Saturday, August 24, 2013

Lotus မှ HIV ဝေဒနာရှင်များ အတွက် ART ဆေးဝါးများ ပေးဝေနေ



HIV ဝေဒနာရှင်များ အတွက် မရှိမဖြစ်လိုအပ်သည့် ART ဆေးဝါးများကို ရုံးခန်းဖွင့်လှစ်၍ လက်လှမ်းမီရာ ဝေဒနာရှင်များထံသို့ ပေးအပ်နေပြီဖြစ်သည်ဟု Lotus Care & Support တာဝန်ရှိသူများ ထံမှ သိရှိရသည်။
ART ဆေးဝါးများကို ယခုလက်ရှိတွင် Lotus အဖွဲ့မှ ၎င်းတို့ထံတွင် လာရောက် အဖွဲ့ဝင်ထားသော မြို့နယ် ၃၅ မြို့နယ်မှ အဖွဲ့ဝင်ဝေဒနာရှင်ပေါင်း ၂၇၈ ဦးထံသို့ လစဉ်ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းဖြစ်သည်။
“ဦးတို့ဆီမှာ အခုလက်ရှိကတော့ PLHIV နဲ့ MSM များကိုပေးနေပြီး သူတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ခွဲခြား ဆက်ဆံမှု ခံရမှုတွေနဲ့ ကူးစက်ခံရတာတွေကို လျော့နည်းစေဖို့ အတွက်ပဲ ဖြစ်ပါတယ်” ဟု Lotus ဥက္ကဋ္ဌ ဦးချစ်ကိုကို က ပြောကြားသည်။
HIV ပိုး ကူးစက်ခြင်း ခံနေရကြောင်း သိရှိပါက Lotus ရုံးခန်းများသို့ လာရောက်၍ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပြီး နီးစပ်ရာ ဆေးခန်းများနှင့် ချိတ်ဆက်ပေးကာ မင်္ဂလာဒုံဆေးရုံမှ ခွင့်ပြုချက်ဖြင့် ART ဆေးဝါးများ ပံ့ပိုးပေးနေခြင်း ဖြစ်သည်ဟု  သိရှိရသည်။

“ရောဂါပိုး ကူးစက်ခံရပြီး သေဆုံးသွားတဲ့ မိဘတွေရဲ့ မိဘမဲ့ ကျောင်းသား ကလေးတစ်ချို့ကို သူတို့အတွက် လိုအပ်တဲ့ ကျောင်းသုံး ပစ္စည်းတွေကို ရရှိထားတဲ့ ရန်ပုံငွေတွေ ထဲကနေ အချိုးကျ ပေးထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရောဂါ ကူးစက်ခြင်းခံရသူ လူနာများအတွက် ဆေးရုံ စရိတ်ပံ့ပိုးပေးခြင်း၊ အာဟာရ ပံ့ပိုးပေးခြင်းနှင့် အခွင့်အရေးယူဝင်ရောက်သော ဆက်နွယ်ရောဂါများ ကုသရန်အတွက် ခရီးစရိတ် ပံ့ပိုးပေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးခြင်း လုပ်ငန်းများ အပါအ၀င် အခြားလုပ်ငန်း စဉ်များအတွက် ဇူလိုင်လ အတွင်းက ၂၈ သိန်းကျော် ကုန်ကျခဲ့သည်ဟု သိရှိရသည်။

“ကျွန်တော်တို့တွေကို အကူအညီ ပေးနိုင်မယ့်သူတွေ လိုအပ်နေပါတယ်။ ဒီလို အဖွဲ့အစည်းမျိုးတွေ များများရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုတေ၊ွ နှစ်သိမ့် ပညာပေးမှုတွေ အမှန်တယ် လိုအပ်နေပါတယ်” ဟု HIV ပိုးကူးစက်ခြင်း ခံထားရသူတစ်ဦး က ပြောသည်။

Lotus ရုံးခန်းကို ယခုအခါ မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာ၌ ဖွင့်လှစ်ထားပြီး ရန်ကုန်မြို့နှင့် လက်လှမ်းမီသည့် နေရာများ၌ ဝေဒနာရှင်များအတွက် အကျိုးဆောင်ရွက်ပေးနေသော အဖွဲ့ဝင် ၆၃၃ ဦးရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ဇော်မျိုးဦး(မြစ်မခ) /မြန်မာခရိုနီကယ် (သြဂုတ်-၂၃)

အာရှ HIV/AIDS တိုက်ဖျက်ရေး တိုးတက်မှုရရှိ
 အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် တက္ကသိုလ်က Institute for Health Metrics and Evaluation (IHME) ခေါ်တဲ့ ဌာနကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာ အရဆိုရင် မြန်မာနိုင်ငံတွင်း HIV/AIDS ရောဂါကြောင့် သေဆုံးမှု ကျဆင်းလာတယ် ဆိုပေမဲ့၊ HIV/AIDS ဖြစ်ပွားနှုန်းဟာ များလျက်ရှိပြီး အဲ့ဒီအထဲက ၅ ရာခိုင်နှုန်း ၀န်းကျင် အသေအပျောက် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ ဒေသတွင်း ကဆိုရင် ကမ္ဘောဒီယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို ချီးကျုးဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုရင် ၂၀၀၃ ခုနှစ် အဆိုးဆုံးဖြစ်တဲ့ အချိန်ကနေ ဆိုရင် အခု ၈၆ ရာခိုင်နှုန်းအထိ လျော့ကျအောင် ဆောင်ရွက် လာနိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံဟာလည်း HIV နဲ့ ပတ်သက်လို့ အကောင်းဆုံး တုံ့ပြန် ကိုင်တွယ်နေတဲ့ နိုင်ငံတခု ဖြစ်တယ်ဆိုပြီး စံနမူနာ ယူစရာ နိုင်ငံအဖြစ် ဖော်ပြပါတယ်။ အရှေ့တောင် အာရှနိုင်ငံ အတော်များများမှာတော့ မြန်မာနိုင်ငံ လိုပဲ HIV/AIDS ကြောင့် အသေအပျောက်နှုန်း ကျဆင်းလာပါတယ်။

ဒါပေမဲ့လည်း အဲဒီနိုင်ငံတွေမှာ HIV/AIDS ရောဂါဟာ ပြဿနာ တရပ်အဖြစ် ရှိနေဆဲပါပဲလို့တော့ ထောက်ပြထားပါတယ်။ ဒါပေမဲ့လို့ နိုင်ငံပေါင်း ၁၈၇ နိုင်ငံကို စစ်တမ်းပြု ကောက်ခံထားတဲ့ ဒီအစီရင်ခံစာ အရ ဆိုရင်တော့၊ အဲဒီအထဲ နိုင်ငံ တ၀က်ကျော်မှာ HIV ကြောင့် အသေအပျောက်နှုန်းတွေ မြင့်တက် လာတာ တွေ့ရတယ် ဆိုပြီး ဖော်ပြပါတယ်။
VOA - အာရှ HIV/AIDS တိုက်ဖျက်ရေး တိုးတက်မှုရရှိ 

သေမင်းတမန် HIV/AIDS ရောဂါ သိမှတ်ဖွယ်ရာ (ဒေါက်တာ သန်းစိန်နှင့် တွေ့ဆုံခြင်း)

