Tuesday, January 21, 2014

သမိုင်းဝင် ကပ်ရောဂါများ (၂)



ရောဂါသည်တွေဟာ လူတွေရဲ့ စက်ဆုပ်ရွံရှာမှုနဲ့ ဖယ်ကြဉ်ခြင်းကို ခံခဲ့ကြရတယ်။ AIDS နဲ့ ကွာတဲ့ အချက်တစ်ခုကတော့ ဆစ်ဖလစ်က ကူးစက်ဖို့ရာ ပိုပြီး လွယ်တယ်။ ဆစ်ဖလစ်မှာ ရောဂါကို ကုစားဖို့ တကယ် ထိရောက်တဲ့ဆေးကို နှစ်ပေါင်း ရာနဲ့ ချီပြီး ရှာခဲ့ရတယ်။ ကာကွယ်ဆေး vaccine (ဗက်စင်း) ဆို အခုအထိ ပေါ်မလာသေးဘူး။ အခအခြေအရ မှန်းပြောရရင်တော့ ဒီရောဂါဟာ လူသားတွေကို ဆက်ဒုက္ခ ဝေးနေ ဦးမယ့် ရောဂါပါ။

ကျောက်ကြီးရောဂါတော့ မြန်မာတွေ အများသိရောဂါ ဖြစ်ပါတယ်။ အခုအထိ ကျောက်ကြီးရောဂါ ဖြစ်တာ ဘယ်လိုဆိုတာ မှတ်မိကြသူတွေ သက်ရှိထင်ရှား အများကြီး ရှိနေပါသေးတယ်။ ကျောက်ပေါက်မှတ်နဲ့ လူတွေလည်း တွေ့နေရသေးတယ်။ ကျောက်ကြီး ရောဂါ ဘယ်တုန်းက စသလဲ ဆိုတာတော့ တပ်အပ်သေချာ မသိရပါဘူး၊ ဟိုးရှေးယခင် ပဝေသဏီကတည်းက ရှိနေတဲ့ ရောဂါလို့ပဲ ယူဆနေရတာပဲ။ နှစ်ပေါင်း ၃၀၀၀ ကျော်က နေသွားတဲ့ အီဂျစ်ဘုရင် “ရာမစီ (ခ)” (ခရစ်မပေါ်မီ ၁၁၅၇) ရဲ့ ဆေးစီမံထားတဲ့ အလောင်းကို ပြန်ဖော်လို့ရလို့ စစ်ဆေးတော့ သူ့မှာ ကျောက်ကြီးရောဂါရှိတယ်လို့ ထင်မှတ်ဖွယ်ရာ လက္ခဏာတွေ တွေ့ခဲ့ရတယ်။

ခရစ်မပေါ်မီ အနှစ် ၁၀၀၀ တတည်းက တရုတ်ပြည်မှာ ရှိခဲ့တယ်တဲ့။ တရုတ်တွေက ကျောက်ပေါက်အနာ ကလေးတွေက အမြှေးအဖတ်တွေကို ယူပြီး လူကောင်းတစ်ယောက်ရဲ့ နှာခေါင်းပေါက်ထဲကို မှုတ်ထည့်ပြီး ရောဂါ “ပြီး” အောင် လုပ်ခဲ့ကြတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဒီရောဂါကို မထိန်းနိုင်ခဲ့ကြဘူး။ သက္ကရာဇ် ဒေဒီ (ခရစ်တော်ပေါ်ပြီး) ၃၀၂ နဲ့ ၅၈၁ ကြားမှာ ဆီးယီးယားပြည် (အရှေ့အလယ်ပိုင်း) မှာ ကျောက်ရောဂါ အကြီးအကျယ် ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုတယ်။

အေဒီ ၉၁၀ မှာ အာရပ်သမားတော်ကြီး “ရာဇီး” က ကျောက်ရောဂါအကြောင်း စာတမ်းကြီး ရေးခဲ့သေးတယ်။ ၁၆ ရာစုမှာ ဥရောပ၊ အာရှနဲ့ အခြားကမ္ဘာ အရပ်ရပ်တို့ ကူးသန်းရောင်းဝယ်ရေးကြောင့် ကူးလူး ဆက်ဆံတာတွေ ရှိလာတော့ ဒီရောဂါဟာ ကမ္ဘာအရပ်ရပ်ကို ပြန့်သွားတယ်။ ၁၆၁၄ မှာ ဥရောပတခွင် အနှံ့အပြား ဖြစ်ခဲ့ပြီး ၁၆၆၆ ကနေ ၁၆၇၅ အထိ အင်္ဂလန်မှာ ဖြစ်တယ်။ အမေရိက တိုက်ကိုတော့ ၁၇ ရာစုမှာ ရောက်နေပြီ။ အာရှ၊ အာဖရိကနဲ့ အခြားတိုင်းပြည်တွေမှာ တိကျတဲ့ မှတ်တမ်းတွေ မရှိလို့ အပိုင် မပြောနိုင်ပေမယ့် တစ်ခါတစ်ခါ ဒီရောဂါဖြစ်ပြီဆိုရင် လူတွေ သေကြေပျက်စီးကြတာတော့ အမှန်ပဲ။

ဥရောပ စသည်တို့ထက် ပိုပြီး အခြေအနေဆိုးဖွယ်ရာ ရှိတယ်။ ဒီရောဂါရဲ့ သမိုင်းမှာ အရေးကြီးတဲ့ မှတ်တိုင်ကြီး တခုကတော့ ၁၇၈၆ မှာ ရှိခဲ့တယ်။ အဲဒီနှစ်မှာ အင်္ဂလန်က ဆရာဝန် Edward Jenner က cow pox ခေါ်တဲ့ နွားမှာပေါက်တဲ့ ကျောက်က အရည်ကိုယူပြီး လူမှာထိုးလိုက်ရင် လူကို ကျောက်ကြီးဖြစ်တာကို ကာကွယ်နိုင်တယ်ဆိုတာကို စမ်းသပ် သုတေသနပြုပြီး သိပ္ပံနည်း ကျကျ ဖော်ထုတ်ခဲ့တယ်။ ၁၇၈၈ မှာ သူ့စာအုပ် ထွက်လာပြီးတဲ့နောက် ဒီကျောက်ရောဂါ ကာကွယ်ဆေးထိုးမှုဟာ အပြည်ပြည်ကို ပြန့်ပွားသွားခဲ့တယ်။

ဆေးပညာ သမိုင်းမှာ မှတ်သားဂုဏ်ယူလောက်တဲ့ အောင်မြင်ချက် အဖြစ် ယခုအထိ အသိအမှတ် ပြုနေကြရတယ်။ ရောဂါတစ်ခုကို vaccination “ဆေးထိုးခြင်း” ဖြင့် အောင်မြင်စွာ ကာကွယ်နိုင်တာဟာ ဒီတစ်ခါဟာ ပထမ ဆုံးဖြစ်တယ်။ ဒီပုံစံနမူနာကို ယူပြီးနောက် ကာကွယ်ဆေး ဖြစ်မြောက် တီထွင်မှုနဲ့ ကာကွယ်ဆေးထိုးပြီး ရောဂါကာကွယ်မှုကို တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ ဒီလို ဆေးထိုးနည်းနဲ့ပဲ ရောဂါတော်တော် များကို နှိမ်နင်းဆဲ ရှိတယ်။

ဒီလိုဆေးထိုး သို့မဟုတ် ဆေးပေးပြီး ရောဂါတွေကို ကာကွယ်တဲ့နည်းကတော့ ရောဂါတိုက်ဖျက်ရေးနဲ့ ကာကွယ်ရေးအတွက် အထူး ထိရောက်ပြီး ငွေကုန်ကြေးကျ အသက်သာဆုံး နည်းဖြစ်တယ်။ ဒါကြောင့် ဘယ်ရောဂါမဆို နောက်ဆုံး အပြုတ်တိုက်ဖို့ရာ စဉ်းစားကြပြီဆိုရင် vaccine (ဗက်စင်း) ကာကွယ်ဆေးကို မရအရ၊ မဖြစ်ဖြစ်အောင် သုတေသနလုပ်ပြီး ဖော်ကြရတာချည်း ဖြစ်တယ်။

ကျောက်ရောဂါဟာ ဗိုင်းရပ်စ် တစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါပါပဲ။ ဒီဗိုင်းရပ်စ်ရဲ့ သိသေသ အချက်တွေကတော့ ရောဂါဖြစ်နေသူနဲ့ မျက်နှာချင်းဆိုင်တွေ့မှသာ ကူးတယ်။ လူကိုယ်ထဲဝင်ပြီး ၂ ပတ်ကြာအတွင်းမှာသာ တစ်ပါးသူကို ကူးစက်နိုင်တယ်။ ၂ ပတ်အကြာကလွန်ရင် ဒီလူနာဟာ တစ်ခြားသူတွေကို ဒီရောဂါပေးလို့ မရတော့ဘူး။ ဒီဗိုင်းရပ်စ်ဟာ လူမှာ သာနေနိုင်တဲ့ ဗိုင်းရပ်စ်၊ လူရဲ့အပြင်ဘက်မှာ မရှင်နိုင်ဘူး။ အချို့ ဗိုင်းရပ်စ်နဲ့ အခြားရောဂါပိုးတွေကတော့ လူထဲဝင်ပြီး ဒုက္ခပေးတယ်။
လူထဲမှာ မရှိတဲ့အခါ ကျတော့ အခြားအပြင်ဘက်မှာရှိတဲ့ တိရစ္ဆာန်၊ ပိုးမွှား စသည်တို့မှာ တစ်လှည့် ခိုအောင်းနေတတ်တယ်။ carrier stage (သယ်ဆောင်သူအဆင့်) ရှိတယ်လို့ ခေါ်တယ်။ ကျောက်ကြီး ဗိုင်းရပ်စ်ကတော့ ကြားကာလမှာ နေဖို့ရာ “သယ်ဆောင်သူ” ပိုးမွှား စသည်တို့ မရှိဘူး။ ဗိုင်းရပ်စ်ပိုးဟာ လူထဲဝင်ပြီးရင် သူ့ကြောင့် လူဟာ သေချင်သေသွားမယ်။ မသေဘဲ ကောင်းချင်လည်း ကောင်းလာမယ်။ လူသေရင်တော့ ဗိုင်းရပ်စ် သေမှာပဲ။ လူမသေဘဲ ကောင်းသွားလို့ ရှင်နေမယ်ဆိုရင်လည်း ၂ ပတ်အကြာမှာ ဗိုင်းရပ်စ် အတွက်ကတော့ ဘဝဆုံး၊ မျိုးဆက်ပြတ် ဖြစ်သွားမှာပဲ။
လူကိုယ်ထဲမှာ နေစဉ် ၂ ပတ် အတွင်းမှာသာ အခြားကို ကူးစက်ပြန့်ပွားနိုင်တာကိုး။ အဲဒီ အချက်ဟာ ဗိုင်းရပ်စ်အတွက် ဆက်လက်ရပ်တည်ဖို့ အတွက် ပျော့ကွက် ညံ့ကွက်ဖြစ်ပြီး လူသားတွေအတွက်တော့ ဒီရောဂါကို တွန်းလှန် ဖြိုးဖျက်ဖို့ အတွက် နိုင်ကွက်ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရောဂါကို “ပြီး” အောင် လုပ်နိုင်တဲ့ ကာကွယ်ဆေးကလည်း ရှိနေပြီ မဟုတ်လား။ ဒီတော့ ကမ္ဘာရှိ လူတိုင်းလူတိုင်းဟာ ကာကွယ်ဆေးကလည်း ရှိနေပြီ မဟုတ်လား။ ဒီတော့ ကမ္ဘာရှိ လူတိုင်းလူတိုင်းဟာ ကာကွယ်ဆေး ထိုးပြီးသား ဖြစ်နေရင် ဗိုင်းရပ်စ်မှာ ခိုကပ်စရာနေရာ မရှိတော့လို့ ဒီကမ္ဘာ မြေမျက်နှာပြင်ပေါ် ကနေပြီး အပြီးအပိုင် ပျောက်သွားမှာ ဖြစ်တယ်။

ဒီနည်းဗျူဟာကို စနစ်တကျ အကောင်အထည်ဖော်ပြီး လက်တွေ့မှာ ပိုင်ပိုင်နိုင်နိုင် လုပ်ဖို့ အတွက်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆေးပညာ သိပ္ပံပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များတွင်မက စီမံခန့်ခွဲရေးပိုင် ဆိုင်ရာ အတတ်ပညာရှင်များနဲ့ အခြား အထူးပုဂ္ဂိုလ်ပျားနဲ့ပါ နှီးနှောတိုင်ပင်ပြီး စီမံကိန်း စီမံချက်များ ရေးဆွဲခဲ့တယ်။ ဒီလို ရေးဆွဲတဲ့ အခါမှာလည်း လက်တွေ့ပိုင်းဆိုင်ရာ လုပ်ငန်းတွေကို အထူး အလေးပေးစေတယ်။

လုပ်ငန်း အကောင်အထည် ဖော်ရာမှာ တွေ့ကြုံနိုင်မယ့် အခက်အခဲ ပြဿနာတွေကိုလည်း ကြိုတင်ပြီး တတ်နိုင်သလောက် စဉ်းစားဖော်ထုတ်ပြီး ဒါတွေကို ကျော်လွန်နိုင်ရေး အတွက် အသေးစိတ် စေ့စေ့စပ်စပ် အစီအစဉ်တွေ ပြင်ဆင်ထားတယ်။ ဒီစီမံကိန်းကြီးကို ၁၉၅၈ ခုနှစ်မှာ စတင် အကောင်အထည်ဖော်လိုက်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တက်ညီလက်ညီ ဝိုင်းဝန်ကူညီပြီး ဆင်နွှဲလိုက်တဲ့ ဒီပွဲဟာတော့ သမိုင်းဝင် ဂန္တဝင်ဖြစ်တဲ့ လုပ်ဆောင်ချက်ကြီးလို့ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ်မှာတော့ လူသားတွေအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ထူးခြားတဲ့ အောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်ခဲ့တယ်။ အဲဒီနှစ် World Health Assembly ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၃၃ ကြိမ်မြောက် အစည်းအဝေးမှာ ဒီဆိုးဝါးလှတဲ့ ကျောက်ကြီးရောဂါကို လူ့လောက ဒီကမ္ဘာကနေပြီး အပြီးအပိုင် သုတ်သင်ပြီးကြောင်း တရားဝင် ကြေညာ နိုင်ခဲ့တယ်။ Variola Major လို့ ခေါ်တဲ့ ကျောက်ကြီးရောဂါရဲ့ နောက်ဆုံး လူနာကို ၁၉၇၅ ခုနှစ်မှာ အင်္ဂလားဒေ့(ရှ်) ပြည် “ဘိုလာ” ကွန်းမှာ တွေ့ခဲ့ရပြီး Variola Minor လို့ ခေါ်တဲ့ နောက်ကျောက်ရောဂါ တစ်မျိုးရဲ့ နောက်ဆုံး လူနာကိုတော့ Somalia ဆိုးမာလီးယားပြည် Merka မာကာရွာမှာ တွေ့ခဲ့တယ်။

ဒါဟာ ကျောက်ရောဂါ ဗိုင်းရပ်စ်ရဲ့ ဇာတ်သိမ်းခန်းပဲ။ ကမ္ဘာ့လူသားတွေရဲ့ ဥဒါန်းကျူးရင့်လောက်တဲ့ အောင်သေအောင်သား စားပွဲကြီးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အနည်းဆုံး နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက လူသားတွေ သတ်ဖြတ်ညှဉ်းဆဲခဲ့တဲ့ ရက်စက်လှတဲ့ ကမ္ဘာ့ရန်သူကြီးကို အပြတ်ခြေမှုန်းနိုင်ခဲ့တာကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ဂုဏ်ယူလို့ မဆုံးနိုင်တဲ့ လုပ်ဆောင်ချက် တစ်ရပ်ပါ။ ကမ္ဘာ့ လူသားတွေရဲ့ ကျေးဇူးဥပကာရကို အမြဲခံယူရမယ့် အောင်မြင်မှုကြီးပါပဲ။
ကာလဝမ်းလို့ ခေါ်တဲ့ Cholera ရောဂါဟာ မြန်မာတို့ ယဉ်ပါးပြီးသား ရောဂါကြီး ဖြစ်ပါတယ်။ အဆိုးဝါးဆုံးသော ကပ်ရောဂါ တစ်ခုလို့လည်း ကမ္ဘာ့သမိုင်းမှာ သတ်မှတ်ခြင်း ခံထားရတဲ့ ရောဂါပါ။ နာရီပိုင်းအတွင်းမှာ များစွာသော လူတို့ကို အုပ်စုလိုက် အပြုံလိုက် အတုံးအရုံး သေဆုံး သွားစေခဲ့တာမို့ လူတွေ အကြောက်ကြီးကြောက်ခဲ့ကြပါတယ်။ ကာလဝမ်းဟာ ဘယ်လောက်ဆိုးတယ်ဆိုတာကို မှတ်မိနေပြီး အခုပြန်ပြောရင်တောင် ကြောက်နေကြသေးတဲ့ လူတွေ မြန်မာမှာ အခုထိ အသက်ရှင်လျက် ရှိနေကြသေးတယ်။

မိသားစု တစ်စုလုံး တံဇဉ်နဲ့ စပါးအစည်းကို ရိတ်ဖြတ်ပစ်လိုက်သလို တစ်ချက်တည်းနဲ့ သေကြေပျက်စီး ကြရတာ မနက်က အကောင်းသား ညနေကျတော့ အသက်မရှိတော့တာ။ လူသေတွေကို ကောင်းကောင်း မသင်္ဂြိုဟ်နိုင်လို့ အလောင်းတွေမြင်မကောင်း ဖြစ်နေကြတာ၊ ဒီလိုရှုခင်းတွေကို နှလုံးနာလောက်ဖွယ် တွေ့ခဲ့ရသူတွေ အတွက် ဒါထက်ဆိုးတဲ့ ကပ်ဒုက္ခမျိုး ကမ္ဘာမှာ မရှိပါဘူးလို့ ဆိုကြမှာ ဖြစ်တယ်။ လူတွေဟာ ဒီရောဂါဖြစ်ပြီဆိုရင် အိမ်ပစ်၊ ယာပစ်၊ ရွာပစ်၊ မြို့ပစ် ထွက်ပြေးကြတယ်။ ပြည်ပျက်လုနီးပါး ဖြစ်ခဲ့လို့ အစိုးရအဖွဲ့တွေ ပြုတ်လိုပြုတ်ကြနဲ့ လူမှုအဖွဲ့အစည်း တစ်ခုလုံး ပရမ်းပတာ ဖြစ်စေခဲ့တယ်ဆိုတာ သမိုင်းမှာ သာဓကတွေ ရှိခဲ့ပါတယ်။

သိရသလောက် ဒီရောဂါဟာ ဂင်္ဂါနဲ့ ဗြဟ္မာပုတြ ဖြစ်ဝကျွန်းပေါ် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ) ဒေသမှ “အမြဲ” ပဲ ရှိခဲ့တယ်လို့ ဆိုတယ်။ အဲဒီမှာ ရောဂါဟာ တစ်လောတစ်လော ပေါ်လာပြီး လူတွေအများကို သေစေခဲ့တယ်။ ၁၈၉၈ - ၁၉၀၇ နှစ်အတွင်း အိန္ဒိယမှ ၃၇၀၀၀၀ သေခဲ့တယ်။ ၁၈၁၇ ခုနှစ်မှာတော့ ဒီ မူလဌာနေကနေပြီး ရောဂါ ပြန့်ထွက်သွားခဲ့လိုက်တာ ကူးစက်မြန်ရောဂါပီပီ မဆိုင်းမတွဘဲ ကမ္ဘာကို ပတ်မိသွားတော့တာပဲ။ ၁၈၁၇ ကနေ ၁၉၂၅ အထိ နှစ်တွေ အတွင်းမှာ ဒီလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်တဲ့ ကမ္ဘာပတ်တဲ့ ကာလဝမ်း ကပ်ရောဂါဟာ ၆ ကြိမ်တိတိ ဖြစ်ခဲ့တယ်။ လူသေများခဲ့တယ်။
၁၉၂၃ ခုအထိ အရှေ့ဥရောပမှာ ဖြစ်ခဲ့ပြီး အဲဒီနောက် ပိုင်းမှာတော့ မူလဒေသဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာပဲ ဖြစ်ြလေ့ရှိပြီး အခြားနေရာတွေ မှာတော့ တစ်ခါတစ်ရံလောက်မှသာ အသေးအဖွဲ “ကပ်အငယ်” ကလေးတွေ ဖြစ်ခဲ့တယ်။ ဒီ ကာလဝမ်းကို ဖြစ်စေတဲ့ ပိုးကတော့ Vibiro Cholera လို့ ခေါ်တယ်။ ၁၉၆၀ ခုမှာ နဂိုပိုးနဲ့ နည်းနည်းကွဲတဲ့ ကာလဝမ်းရောဂါ ပိုးသစ်တစ်မျိုးကို အင်ဒိုနီးရှားနိုင်ငံမှာ စတွေ့ခဲ့တယ်။ ၁၉၆၀ ကနေ ၁၉၇၃/၇၄ အထိ ဒီပိုးမျိုးက ကာလဝမ်းရောဂါကို ဖြစ်စေပြီး ပြန့်ခဲ့လို့ ၁၉၇၀ မှာ ရုရှနဲ့ ဥရောပအထိ ရောက်ခဲ့တယ်။ ၁၉၇၄ မှာတော့ ပေါ်တူဂီနိုင်ငံ အထိ ရောက်သွားတယ်။ ယခုလည်း လုံးဝပျောက်သွားပြီလို့ မဆိုနိုင်သေးပါဘူး။

ဒီကပ်ရောဂါတွေရဲ့ သမိုင်းတွေ့ရှိချက်တွေကို ဆန်းစစ်ဝေဖန်ကြည့်ရင် ကောက်ချက်ချလို့ရတဲ့ အဖိုးတန် အချက်အလက်တွေ ရှိပါတယ်။ ပထမ အဆင့်အနေနဲ့ ခြုံငုံပြီး ပြောရမယ်ဆိုရင် -

၁။ လူနဲ့ ကပ်ရောဂါဟာ သူစိမ်းတွေ မဟုတ်ကြဘူး။ ကပ်ရောဂါ တစ်ခုခုဟာ တစ်ချီတစ်ချီပေါ်လာပြီး လူတွေကို ဒုက္ခပေးကြတာကို သမိုင်းရှေ့ခေတ်ကတည်းက တွေ့ခဲ့ရတယ်။ လူတွေဟာ ဒီလောကမှာနေတာဟာ ထီးထီးတော့ မဟုတ်ဘူး။ ပတ်ဝန်းကျင်ထဲမှာ နေကြရတာ။ အဲဒီပတ်ဝတ်ကျင်ထဲမှာ လူအပြင် အခြား အခြားသော သက်ရှိ၊ သက်မဲ့ သတ္တဝါ / အရာတွေဟာလည်း ရှိနေကြတယ်။ ဒါတွေအားလုံးဟာ အချင်းချင်းရော၊ တစ်ဦးစီနဲ့ရော၊ ပတ်ဝန်းကျင်နဲ့ရော အမြဲပဲ အပေးအယူ လုပ်နေကြရတယ်။ အပြန်အလှန် တုံ့ပြန်မှုတွေ ရှိနေကြတယ်။ ဒီတော့ ရုန်းကန်လှုပ်ရှားမှုဟာ အမြဲပဲ ရှိနေတယ်။ လူကိုဖြစ်ဖြစ်၊ ရောဂါကိုဖြစ်ဖြစ် တစ်ခုတည်း အပြတ်ထားပြီး စဉ်းစားလို့တော့ မရဘူး။

၂။ ဘယ်အရာမဆို အမှန်တရားဟာ ပဓာနပဲ။ အမှန်တရားကို ဗဟိုပြုပြီး ရှာခဲ့တဲ့ အဖြေမှသာလျှင် အဖြေမှန် ဖြစ်တယ်။ ရောဂါရဲ့ ဇစ်မြစ်အမှန်ကို သိမှ ရောဂါတိုက်ဖျက်ဖို့ နည်းဗျုဟာတွေ ဖော်ထုတ်နိုင် တယ်။ ရောဂါရှင်သန် ပွားများနေမှုရဲ့ အကြောင်းရင်းမှန်ကို သဘောပေါက် နားလည်မှသာလျှင် ရောဂါကို မပွားအောင် လုပ်နိုင်မယ်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် အမှန်ကို ဖုံးကွယ်ထားရင် မှားတာချည်းပဲ။ အမှားနဲ့ စလိုက်ရင် ဆက်ပြီး မှားတာတွေ ဖြစ်မှာပဲ၊ အမှန်ဘဝကို မရောက်ဘူး။ အမှန်ဘဝကို မရောက်ရင် ပြဿနာ ပြေလည်လာမှာ မဟုတ်ဘူး။

၃။ ကြပ်တည်းကျဉ်းမြောင်းစွာ တွေးခေါ်ယူဆချက်တို့မှ ပေါက်ဖွားလာတဲ့ အဖြေတွေဟာ အောင်မြင်မှုကို မပေးနိုင်ဘူး။ ဒီလို တွေးခေါ်မှုတွေရဲ့ လှုံ့ဆော်ချက်ကြောင့် ပေါ်ထွက်လာတဲ့ အရေးယူမှုနဲ့ အခြား လုပ်ဆောင်ချက်များဟာ ဘယ်တော့ကမှ အောင်မြင်မှုကို မပေးခဲ့ဘူး။ အထူးသဖြင့် အမိန့်အာဏာ တစ်ခုတည်းကိုသာ အားကိုးပြီး မလုပ်မနေရဆိုတဲ့ တစ်ချက်လွှတ် အမိန့်များ၊ အဓမ္မဆောင်ရွက်ချက် များဟာ နောက်ဆုံးမှာ မအောင်မြင်တဲ့အပြင် အကျိုးယုတ်စေတာကို တွေ့ရတယ်။

၎။ ကပ်ရောဂါတိုက်ရာမှာ သိပ္ပံပညာ / ဆေးပညာကို လုံးလုံးပုံ အားကိုးပြီး လုပ်လို့ မရဘူး။ ဥပမာ ရောဂါပျောက်အောင် ကုသရေးနဲ့ ကာကွယ်ရေးအတွက် သိပ္ပံအပိုင်းကနေပြီး ပြည့်စုံစွာ (သို့) ကျေနပ် ဖွယ်ကောင်းလောက်အောင် ဖန်တီးတီထွင် ပေးနိုင်ပေမယ့်လည်း ရောဂါကို အပြီးအပြတ် ရှင်းလို့ မရခဲ့ပါဘူး။ (ဆစ်ဖလစ်ကိုသာ ကြည့်ပါ) လူတွေရဲ့ အပြုအမှု၊ လူနေမှု၊ ဆက်ဆံရေး၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံ စတဲ့ လူမှုရေး ကဏ္ဍနဲ့ နိုင်ငံရေး ကဏ္ဍတို့ဟာ အရေးကြီးတဲ့ အပိုင်းတွေ ဖြစ်ပါတယ်။

နောက်ဆက်ပြီး အသေးစိတ်ကျကျ ကြည့်ပြန်ရင် တွေ့ရတာကတော့ ကပ်ရောဂါတစ်ခု ဖြစ်ပြီးဆိုရင် ဒီရောဂါနဲ့ ခေတ်ပြိုင်ကာလမှာ ဖြစ်နေတဲ့ အခြေအနေတွေဟာ ရောဂါပြန့်ပွားမှု၊ ရှင်သန်နေမှုနဲ့ ထိန်းချုပ်မှုမှာ အရေးကြီးတဲ့ အထောက်အကူပြုမှုတွေကို ပေးနိုင်တယ်။ ဥပမာ - စစ်ဖြစ်နေခြင်း၊ လူတွေ တစ်နေရာတည်းမှာ မနေကြတော့ပဲ ကူးလူးဆက်ဆံ သွားလာရေး မြန်ဆန်ပြီး လွယ်နေခြင်း၊ အလားတူပဲ လူနေမှု ကိစ္စရပ်အမျိုးမျိုးနဲ့ ပတ်သက်ပြီး သက်ဝင်ယုံကြည်မှုနဲ့ အယူဝါဒတို့ဟာလည်း ရောဂါရဲ့ ပြန့်ပွားရေး၊ ရှင်သန်ရေး၊ ဆုတ်ယုတ်ရေး စတဲ့ လမ်းစဉ်များကို တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်တယ်။ အခုထိ သိပြီး ကပ်ရောဂါတွေ အားလုံးဟာ အပြုတ်တိုက်ရှင်းဖို့ရာမှာ နှစ်ပေါင်းများစွာ ကြာတာချည်းပဲ။
လွယ်လွယ်မြန်မြန် ရှင်းလို့ရတဲ့ ပြဿနာတွေ မဟုတ်ကြဘူး။ ကျောက်ကြီးရောဂါဟာ နှစ်ပေါင်း ၅၀၀၀ အထိ လူတွေကြားထဲမှာ နေခဲ့တယ်။ ပလိပ်ရောဂါဟာလည်း အခုထိ ရှိတုန်းပဲ။ ဆစ်ဖလစ်နဲ့ ကာလဝမ်းဟာလည်း ဒီလိုပဲ ရှိနေတုန်းပဲ။ နောက်တစ်ခု ထင်ရှားစွာ သိရတာကတော့ ကပ်ရောဂါတိုက်ဖျက်ရာမှာ ပညာပေးမှုဟာ အရေးကြီးပြီး ထိရောက်တဲ့ လက်နက်တစ်ခု ဖြစ်တယ်ဆိုတဲ့ အချက်ပဲ။ ဒါပေမယ့် ဒီလက်နက် တစ်ခုတည်းနဲ့တော့ အဆံးစွန်သော အောင်မြင်မှုကို မရနိုင်ခဲ့ကြဘူး။ အခြားလက်နက်ပေါင်းစုံ၊ နည်းပေါင်းစုံတို့ကို သင့်တော်တဲ့ အပိုင်းကဏ္ဍမှာ သင့်တော်သလို အကွက်စေ့အောင် သုံးကြမှ ဖြစ်မယ်။

ဒီရောဂါတွေ အားလုံးမှာ ပြန့်ပွားမှုကို ဟန့်တားစေနိုင်တဲ့ လေးနက်တဲ့ အချက်တစ်ခုကတော့ လူတွေရဲ့ အပြုအမှုကို ပြုပြင်ပြောင်းလဲရေးပဲ ဖြစ်တယ်။ သမိုင်းကပြတဲ့ သက်သေတွေထဲမှာ တွေ့ရတာကတော့ လူတွေဟာ ကပ်ရောဂါနဲ့ ရင်ဆိုင်ရရင် ကြောက်စိတ်က လွှမ်းမိုးသွားတယ်။ ဒီကြောက်စိတ်က အဓိကစတ် ဖြစ်လာတဲ့အခါကျတော့ တစ်ဘက်စွန်းကျတဲ့ အပြုအမှုတွေ ကြပ်တည်းလွန်းပြီး လက်တွေ့မကျတဲ့ ဥပဒေတွေ၊ ချုပ်ချယ်မှုတွေ၊ ဖြောင့်မှန်မှုကို ဖီလာပြုတဲ့ အယူဝါဒတွေ ပေါ်ထွက်လာပြီး ကျင့်သုံးကြတယ်။

တိုင်းပြည်နဲ့ လူသားအားလုံးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ပေးရမယ့်အခါမှာ ခေါင်းအေးအေးထားပြီး သမာသမတ် မစဉ်းစားနိုင်ခဲ့လို့ မျက်ကန်းတောတိုး လုပ်ခဲ့ကြတယ်။ တည့်မတ်မှန်ကန်ပြီး အစွမ်းထက်တဲ့ ထိရောက်မှုမျိုးကို ပေးနိုင်တဲ့ စီမံချက်တွေကို မလုပ်ဆောင်နိုင် ကြဘူး။ ရေရှည်ကို မစဉ်းစားကြဘူး။ ရောဂါ ခံစားရသူတွေကလည်း အကြောက်ပိုပြီး ဖုံးကွယ်မှုကိုသာ အဓိကထားပြီး လုပ်ကိုင် သွားလာနေ ကြတာမို့ ရောဂါပွားမှုကို အားပေးခဲ့ကြတယ်။ ဒါကြောင့် ဖြစ်ရပ်မှန်ကို ရဲဝံ့စွာ ဖော်ထုတ်ပြီး ဓမ္မဓိဌာန်ကျတဲ့ ကိုင်တွယ်မှုမျိုးကို ရှာဖို့ လိုတယ်။ ဒါကတော့ ကပ်ရောဂါ သမိုင်းကို လေ့လာရာမှ ရတဲ့ အဖိုးတန်လှတဲ့ သင်ခန်းစာများပါ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

No comments: