Thursday, January 30, 2014

Valentine Day အတွက် .....


 ဖေဖေါ်ဝါရီ (၁၄)ရက် ချစ်သူများနေ့ ဆိုပြီး ကောင်းတာများ လုပ်ကြသလားဆိုတော့ မကောင်းတာတွေပဲ လုပ်နေကြတာကို အင်တာနက်မှာ ဖတ်ရတဲ့ အခါ ကိုယ့်မွေးနေ့တောင် ပြန်ပြောင်း ရရင် ပြောင်းလိုက် ချင်သေးတယ်။ ( Valentine Day အတွက် ဗဟုသုတ ရစေရန် ရည်ရွှယ်ပါတယ် )

ဘာတွေလုပ်ကြသလဲ ဆိုတာတော့ ဦးဦးမှော်စရာ ဂရုမေးလ်ထဲမှာ ဒါလေး ဖတ်လိုက်ရလို့ စိတ်မကောင်းစွာနဲ့ လူငယ် လူကြီးမရွေး ရှောင်ကြဉ်နိုင်ကြပါစေရန် တင်ပေးလိုက်ပါတယ်။ ဦးဦးမှော်စရာ ဂရုမေးလ် မှာ ရေးထား တာကတော့ တလောက ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲမှာ ပြောထားတာပါ။ ချစ်သူတွေ အတွက် အသက်စွန့်ခဲ့သည့် ဘုန်းတော်ကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖြစ်လာတဲ့ ဒီချစ်သူများနေ့ဟာ ဆိုရင် အခုနောက်ပိုင်း တစ်လွဲ ဆံပင်ကောင်း သူတွေကြောင့် ကမ္ဘာပေါ်မှာ HIV/AIDS အကူးခံရမှု အများဆုံးနေ့ တစ်နေ့ ဖြစ်လာသည်ဟု ဆောင်းပါးရှင်က ပြောထားပါတယ်။

မနှစ်က ဧရာဝတီမှာ ဖတ်ရတဲ့ သတင်းအရ ဆိုရင် မြန်မာနိုင်ငံမှာလဲ ထိုကဲ့သို့ ဖြစ်လာပါသည်ဟု ဆိုသည်။ ၁၄ ရက်နေ့မှာ နာရီပိုင်း၊ နေ့ခင်းပိုင်း သီးသန့် ငှားလို့ရတဲ့ ဟိုတယ်တွေမှာ လူပြည့်ပြီး လူအား သွားမှာကိုပင် ထိုင်စောင့်ကြသည်ဟု သိရသည်။ ချစ်သူများနေ့တွင် ကိုယ့်အပျိုစင်ဘဝကို ကိုယ့်ချစ်သူအတွက် ချစ်သူများနေ့တွင် ပေးဆပ် မည်ဟုတွေးထားသော မိန်းကလေးများလဲ အများအပြား ရှိသလို ကိုယ့်ချစ်သူရဲ့ အပျိုစင် ဘဝကို ရယူမည်ဟူ၍ တွေးထားသော ယောက်ျားလေးများလဲ ရှိသည်။

သို့သော် မိမိက အပျိုစင် လူပျို စစ်စစ်ဖြစ်သော်လည်း မိမိချစ်သူက တခြား လူတစ်ယောက်နဲ့ ဆက်ဆံဖူး သလားဆိုတာကို သေချာသိသည့် လူက နည်းပါသည်။ ထို့အတွက် အကာကွယ်မဲ့ လိင်ဆက်ဆံ ကြပြီး ရောဂါ ပိုး ကူးသူ ဒုနဲ့ဒေးဖြစ်ခဲ့ရသည်။ မနှစ်က ဖေဖော်ဝါရီ တတိယပတ်တွင် ဖတ်ရသည့် အင်္ဂလိပ် လူမှုရေး ဆိုဒ်တစ်ခု အဆိုအရ တစ်ကမ္ဘာလုံးတွင် ၂၀၁၁ ချစ်သူများနေ့၌ အတူနေ စုံတွဲ သန်း ၁၅၀ ကျော်မှာ ရှိပြီး။ နှစ် စဉ်နှစ်တိုင်း ထိုနေ့၌ HIV/AIDS ကူးဆက်ခံရသူ ၆ သိန်းကျော်မျှ ရှိသည်ဟု သိရပြီး။ အာရှတိုက်တွင် မနှစ်က ချစ်သူများနေ့၌ ရောဂါပိုး ကူးစက်ခံသူ ၃ သိန်းမျှအထိ ရှိသည်ဟု သိရသည်။

အများစုမှာ အသက်၂၀ မကျော်သူများ ဖြစ်ကြပြီး ကောလိပ်၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများဖြစ်သည်ဟု ဖြည့်စွက်ပြော ကြားခဲ့သည်။ မြန်မာပြည်တွင် ရောဂါပိုး ရှိသူများ၏ ၂၀% သည် မိမိချစ်သူ ခင်ပွန်း ထံမှ ရရှိခြင်းဖြစ်သည်ဟုလဲ လူမှုရေး အသင်းအဖွဲ့တစ်ခုမှ တာဝန်ခံက ပြောကြားသည်။ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါရှိသော်လည်း TB ဟု အမည်တပ်ပြီးသေဆုံးသူ နှစ်စဉ် ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး၊မည်သည့် ရောဂါမှန်း မသိပဲသေဆုံးသူ ၅၀၀၀ ကျော်ခန့်ရှိသည်ဟု ကျမ်းမာရေး ဋ္ဌာနတွင် ဒုညွှန် တာဝန်ယူထားသူ တစ်ဦးက ကျွန်တော့်ကို ပြောပြသည်။

လသာတွင် ဟိုတယ်ဖွင့်ထားသော အသိတစ်ယောက် အဆိုရဆိုရင် ချစ်သူများနေ့တွင် သူ့ဟိုတယ်မှာ လာနေသူ အများစုမှာ ၂၀ ဝန်းကျင် လူငယ်များဖြစ်သည်ဟုလဲ သိရသည်။ နောက် ထိုနေ့တွင် တစ်ကမ္ဘာလုံး၌ မိမိချစ်သူအတွက် သုံးစွဲငွေမှာ ဒေါ်လာ လေးဘီလျှံနှင့် အထက်တွင် ရှိနိုင်သည်ဟု OXFORD တွင် တက်နေသော စီးပွားရေး အထူးပြု ကျောင်းသားတစ်ဦးက twitter တွင် ခန့်မှန်း ပြောကြားခဲ့သည်ကို မနှစ်က လေးလ ပိုင်းက ဖတ်လိုက်ရသည်။
မြန်မာနိုင်ငံတွင် ထိုနေ့၌ အခန်းခများ ဈေးတက်ပြီး တစ်နာရီလျှင် ၁၀၀၀၀ ကျော်မှ အထိယူသည်ဟု သိရသည်။ ထိုကဲ့သို့ ငွေများ အလဟသတ် ကုန်ဆုံးနေခြင်းမှာ နှမြောဖို့ အလွန်ကောင်းလှပြီး လူမှုရေး အဖွဲ့အစည်းများကို လှူမယ်ဆို မတရားကောင်းပါလိမ့်မယ်။ အခုနောက်ပိုင်းမှာ တစ်ကမ္ဘာလုံးမှာ လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် လူသားတွေကို ဖျက်ဆီးနေကြသည်။ ဂေးဥပဒေ ပေါ်ထွက်လာခြင်းမှာ သဘာဝကို ဆန့်ကျင်ခြင်းဖြစ်ပြီး လူသားမျိုးတုန်းမှု အန္တာရယ်ရဲ့ အစလဲဖြစ်သည်။ နိုက်ကလပ်များ ဇိမ်ခံခန်းများကြောင့် ထိုင်းနိုင်ငံတွင် နှစ်စဉ် လူတစ်သိန်းခံ HIV/AIDS ကူးစက်ခံစားရပြီး ဒီမိုကရေစီဟု အမည်တပ်ပြီး ဆက်လက် ရှင်သန်နေသည့် နိုက်ကလပ်များ ဇိမ်ခံခန်းများမှာ တရားဝင်ရော တရားမဝင်ပါ အများအပြား ရှိပြီး ထိုင်းနိုင်ငံမှာ ရောဂါပိုး ကူးဆက်ခံရပြီး မြန်မာလူမျိုးများ မိမိတိုင်းပြည် အတွင်းပြန်ဝင်ရောက် လာခြင်းမှာလဲ ရင်လေးစရာ ကိစ္စဖြစ်သည်။

လူ့အခွင့်အရေး လူ့အခွင့် အရေးခေါင်းစဉ်ကြောင့်ပဲ တဖြည်းဖြည်းနဲ့ လူသားများဟာ တိရစ္ဆာန်နဲ့ မခြား ဖြစ်လာပြီး အရှက်အကြောက်လဲ နည်းသထက် နည်းလာ ခဲ့ကြသည်။ အဝတ်အစား ဖက်ရှင်များ အနေအထိုင် ရဲတင်းမှုများစသည့် ဆိုးကျိုးများမှာ ကမ္ဘာမှ တဆင့် မြန်မာသို့ ကူးစက်လာခဲ့သည်။ လမ်းပေါ်တွင် ခွေးများမှာ အကာအကွယ်မဲ့ မိတ်လိုက်ကြပြီး၊ မည်သည့်ကိုမျှ မရှက်ကြပါ။ ထိုအဆင့်သို့ မရောက်သေးသော်လည်း ကားပေါ်များ၊ ရထားပေါ်များတွင် ရဲတင်းစွာ ဖက်လဲတကင်း နေထိုင်နေခြင်းများကို ခရီးသွားပြည်သူများ နေ့စဉ်မြင်တွေ့နေရသည်မှာ မျက်မြင်ဖြစ်သည်။ ထို့အတွက်ဖြင့်ပဲ ကလေး ဖျက်ချခြင်းကြောင့် မိန်းမငယ်များစွာ အသက်စတေးရပြီး သားသမီး စွန့်ပစ် မှုနှုန်းများလဲ တက်လာခဲ့သည်။
တချိန်က အလွန်ယဉ်ကျေးလှသော မြန်မာ လူမျိုးများကို ချစ်သူများနေ့တွင် ကျွန်တော် ပျက်ဆီးခြင်း မဖြစ်စေချင်တာက ဆန္ဒအမှန်ပါ။ နောက်လူတွေရဲ့ စိတ်မှာလဲ ချစ်သူများနေ့ဆို မဟုတ်တာပဲ လုပ်ဖို့တွေးနေ ကြသလိုပါပဲ။ ထိုနေ့တွင် အခန်းမဲဖောက်ပေးဖို့ လုပ်တဲ့ ကိစ္စကိုပဲ ကြည့်ပါ။ နောက်ပြီး လိုင်းပေါ်က သူငယ်ချင်းတွေ ကျွန်တော့်ကို လာလာမေးကြပါတယ် အဲ့နေ့ ဘာလုပ်မလဲတဲ့။ ကျွန်တော် ကတော့ တစ်ယောက်တည်း ပါပဲလို့ ဖြေတော့ မယုံပါဘူးတဲ့။ သေချာရှင်းပြတော့ ထပ်မေး ကြပြန်ပါတယ်။ အဲ့နေ့မျာ ချစ်သူရှိခဲ့ရင် ဘယ်ကို သွားပြီး ဘာလုပ်မလဲတဲ့။ ဘုရားတွေ ပတ်သွားမယ် ဆိုတော့ ပြောကြတယ် ခေတ် အမြင်ကို မရှိဘူးတဲ့။ တကယ့်ကို ပြဿနာပါပဲ။ ကျွန်တော်လဲ ရည်းစား ထားခဲ့ဖူးပါတယ်။ တကယ်ကို အဲ့ဒီ့နေ့မှာ မဟုတ်တာ မလုပ်ဖူးပါဘူး ကျိန်ဆိုလဲ ကျိန်ပါ့မယ်ဗျာ။ ကိုယ်ချစ်တဲ့ သူနဲ့တော့ အတူနေချင် ကြတာ ယောက်ျား တိုင်းပါပဲ။

ဒါပေမယ့် အဲ့လို ချစ်သူတွေ အတွက် မင်္ဂလာရှိတဲ့နေ့မှာတော့ မဟုတ်တာ မလုပ်သင့်ပါဘူး။ ကျွန်တော် ဒီဇင်ဘာ လတုန်းက မြစ်ကြီးနားကို တက်ခဲ့ပါတယ်။ ၁ ပတ်လောက်ကြာပြီး စိတ်မချမ်းမြေ့ စရာတွေ တော်တော် တွေ့ခဲ့ ရတယ်။ ချို့တဲ့မှုကြားထဲက အသက်ကို ကြိုးစား ရှင်သန်နေကြတဲ့ လူတွေကတော့ လေးစား စရာပါပဲ။ ကျွန်တော့်မှာ ကိုယ်ရေး ကိုယ်တာစိတ် အနှောက် အယှက်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့ သေရင်သေဆိုပြီး ကချင် တက်သွားတာပါ။ မသေခင်မှာ ကောင်းမှု ကုသိုလ်လေး တစ်ခုလောက် လုပ်မယ်ဆိုပြီး အခြေခံ ဆေးဝါး ၃ သိန်းဖိုးနီးပါး ဝယ်သွားခဲ့ပါတယ်။ ဟိုရောက်တော့ အာဏာပိုင်တွေ NGO တချို့နဲ့တွေ့ပြီး အခမဲ့ ဆေးခန်းတွေမှာ ဒုက္ခသည် စခန်းတချို့က ဆရာဝန်တွေဆီ လှူခဲ့ပါတယ်။

ထိုမှ ဆရာဝန် တချို့ပြောပြချက်အရ အဝတ်အစား၊ စားစရာနဲ့ တခြားပစ္စည်းများမှာ လှူဒါန်းသူများသဖြင့် အနည်းငယ်မျှသာ လိုအပ်ချက်ဖြစ်သော်လည်း ဆေးဝါးမှာမှု မလုံလောက်ကြောင်း။ နေစရာ ချို့တဲ့မှုကြောင့် အအေးပတ် အဆုတ်ရောင် ဖျားနာ စသော ရောဂါငယ်များ ဖြစ်ပွားပြီး ဆေးဝါး မလုံလောက်မှု များစွာ ကြုံရကြောင်း ထို့အတွက် မလိုအပ်ပဲ အသက် ဆုံးရှုံးရကြောင်း ပြောပြခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ
လာရောက် ခိုလှုံနေသူ တစ်ယောက်ကလဲ ကျွန်တော့်ကိုပြောတယ် အသက်ကို ပဓာန မထားပဲဒီလို လာကူညီတဲ့ အတွက် ကျေးဇူးပါတဲ့။ ကျွန်တော် ရှက်သွားတယ်။

ရန်ကုန်မှာ ပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ ကျွန်တော်က သေချင်လို့ အန္တာရယ် ကြားထဲ သွားခဲ့တယ်။ ကချင်က သူတွေကတော့ အန္တာရယ် ကြားကနေ အသက် ဆက်လက်ရှင်သန်ဖို့ ကြိုးစားနေကြတယ်လေ။ ကျွန်တော်က တကယ့်ကို လူမပီသတဲ့ တစ်ယောက်ပါပဲ။ ကျွန်တော်ပြောချင်တာကတော့ ချစ်သူများနေ့မှာ အကျိုး မရှိ ကုန်မယ့် အစား ကချင်မှာကဲ့သို့ လိုအပ်မယ့် နေရာအချို့ကို လှူဒါန်းသင့်ကြောင်းပါ။ ချစ်သူများနေ့မှာ နောက် ဘဝ ကိုယ်ချစ်တဲ့ သူနဲ့ ဆုံဆည်းရအောင် အခု ကတည်းက ကောင်းမှု အတူလုပ်ရင်း ပါရမီဖြည့်ကြဖို့ တိုက်တွန်းပါရစေ။

အရှင်ကောမလ(ခ) ဆန်နီနေမင်း

မော်ကွန်းသစ် - Valentine Day အတွက် .....

Wednesday, January 29, 2014

ခေတ်သစ် ချစ်တီးတွေ အကြောင်း


အိနိ္ဒယချစ်တီးတွေ မြေပြန်တောင်း

သတင်းဂျာနယ်တစောင်မှာ အိနိ္ဒယက ချစ်တီးကုလားတွေက သူတို့ လယ်မြေတွေ ပြန်ပေးဖို့ မြန်မာအစိုးရထံ တောင်းဆိုသွားမယ်ဆိုတဲ့ သတင်းဖတ်ရတော့ ပြုံးမိပါတယ်။
တရက်တည်းလိုမှာပဲ ဖတ်ရတဲ့ သတင်းတပုဒ်ကျတော့ ဖတ်ပြီး မချိပြုံး မပြုံးနိုင်ပါ တော့တယ်။

ဧရာဝတီတိုင်းထဲက လယ်သမား ၄၀၀ ကျော် တရားစွဲဆိုခံနေရပြီး ၇၀ လောက် ထောင်ဒဏ်ကျခံနေရတယ် ဆိုတဲ့ သတင်းပါ။ ဒါနဲ့ တောင်သူလယ်သမား ကွန်ရက်တွေ လိုက် မေးကြည့်တော့ မြန်မာပြည်မှာ အသားမမည်းတဲ့ ချစ်တီးတွေ ရှိနေတုန်းဆိုတာ သိလိုက်ရတော့ ပြုံးတောင် မပြုံးနိုင်တော့ပါဘူး။

ဖြစ်နေပုံတွေက လယ်ယာမြေ မှတ်ပုံတင်လက်မှတ်တွေ ချပေးခါနီး ၃ လလောက် အတောအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီ ၃ လလောက်အတွင်းမှာကိုပဲ လယ်သမားတွေ ရာနဲ့ချီပြီး တရားစွဲခံ ထောင်ဒဏ်ကျခံရ လယ်မဲ့ယာမဲ့တွေ ဖြစ်ကြရတာပါ။

လယ်သမားဆိုတာက လယ်လုပ်တော့မယ်ဆို နီးစပ်ရာ လုပ်ငန်းရှင်တွေထံက ငွေကြေး ချေးငှား စိုက်ပျိုး ကြရတာပါ။ အတိုးနဲ့ ချေးတာကိုပဲ တချို့ လုပ်ငန်းရှင်တွေက အတိုးနဲ့တင် မကျေနပ်နိုင်တော့ဘဲ လယ်မြေ မှတ်ပုံတင် ချခါနီးမှာ လယ်ပါ အပိုင်သိမ်းဖို့ လုပ်ခဲ့ကြပါတယ်။

တောင်သူလယ်သမားများနဲ့ မြေယာလုပ်သားများသမဂ္ဂက ဦးအောင်မိုးဝင်းက “လယ်သမားတွေက ငွေကြေးမတတ်နိုင်တဲ့ အခါကျတော့ လုပ်ငန်းရှင်တွေဆီက ငွေကြေးတွေ ယူရတယ်၊ အဲဒီငွေကြေး အပေးအယူ ကိစ္စတွေ ရှိတယ်၊ လယ်ယာမြေ မှတ်ပုံတင်ခါနီးကျတော့ လုပ်ငန်းရှင်တွေကနေပြီး မြေစာရင်းတွေနဲ့ ပေါင်းတယ်၊ နောက် တရားရုံးတွေနဲ့ ပေါင်းတယ်၊ ဒီဟာက အမှန်တကယ်ကတော့ ငွေကြေး အပေးအယူနဲ့ ပတ်သက်လို့ရှိရင် တရားမလမ်းကြောင်းနဲ့ ငွေရလိုမှုနဲ့ သာလျှင် အမှုတရားစွဲပြီး တောင်းသင့်တယ်၊ ဒါပေမဲ့ တော်တော်များများ ဖြစ်နေတာ အဲလို မဟုတ်ဘူး၊ အသာလေး ငွေကို ထိုးပေးလိုက်ပြီးတော့ အဲဒီမှာ စပါးပေးတို့ တင်းတိုးတို့ အဲဒီလို ပြန်ပြီး မဆပ်နိုင်တဲ့ ပုံစံမျိုးတွေ လုပ်တယ်၊ နောက်တချို့ဆိုရင် လက်မှတ်ကို စာရွက်ဗြောင်မှာ ထိုးခိုင်းတယ်၊ လယ်သမားတွေက အလုပ်ချိန် ကျလာပြီဆိုရင် သူရဲ့ ယုံကြည်မှုအရ ထိုးပေးလိုက်တာပဲ၊ ပြီးတော့ စာရွက်ဗြောင်မှာ ရေးချင်ရာ ရေးလိုက်တာပဲ၊ ရေးချင်တာရေးပြီး အာဏာပိုင်နဲ့ ပေါင်းပြီး အခုလို လယ်ယာမြေတွေ မှတ်ပုံတင်ရမယ့် အချိန်မှာ သူက ဘာလုပ်လဲဆိုတော့ ဥပမာ ဦး ၅၀ ကို သူကိုင်ထားပြီး ၂ ယောက် ၃ ယောက်လောက်ကို တရားရုံးနဲ့ပေါင်း ငွေပေးပြီးတော့ တရားစွဲပြီး အတင်း ထောင်ချလိုက်တယ်၊ အဲဒီလို ချရင်းနဲ့ လယ်သမားကို ကြောက်အောင် လုပ်လိုက်ပြီး နောက်လူတွေဆီက လယ်တွေ သိမ်းလိုက်တယ်၊ အဓိက ဖြစ်တဲ့ ပြဿနာက အဲဒါပဲ။”

နောက်တမျိုးက အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ပေးမယ်ဆိုတဲ့ သတင်းကြားပြီး လယ်မြေ ပြန်မရသေးတော့ အဲ့ဒီ လယ်တွေမှာ ၀င်ရောက် ထွန်ယက်စိုက်ပျိုးလို့ တရားစွဲ ခံကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက် စိုက်ပျိုးမှု၊ ပုဒ်မ ၄၂၇ အကျိုးစီးပွား ဖျက်ဆီးမှုတွေနဲ့ တရားစွဲခံနေရတာ ဖြစ်ပါတယ်။
ဒီလိုတွေ ဖြစ်နေတာကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက လက်ပိုက်ကြည့် နေသလား။ တချို့ကိစ္စတွေမှာ အုပ်ချုပ်ရေးပိုင်းက ဆင်းလာပြီး ဖြေရှင်းပေးခဲ့တာ ရှိပေမယ့် သက်ဆိုင်ရာက ၄၊ ၅ ရက်နေ ပြန်သွားပြီး ၁ ပတ်၊ ၁၀ ရက်ကြာတော့ ပြန်လုပ်တာပဲ၊ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးပိုင်းကို ၀င်ရောက် စွက်ဖက်တာမျိုး မရှိသလို တရားစီရင်ရေးပိုင်းက တော်တည့်ဖြောင့်မတ် မှန်ကန် လုပ်သလားဆိုတော့ လုပ်တာ မတွေ့ရဘူးလို့ တရားရင်ဆိုင်နေရတဲ့ မော်ကျွန်းမြို့နယ်ထဲက လယ်သမား ဦးအောင်မြင့်က ပြောပါတယ်။
တရားစွဲ အချုပ်ချတဲ့နေရာမှာ အိမ်ထောင်ဦးစီး လုပ်သူတင်မကဘဲ အရွယ်မရောက်သေး တဲ့ ကလေးသူငယ်တွေနဲ့ အသက်အရွယ် ကြီးမြင့်နေပြီဖြစ်တဲ့ အဘိုးအိုတွေပါ အကုန်ဆွဲ ထည့်တာမျိုးတွေ လုပ်တာလို့လည်း ပြောပါတယ်။ လယ်မြေ သိမ်းယူရုံတင်မက လူကိုပါ ဖမ်းပြီး ထောင်ချပစ်နေတာပါ။

လွှတ်တော်ထဲ မျှော်လိုက်ပြန်တော့
လယ်မြေအရေး လွှတ်တော်ထဲ ညံခဲ့ပုံကြည့်ရင်လည်း အတော်ပြောစရာဖြစ်ခဲ့တာ တွေ့ရပါတယ်။

ဇန်န၀ါရီ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ လွှတ်တော်မှာ လယ်မြေပြဿနာ ဖြေရှင်းပြီးကြောင်း သမ္မတက လွှတ်တော်နာယကထံ ပေးပို့တဲ့ သ၀ဏ်လွှာနဲ့ ပတ်သက်ပြီး အမတ် ၁၁ ယောက်က မကျေမချမ်း ထကန့်ကွက်ခဲ့ပါတယ်။

လွှတ်တော်က ဖွဲ့ပေးထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအပိုင်း ၁၊ ၂နဲ့ ၃ တွင် ပါရှိသော အမှုတွဲများနဲ့ ပတ်သက်ပြီး အမှုပေါင်း ၇၀၀ ကျော်မှာ ၄၀၀ ကျော် ရှင်းပြီးပါပြီလို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

လယ်ယာမြေ အမှုတွဲများအပေါ် တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် ဖြေရှင်း ဆောင်ရွက် ပြီးစီးမှုများ ပါဝင်တဲ့ သမ္မတရဲ့ သ၀ဏ်လွှာကို လယ်ယာစိုက်ပျိုးရေး ဒုဝန်ကြီး ဦးအုန်းသန်းက ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းများပါ ထည့်သွင်းပြီး လွှတ်တော်မှာ ဖတ်ကြား ရှင်းလင်းမှုအပြီး လွှတ်တော်အမတ် ၁၁ ဦးတို့က အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်း မြင်သာမှု မရှိရုံမက မှန်ကန်တိကျမှုလည်း မရှိဘူးလို့ ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ကြတာပါ။

ကော်မရှင်ဥက္ကဋ္ဌ လုပ်တဲ့ ဦးတင်ထွဋ် ကိုယ်တိုင် ထပြောတာက သူတို့ ကော်မရှင်က ပေးပို့ထားတာ အမှုပေါင်း ၅၀၀၀ ကျော်တယ်၊ အခု ဖြေရှင်းပေးပြီးပြီသာ ပြောတယ်။ ဘယ်လယ်သမားမှ လယ်မြေပြန်ရတာ မကြားသေးဘူးလို့ ပြောသွားတာပါ။

တခါ ပုသိမ်အမတ် ဦးဝင်းမြင့်ကလည်း တနိုင်ငံလုံးမှာ ပေါ်ပေါက်နေတဲ့ လယ်ယာမြေ အငြင်းပွားမှုများ၊ သိမ်းဆည်းခံရမှုများနဲ့ ပတ်သက်ပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်တဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီက ၂ လအတွင်း လယ်မြေ အမှုပေါင်း ၄၁၈ မှု ရှင်းလင်း ပြီးစီးခဲ့ကြောင်း သမ္မတရဲ့ သ၀ဏ်လွှာပါ အချက်အလက်များဟာ တကယ့်မြေပြင်တွင် ဖြစ်ပျက်နေတဲ့ ပကတိအခြေအနေတွေနဲ့ များစွာ ကွာခြားနေကြောင်း၊ ပုသိမ်မြို့နယ်မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်က သိမ်းယူခဲ့တဲ့ လယ်ယာမြေများနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေ တရားစွဲခံနေရတယ်လို့ ဆွေးနွေး ပြောကြားသွားတာလည်း ကြားလိုက်ရပါတယ်။

တပ်သိမ်းမြေတွေ မူလပိုင်ရှင်တွေကို ပြန်ပေးမယ်ဆိုပြီး စာတွေ ရောက်ခဲ့ပါတယ်။ တောင်သူတွေဆီကို ပို့တာပါ။ လက်တွေ့မှာတော့ မြေတွေ ပြန်မအပ်တဲ့အပြင် အဲဒီ တောင်သူတွေဟာ ကျူးကျော်မှုနဲ့ တရားစွဲခံနေရပါတယ်။ ပေးကားပေး၏ မရ ဖြစ်နေရုံမကဘဲ တရားရုံးမှာပါ အမှု ရင်ဆိုင်နေကြရတဲ့အတွက် သူတို့ အားကိုးလို့ ရမယ်ထင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဆီကို စာတင်ထားပါတယ်လို့ ဦးဝင်းမြင့်က ပြောသွားပါ သေးတယ်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကလည်း လယ်ဆည် ဒုတိယ၀န်ကြီး ရှင်းပြသွားတဲ့ မြေယာကော်မရှင် အစီရင်ခံစာပါ ၁၊ ၂နဲ့ ၃ အရ နေပြည်တော်မှာ အမှုပေါင်း ၁၁၁ မှု ရှိတယ်ဆိုတာ ဘယ်ဟာကိုများ ပြောတာပါလဲ။ ကျမတို့ ဇမ္ဗူသီရိမြို့နယ် တခုတည်းက တင်ထားတာတောင် အမှုတွဲပေါင်း ၁၀၀ ကျော် ရှိပါတယ်။ တခုမှ ရှင်းလင်း ပြီးစီးခြင်းလည်း မရှိသေးပါဘူး။ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကလည်း ဒီလို ဖြေရှင်းပေးတယ် ဆိုတာကို သိရှိထားခြင်း မရှိပါဘူး။ ဒါကြောင့် နေပြည်တော် လယ်ယာမြေ အမှုတွဲ ၇ မှုပဲ ရှင်းဖို့ ကျန်ပါတယ်ဆိုတဲ့ ဒီအဖြေကို ကျမအနေနဲ့ ကန့်ကွက်ပါတယ်လို့ ပြောခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးကတော့ ၀န်ကြီး ရှင်းသွားတဲ့ အနေအထားနဲ့ လက်တွေ့နဲ့ အများကြီး ကွာခြားပါတယ်။

ရွှေပြည်သာမှာ ဧကပေါင်း သောင်းနဲ့ချီ သိမ်းခဲ့ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်က သိမ်းတဲ့မြေအတွက် ထိုက်သင့်တဲ့ လျော်ကြေး ပေးဖို့ပါ။ ဒုတိယက စီမံကိန်း မလုပ်ဖြစ်တဲ့ မြေပိုတွေကို ပြန်ပေးဖို့ ဖြစ်ပါတယ်။ အခု တကယ်ဖြစ်နေတာက မြေပိုတွေ ပြန်မရတဲ့အပြင် အဲ့ဒီ မြေပိုတွေမှာ ကျူးကျော်တွေ မြေချပါမစ်တွေနဲ့ တရားဝင် ချပေးနေတာတွေ ဖြစ်လာပါတယ်။ ဒီအမှုတွေ တခုမှ မပြီးသေးပါဘူး လို့ ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

တပ်ပိုင် ဆိုတာတွေ ခေတ်စားလာနေ
သမ္မတလည်း အောက်ခြေ၀န်ကြီးဌာနက တက်လာတဲ့အပေါ် လက်မှတ်ထိုးပြီး လွှတ်တော်ဆီ သ၀ဏ်လွှာ ပို့လိုက်တာ တော်တော် လွဲနေပြီလို့ ၀ိုင်းပြောတာ ခံလိုက်ရတာပါပဲ။ သမ္မတကိုယ်တိုင်တောင် ဒီလို အနှပ်ခံနေရတော့ အောက်ခြေ လယ်သမားတွေ ခိုကိုးရာမဲ့ အနိုင်ကျင့် ခံနေရတာ ဘာဆန်းပါမလဲ။ လွှတ်တော်ထဲ လယ်မြေပြဿနာ ပြောဆိုဆွေးနွေးကြရင် တပ်မတော်ဆိုတာလည်း ပါပါနေတာ တွေ့ကြ ရပါတယ်။ မနေ့တနေ့ကပဲ သတင်းတပုဒ် ဖတ်လိုက် ရပါတယ်။

“သင်္ဃန်းကျွန်း၊ မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်ရန် ရှိသဖြင့် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အိတ်ပိတ်ဖြေ။
“သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန် ရှိသဖြင့် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် မရှိကြောင်း သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့်ထံ အိတ်ပိတ် ဖြေကြားခဲ့သည်။”

မနေ့တနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမှာ ဟောပြောပွဲ လုပ်မယ့် ကွင်းနေရာ ဟာ တပ်ပိုင်ကွင်းမို့ ခွင့်မပြုနိုင်ဘူးဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရပြန်ပါတယ်။ တပ်ပိုင် တပ်ပိုင်နဲ့ တပ်ပိုင်တွေ များများလာတာ ကောင်း၊ မကောင်း ခေါင်းအေးအေးထား စဉ်းစားကြဖို့ သင့်ပါပြီ။

မောင်ထင်ရဲ့ ငဘ တွေ ရှင်သန်နေတုန်း
၁၉၄၇ ခုနှစ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ စာရေးဆရာကြီး မောင်ထင်ရဲ့ “ငဘ” ၀တ္ထုရှည်ကြီး ပုံနှိပ်ထုတ်ဝေခဲ့တဲ့အချိန် လယ်သမားတွေဘ၀ အခုလို ရေးသားဖော်ပြခဲ့ပါတယ်။
“ခေတ်သစ်ကို တို့ဗမာအစိုးရဟူသော အမည်ခံ ကျီးအာသီး စစ်အုပ်ချုပ်ရေး ရောက်လာသောအခါ အနည်းငယ် အသက်ရှုချောင်သလို ထင်ခဲ့သည်။ ၀ါဆိုနဲ့ ၀ါခေါင်လ ရောက်လာလျက်နဲ့ လယ်သမားတို့သည် လယ်ကို မလုပ်ရလျှင် ငတ်သေဖို့သာ ရှိတော့သည်။

“မိမိတို့၏ ဒုက္ခကို သူတပါးက ကယ်တင်ပေးလိမ့်မည် ဟု မျှော်လင့် တောင့်တနေကြပါလျှင် ကမ္ဘာသာလျှင် ကုန်လိမ့်မည်။ ဒုက္ခကား ကုန်မည်မဟုတ်၊ အထူးသဖြင့် မိမိတို့ တိုင်းရင်းသား အချင်းချင်း ဖယ်၍ တိုင်းတပါးသားကို အားကိုးလျှင် ဒုက္ခအပေါင်းထဲမှ ထွက်မြောက်မည်ဟု ထင်မြင်မိပါက “ငဘ” ကို သတိရကြပါဟု ပြောရစ်ရန် လောကဇာတ်ခုံပေါ်၌ ငဘကို ပုဏ္ဏားက နှိပ်စက်ခဲ့သည်၊ နှိပ်စက်ခြင်း ခံရသူသည် နှိပ်စက်သူအား “ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ” ဟု ဆုတောင်းသည်ကို ကျနော် မကြားဖူးပါ။

“ငဘ သည် ပုထုဇဉ်ဖြစ်၍ ပုဏ္ဏားကို စိတ်ထဲ၌ ကြိတ်၍ ရေရွတ်မိပေလိမ့်မည်။ သို့သော် နှိပ်စက်တတ်သော ပုဏ္ဏားတယောက်ကို စိတ်၌ စွဲလမ်း၍ ပုဏ္ဏား တမျိုးလုံးကို ဆန့်ကျင်လိုသော အာဃာတသည် ငဘတွင် မရှိ။ ငဘ၏ သားစဉ် မြေးဆက်တို့က ငဘ ခံခဲ့ရပုံကို သံဝေဂ ယူ၍ မိမိတို့၏ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို အမျိုးသားချင်း စောင့်ရှောက်တတ်သော ဓလေ့ဖြင့် လူမျိုးနှင့် နိုင်ငံကို ကာကွယ်ရန်ကိုသာ ငဘက လမ်းညွှန်ပေးခဲ့သည်။ ယင်းကဲ့သို့ ယထာဘူတ ကျအောင် စဉ်းစား ဆင်ခြင် နိုင်ကြပါလျှင် မြန်မာနိုင်ငံသည် အနာဂတ်၌ ကျရောက် နိုင်သော အန္တရာယ် အသွယ်သွယ်တို့မှ ကင်းရှင်း နိုင်လိမ့်မည် ထင်ပါသည်” လို့ ဆရာမောင်ထင်က ရည်ရွယ်ရင်းထားခဲ့တာ အခုထိ ရှင်သန်နေတုန်းပါဗျာ။ ခေတ်သစ် ချစ်တီးတွေတော့ ရှင်သန်ခွင့် မပေးသင့်တော့ကြောင်းပါ။

(ပြည်သူ့ခေတ်ဂျာနယ် အတွဲ – ၄၊ အမှတ် – ၁၈၂ ဆရာကိုရွှေအောင် ဆောင်းပါး)

By ရွှေအောင် (ဒီဗွီဘီ)

Tuesday, January 28, 2014

AIDS နှင့် ကမ္ဘာ (၁)




AIDS ရောဂါကို ၁၉၈၁ ခုနှစ်မှာ ပထမဦးစွာ အမေရိကန်မှာ တွေ့ခဲ့တယ်ဆိုတာ တင်ပြပြီးဖြစ်တယ်။ ဒါပေမယ့် လူသိမများသေးဘူး။ ၁၉၈၅ ခုမှာတော့ ကျော်စောထင်ရှားမှု ရခဲ့ပြီး ကမ္ဘာသိ ရောဂါ ဖြစ်လာတယ်။ ရုပ်ရှင်မင်းသား Rock Hudson က AIDS ကြောင့် အဲဒီနှစ်မှာ သေသွားတာကလည်း ဒီကျော်စောမှုကို အများကြီး အထောက်အကူ ပြုခဲ့တာလည်း တင်ပြခဲ့ပြီး ပါပြီ။ အဲဒီအချိန်မှာ ကမ္ဘာက AIDS အပေါ် ဘယ်လိုမြင်သလဲ?။ ပထမတော့ AIDS ဟာ “ဂေး” ရောဂါ၊ သဘာဝနဲ့ ပုံမှန် မူမှန် အခြေအနေကို ဆန့်ကျင်သူတွေကို ခတ်တဲ့ ဒဏ်လို့ ဆိုချင်ကြတယ်။

မကောင်းမှု ဒုစရိုက်ရဲ့ တုံ့ပြန်မှုကို ခံရတာပဲ ထင်ပြီး ဒီလူတွေကို ကဲ့ရဲ့ပြစ်တင်ပြီး ဒီလူတွေကို ဖိနှိပ်ချုပ်ချယ်ချင်တဲ့ အာသီသတွေ ပွားလာခဲ့ကြတယ်။ “သူတို့ထိုက်နဲ့ သူတို့ကံပဲ၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မှာပဲ ခံလိုက်ပေါ့။ ဒါဟာ တရားတဲ့ လောကနိယာမပဲ၊ သူတို့ အပစ်ကြောင့် သူတို့ ခံရတာ။ တို့နဲ့ မဆိုင်ဘူး။ အနေသာကြီးပါ” လို့ ထင်မြင်သူဆတဲ့ သူတွေလည်း အများကြီး ရှိတယ်။ တချို့ကတော့ သူတို့ကြောင့် ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ အန္တရာယ်ကြီး ဖြစ်လာရတာ သူတို့ တရားခံပဲ။

အချို့နေရာတွေမှာ “ဂေး” တွေကို ရိုက်နှက် ပုတ်ခတ်ညှဉ်းဆဲတဲ့ အထိ ဖြတ်တာတွေ တွေ့လာရတယ်။ နောက်တစ်ခါ ဟေတီကျွန်းက လူတွေမှာဖြစ်တဲ့  ရောဂါပါ။ နောက်ဆက်ပြီး (Haemophilia) လို့ ခေါ်တဲ့ “သွေးမတိတ်” ရောဂါသည်တွေမှာ ဖြစ်တယ်လို့ သိနားလည်လိုက်ကြတယ်။ ဒီတော့ ဒီရောဂါဟာ တချို့ တချို့သော ကန့်သတ်ထားတဲ့ အုပ်စုမှာသာ ဖြစ်တာပါ။ အများသူငါမှာ ဖြစ်တဲ့ ရောဂါ မဟုတ်ဘူး။ ဒီလို (risk group)  သီးသန့်အုပ်စုမှာသာ ဖြစ်တာလို့ ထင်ကြပြန်တယ်။ ရောဂါဖြစ်စေတဲ့ အန္တရာယ်ဟာ အထူးစပါယ်ရှယ် အုပ်စုတွေထဲမှာသာ ရှိတာမဟုတ်၊ ရောဂါဘေးဟာ လူတစ်ဦးရဲ့ အန္တရာယ်များတဲ့ ပြုမှုချက်ပေါ်မှာ မူတည်နေတယ် ဆိုတာကိုတော့ နောက်မှ တစ်ဖြည်းဖြည်း သိလာကြတာ။

ပထမတော့ “ဂေး” တွေကို ပစ်မှတ်အဖြစ်ထားပြီး အပြစ်တင်ကြ၊ ဒဏ်ခတ်ကြ လုပ်လာကြတော့ “ဂေး”တွေ မခံမရပ်နိုင် ဖြစ်လာတယ်။ အမေရိကမှာဆိုရင် အကြီးအကျယ် ဆန္ဒပြပြီး ပဋိပက္ခ ဖြစ်မှုတွေ ပေါ်ပေါက်ခဲ့တယ်။ အခုထိ အပြည်ပြည်ဆိုင်ရာ AIDS  အစည်းအဝေး ညီလာခံ စသည်တို့ ရှိရင် “ဂေး” အုပ်စု အခွင့်အရေးအတွက် တိုက်ပွဲဝင်သူတွေဟာ အမြဲလိုလို ဆန္ဒပြခဲ့တယ်။ အစည်းအဝေး ကျင်ပတဲ့ နေရာတွေမှာ ဆန္ဒပြကြပြီး အခွင့်အရေးတွေ တင်ပြတောင်းဆိုမှုတွေ လုပ်နေဆဲ ဖြစ်တယ်။

သမိုင်းအကြောင်းကို ကြည့်လျှင် ဆစ်ဖလစ်တုန်းကလည်း ဒီနည်းဆင်ဆင် ဖြစ်ခဲ့တာပဲ။ ဆစ်ဖလစ်ဟာ ၁၄၄၀ လောက်ကစပြီး နောက် အနှစ် တစ်ရာလောက် အတွင်းမှာ အပြင်းအထန် ပြန့်ပွားခဲ့တယ်။ အနှစ် ၅၀၀ ကြာတာတောင် ဒီရောဂါရဲ့ ဇစ်မြစ်ကြောင်းအင်ကို သိပံ္ပပညာရှင်တို့ ရေလည်စွာ မသိကြသေးဘူး။ AIDS ဗိုင်းရပ်စ်ပိုးကို ရောဂါပေါ်လာပြီး ၅ နှစ်လောက် အတွင်းမှာ ဖော်ထုတ်နိုင်တာကတော့ အခုခေတ် သိပ္ပံပညာ အတတ်ပညာ ထွန်းကားတိုးတက်မှုရဲ့ အကျိုးကြောင့်ပဲ ဖြစ်တယ်။ ဆစ်ဖလစ်ရောဂါဟာ ပထမ အီတလီမှာ သဲသဲမဲမဲ စဖြစ်ပြီး ၁၉၄၅မှာ ပြင်သစ်၊ ဂျာမဏီနဲ့ ဆွစ်ဇာလန်ကို ရောက်တယ်။ ၁၄၉၆ မှာ ဟော်လန်နဲ့ ဂရိ၊ ၁၄၉၇ မှာ အင်္ဂလန်နဲ့ စကော့တလန်၊ ၁၄၉၉ မှာ ရုရှာကို ရောက်တယ်။
ဆစ်ဖလစ် ပြန့်ပွားမှုကတော့ AIDS လောက် မမြန်ဘူး။ ဒါဟာလည်း မျက်မှောက်ခေတ်ရဲ့ တိုးတက်မှု တစ်ရပ်ဖြစ်တဲ့ ဆက်သွယ်ရေးနဲ့ ကူးလူးဆက်ဆံရေး ကောင်းမွန်လွယ်ကူ မြန်ဆန်ခြင်း ကြောင့်ပဲ။ ဒါကတော့ အကောင်းနဲ့ အဆိုးဟာ အများအားဖြင့် တစ်ခုတည်း ပေါ်မလာဘူး။ ဒွန်တွဲပြီးလာတယ်ဆိုတာကို သတိရစေတဲ့ အချက်တစ်ခုပဲ။ အဲဒီအချိန်ကလည်း အခု AIDS မှာ ဖြစ်သလိုပဲ ရုရှတွေဟာ ပိုလန်သားတွေဆီက ရတာလို့ ဆိုတယ်။

အင်္ဂလိပ်နဲ့ တူရကီတွေကတော့ ပြင်သစ်ရောဂါလို့ အမည်တပ်လိုက်တယ်။ ပြင်သစ်တွေက အီတလီ ရောဂါလို့ ခေါ်ပြီး၊ အီတလီတွေက စပိန်ရောဂါလို့ ခေါ်တယ်။ စပိန်တွေက ဒီရောဂါကို ကိုလံဘတ် ကမ္ဘာသစ်ကို တွေ့စဉ်က ရောက်ခဲ့တဲ့ ဟေတီကျွန်းက ရလာတာလို့ ဆိုပြန်တယ်။ ဒီဖြစ်စဉ် သမိုင်းပုံစံဟာလည်း အခု AIDS မှာ ပြန်တွေ့နေရ ပြန်ပြီ။ ဓာတ်ပြာား ဟောင်းကြီး ပြန်ပြီး ဖွင့်နေသလိုပါပဲ။

AIDS ပေါ်တဲ့ အချိန်မှာ ကမ္ဘာပေါ်ရှိ တိုင်းပြည်တွေက AIDS အပေါ် ဘယ်လို ခံယူချက်ရှိသလဲဆိုတာ လေ့လာကြည့်ရင် ယေဘုယျအားဖြင့် ၂ မျိုး ရှိတာ တွေ့ရတယ်။
၁။ AIDS ဟာ ဒီလောက်အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။ တို့နဲ့လည်း မဆိုင်ပါဘူး။ အနောက်နိုင်ငံ အချို့က အကျယ်ချဲ့ပြီး ထုံးစံအတိုင်း သူတို့ စာနယ်ဇင်းတွေကလည်း အော်ဟစ်ပြီး နေကြတဲ့ ကိစ္စပါ။ ဒါကြောင့် ဘာမှလုပ်စရာမလိုဘူး။ လျစ်လျူရှုပြီး နေလို့ရတဲ့ အခြေမျိုးလို့ ယူဆကြတယ်။ ဒီလိုယူဆရုံ မကသေးဘူး၊ သူတို့ တိုင်းပြည်မှာ အနောက်နိုင်ငံနဲ့ အခြားပြည်တွေလို စိုးရိမ်စရာ မရှိလို့ ကိုယ့်အခြေအနေ အပေါ်မှာ ကိုယ်ကျေနပ်နျစ်သိမ့်နေပုံရတယ်။ တကယ်တော့ သူတို့က ဖြစ်ရပ်မှန်ကိုမှ မသိပေပဲကိုး။ ဒီအန္တရာယ်ကြီးရဲ့ ဆိုးကျိုးအာနိသင်ဟာ ဘယ်လောက်အထိ ကြီးမားပြီး ကျယ်ဝန်းတယ်ဆိုတာ မသိလို့ ဒီလို အတွေးမျိုးနဲ့ ကျေနပ်နေတာ။

၂။ နောက်တစ်အုပ်စုကတော့ AIDS ဆိုတာ ကုလို့လည်း မရဘူး၊ အဖြစ်မရှိတဲ့ ပုစ္ဆာလို ဖြစ်နေတာ။ နောက် အနီးကာလ အတွင်းလည်း အဖြေပေါ်ဦးမှာ မဟုတ်ဘူးလို့ ဆိုနေကြတယ်။ ဒီလောက် ခက်ခဲပြီး ဆိုးလှတဲ့ ကိစ္စကို ရင်ဆိုရတဲ့အခါ ဘာတတ်နိုင်လို့လဲ။ ကမ္မသကာပဲ၊ ဖြစ်လိုရာဖြစ်သွားမှာပဲပေါ့။ ကပ်ဆိုက်တာတော့ အမှန်ပဲ။ ဘာမှမလုပ်နိုင်တော့လည်း ခံလိုက်ရုံပေါ့ဆိုပြီး ကံကို လုံးဝပုံချပြီး နေကြတယ်။

ဒီခံယူချက် နှစ်မျိုးစလုံးဟာ အောင်မြင်ချက်နဲ့ ဝေးသထက် ဝေးစေတဲ့ ခံယူချက်တွေ ဖြစ်တယ်။ တချို့တိုင်းပြည်တွေကတော့ ဒီရောဂါဟာ “သူတို့” ဆီမှာသာဖြစ်တာ “တို့ဆီ” မှာ မဖြစ်ဘူး၊ တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုပြီး ဘူးကွယ်ပစ်လိုက်တယ်။ ၁၉၈၃ ခု ဆွစ်ဇာလန်ပြည်၊ ဂျနီဗာမှာ လုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ AIDS ကွန်ဖရင့်မှာ အရှေ့ ဥရောပ နိုင်ငံတွေအနက်က ချက်ကိုစလို ဗားကီးယားနိုင်ငံ တစ်ဦးတည်းကသာ အရှေ့ဥရောပ ဆိုရှယ်လစ် နိုင်ငံတွေထဲကို AIDS ရောက်နေပြီလို့ ဝန်ခံတယ်။
ကွန်ဖရင့် လေးရက်စလုံးမှာ ဆိုဗီယက်ကိုယ်စားလှယ်က “ဆိုဗီယက်နိုင်ငံမှာ AIDS ရောဂါ လူနာမျိုး၊ တစ်ယောက်မှရှိမှာ မဟုတ်ဘူး”လို့ ထပ်ခါတလဲ အပြတ်ပြော ပစ်ခဲ့တယ်။ အလားတူပဲ ရိုပေးနီးယား ကိုယ်စားလှယ်ကလည်း ဒီရောဂါဟာ အရင်းရှင်ရောဂါ။ တို့ဆိုရှယ်လစ်/ ကွန်မြူနစ်နိုင်ငံမှာ ဖြစ်မှာ မဟုတ်လို့ “ခါးခါးသီးသီး” ငြင်းခဲ့တယ်။ ဗိုင်းရပ်စ်ကတော့ ဒီလိုနိုင်ငံရေးကို ဦးတည်းပြီး မိန့်ဆိုခဲ့တဲ့ ကြေညာချက်တွေကို ဘယ်လက်ခံလိုက်မှာလဲ။

အဲဒီ အချိန်လောက်မှာပဲ “သွေးမတိတ်ရောဂါ” ကြောင့် သွေးသွင်းခဲ့လို့ AIDS ရလာတဲ့ လူနာဟာ ဥရောပမှာ ၉ ဦး ရှိနေပြီ။ နောက်ပိုင်းမှာတော့ သိကြတဲ့ အတိုင်း ရိုမေးနီးယားမှာ မွေးစသွေးသွင်းခဲ့ရတဲ့ ကလေးပေါင်း များစွာဟာ AIDS ရခဲ့တယ်။ ဒါကိုဆရာဝန်တွေက တပ်အပ်သေချာစွာ ရောဂါရှာပြီး တပ်ပြခဲ့ပေမယ့် အစိုးရက ဖုံးကွယ်ထားခဲ့တယ်။ ဒီကလေးတွေမှာ AIDS ဖြစ်တဲ့ ကိစ္စကို ဆက်လက်စုံစမ်း စစ်ဆေးမှု မလုပ်ရလို့ အာဏာပိုင်တွေက အမိန့်ပေးပြီး တားမြစ်ခဲ့တယ်။ ဒါကြောင့် ကာကွယ် နိုင်တဲ့ အချိန်တွေမှာ မကာကွယ်လိုက်ရလို့ ရောဂါပြန့်ပြီး အခြေအနေ ပိုဆိုးခဲ့တယ်။

ကမ္ဘာ့ အရှေ့ပိုင်းမှာလဲ ဒီနည်းနှင်နှင်ပါပဲ “တို့ယဉ်ကျေးမှုနဲ့ ဖီလာတဲ့ အပြုအမှုမျိုးကြောင့် ဖြစ်ရတဲ့ ရောဂါပါ။ တို့ဆီမှာ ဒါမျိုးတွေမှ မရှိကြတာ။ တို့ဆီမှာ မဖြစ်နိုင်ဘူး” လို့ ထင်ခဲ့ကြလို့ တရားဝင် အစည်းအဝေးတွေမှာ ဒီလိုပဲ ပြောခဲ့ကြတယ်။ အများပြည်သူလူထုကလည်း ဒီလိုပဲ ခံယူနေကြတာပဲ။ အထက်က တင်ပြသလိုပဲ အဲဒီ အချိန်မှာ AIDS ဟာ အမေရိကန်ပြည် တစ်ပြည်ထဲမှာ ရှိနေတဲ့ ရောဂါ မဟုတ်ပါဘူး။ ကိန်းဂဏန်းအရတော့ အမေရိကမှာ များနေတယ်ဆိုတာ မှန်ပါတယ်။

၁၉၈၄ ခုနှစ်မှာ ဆိုရင် ကယ်လီဖိုးနီးယားမှာ AIDS ရောဂါအတွက် သတ်သတ်ဆေးရုံ ဖွင့်သေးရတဲ့ အခြေအနေ ဆိုက်နေပြီ။ ဒီ AIDS ဖြစ်တဲ့ သူတွေဟာ တစ်စုထဲ တစ်ပြုံထဲ ဆိုသလို နယူးယောက်နဲ့ ဆန်ဖရန် စစ္စကိုမြို့တွေမှာ ရှိကြတယ်။ ဒီပြင်ဖြစ်တဲ့ လူတွေဟာလည်း “ဂေး” တွေဆိုတော့ ကမ္ဘာမြင်ကွက်မှာ ဒီနေရာတွေဟာ သိပ်ပြီး ပေါ်ပေါ်ထင်ထင် ဖြစ်နေတာပေါ့။ ဒီတော့ ၁၉၈၁ ခုနှစ် ဝန်းကျင်မှာ သိနေကြတာတော့ AIDS ဟာ “ဂေး” ရောဂါပဲ။ အထက်ဆိုခဲ့သလို ဒီ “ဂေး” တွေဟာ လူ့အဖွဲ့အစည်းရဲ့ ပုံမှန်ဓလေ့ထုံးစံကို ဆန့်ကျင်ကြသူတွေမို့ “ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်း” ခံရတာလို့ ဆိုပြီး “ဂေး” တွေ အပေါ် လုံးဝဥဿုံ ပုံချ အပြစ်ဖို့ခဲ့တယ်။

ဒီလို တစ်ပြည်တည်း နေသူတွေက လူနည်းအုပ်စုဖြစ်တဲ့ “ဂေး” တွေသာ ဖြစ်တာပါလို့ ယူဆသလို ကမ္ဘာ အရပ်ရပ်ရှိ တိုင်းပြည်တွေနဲ့ လူတွေကလည်း “သူတို့ တိုင်းပြည်ဟာ ဒုစရိုက်တွေ များလွန်းတဲ့ နေရမို့ ဖြစ်တာ။ တို့ဆီမျာ မဖြစ်ဘူး” လို့ ယုံကြည်နေကြတယ်။ ဒါဟာလည်း ဓမ္မတာပါပဲ။ လူဆိုတာ မွေးလာရင် မလွဲမသွေ သေရမျာပဲဆိုတာ လုတိုင်းလူတိုင်း တပ်အပ်သေချာ သိထားရက်နဲ့ လူတွေ ဒီလိုပဲ တွေးမိကြရဲ့လား၊ သတိရှိကြရဲ့လား။ “သူပဲ သေတာပါ ငါ့အလှည့်တော့ ကျမှာ မဟုတ်ဘူး” လို့ အမြဲ ထင်နေတော့တာပဲ မဟုတ်လား။ ဒါကတော့ မသေချင်လို့ မသိစိတ်က ဝန်မခံပဲ ဗြောင်ငြင်းဆန်နေတဲ့ သဘောပါ။

ဒီလို ငြင်းလိုက်ရင် ပြဿနာဟာ ခေတ္တခဏလောက် ဖြစ်ဖြစ် ပျောက်နေမှာပဲလို့ ထင်နေကြတယ်။ ဒီလို “တို့ဆီမှာတော့ ဖြစ်မှာမဟုတ်ဘူး” လို့ ယူဆနေတဲ့ အချိန်မှာပဲ AIDS ကတော့ အရပ်ရပ် အနယ်နယ်ကို ပြန့်စပြုနေ ပါပြီ။ AIDS ကို ကနဦး ဖော်ထုတ်နိုင်ခဲ့တဲ့ ၁၉၈၁ ခုနှစ် အရင် ၂ နှစ်လောက်မှာ တမူထူးခြားတဲ့ လက္ခဏာ ရှိတဲ့ လူနာအချို့ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့ တွေမှာ တွေ့ခဲ့ကြတယ်။

ဒီထူးခြားတဲ့ အချက်တွေကတော့ (၁) အရင် အလွန်မှ ရှားတဲ့ အဆုတ်ရောင်ရောဂါ တစ်မျိုး၊ (၂) အင်မတန်တွေ့ရခဲ့တဲ့ အရေပြား ကင်ဆာတစ်မျိုး (KS) နဲ့ နောက် ထူးခြားချက် တစ်ခုကတော့ လူနာအားလုံးဟာ “ဂေး” တွေဖြစ်နေတာပဲ ဖြစ်တယ်။ ဆရာဝန်တွေ အနေနဲ့တော့ ပထမ အတော် အကြပ်ရိုက်သွား သေးတယ်။ ကြောင်းအင်လည်း မသိတော့ လူနာတွေကို မကူနိုင် ဖြစ်နေတယ်။ ဒီတော့ “ဆစ်ဖလစ်၊ ဂနိုးရီးယား” တို့လို လိင်စပ်ယှက်ရာမှ ဖြစ်တဲ့ရောဂါ (Sexually Transmitted Diesase = STD) အသစ်တစ်ခု ပေါ်နေပြီ ထင်တယ်လို့သာ မှတ်ချက်ချနိုင် ခဲ့တယ်။

၁၉၈၁ မှာတော့ နောက် AIDS လို့ ယာယီ ခေါ်မယ့် ဒီရောဂါကြောင့် လူပေါင်း ၂၄၈ ယောက် အမေရိကန်မှာ သေဆုံးခဲ့ပြီးပြီ။ ၁၉၈၁ အဆုံးမှာတော့ ဇိုင်းယား နိုင်ငံ ကင်ရှာစာ မြို့တော်က ဆရာဝန်တွေကလည်း အထက်ပါ လက္ခဏာနဲ့လာတဲ့ လူနာတွေကို စတွေ့နေပြီ ဖြစ်တယ်။ ဒီရောဂါဟာ အမေရိကန်က ရောဂါနဲ့ တူပါလားဆိုတာကိုလည်း ကင်ဆာဆရာဝန် တစ်ဦးက သတိထားလိုက်မိတယ်။ အာဖရိကတိုက်ရဲ့ အခြားတစ်နေရာမှာလည်း ဘယ်လ်ဂျီယံ ဆရာဝန်တွေက နောက် AIDS လို့ ခေါ်တဲ့ ရောဂါ လက္ခဏာ အချို့ရှိတဲ့ လူနာတွေကို ၁၉၇၀ ခုနှစ် နောက်ပိုင်းမှာထဲက တွေ့ထားရတယ်ဆိုတာ နောက်မှ သိလာရတယ်။

အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဇန်ဘီးယားမှာတော့ ကိုယ်ခံခုခံအင်အားကျဆင်းပြီး “KS” လို့ ခေါ်တဲ့ အရေပြား ကင်ဆာတွေဟာ အရင်ကနဲ့ မတူ ထူးခြားစွာ ပြင်းပြင်းထန်ထန် ဖြစ်လာတဲ့ လူနာတွေ သိသိသာသာ များလာတယ်ဆိုတာ သတိပြုမိကြတယ်။ Caribbean လို့ ခေါ်တဲ့ အရှေ့အိန္ဒိယ ကျွန်းစုမှာ ပါတဲ့ “ဟေတီ” ကျွန်းမှာတော့ “KS” အရေပြား ကင်ဆာတွေလည်း ဖြစ်လာကြပြီးတော့ ဒီလူနာတွေမျာ ရောဂါပိုး အမျိုးမျိုး ခဏခဏ ဝင်နေတဲ့ ဖြစ်ရပ်ကို ၁၉၇၈-၇၉ မှာ စတွေ့နေတယ်ဆိုတာကို နောက်ကြောင်းပြန်စစ်ကြတော့ သိရတယ်။

၁၉၈၀-၈၁ မှာတော့ အမေရိကန်မှာ နယူးယောက်မြို့နဲ့ မိုင်ယာမီမြို့မှာ ရှိကြတဲ့ ဟေတီကျွန်းမှ “ဒုက္ခသည်” တွေထဲမှ ခုခံအား ကျဆင်းမှု (immune deficiency) လူနာတွေ တွေ့ခဲ့ရတယ်။ ၁၉၈၂ မှာ ဒီလို လူနာပေါင်း ၃၄ ဦး ရှိနေပြီ၊ ၁၉၈၂ ခုနှစ်မှာပဲ ဟေတီကျွန်းပေါ်က ဆရဝန်တွေက ဒီလို လူနာမျိုး ၆၁ ဦး တွေ့ထားပြန်တယ်။ ဒီအချိန်လောက်မှာပဲ AIDS ရောဂါဟာ ဥရောပကို ပြန့်နေပြီ ဖြစ်တယ်။

အမေရိကန်မှာတော့ AIDS ဟာ “ဂေး” ရောဂါ သတ်သတ်မှတ်မှတ်လု့ ယူဆလို့ မရတော့ဘူးဆိုတဲ့ အခြေကို ဆိုက်စပြုပြီ။ ၁၉၈၀ ခုနှစ် နောက်ဆုံးပိုင်းလောက်ကတည်းက အမေရိကန်ရှိ အတ္တလန်တာမြို့က (Centre for Disease Control=CDC) “ရောဂါထိန်းချုပ် ကာကွယ်ရေး ဗဟိုဌာန” က သတိပြုမိလိုက်တာက ဒီလို လက္ခဏာတွေဟာ မူးယစ်ဆေးဝါး “ထိုး” သူ (သွေးကြောထဲ အပ်နဲ့ ဆေးထိုးပြီး သွင်းသူ၊ စားသူမဟုတ်) တွေမှာလည်း တွေ့နေရတယ် ဆိုတဲ့ အချက်ပဲ။ နောက် တစ်ဆက်တည်း တွေ့ရတာကတော့ သွေးသွင်းခြင်းကြောင့်လည်း AIDS ရနိုင်တယ်ဆိုတာပဲ ဖြစ်တယ်။

၁၉၈၃ ခုနှစ် ဇွန်လထဲမှာတော့ “လောရိန်းဒီဆန်တစ်(စ)” ဆိုတဲ့ အမျိုးသမီးကြီး တစ်ဦးဟာ သွေးသွင်းခြင်းကြောင့် AIDS ရောဂါ ရသွားတယ်လို့ အတိအလင်း သတ်မှတ် အတည်ပြုလိုက်တယ်။ သူကတော့ ၁၉၈၁ ခုနှစ် နှလုံးခွဲစိတ် ကုသမှု ခံယူစဉ်က သွေးသွင်းခဲ့လို့ AIDS ရောဂါ ဝင်ခဲ့တာ။ ၁၉၈၃ ခုနှစ်မှ ရောဂါဖြစ်လာလို့ AIDS ဖြစ်နေမှန်း သိရတာ။ ၁၉၈၂ ခုနှစ်တုန်းကတော့ မြောက်ကာလီဖိုးနီးယား သွေးဘဏတ်မှ ရတဲ့ သွေးကိုသွင်းခဲ့လို့ AIDS  လက္ခဏာတွေ ပေါ်လာတဲ့သူလည်း တွေ့ခဲ့ရသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက ရောဂါအမည် မတပ်တတ်သေးလို့ AIDS လို့တော့ အတိအကျ မခေါ်ခဲ့နိုင်ဘူး။ အဲဒါတွေ သိလာရပြီး နောက်တော့ သွေးသွင်းလို့ ရောဂါရတယ်ဆိုတာ သိလာကြတာပဲ။ ဒီနောက်မှာလည်း သွေးသွင်းလို့ AIDS ရတဲ့ လူနာတွေဟာ ဆင့်ကဲဆင့်ကဲ ပေါ်လာတော့ လူနာဦးရေ တက်သွားခဲ့တယ်။
AIDS ရောဂါ လက္ခဏာတွေက AIDS ပိုးဝင်ပြီး နှစ်အတော်ရမှ ပေါ်လာတတ်တာဆိုတော့ ၁၉၈၃ ခုနှစ် ဝန်းကျင်လောက်မှ “သွေးသွင်း AIDS” တွေ များများစားစား တွေ့ရတော့တာပေါ့။ အမေရိကန်မှာ သွေးသွင်းလို့ AIDS ရတဲ့ လူနာတွေ အနက် ၁၀၀ မြောက် လူနာကတော့ တင်ပါးဆုံရိုး အတုထည့်ခြင်း ခံရတဲ့ အသက် ၇၁ နှစ်ရှိ အမျိုးသမီးကြီး ဖြစ်တယ်။ ခွဲစိတ်စဉ် ပထမသွေး ၂ ပုလင်း သွင်းခဲ့ရတယ်။ တတိယ ပုလင်းက သိပ်အလိုကြီးတော့ မဟုတ်ဘူး။ ကြိုတင် အကာအကွယ်အနေနဲ့ သွင်းတာပါလို့ ပြောတယ်။

အဲဒီ တတိယ ပုလင်းက သွေးကို လှူသူကတော့ “သွေးလှူရှင်ပုံစံ” ကို ကောင်းကောင်း ဖြည့်မထားတဲ့ လူငယ်ကလေး တစ်ဦး ဖြစ်တယ်။ အဲဒီ ပုလင်းထဲက AIDS ရောဂါပိုး ပါလာတာပါပဲ။ အမျိုးသမီးကြီးရဲ့ မိသားစုကပြောတယ် “အမေဟာ သန့်ရှင်းမှုကို သိပ်ကြိုက်ပြီး ရောဂါပိုး ဝင်မှာ (infection) ကိုလည်း အင်မတန်ကြောက်လို့ အကာအကွယ် အမြဲယူလေ့ ရှိတယ်။ ခွဲပြီးနောက်ပိုင်း သွေးဖျော့နေလို့ နောက်ထပ် သွေးသွင်း ရမယ်ဆိုတော့ ဘယ်လိုမှ အသွင်းမခံဘူး။ သူရဲ့ ကြမ္မာကို ဖန်တီးစေမယ့် သွေးသွင်းစဉ်ကတော့ သူဟာမေ့ဆေး အရှိန်ကြောင့် သတိမရှိ ဖြစ်နေလို့သာ သွေးသွင်းခြင်း ခံရတာ” လို့ ဆိုတယ်။
သူသေဆုံးတဲ့ နေ့မှာတော့ အမေရိကန်မှာ AIDS ကြောင့် လူနာပေါင်း ၁၁၀၀၀ သေဆုံးခဲ့ပြီး ဖြစ်တယ်။ AIDS ပြဿနာဟာ အမေရိကမှာ ဘယ်လောက်ကြီး ထွားနေပြီဆိုတာ ခန့်မှန်းလို့ ရပါတယ်။

သွေးသွင်းလို့ AIDS ရနိုင်တယ်ဆိုတော့ သွေးပစ္စည်း သွင်းရင်လည်း ရနိုင်မှာပေါ့။ သွေးကရတဲ့ ပစ္စည်းဆိုရင် ဘာပဲဖြစ်ဖြစ် လူ့ကိုယ်ထဲဝင်သွားရင်/သွင်းရင် AIDS ရနိုင်တာပဲ။ (ဥပမာ gamma globulin ခေါ်တဲ့ ကာကွယ်ဆေးထိုးမှုမျိုး) ဒီလိုသွေးတွင်မက သွေးပစ္စည်းကို သွင်းရင်လည်း AIDS ရနိုင်တယ်ဆိုတာကိုတော့ မကြာခင်ဘဲ ထင်ရှားသိသာပြီး ပြဿနာကြီး တစ်ခုအဖြစ် ရောက်သွားခဲ့တယ်။ ဒါကတော့ ဟီးမိုဖီးလယားခေါ် သွေးမတိတ်ရောဂါရှင်တွေ AIDS ရခဲ့ရတဲ့ အကြောင်းပဲ။ အဲဒီအထဲက အစောဆုံး ဥပမာ တစ်ခုကတော့ ၁၉၈၂ ခုနှစ် မိုင်ယာမီမြို့မှာ တွေ့ခဲ့တယ်။

အဲဒီက ဆရာဝန် တစ်ဦးက သူ့ရဲ့ ဟီမိုဖီးလယား လူနာတစ်ယောက် အသက်ခပ်ကြီးကြီး အမျိုးသားကြီးဟာ ထူးခြားပြီး ရှားပါးလှတဲ့ အဆုတ်ရောင် ရောဂါနဲ့ သေဆုံးခဲ့တယ်။ အဲဒါကို ဆရာဝန်က AIDS လို့ မသင်္ကာရှိခဲ့လို့ စူးစမ်းခဲ့တယ်။ နောက်တော့ သွေးသွင်း AIDS လူနာတွေ ပေါ်လာကြတော့တာပဲ။ ဒီတော့ ပိုပြီးမသင်္ကာတော့တာပေါ့။ အမေရိကမှာဆိုရင် ၁၉၈၀ နဲ့ ၁၉၈၅ ခုအတွင်း သွေးပစ္စည်း ခဏခဏ သွင်းဖို့လိုတဲ့ ဟီမိုဖီးလယား လူနာတွေထဲက ၉၈% မကဟာ AIDS ရသွားကြတယ်လို့ တွက်ချက်လို့ ရတယ်။

ရောဂါက ဆိုးရင်ဆိုးသလောက် သွေးပစ္စည်းသွင်းမှု ပိုလိုတယ်၊ သိပ်မဆိုးရင် တစ်ခါတစ်လေမှပဲ သွင်းရမယ်။ ဒီတော့ ဆိုးတဲ့ ဟီမိုဖီးလယား သမားတွေက ပိုပြီး AIDS ရနိုင်တာပေါ့။ ဟီမိုဖီးလယား ရောဂါသည်က AIDS ရလာပြီး သူကနေတစ်ဆင့် သူဇနီး၊ နောက် ဇနီးကမွေးတဲ့ ကလေးငယ်ကို AIDS ရောဂါ ပေးလိုက်တာကိုတော့ ၁၉၈၄ ခုနှစ်မှာ ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ခဲ့ရတယ်။ ဟီမိုဖီးလယား ရောဂါသည်တွေဟာ ကမ္ဘာနဲ့အဝန်း ရှိကြပြီး သိပ်လည်း မရှားလှတဲ့ ရောဂါဆိုတော့ ဒီပြဿနာဟာ သေးမှာ မဟုတ်ဘူးဆိုတာ စဉ်းစားမိကြမှာပါ။ ဒီတော့ ဒီပြဿနာအကြောင်း အထူးသဖြင့် ဒီပြဿနာပမာဏကို လေ့လာကြည့်ထိုက်ပါတယ်။

AIDS ရောဂါကို အတိအကျ ၁၉၈၁ ခုနှစ်က သိခဲ့ရတယ်။ သွေးပစ္စည်းသွင်းလို့ AIDS ရနိုင်တယ် ဆိုတာကိုတော့ ၁၉၈၃ ခုနှစ်မှာ အထင်အရှား သိလာကြတယ်။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလအထိ အမေရိကန်မှာ ဆိုရင် AIDS ဖြစ်သူ လူနာအားလုံးအနက် ၂%သော လူကြီးနဲ့ ၁၂% ကလေးတွေဟာ သွေး/သွေးပစ္စည်းသွင်းခြင်းကြောင့် AIDS ရခဲ့တယ်။ အခုဆိုရင် အမေရိကန်မှာရှိတဲ့ ၇၀-၈၀% သော ဟီမိုဖီးလယားတွေဟာ AIDS ရောဂါ ဗိုင်းရပ်စ်ပိုး ကိုယ်တွင်း ရှိနေကြပြီ။ နောက်ဘက်ပိုင်းမှာ သွေးလှူသူတွေကို AIDS ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ပြီးမှ သွေးလှူခွင့် ပြုတယ်။

အဲဒီလို မလုပ်ခင်က ပေးထားတဲ့ သွေးကို သွင်းမိနေသူတွေထဲက AIDS ဗိုင်းရပ်စ်ပိုး ရှိနေသူဟာ အမေရိကန်မှာ ၁၂၀၀၀ ရှီမယ်လို့ တွက်လို့ရတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို မသုံးသင့်ဘူးဆိုတာ (သို့) AIDS ရောဂါပိုး စစ်ပြီးမှ သံးရမယ်ဆိုတာကိုတော့ ၁၉၈၅ ခုနှစ်လောက်မှ တကယ်လက်တွေ့မှာ လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ဒီတော့ ၁၉၈၀ ခုနှစ်နဲ့ ၁၉၈၅ ခုအတွင်း သွေးပစ္စည်း အသွင်းခံရသူ အားလုံးဟာ AIDS ရောဂါပိုးရနိုင်တဲ့ အလားအလာ ရှိတဲ့လူလို့ သတ်မှတ်နိုင်တယ်။ သွင်းတဲ့ သွေးပစ္စည်းဟာ ဘယ်ကလာတယ်၊ အဲဒီတိုင်းပြည်တွေမှာ AIDS ပိုး ရှိပြီး နေသူဟာ ဘယ်လောက် အနည်းအများ ရှိနေတယ်ဆိုတာပေါ်မှာ မူတည်ပြီး AIDS ပိုးဝင်မှု အများအနည်း ဖြစ်မှာပဲ။

AIDS ရောဂါပိုး စဝင်တဲ့ အချိန်နဲ့ AIDS ရောဂါ တကယ်ဖြစ်လာမယ့် အချိန်ဟာလည်း ရှည်ကြာတော့ သွေးပစ္စည်းသွင်းထားသူ တစ်ယောက်ဟာ AIDS ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာကို တိုတောင်းတဲ့ အချိန်အတွင်းမှာ မသိနိုင်ဘူး။ ဒီတော့ ပြဿနာဟာ လောလောဆယ်မှာ ပြတ်သွားတာမျိုး မဟုတ်ဘူး။ 

ဒီတော့ ပြဿနာဟာ လောလောဆယ်မှာ ပြတ်သွားတာမျိုး မဟုတ်ဘူး။ AIDS ရောဂါပိုး (ဗိုင်းရပ်စ်) သွေးထဲမှာ ရှိ၊မရှိ ကိုတော့ စစ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပြန်စစ်ဖို့ ဆိုတာလည်း နည်းတဲ့ တာဝန်ကြီး မဟုတ်ဘူး၊ သိပြီး ငွေကုန်၊ အချိန်ကုန် လက်ဝင်တဲ့ ကိစ္စမျိုးမို့ တတ်နိုင်တဲ့ တိုင်းပြည်ဟာ မရှိသလောက် နည်းမှာပါ။

ဥပမာ ပြရရင် သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ် သွေးဘဏ်ကနေ “နောက်ကြောင်းပြန် စီမံကိန်း” ဆိုပြီး ၁၉၈၀ နဲ့ ၁၉၈၅ အတွင်း သွေးပေးခြင်း ခံရတဲ့ လူပေါင်း ၂၇၀၀၀၀ ကို လိုက်ရှာပြီး AIDS ဗိုင်းရပ်စ်ပိုး တွေ့နေပြီ။ ဒီ ၁၀၀ ထဲမှာ အမေကနေ ကလေးကို ပြန့်ပွားသွားတာ ၆ ယောက်ပါတယ်။ တချို့ရဲ့ ခန့်မှန်းချက်အရ သြစတြေးလျမှ သွေး/သွေးပစ္စည်းကြောင့် AIDS ဗိုင်းရပ်စ်ပိုး ဝင်ပြီးသူပေါင်း ၁၀၀ လောက် ရှိမယ်တဲ့။ အဲဒီအထဲက ၆၀% ကတော့ ဟီမိုဖီးလယားတွေ ဖြစ်မယ်တဲ့။ အီတလီမှာဆိုရင် ၁၉၈၇ ခုနှစ်ဆုံးမှာ အီတလီရှိ ဟီမိုဖီးယားတွေထဲက ၂၅% ဟာ AIDS ရောဂါပိုး ရှိနေပြီးဖြစ်တယ်တဲ့။

နော်ဝေးပြည်မှာလည်း ရောဂါဆိုးတယ်လို့ ခေါ်မယ့် ဟီမိုဖီးယားတွေထဲက ၂၀% ဟာ AIDS ဗိုင်းရပ်စ်ပိုး ရှိပြီးနေပြီ။ စပိန်မှာဆို ဟီမိုဖီးလယားပေါင်း ၁၅၀၀ ထဲက ၂၀၀ လောက်ဟာ AIDS ရောဂါကို ဖြစ်ခဲ့လို့ (ပိုးဝင်ရုံတွင်ကပဲ တကယ်ရောဂါသည် ဘဝရောက်သူ) ၁၉၈၉-၉၀ မှာဆိုရင် သူတို့တွေ ထဲက ထက်ဝက်ဟာ သေဆုံးပြီးသွားပြီ ဖြစ်တယ်။ အနောက် ဂျာမဏီကတော့ အဆိုးဆုံးပါ။ ၁၉၈၅ မှာကတည်းက ဟီမိုဖီးလယား ရှိသူပေါင်းရဲ့ ၅၀% မှာ AIDS ရောဂါပိုး ဝင်ပြီးနေပြီ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Monday, January 27, 2014

ရည်းစားဟောင်းအခန်း

တိုက်ဆိုင်မှုတွေ များလွန်းတော့လည်း
အတိတ်ဆိုတာ
နံရံလေးဖက်ပေါ်က ဆေးရောင်စုံရှုခင်းထဲ
ဟိုအရင်လိုပဲ စိမ်းလန်းဝေဆာလို့  ...
သူ့အချစ်နဲ့
ထွန်းညှိမှ လင်းတဲ့ အခန်း
သူ့နှုတ်ခမ်းတစ်ချက်
တွန့်လိုက်မှ လူးလွန့်သွားတဲ့ လိုက်ကာ
သူ့အကြင်နာတွေနဲ့
ချော့မြူတွန်းဖွင့်မှ ပွင့်တဲ့ ပြူတင်းတံခါး ...
အခုတော့ ဘ၀တွေလည်း အလိုလိုခြားခဲ့ပြီ ...
သူရယ်သံလေးတွေကို
နှလုံးသားနဲ့ဖမ်းယူနားဆင် ...
သူနာကျင်ငိုကြွေးတဲ့အခါ
ရင်ခွင်ထဲမှာ ဖေးမအားပေး ...
အချစ်ဟာ သူ့လက်နဲ့ရေးခဲ့တဲ့
တစ်ဘ၀စာ ဖတ်စာ ...
နောက်ဆုံးရလာဒ်ကတော့
ပိုင်းခြေမှာပဲ ၁၀၀ အပြည့် ...
မေ့ပစ်လိုက်တဲ့သူနဲ့
မေ့ပစ်လိုက်ရတဲ့သူ ...
ဒုတိယလူက ပိုနာကျင်ရစမြဲမို့
သူ့အတွက်ရည်ရွယ်ထားတဲ့ ကိုယ့်အိပ်မက်အခန်းလေးထဲ
ဖရိုဖရဲပြန့်ကျဲနေတဲ့သတိရခြင်းတွေကိုသာ
အခါခါကောက်ယူစုစည်းလို့ မဆုံး ...
………………..

(21-12-2013)

Saturday, January 25, 2014

April Fool's Day ဖြစ်ပေါ်လာပုံ



အကယ်ဒမီများရှင် မင်းသမီးကြီး ခင်ယုမေ ကွယ်လွန်

အဆိုတော် ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ခင်ယုမေ ဟာ ရန်ကုန်မြို့မှာ မနေ့က အသက် ၇၇ နှစ်မှာ ကွယ်လွန်သွားပါတယ်။

မြန်မာ နိုင်ငံမှာ တခေတ်တခါ က ခေတ်မီ ဆန်းသစ်တဲ့ ဝတ်စား ဆင်ယင်မှု၊ မြူးကြွတဲ့ တေးသီချင်းများနဲ့ တကွ သရုပ်ဆောင် ကောင်းတဲ့ ဇာတ်ကား တွေနဲ့ပါ ထင်ရှားခဲ့တဲ့ အဆိုတော် မင်းသမီးကြီး ခင်ယုမေဟာ ရန်ကုန်မှာ ကွယ်လွန်သွားပါပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အတူနေ အစ်မကြီး တယောက် ကျန်ရှိပြီး အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ သားနဲ့ မိသားစု အချိန်မီ လိုက်မလာနိုင်လို့ ဒေါ်ခင်ယုမေ ဆန္ဒ အတိုင်း ကနေ့ သင်္ဂ
࿿ြိုဟ်မယ်လို့ သိရပါတယ်။

၁၉၆၁ က ကိုယ်ပိုင် မေတ္တာ၊ ၁၉၇၅ က ရွှေခြည် ငွေခြည် တန်းပါလို့ နာမည်ကျော် ဇာတ်ကား တွေနဲ့ အမျိုးသမီး သရုပ်ဆောင်ဆုကို ၂ ကြိမ် ဆွတ်ခူး ခဲ့တဲ့ ဒေါ်ခင်ယုမေဟာ အဆိုတော် ခင်ယုဆွေရဲ့ အစ်မလည်း ဖြစ်ပါတယ်။

မြန်မာ့ ရုပ်ရှင် ခေတ်ကောင်းချိန်က မင်းသား မင်းသမီး သရုပ်ဆောင်နဲ့ ရုပ်ရှင် ဒါရိုက်တာကြီးတွေ ကြွလွေင့် ကွယ်လွန်ခဲ့ရာမှာ ခုလို ဒေါ်ခင်ယုမေ ကွယ်လွန်တာက ဝမ်းနည်း စရာ ကောင်းတယ် ၊ အိမ်တအိမ်မှာ အကြီးအကဲ တယောက် မရှိတော့ဘဲ ဆုံးရှုံးသွားတယ်လို့ ခံစားရကြောင်း ဒေါ်ခင်ယုမေရဲ့ အနုပညာ စွမ်းဆောင်မှု တွေနဲ့ ပတ်သက်ပြီး ရွှေအမြုတေနဲ့ အလင်းတန်း စာစောင်တွေရဲ့ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း က ပြောပါတယ်။

ဒေါ်ခင်ယုမေ သီဆို သွားတဲ့ သီချင်း တွေ ထဲမှာ စကား တက္ကသိုလ်၊ ရိုင်းတဲ့ ဇင်ယော် ၊ ရွှေမန်းမေ စတဲ့ သီချင်း တွေက ခုထိ လူကြိုက်များ ထင်ရှားပြီး ပြန်လည် သီဆို နေကြ ဆဲ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

April Fool's Day ဖြစ်ပေါ်လာပုံ

သမိုင်းတစ်လျှောက် ရက်အတိုဆုံး လတစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့ စက်တင်ဘာလ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ ၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြက္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ အင်္ဂလန်ဘုရင် ရဲ့  အမိန့်ချမှတ်မှုကြောင့် ၁၁ ရက် ကို ပယ်ဖျယ်လိုက်ခြင်းဖြစ်ပြီး ယင်းလအတွက် လစာကိုယ်တော့ အားလုံး အပြည့်အဝ ရခဲ့ကြပါတယ်။
အဲ့မှာ တစ်ခု အငြင်းပွားစရာ ရှိလာပါတယ်။ ဂျူးလိယက် ပြက္ခဒိန် မှာက ဧပြီလ ဟာ နှစ်တစ်နှစ်ရဲ့  အစ ဖြစ်ပါတယ်။ Gregorian Calendar မှာတော့ ဇန်နဝါရီလက နှစ်တစ်နှစ်ရဲ့  ပထမလ ဖြစ်ပါတယ်။ သို့ပေမယ့် အဟောင်းနဲ့ မှတ်သားမှု အကျွမ်းတဝင် ရှိနေသူများက ဧပြီလမှာကို နှစ်သစ်ကူး ပွဲ (Happy New Year) ကျင်းပကြပြီး ဇန်နဝါရီလမှာလည်း ကျင်းပသူ အနည်း နဲ့ အများရှိခဲ့ပါတယ်။
ဒါကြောင့် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပသူတွေကို အရူး ဖြစ် တယ်လို့ မိန့်လိုက်တဲ့ ဘုရင်ရဲ့ စကားကြောင့် ဧပြီလ ရက်နေ့ ကို အရူးတွေ ပျော်တဲ့နေ့အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါကြောင့် မို့ April Fool's Day ဆိုတာ ဖြစ်ပေါ်လာရပါတယ်။ ဧပြီ ၁ ရောက်တိုင်း တစ်ယောက် နဲ့ တစ်ယောက် အရူးလုပ် ပြောဆိုခြင်း၊ စနောက်ခြင်း ကို ပြုလုပ်ကြပြီး Apirl Fool's Day ဟာ ယနေ့တိုင် ရာဇဝင်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အောင်ခမ်း ( ရိုးရာလေး )

အမှိုက်မှ လျှပ်စစ်ထုတ်မည့် ကိုရီးယား ကုမ္ပဏီ ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်

စွန့်ပစ်အမှိုက်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် လုပ်ဆောင်နေသည့် ကိုရီးယားနိုင်ငံ အခြေစိုက် Chasson International Korean ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်းက ပြောကြားသည်။ ယင်းကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံရှိ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်ဆယ် ထုတ်လုပ်မည် ဖြစ်ပြီး ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်ဟု ဦးထွန်းလင်းက ပြောကြားသည်။

ယင်းသို့ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လုပ်ဆောင်မှုကြောင့် အသုံးမဝင်ဘဲ စွန့်ပစ်ထားသည့် အမှိုက်များ ပပျောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းဝင်းက ဆိုသည်။ Chasson International Korean ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်း၏ ကနဦး ဆောင်ရွက်ချက်အဖြစ် ထိန်ပင် အမှိုက်ပုံတွင် ကွင်းဆင်း သုတေသနပြုချက်များ လုပ်ဆောင်လျက် ရှိကြောင်း၊ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ရာတွင် နိုင်ငံတကာ၌ အမှိုက်အသစ်များကိုသာ သုံးစွဲလေ့ ရှိသော်လည်း အဆိုပါ ကုမ္ပဏီသည် စွန့်ပစ် အမှိုက်အဟောင်းများကိုပါ သုံးစွဲမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းကို ထိန်ပင်အမှိုက်ပုံရှိ မြေဧက ၁၅၀ ပေါ်တွင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ဘီအိုတီ (Build-Operate-Transfer) စနစ်ဖြင့် သုံးနှစ်ကြာ လုပ်ကိုင်ခွင့် ရရှိပြီးလာမည့် ၂၀၁၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ရောင်းချရမည် ဖြစ်ပြီး YCDC က ပြည်သူများထံ ပြန်လည် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီက YCDC သို့ရောင်းချမည့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်တန်ဖိုးနှင့် ပတ်သက်၍ ဆွေးနွေးလျက် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
ထိန်ပင် အမှိုက်ပုံသည် ရန်ကုန်မြို့၏ အကြီးဆုံး စွန့်ပစ်အမှိုက်ပုံ ဖြစ်ပြီး နေ့စဉ် အမှိုက် ၈၄၇ တန် ဝန်းကျင်ကို စွန့်ပစ်လျက် ရှိကြောင်းနှင့် ယင်းအမှိုက်ပမာဏသည် ရန်ကုန်မြို့မှ ထွက်ရှိသော စွန့်ပစ်အမှိုက် စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင်စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေးအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါခေါ်ပြီးနောက် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Chasson International Korea နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Zaya and Association နှင့် ဟွန်ဒိုင်းရိုတန် ကုမ္ပဏီတို့က ရရှိခဲ့သည်။ 

Credit: The Voice Weekly Journal

Friday, January 24, 2014

ယောင်္ကျားပေါင်း ၃၀ ကျော်နှင့် လိင်ဆက်ဆံပြီး HIV ပြန့်နှံ့စေခဲ့သူကို ရဲက တရားစွဲဆို



HIV ရောဂါ ကူးစက်ခံရသူများမှ လူဦးရေ (၄) သောင်းခန့်သာ ရရှိနေသည့် HIV ပိုးထိန်းဆေး ART
ပြည်တွင်းရှိ HIV ရောဂါပိုး ကူးစက်ခံရသူများထဲမှ လူဦးရေ (၄) သောင်းခန့်သာ HIV ပိုးထိန်းဆေး ART ဆေးကို ရရှိနေသေးတယ်လို့ အမျိုးသား ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးစီမံချက်ရဲ့ စစ်တမ်းများအရ သိရပါတယ်။ လက်ရှိ ပြည်တွင်းရဲ့ ခန့်မှန်းခြေ လူဦးရေ (နှစ်သိန်းလေးသောင်း) ခန့်ဟာ HIV ပိုး ကူးစက်မှု ခံစားနေရတာဖြစ်ပြီး မူးယစ်ဆေးထိုးသူများနဲ့ လိင်တူဆက်ဆံသူများမှာ ရောဂါပိုး ကူးဆက်မှု ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ အဲ့ဒီလို ရောဂါပိုး ကူးစက်ခံရသူများထဲမှ လူကြီးနဲ့ကလေး လူဦးရေ (၄) သောင်းခန့်သာ ART ဆေးရရှိတဲ့ အတွက် ကုသနိုင်မှု ကွာဟချက် ကြီးမားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ကုသနိုင်မှုတွေကို တိုးမြှင့်နိုင်ဖို့ အတွက် ဝေးလံပြီးရောက်ရှိဖို့ ခက်ခဲပြီး ဘေးဒုက္ခကျရောက်လွယ်တဲ့ ဒေသများမှ ပြည်သူများကို ကျန်းမာရေး ၀န်ဆောင်မှုများ ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် အစိုးရနဲ့ HIV/AIDS  ကုသရေးနဲ့ ကာကွယ်ရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်နေတဲ့ NGO အဖွဲ့အစည်းများကြား ချိတ်ဆက်ပေးမယ့် မဟာဗျူဟာ ချမှတ်နိုင်ဖို့ ဂျပန်နိုင်ငံရန်ပုံငွေမှ ထောက်ပံ့ငွေသုံးစွဲပြီး ADB ဆောင် ရွက်ပေး သွားမှာဖြစ်ပါတယ်။
ဒီလို ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် ဂျပန်နိုင်ငံ ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၁၀) သန်းကို သုံးစွဲပြီး ADB မှမွန်၊ ကရင်၊ ရှမ်းပြည်နယ်တို့ရှိ ကျေးရွာပေါင်း (၇၃၉) ရွာမှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ အဆိုပါ စီမံချက်ကို လာမယ့် (၂၀၁၇) ခုနှစ်ထိ ဆောင်ရွက်မှာဖြစ်ပြီး HIV/AIDS လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါများအတွက် အစီအစဉ်ချမှတ်တဲ့ ကျန်းမာရေး စနစ်ပိုမိုကောင်းမွန် လာမှာဖြစ်တယ်လို့ သိရ ပါတယ်။

ဗုဒ္ဓဘာသာ ပြန့်ပွားစေဖို့အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်တဲ့ ဓါတ်ပုံပြပွဲကို ဇန်န၀ါရီလ (၆) ရက်နေ့က ရွှေတိဂုံစေတီတော် ချမ်းသာကြီး တန်ဆောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံပြပွဲကို တရုတ်သံရုံးမှ ကြီးမှူးပြသတာ ဖြစ်ပြီး ဇန်န၀ါရီလ (၆) ရက်နေ့မှ (၁၉) ရက် နေ့အထိ (၁၄) ရက်ကြာ ပြသသွားမှာဖြစ်ပါတယ်။ အဆိုပါပြပွဲမှာတော့ ဓါတ်ပုံပေါင်း (၆၅) ပုံ ပြသထားတာဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးက ရိုက်ကူး ထားတာပဲဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုရိုက်ကူးရာမှာ တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်မှ ဘုန်းတော်ကြီးကျောင်းများမှ ဘုန်းတော်ကြီးများရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ လှုပ်ရှားပုံများကို ရိုက်ကူး ထားတာပဲဖြစ်ပါတယ်။ အဆိုပါပြပွဲကို ပြုလုပ်ရခြင်းဟာ တရုတ်နိုင်ငံမှ ဘုန်းတော်ကြီးများရဲ့ ဗုဒ္ဓဘာသာ ပြန့်ပွားရေး ဆောင်ရွက်နေပုံများကို သိရှိစေဖို့နဲ့ ဗုဒ္ဓဘာသာပြန့်ပွားစေဖို့ ရည်ရွယ်ပြုလုပ်တာပဲဖြစ် တယ်လို့သိရပါတယ်။ အဆိုပါပွဲမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမှ  ရွှေတိဂုံစေတီတော်မြတ်ကြီး ဝေယျာဝစ္စအတွက် အလှူငွေ ကျပ်သိန်း (၅၀) လှူဒါန်းမှုကိုပါ ဆောင်ရွက်ခဲ့သေးတယ်လို့ သိရပါတယ်။

MRTV-4 - HIV ရောဂါ ကူးစက်ခံရသူများမှ လူဦးရေ (၄) သောင်းခန့်သာ ရရှိနေသည့် HIV ပိုးထိန်းဆေး ART 

ယောင်္ကျားပေါင်း ၃၀ ကျော်နှင့် လိင်ဆက်ဆံပြီး HIV ပြန့်နှံ့စေခဲ့သူကို ရဲက တရားစွဲဆို

အမေရိကန် နိုင်ငံမှာ ရှိတဲ့ အသက် (၂၂) နှစ် အရွယ် တက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်တဲ့ မိုက်ကယ်ဂျွန်ဆင်ဟာ ယောက်ျားပေါင်း (၃၀) ကျော်ကို HIV ပိုး ကူးစက်အောင် ပြုလုပ်ခဲ့လို့ အရေးယူမှုနဲ့ ရင်ဆိုင်နေ ရပြီ ဖြစ်ပါတယ်။ မိုက်ကယ်ဂျွန်ဆင်ဟာ မိန်းမလျာ တစ်ဦးဖြစ်ပြီး အင်တာနက် ပေါ်ကနေ ယောက်ျားတွေကို ဆွဲဆောင်စည်းရုံးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

မိုက်ကယ်ဂျွန်ဆင်ဟာ အမျိုးသား အဖော်တွေနဲ့ အကာ အကွယ်မဲ့ လိင်ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် သူနဲ့ ပျော်ပါး ခဲ့တဲ့သူတွေ အားလုံးကိုလည်း ဗွီဒီယိုမှတ်တမ်း တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိုက်ကယ် ဂျွန်ဆင်ဟာ စိန့်ချာလီမြို့က လင်အိုဝုဒ် တက္ကသိုလ်မှာ ပညာသင်ကြား နေသူဖြစ်ပြီး နပန်းကစားသမား ဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့က မိုက်ကယ် ဂျွန်ဆင်ကို HIV ပိုး ကူးစက်ပျံ့နှံ့စေမှုဖြင့် စွဲချက် တင်ထား ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဟာ မိုက်ကယ်ဂျွန်ဆင်ကြောင့် HIV ရောဂါပိုး ဘယ်နှယောက် ကူးစက်သွား သလဲဆိုတာ စုံစမ်း နေဆဲ ဖြစ်ပြီး ဗွီဒီ ယိုခွေ မှတ်တမ်းတွေ အရ သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုလုပ်ခဲ့သူ (၃၂) ဦးအထိ ရှိတယ်လို့ သိရပါတယ်။ တရားရေး အရာရှိ တစ်ဦးက မိုက်ကယ် ဂျွန်ဆင်ဟာ သူနဲ့ ဆက်ဆံတဲ့ အဖော်တွေကို ဗွီဒီယို ရိုက်ကူးမှု ပြုလုပ်ထားကြောင်း၊ ဒါကိုလည်း ဘယ်သူကမှ သိခဲ့ပုံ မရကြောင်း၊ ဗွီဒီယို ဖိုင်မှတ်တမ်းတွေကို သူ့ရဲ့လက်တော့ပ်မှာ သိမ်းဆည်းရမိကြောင်း ပြောကြားခဲ့ပါတယ်။

မိုက်ကယ် ဂျွန်ဆင်နဲ့ လိင်ဆက်ဆံခဲ့သူ တစ်ဦးဟာ ရောဂါကူးစက်ကြောင်း သိရှိပြီးတဲ့နောက် တိုင်ချက်ဖွင့်ခဲ့ရာမှ အခုလို အဖြစ်အပျက်ကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ကတော့ အမှုကို ခိုင်မာစွာ တည်ဆောက် နိုင်ဖို့ မိုက်ကယ်ဂျွန်ဆင်နဲ့ ပျော်ပါးခဲ့သူတွေကို ရဲစခန်းထံ လာရောက်ပြီး ဆက်သွယ်ဖို့ တိုက်တွန်းနှိုးဆော် ထားပါတယ်။ ဒီအမှုကို စုံစမ်းစစ် ဆေးမှုတွေ ပြုလုပ်နေတာ ငါးလကျော်သွားခဲ့ ပြီဖြစ်ပြီး သက်သေပြ ထွက်ဆိုချက်တွေ မခိုင်မာသေးတာမို့ ကြာမြင့်နေတာ ဖြစ်ပါတယ်။


နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်

ရန်ကုန်၊ ဇန်န၀ါရီ ၂၂
ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့် ရရှိရန် အစုငွေ ထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈)သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

၎င်းက ““ကျွန်တော်တို့က အမှတ်(၅) ရှင်စောပုလမ်း၊ စမ်းချောင်းမှာ နေတာပါ။ ကျွန်တော်တို့ တိုက်ခန်းကို ဒေါ်ဆွေဆွေအုန်းတို့က ငှားနေပါတယ်။ ဒီ ၂၀၁၄ မတ်လကျမှ စာချုပ် ပြည့်ပါမယ်။ တိုက်ခန်း ငှားရမ်းခက တစ်လကို လေးသိန်းပါ။ စာချုပ်မှာ တစ်နှစ်ချုပ်ပေမယ့် လစာကိုတော့ ၆လ တစ်ခါ ရှင်းပါတယ်။ သူက လုပ်ငန်း ကြီး လုပ်ကိုင်တော့ ရှယ်ယာတွေ ထည့်ဝင်ကြတာပေါ့။ Cupid ပရိဘောဂပစ္စည်း ထုတ်တာပေါ့နော်။ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်(၂)၊ ဦးဘိုးလှိုင်လမ်းမှာလည်း သူ့စက်ရုံ ရှိတယ်လို့ သိရတယ်။ ကျွန်တော် တို့နဲ့ ခင်နေတာလည်း အတော်ကြာပါပြီ။ အစုထည့်ဝင်ငွေအတွက် တစ်လကို ကျပ်(၄၄) သိန်း ကျွန်တော်တို့က ရတယ်။ ပထမတော့ အမြတ်ငွေကို မှန်မှန်ပေးတယ်။ နောက်တော့ လုပ်ငန်းရှုံးလို့ဆိုပြီး ငါးသိန်းပေးလိုက်၊ ငါးသိန်းပေးလိုက် တစ်ခါတလေ သိန်း(၅၀)ပေးနဲ့ လစဉ်ရှင်းရမယ့် ငွေကြေးက အမြဲတမ်း ကျန်တယ်။ ခုပြီးသွားတဲ့ ဒီဇင်ဘာဆိုရင် ငွေ(၇)သိန်းပဲ ရသေးတယ်””ဟု ပြောသည်။

၎င်းကဆက်၍ ““ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း အမှတ်(၈) ဆိုရင်လည်း တစ်ခန်း ရောင်းပြီးသားကို နောက်လူထပ်ရောင်းနဲ့ ပြဿနာတွေ ကြားနေရတယ်။ ကျွန်တော် ငှားထားတဲ့ အခန်းကိုလည်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ကျွန်တော့်ဦးလေးတွေ အဒေါ်တွေဆိုရင် ၀န်ထမ်းလစာ ရတဲ့ငွေကို စုဆောင်းပြီး ထည့်ထားတာ ခုတော့ သူဘယ်လို ရှင်းမလဲ။ ကျွန်တော်တို့ ရမယ့် ငွေကြေးအတွက် ရှိတာကုန် သွားမှာမို့ တရားလည်း မစွဲနိုင်တော့ပါဘူး။ တချို့ဆို လူကို ယုံကြည်မှုနဲ့ စာချုပ်တောင် မချုပ်ဘဲ အလွတ် ပေးကြတာတွေ ရှိတယ်။ ခုလိုအရေးယူ ခံရတယ် ဆိုတော့လည်း စိတ်မကောင်းပါဘူး။ သူ့ကိုတွေ့ရင် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလောက်ငွေတွေ အများကြီး ဘာတွေ သုံးလိုက်တာလဲ ဆိုတာပါပဲ””ဟု ပြောသည်။

အဆိုပါ ဒေါ်ဆွေဆွေအုန်းထံတွင် အစုရှယ်ယာ ထည့်ဝင်ကြသည့် လူတန်းစားများမှာ တရားရုံးချုပ်(ငြိမ်း) တရားသူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများ ပါဝင်ပြီး နာမည်ကြီး အဆိုတော် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစုထည့်ဝင်ခြင်း မဟုတ်ပါဟု ငြင်းဆိုသည်။ ထိုသူမှာ ထွန်းထွန်း (Example) ဖြစ်သည်။

သိန်းပေါင်း (၆၃၀၀) အစု ထည့်ဝင်သူ (အမည်မဖော်လိုသူ) ကလည်း ““ကျွန်မ ဖခင်နဲ့မိခင်က နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတာ၊ ဒေါ်ဆွေဆွေအုန်းကို ယုံကြည်ပြီး ရှယ်ယာ ထည့်ပါတယ်။ တစ်ခါတည်း ဆုံးရော။ သူနဲ့ ရန်ဖြစ်ရတာလည်း အတော်မောနေပြီ၊ အမှုလည်း ဆက်မလုပ် ချင်တော့ပါဘူး။ အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ သိပ်လည်း မရင်းနှီးဘဲ ဒီလောက် ငွေကြေးတွေ ထည့်ဝင်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့ မဆုံးဘူး။ သြော် ငါးထမင်းချဉ်တော့ မကြာခဏ လာပို့တယ် ””ဟု ပြောသည်။

မှတ်ချက်။ (အဆိုပါသူအား ဂုဏ်သိက္ခာအရ အမည် မဖော်ပြသော်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း နိုင်သည်။)

ပတ်ဝန်းကျင်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်း သိန်း (၁၀၀၀) ပါဝင်သည်ဟု သတင်းကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အ၀င်ဖုန်း ပိတ်ထားသည်ဟု ဖြေကြားသည်။

တရားလို (အမည်မဖော်လိုသူ) ကျွန်းပါကေးတုံးပေါင်း (၃၅၁၀၀)တန်ဖိုးငွေကျပ် သိန်း (၃၀၀) အတွက် အမှုဖွင့် ထားသူကလည်း ရှယ်ယာငွေ ကျပ်သိန်း(၂၀၀၀) ထည့်ထားသည့် အမှုအတွက် မည်သို့မျှ ဒေါ်ဆွေဆွေအုန်းနှင့် မရင်ဆိုင်ရသေးကြောင်း၊ ယင်းသိန်း ၂၀၀၀ သည် ဆွေမျိုးများ၏ ၀ိုင်းဝန်း ထည့်ဝင်ငွေများ ဖြစ်ပြီး ၄င်းက တာဝန်ခံ ထားသဖြင့် စိုက်ရှင်းရမည် ဖြစ်၍ ခေါင်းခဲလျက် ရှိကြောင်း ပြောကြားသည်။

““ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဆိုတာက မည်သူမဆို ရာဇ၀တ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် အဲဒီလူကို သုံးနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမယ်တဲ့။ နောက်ပြီး အာမခံ မပေးနိုင်ဘူး။ ကျေအေးခွင့် မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်””ဟု တရားရုံးချုပ် လ/ထ ညွှန်ကြားရေးမှူး (ငြိမ်း) တရားလွှတ်တော် ရှေ့နေ ဦးသောင်းမြင့်က ပြောသည်။

အဆိုပါ အစုရှယ်ယာရှင် အချို့ထံ ဒေါ်ဆွေဆွေအုန်းက ငါးထမင်းချဉ် ပေးပို့လေ့ ရှိသည်ဟုလည်း သိရပြီး ၂၂-၁-၂၀၁၄ တွင် အစုရှယ်ယာရှင်များကို ဒေါ်ဆွေဆွေအုန်းက တွေ့ဆုံ ညှိနှိုင်းမည်ဟု အကြောင်းကြား ထားသော် လည်း ၂၁-၁-၂၀၁၄ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပုဒ်မ ၄၀၆ ဖြင့် အရေးယူ ခံထားရသဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် မသိကြောင်း အခုရှယ်ယာရှင် ကိုဖြိုးမင်းသိန်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်ဆွေဆွေအုန်း၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ထံ ဆက်သွယ် မေးမြန်းရာ ““မိသားစု သော်လည်းကောင်း၊ ဆွေမျိုး များမှသော်လည်းကောင်း အမှုကိစ္စနှင့် ပတ်သက်၍ အမှုသည်၏ ညွှန်ကြားချက်အရ ပြောဆိုမည် ဖြစ်သော်လည်း ညွှန်ကြားချက်နှင့် သွေဖည်သော မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအား ပြောကြားခွင့် မရှိပါ။ အခြား လိုအပ်တာ မှန်သမျှ လုံးဝ ကူညီမည်”” ဟုပြောသည်။

စိန်မျက်ခုံး

Myanmartandawsint Newspaper