 မေး။ ။ အခုတလော ခုခံအား ကျဆင်းတဲ့ ရောဂါအကြောင်း စာစောင်တွေမှာလည်း မကြာမကြာ ဖော်ပြ ထားတာ တွေ့ရပါတယ်။
ဖြေ။ ။ ရောဂါတွေ အကြောင်း အပြောများသလို စာစောင်တွေမှာလည်း မကြာမကြာ ဖော်ပြထားတာ တွေ့ရတယ် ဆိုရင် ကျန်းမာရေး အကြောင်း သာမန် စာဖတ်ပရိသတ်တွေ ပိုမို ဖတ်ရှု နားလည်လာပြီး ကျန်းမာရေး အသိတရားများ ကြွယ်ဝ လာကြမှာပါ။ ကျန်းမာရေး အသိ နည်းပါးမှု၊ ဂရု မစိုက်မှု၊ လျစ်လျူရှုမှု တွေကြောင့် လူတွေကို ဒုက္ခအများဆုံး ပေးနေတဲ့ ရောဂါတွေထဲမှာ အဓိက ရောဂါများကတော့ ''ခေတ်သစ် ကာလသား ရောဂါများ'' ရယ်လို့ အမည်နာမ ပေးနိုင်လောက်သော ရောဂါများ ဖြစ်ပါတယ်။

မေး။ ။ ယခင်ရှေး အခါက ကာလသားရောဂါများ ရှေးက ရှိခဲ့ကြောင်းကို ပြောပြ ပေးပါခင်ဗျာ။
ဖြေ။ ။ ရှေးနှစ် ထောင်ပေါင်းများစွာက ကာလသား ရောဂါများ ရှိခဲ့တာ ဗုဒ္ဓခေတ် စာပေတွေမှာ၊ အာသောက မင်းကြီး ခေတ် စာပေမှာ၊ အီဂျစ်နိုင်ငံ ဖာရိုဘုရင်များ သေရတဲ့ အကြောင်းများ လေ့လာရာမှာ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ထိုခေတ်များက ကုသရန် ဆေး မရှိတာကြောင့် ကြိုတင် ကာကွယ်ရေးများ ဖြစ်တဲ့ ပြည့် တန်ဆာများ စနစ်တကျ ထားရှိရေး၊ မှတ်ပုံတင်ရေး၊ ရောဂါရှိသူများကို ပြည့်တန်ဆာ ဂေဟာများကနေ ဖယ်ရှားရေး၊ သန့်ရှင်း သပ်ရပ်ရေး စသဖြင့် ဥပဒေများ ပြဋ္ဌာန်း ထိန်းချုပ် ခဲ့ပါတယ်။ ဝေးရပ်မြေက ကုန်ရောင်း ကုန်ဝယ် လာကြတဲ့ သူတွေ၊ သံတမန် မင်းညီမင်းသားများကို ဧည့်ဝတ်ပျူငှာ ပြုနိုင်ရန် နိုင်ငံတော် ပြည့်တန် ဆာများပင် ခန့်ထား ဆောင်ရွက်ခဲ့ကြတာ ရာဇဝင်မှာ အထင်အရှား ရှိခဲ့ဖူးပါတယ်။

မေး။ ။ ယနေ့ခေတ်မှာ ပုန်းလျှိုးကွယ်လျှိုး လုပ်ရတဲ့ လုပ်ငန်း ဖြစ်နေတာနဲ့ ကွာခြား နေပါတယ်။ ဒီလို ပုန်းကွယ်ရတဲ့ အတွက် ဒီရောဂါများ ပိုပြန့်တာလား ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ၁၅ ရာစု လောက်က စပြီး အာရှ အရှေ့တိုင်း နိုင်ငံက လူတွေက မြို့တော်တွေမှာ ဒီရောဂါကို သတိ ထားမိကြပြီး အနောက်တိုင်း နိုင်ငံတွေကနေ ကုန်ကူးသန်းရန် လာကြသူတွေ (မျက်နှာဖြူတွေ) ယူဆောင် လာတဲ့ ရောဂါ (Farangi Roga) အဖြစ် ခေါ်ဝေါ်ခဲ့ကြ ပါတယ်။

မေး။ ။ ယခင်က ကာလသားရောဂါ တိုက်ဖျက်ရေး အပဖွဲ့များဖွဲ့ပြီး ရောဂါ နှိမ်နင်းရေး ဆောင်ရွက်ခဲ့တာနဲ့ ယခု ဘယ်လို ကာကွယ်သင့် ပါသလဲ။
ဖြေ။ ။ ရောဂါရရင် ကုသပေးနိုင်တဲ့ ဆေး ရှိတယ်ဆိုပြီး ခံယူထားတဲ့ တစ်လွဲ အယူသီးတာရယ်၊ တစ်ဖက်က စီးပွားရေး မပြေလည်မှုနဲ့ အခြား တစ်ဖက်က စီးပွားရေး ပြေလည်ပြီး မိမိတို့ရဲ့ စိတ် အလိုလိုက်မှု စိတ် ဖိစီးမှုတွေကို မထိန်းချုပ် နိုင်သူများ၊ အမျိုးသမီးများ အလုပ်အကိုင် ရှားပါးမှု စတာတွေဟာ ကာလသားရောဂါ မျိုးစုံကို ဆက်လက် ရှင်သန် ကြီးထွားစေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

မေး။ ။ လိင် ဆက်ဆံမှုကြောင့် ကူးစက်သော ရောဂါထဲမှာ ပါတဲ့ ကာလသား ရောဂါကို ပြောပြ ပေးပါလား။
ဖြေ။ ။ လိင် ဆက်ဆံမှုကြောင့် ကူးစက်သော ရောဂါ အမျိုးပေါင်း ၂၀ ကျော်လောက် ရှိတယ်။ အဏုဇီဝ ပိုးမျိုးစုံက ရောဂါ ဖြစ်စေတာပါ။ ကာလသားများ ညောင်းကျရောဂါ၊ အမျိုးသမီးငယ်များ အဖြူဆင်း ယားယံတဲ့ ရောဂါ၊ နှုတ်ခမ်းတွေမှာ ယားယံ အရည်ကြည် အဖုအပိမ့် ထွက်တဲ့ ရေယုန်ရောဂါ၊ ဘီပိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်သော အသည်းရောင် အသားဝါရောဂါ၊ HPV ဗိုင်းရပ်စ် ပိုးကြောင့် ကင်ဆာ ဖြစ်စေသော သားအိမ် ကင်ဆာများ အပြင် ဆီးသွားလမ်းကြောင်း၊ စအို ဝမ်းအိမ်တွေမှာ ရောဂါပိုး ဝင်ရောက် ဒုက္ခပေးမှုများ စသဖြင့် ရောဂါများ ခံစားရ နိုင်ပါတယ်။ ၁၉၈ဝ ပြည့်နှစ် နောက်ပိုင်းမှာ အာရှတိုက် နိုင်ငံများသို့ အသစ် ရောက်ရှိလာတဲ့ ရောဂါကတော့ ခုခံအား ကျဆင်းစေတဲ့ ရောဂါ Acquired Immuno-defi ciency Syndrome-AIDS ဖြစ်ပါတယ်။ ၂ဝ ရာစုနှစ်များ အကုန် ၂၁ ရာစုနှစ်များ အစမှာ ပြန့်ပွားတဲ့ ရောဂါဖြစ်တဲ့ အတွက် ခေတ်သစ် ကာလသား ရောဂါလို့ အမည်တပ်လိုက် တာပါ။

မေး။ ။ အိတ်ဒ်စ် (AIDS) ရောဂါ ဖြစ်ပွားနေမှု အခြေအနေ ပြောပြပေးပါဦး။
ဖြေ။ ။ ဒီခေတ်သစ် ကာလသား ရောဂါ အိတ်ဒ်စ် (AIDS) ဟာ အာဖရိက၊ ဥရောပနဲ့ အမေရိကန် နိုင်ငံများမှာ ရောဂါ စတင် ဖြစ်ပွားခဲ့ရာမှ မြန်မာနိုင်ငံထဲကို ကူးစက် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား တစ်ဦးမှာ HIV ပိုးတွေ့ကြောင်း စပြီး အစီရင်ခံတာ ၁၉၈၈ ခုနှစ်က ဖြစ်ပါတယ်။ ယနေ့ ဆိုလျှင် အနှစ် ၂၅ နှစ် ကျော်လာခဲ့ပြီး HIV ပိုး ရှိနေတဲ့လူ (People Living with HIV) ဦးရေဟာ နှစ်သိန်းခွဲ ရှိနေတဲ့ အတွက် ကူးစက်မှု မြန်ဆန်တာ၊ ကာကွယ် ထိန်းချုပ်မှု အားနည်းတာကြောင့် လူအများ ကူးစက် ခံရတာလို့ သုံးသပ် ကြပါတယ်။

မေး။ ။ HIV ရောဂါပိုး ရှိနေတဲ့ လူတွေ ဘယ်လို များလာတာပါလဲ။
ဖြေ။ ။ ၁၉၉ဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာ HIV ပိုး ရှိနေတဲ့လူ ငါးသောင်းလောက် ရှိမယ်လို့ ခန့်မှန်း ပါတယ်။ အဲဒီ အချိန်က စပြီး ရောဂါ ပြန့်ပွားမှု မရှိစေရန် ကာကွယ်ရေး ပညာပေး လုပ်ငန်းများ စတင် ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ အသက် ၁၅ နှစ် အထက် HIV ပိုး ရှိနေတဲ့ လူ တစ်သိန်းခွဲ၊ ၂ဝဝဝ ပြည့်နှစ်မှာ နှစ်သိန်း၊ ၂ဝဝ၅ ခုနှစ်မှာ နှစ်သိန်းခွဲလောက် ရှိခဲ့ပြီး ယနေ့ ၂ဝ၁၁- ၂ဝ၁၂ ခန့်မှန်း စာရင်းအရ HIV ပိုး ရှိနေတဲ့လူ နှစ်သိန်းခန့်သို့ ကျဆင်းသွားတာ တွေ့ရပါတယ်။ ၁၅ နှစ် အထက် အမျိုးသမီးများ ဖြစ်ပွားမှုဟာ ၄ဝ ရာခိုင် နှုန်းမှ ၃ဝ ရာခိုင်နှုန်း ကျဆင်းလာတာ တွေ့ရပါတယ်။ ရောဂါ အသစ်ရသူ နှစ်စဉ် တစ်သောင်းလောက် ရှိရာမှ ၄ဝ ရာခိုင်နှုန်းဟာ အမျိုးသမီးများမှာ ဖြစ်ပွား နေသေးတာ တွေ့ရတယ်။ ရောဂါ အသစ် ရသူရဲ့ ၇၅ ရာခိုင်နှုန်းဟာ လိင်တူ လိင်ကွဲ ဆက်ဆံကြရာမှ ရောဂါ ရကြတာ တွေ့ရပါတယ်။
ရောဂါ ဖြစ်ပွားသူ ခန့်မှန်း တွက်ချက်မှု အရ ၁၉၉ဝ ပြည့်နှစ်မှာ ငါးသောင်းခန့် ရှိပြီး အမျိုးသမီး ဖြစ်ပွားမှုဟာ ထောင်ဂဏန်း လောက်သာ ရှိပါတယ်။ တဖြည်းဖြည်း ရောဂါ ပျံ့နှံ့မှု မြန်လာပြီး ၂ဝဝ၃- ၂ဝဝ၅ ခုနှစ်တွေမှာ လူနာဦးရေ နှစ်သိန်းခွဲ အထိ တိုးတက်လာကြောင်းနှင့် အမျိုးသမီးများ ရောဂါ ဖြစ်ပွားမှုဟာလည်း ငါးသောင်းမှ တစ်သိန်း အထိ တိုးတက်လာကြောင်း ခန့်မှန်း ထားပါတယ်။ ၂ဝဝ၃ ခုနှစ် နောက်ပိုင်းမှာ ရောဂါ သုံးမျိုး စီမံချက်ကြောင့် ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာပြီး ၂ဝ၁၁- ၂ဝ၁၂ ခန့်မှန်း စာရင်းအရ HIV ပိုး ရှိနေတဲ့လူ နှစ်သိန်းအောက်ကို ကျဆင်း သွားတာ တွေ့နေရပါတယ်။ အဲဒီ ဆောင်ရွက် နေတာတွေကို ဆက်လက် အရှိန်မြှင့်ပြီး ဆောင်ရွက် နိုင်မှသာ ၂ဝ၁၅ ခုနှစ်မှာ လူနာဦးရေ တစ်သိန်းခွဲအောက် ရောက်နိုင်မှာပါ။

မေး။ ။ လိင်တူ လိင်ကွဲ ဆက်ဆံမှုတင် မကဘဲ တခြား ဘယ်လို နည်းလမ်းတွေနဲ့ ရောဂါ ရနိုင် သေးပါသလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ အိမ်နီးချင်း နိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ HIV ပိုး ရောဂါရသူရဲ့ ၃ဝ-၃၅ ရာခိုင်နှုန်းဟာ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ အထူးသဖြင့် တစ်ဦးသုံးပြီးသား ဆေးထိုးအပ်ကို အခြား တစ်ယောက်ကို ပေးသုံး စေခြင်းဖြင့် ဆေးထိုးအပ်နဲ့ မူးယစ်ဆေး သုံးသူ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်စေတာ ဖြစ်ပါတယ်။ ၂ဝဝ၆- ၂ဝဝ၇ ခုနှစ်ကာလမှာ ဒီနည်းနဲ့ ရောဂါရသူ ၃၅ ရာခိုင်နှုန်း ရှိခဲ့ရာ ကနေ ၂ဝ၁၁- ၂ဝ၁၂ ခုနှစ်မှာ ၂၁ ရာခိုင်နှုန်း အထိ ကျဆင်း လာတာ တွေ့ရပါတယ်။

မေး။ ။ HIV ပိုး ရှိပြီးသား အမျိုးသမီး မိခင်ကနေ မွေးလာတဲ့ ကလေးတွေကိုရော ကူးစက် နိုင်ပါသလား။
ဖြေ။ ။ HIV ပိုး ရှိပြီးသား အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် သူတို့ရဲ့ ကလေးကို ကူးစက်မှု လျော့နည်းအောင် လုပ်နိုင်ပေမဲ့ နှစ်စဉ် မိမိကိုယ်ထဲမှာ HIV ပိုး ရှိပြီးသား မိခင်က မွေးလိုက်တဲ့ ကလေးများမှာ ပိုးရရှိနေပြီးသား ၅ဝဝဝ မှ ၁ဝဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ရောဂါပိုး တွေ့ပြီး ဆေးဝါး စနစ်တကျ ကုသနိုင်တယ် ဆိုရင် မိခင်က ကလေးကို ကူးစက်မှု သက်သာ သွားနိုင်ပါတယ်။

မေး။ ။ ဒီ ခေတ်သစ် ကာလသား ရောဂါ အိပ်ခ်ျအိုင်ဗွီ- အိတ်ဒ်စ် (HIVAIDS) ရောဂါကို ဘယ်လို တွန်းလှန် နိုင်မလဲ။
ဖြေ။ ။  ရောဂါရရင် ကုသပေးနိုင်တဲ့ ဆေးရှိတယ် ဆိုတာ ခံယူထားတဲ့ တလွဲ အယူသီးတာ တွေကို ပညာပေး တိုက်ဖျက် ရမယ်။ ဆေးရုံ ဆေးခန်းတွေက ကာလသား ရောဂါမျိုးစုံ တွေ့ရှိ ကုသတဲ့အခါ စနစ်တကျ ပြုစု ကုသဖို့ လိုအပ်ပါတယ်။ ဆေးထိုးအပ်နဲ့ မူးယစ်ဆေး သုံးသူများ ကျဆင်းရေးဟာ မလွယ်ကူသော လုပ်ငန်း ဖြစ်တဲ့ အတွက် သူတို့ကြားမှာ ရောဂါ ဖြစ်ပွားမှုများတာ တွေ့ရှိ နေနိုင်ပါတယ်။ လိင်တူ လိင်ကွဲ ဆက်ဆံ ကြရာမှ ရတဲ့ ရောဂါဖြစ်တဲ့ အပြင် အဓိက ကူးစက်စေတဲ့ လူများဟာ ကာမဆက်ဆံမှုနဲ့ အသက်မွေး ဝမ်းကျောင်း ပြုနေသူ အမျိုးသားများနဲ့ အမျိုးသမီးများ ဖြစ်ကြပါတယ်။ ဒီလူများနဲ့ ဆက်ဆံမှု များကြတာက ပြည်တွင်း၊ ပြည်ပ ဒေသတစ်ခုမှ ဒေသတစ်ခုကို မိမိတို့ လုပ်ငန်းအရ ပြောင်းရွှေ့ သွားလာ နေထိုင်ကြသူများ (Mobile Population) ဖြစ်ပါတယ်။

မိမိတို့ရဲ့ ဇနီးမယားများအား မိမိတို့ အမြဲနေထိုင်ရာ ဒေသမှာ ထားရစ်ပြီး သွားလာ လှုပ်ရှား စီးပွားရှာသူများ ဖြစ်ပါတယ်။ မော်တော်ယာဉ် မောင်းသူ၊ ယာဉ်နောက်လိုက်၊ ကျောက်တူး၊ ရွှေတူး သွားသူ၊ ကုန်သွယ်ရေး ကုန်ကူးသန်း သယ်ယူပို့ဆောင်သူ၊ ပင်လယ်ပြင် ထွက်ပြီး ငါးဖမ်းတဲ့ ရေလုပ်သားများ စတဲ့ ရွှေ့ပြောင်း လုပ်သားများ ဖြစ်ပါတယ်။ ကာမ ဆက်ဆံမှုနဲ့ အသက်မွေး ဝမ်းကျောင်းပြု နေသူ အမျိုးသား များနဲ့ အမျိုးသမီး များဟာ အဲဒီ ရွှေ့ပြောင်း လုပ်သားများ ရှိတဲ့ နေရာတွေမှာ အလုပ် အကိုင် ရှာကြတာ တွေ့ရပါတယ်။ မိမိတို့ ကာမရာဂကို မထိန်းချုပ် နိုင်သူများ (Promiscuity) သည် လိင်တူ လိင်ကွဲ ဆက်ဆံကြရာမှ ရောဂါ မရနိုင်စေရန် ကာကွယ်နည်း မျိုးစုံ မသုံးခဲ့မှုကြောင့် ရောဂါ ရရှိပြီး မိမိတို့ အိမ်ပြန် ရောက်တဲ့အခါ ဇနီးမယား အပြင် တခြား ရောဂါ မရသေးသူများပါ ရောဂါ ရစေတာ ဖြစ်ပါတယ်။ လူထု တစ်ရပ်လုံး ပါဝင်မှသာ အမြစ်ပြတ် နိုင်မယ့် ရောဂါ ဖြစ်နေပါတယ်။

စောကျော်ဝင်း (မြဝတီ)
Myanmar News Update - သေမင်းတမန် HIV/AIDS ရောဂါ သိမှတ်ဖွယ်ရာ (ဒေါက်တာ သန်းစိန်နှင့် တွေ့ဆုံခြင်း) 

No comments: