Thursday, January 23, 2014

Mister And Miss University ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်း ရေကူးကန်တွင် ရုတ်တရက်သေဆုံး



Mister And Miss University ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်း ရေကူးကန်တွင် ရုတ်တရက်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် အသီးသီးမှ စံပြမောင်မယ်များ ပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ စီစဉ်ပြုလုပ်မည့် Mister And Miss University ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကိုယ်စားပြု ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား ကောင်းမြတ်ဟိန်းသည် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေသည့် City Golf Resort ဟိုတယ်၏ ရေကူးကန်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း August Myanmar Media Group မှ CEO ဦးရဲမြန်မာအောင်က The Voice သို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက် ည ၁၂ နာရီကျော်အချိန်၌ ကောင်းမြတ်ဟိန်း၏ အလောင်းကို City Golf Resort ဟိုတယ်၏ ရေကူးကန်တွင် ဟိုတယ် လုံခြုံရေးများက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနေ့ညမှာ စခန်းသွင်း လေ့ကျင့်သည့် နောက်ဆုံးည ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်များကို ပါတီတစ်ခု ကျင်းပပေးခဲ့ပြီး ယင်းပါတီသို့လည်း ကောင်းမြတ်ဟိန်း ပါမလာခဲ့ကြောင်း၊ ယခင်နေ့များတွင်မူ ညစဉ် ၁၀ နာရီတွင် ပြိုင်ပွဲဝင်များကို စစ်ဆေးလေ့ ရှိသော်လည်း ယင်းနေ့တွင်မူ ပါတီပွဲမှာ ညဥ့်နက်မှ ပြီးဆုံးသည့်အတွက် မစစ်ဆေးဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကောင်းမြတ်ဟိန်း သေဆုံးမှုကို CID မှ တာဝန်ရှိသူများက စစ်ဆေးနေဆဲ ဖြစ်သည့်အတွက် သေဆုံးရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပမယ့် ပြိုင်ပွဲတစ်ခုမှာ မမျှော်လင့်တဲ့ ကံကြမ္မာဆိုး တစ်ခုကြောင့် ဒီလိုအဖြစ်အပျက် မျိုးဖြစ်ပွားလာတဲ့အတွက် ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်းရဲ့ မိသားစုနဲ့ ထပ်တူ ကျွန်တော်တို့တွေလည်း အရမ်းဝမ်းနည်းရပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံး Final ပွဲစဉ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ပြိုင်ပွဲဝင်တွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ ပြိုင်ပွဲကို ရက်ရွှေ့လိုက်ပါတယ်” ဟု ဦးရဲမြန်မာအောင်က ဆိုသည်။

အနောက်ပိုင်း တက္ကသိုလ်တွင်၊ ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာ အထူးပြုနှင့် ပညာသင်ကြားနေသူ Mister And Miss University ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်း (အမည်ရင်း ကျော်ဇောဟိန်း) သည် အသက် ၂၀ အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ မွန်းလွဲ၂ နာရီအချိန်တွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း၊ ကောင်းမြတ်ဟိန်းသည် တက္ကသိုလ်ဝင်တန်း အောင်ပြီးကတည်းက မော်ဒယ်လ်လောကသို့ ဝင်ရောက်ပြီး အနုပညာ အလုပ်များကို လုပ်ကိုင်ခဲ့ကြောင်း ကောင်းမြတ်ဟိန်း၏ အစ်မဖြစ်သူ မစိုးယုမော်က ပြောကြားသည်။

The Voice Weekly

အော်ရီဒူးက ခြောက်လအတွင်း ဖုန်းကတ်ရောင်းချနိုင်ရန် အစိုးရခွင့်ပြုချက်စောင့် 


ရန်ကုန်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါအောင် ကုမ္ပဏီများအနက် အော်ရီဒူးက ခြောက်လအတွင်း ဖုန်းကတ်များ ရောင်းချပေးနိုင်ရန် အစိုးရ ခွင့်ပြုချက် လိုင်စင်ကို စောင့်ဆိုင်းနေကြောင်း အော်ရီဒူးမြန်မာမှ ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောကြားသည်။

“ကျွန်မတို့ဘက်က အစိုးရကိုရော ပြည်သူလူထုကိုပါ ကတိပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ခြောက်လနေရင် ကတ်တွေရောင်းမယ်။ အင်တာနက် 3G ကွန်ရက်တွေကို မြို့ပြနေ ၂၅ ရာခိုင်နှုန်းနဲ့ ကျေးလက် ၇၅ ရာခိုင်နှုန်းကော မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ မြန်မာဘာသာနဲ့ သုံးနိုင်အောင်ရယ် Youtube ကနေ Download ချမယ်ဆို ခုလိုအဝိုင်းလည်နေတာမျိုးတွေ မရှိတော့ဘဲနဲ့ အသုံးပြုနိုင်အောင် စီစဉ်ပေးမယ်” ဟု ၎င်းကဆိုသည်။

အော်ရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ မြို့ကြီးများသာမက ကျေးလက်ဒေသ အထိ ကျယ်ပြန့်သည့် ဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်ကာ ၎င်းတို့၏ ဆန်းသစ်တီထွင်မှု ရှိသည့် နည်းလမ်းဖြင့် 3G ကွန်ရက် ဖြန့်ကြက်ပြီး အသံတစ်မျိုးတည်းသာ အသုံးပြုနိုင်သည့် ဒေသများတွင် အချက်အလက်များပါ အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း အော်ရီဒူးမှ ထုတ်ပြန် ကြေညာထားသည်။

3G ကွန်ရက်အတွက် အဓိကကျသည့် ရေဒီယိုနှင့် စက်ပစ္စည်းများ ပံ့ပိုးသူအဖြစ် NSN ကုမ္ပဏီကို ခန့်ထားပြီး ပြည်တွင်း မိုဘိုင်းလ် ကွန်ရက်ဖြန့်ကြက်ရန် ယမန်နှစ် ဒီဇင်ဘာလအတွင်း ZTE ကုမ္ပဏီနှင့်လည်း စာချုပ်ချုပ်ဆိုခဲ့ကြောင်း အော်ရီဒူး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ပြည်ပကုမ္ပဏီများအတွက် လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင်ကို ပြီးခဲ့သည့် (ဒီဇင်ဘာလကုန်ပိုင်းတွင် နိုင်ငံတော်အစိုးရက ချပေးမည်ဟု ကတိပေးထားသော်လည်း ယခုချိန်ထိ ချထားပေးနိုင်ခြင်း မရှိသေးပေ။

နော်ဝေအခြေစိုက် Telenor ကုမ္ပဏီကလည်း လုပ်ငန်းလိုင်စင်ရပြီး ရှစ်လအတွင်း ဖုန်းကတ်များ စတင်ရောင်းချပေး သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

သူနာပြုတက္ကသိုလ် ကျောင်းသူကို ဓားဖြင့်ထိုးကာ တိမ်းရှောင်နေသူကို မဖမ်းမိသေး 


ရန်ကုန်၊ ဇန်နဝါရီ ၂၂

လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ၇ လမ်းရှိ တိုက်ခန်းလှေကားတွင် လွန်ခဲ့သော တစ်ပတ်ခန့် ဇန်နဝါရီလ ၁၄ က ချစ်သူနှင့် ချိန်းတွေ့စဉ် စကားများရာမှ သူနာပြုတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသူကို ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူဟု တိုင်ကြားခံရသည့် ၎င်း၏ချစ်သူကို တစ်ပတ်အကြာ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ မမိသေးကြောင်း လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ချစ်သူ Heavy Machine ကုမ္ပဏီမှ အင်ဂျင်နီယာ ကိုမင်းဆန်းနှင့် အဆောင်အောက် လှေကား၌ စကားပြောနေရာမှ ကိုမင်းဆန်းက ဓားမြှောင်ဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်ခဲ့မှုနှင့် ပတ်သက်၍ ကိုမင်းဆန်းကို ဖမ်းမိနိုင်ရေးအတွက် ခရိုင်နှင့် တိုင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ စုံစမ်းလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။

“ဓားနဲ့ထိုးပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ အမျိုးသားစခန်းမှာ လာအဖမ်းခံတယ်ဆိုတဲ့ အပြင်မှာ ပြောနေကြတဲ့ စကားက အမှန်မဟုတ်ပါဘူး။ လက်ရှိ ဖမ်းမိဖို့အတွက် စုံစမ်းနေဆဲပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသည်ဟု တိုင်ကြားခံရသူ ကိုမင်းဆန်းသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက် မင်းတပ်လမ်းတွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိရေးအတွက် ၎င်းနှင့် ပတ်သက်သည့် အမှုကွင်းဆက်များကို စုံစမ်းဆောင်ရွက်နေကြောင်း လမ်းမတော် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဓားဖြင့်ထိုးခံရသူသည် ဧရာဝတီတိုင်း၊ ဒေသကြီး ပုသိမ်မြို့နယ် ရာမညရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ပညာသင်ယူနေသူ ဖြစ်ကြောင်း၊ ဓားထိုးခံရစဉ်က အဆိုပါ ကျောင်းသူ၏ အော်သံကြောင့် ၎င်း၏ မိခင်ဖြစ်သူက အခန်းအပြင် ထွက်ကြည့်ရာမှ တွေ့ရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ စိုးရိမ်ဖွယ် အခြေအနေ မရှိတော့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါအမှုအတွက် တိုင်ကြားခံရသူ ကိုမင်းဆန်းကို လမ်းမတော်မြို့မ ရဲစခန်းက (ပ)၉/၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments: