိုက်ပါတယ်။ အကယ်၍သာ အချိန်မီ မစစ်ဆေးနိုင်ခဲ့ဘူး ဆိုရင် ခုခံအား အဖွဲ့အစည်းကြီး တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ဖြေရှင်းရခက်တဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ရင်ဆိုင်လာရ နိုင်ပါတယ်။ ဒါတွေ မဖြစ်သေးခင်မှာ ကြိုပြီး သိလိုက်တာ အခွင့်အရေး တစ်ရပ် ရလိုက်သလိုပါပဲ။

HIV ရောဂါပိုး ရှိနေပေမယ့် ကျန်းမာရေး ကောင်းမွန်စွာနဲ့ နေထိုင်လှုပ်ရှားနေကြတဲ့ သူတွေ အများကြီး ရှိနေပါတယ်။ လက်ရှိ အခြေအနေမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ပါတယ်။ နောက်ဆိုရင်လည်း ကုသနိုင်တဲ့ ဆေးဝါး အသစ်တွေ ပေါ်ထွက်လာစရာ အကြောင်းတွေ ရှိနေပါတယ်။ ဒါကြောင့် HIV ရောဂါပိုးမျိုး ရှိနေတယ်ဆိုပေမယ့် "ဘဝ မျှော်လင့်ချက်" အပြည့် ရှိနေသေးတယ် ဆိုတာကိုတော့ သတိပြုကြ စေလိုပါတယ်။

HIV မှတ်စုများ 2004 မှ ပြန်လည်း ကူးယူ ရေးသား တင်ပြထားခြင်း ဖြစ်ပါတယ်။

No comments: