Wednesday, August 28, 2013

Durex ကွန်ဒုံး ခြောက်သောင်း အခမဲ့ဝေမည်



ရန်ကုန်မှ ဆရာဝန်များ University of Washington သင်တန်းကို အွန်လိုင်းကနေ တက်ရောက်အောင်မြင်
မြန်မာနိုင်ငံ ဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံး အကြိမ် အွန်လိုင်းမှ ပို့ချသည့်   HIV ဆိုင်ရာ သင်တန်း စာမေးပွဲ အောင်မြင်သူ ၆၉ ဦးကို သောကြာနေ့က သင်တန်းဆင်း လက်မှတ် ပေးအပ်ခဲ့သည်။ သင်တန်းကာလမှာ ၁၀ ပတ် ကြာမြင့်ခဲ့ သည်ဟု ဒေါက်တာမြင့်ဦးက သင်တန်းဆင်း လက်မှတ် ပေးအပ်သည့် အခမ်းအနားပြုလုပ်ရာ ရန်ကုန်မြို့ MMA အသင်းတိုက်တွင် ပြောပြသည်။

“ကုသရေးက အဓိက ပါတယ်။ ပျောက်ကင်းတဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့က ထိန်းတယ်၊ ကုတယ်၊ ပေါ်ပေါက်လာတဲ့ ရောဂါတွေကို တားတယ်။ တီဘီ ပေါ်လာရင် ပျောက်ကင်းအောင် ကုတယ်။ ကိုယ်ခံအားကျဆင်းရင် ပြန်မြင့်အောင် လုပ်တယ်” ဟု ဒေါက်တာမြင့်ဦးက ရှင်းပြသည်။ HIV/AIDS အဖြစ် အများဆုံးသော နိုင်ငံများတွင် ကုသမှုနှင့် ဆေးသုတေသန လုပ်ကိုင်နေသူ ပါမောက္ခများက ပို့ချ  ခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

MMA ၏ သတင်း ထုတ်ပြန်ချက် တစ်ခုတွင်လည်း အင်တာနက် အခြေပြု သင်တန်းနှင့် ပတ်သက်ပြီး ဒေါက်တာမြင့်ဦး၏ အသေးစိတ် ပြောဆို ချက်များကို အောက်ပါ အတိုင်း တွေ့ရှိရသည်။ ” ၀ါရှင်တန် တက္ကသိုလ် ရဲ့ campus စာသင်ခန်းထဲမှာ သင်ကြားနေတာကို ကျွန်တော်တို့ဆီကနေ webinar (အင်တာနက် စာသင်ခန်းမ) နဲ့ ချိတ်ဆက်ပြီး သင်ယူရပါတယ်။
သူတို့ဆီမှာ မနက် ၈နာရီက ကျွန်တော်တို့ ဆီမှာက ည ၁၀ နာရီခွဲ ဖြစ်နေတယ်။ ဒီတော့ သူတို့ဆီက စာသင်အပြီး ၀က်ဆိုက်ပေါ် လွင့်တင်ပေး လိုက်တာကို ကျွန်တော်တို့ ဆီကနေ ဒေါင်းလုတ်ဆွဲပြီး ဗီစီဒီ ခုတ်ရတယ်။ နောက်နေ့ နေ့လည်ကျမှ ရန်ကုန် သင်တန်းသားတွေကို ဒီဗီဒီ တစ်ချပ်စီ ဖြန့်ဝေပေးပြီး ဆရာဝန် အသင်းတိုက်မှာ အွန်လိုင်းနဲ့ စာသင်ကြရတာပါ။ တစ်ရက်ကို ၁ နာရီကျော်ကြာတဲ့ လက်ချာ ၂ ခုစီ တက်ရတယ်။

မြန်မာနိုင်ငံမှာ ရှိနေ တဲ့ HIV သင်ကြားမှု ကျွမ်းကျင်တဲ့ ဆရာဝန်တွေကို ဆရာဝန် အသင်းတိုက်ကို ဖိတ်ခေါ်ပြီး သူတို့ရဲ  ပံ့ပိုးကူညီမှုနဲ့ သင်ယူကြရတာ ဖြစ်ပါတယ်။ ရန်ကုန်က သင်တန်းသားတွေ ဆွေးနွေး မေးမြန်းတဲ့ အချက်အလက်တွေကို သူတို့ဆီက ပါမောက္ခတွေက Discussion Board  ပေါ်မှာ ဖြေကြားပေးပါတယ်။ Webinar ထဲမှာ တစ်ခြားနိုင်ငံက ဆရာဝန်တွေနဲ့လည်း ဆွေးနွေးခွင့် ရရှိခဲ့ပါတယ်။ တစ်ပတ်ကို ၁၂ နာရီကျော် ကြာအောင် လေ့လာသင်ယူချိန်ပေးခဲ့ရပြီး အပတ်စဉ် စာမေးပွဲလည်း ဖြေဆိုရပါတယ်။

ကိုယ်ပိုင် password နဲ့ တစ်ဦးချင်းစီ ဖြေဆိုရ တာဖြစ်ပြီး အောင်မှတ် ၈၀ ရာနှုန်းကျော်တဲ့ သူတွေကို ၀ါရှင်တန် တက္ကသိုလ်က ပါမောက္ခ ၃ ဦး ကိုယ်တိုင် လက်မှတ်ရေး ထိုးထားတဲ့ အောင်လက်မှတ်တွေကို အမြန်ချောပို့ စနစ်နဲ့ ပို့ပေးလိုက်တာ ဖြစ်ပါတယ်။


အသက် ၂၅ နှစ်အောက် လူငယ်များ၌ လိင်မှတစ်ဆင့် ရောဂါ ကူးစက်မှု များလာ

 ဗြိတိန်နိုင်ငံတွင် အသက် ၂၅ နှစ်အောက် လူငယ်များ၌ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ရရှိမှုမှာ ဆယ်စုနှစ် ကာလအတွင်း ၅၀ရာခိုင်နှုန်း တိုးပွားလာကြောင်း အင်္ဂလန်ပြည်သူ့ ကျန်းမာရေး ဌာန၏ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၂ ခုနှစ် မှတ်တမ်းများကို အခြေခံသော အဆိုပါ ထုတ်ပြန်ချက်အရ အဆိုပါနှစ်အတွင်း လိင်မှ တစ်ဆင့် ကူးစက်သော ဆီးပူညောင်းကျ ရောဂါ၊ ရေယုန်နှင့် လိင်အင်္ဂါတွင် ဖြစ်ပွားသော ကြွက်နို့များ ကူးစက်ခံရသူ ၄၄၈,၄၂၂ ဦးရှိပြီး အများစုမှာ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးများ ဖြစ်ကြောင်းသိရသည်။

ကူးစက်ခံရသူ အရေအတွက်မှာ ၂၀၁၁ ခုနှစ်က ထက် ၅ ရာခိုင်နှုန်း တိုးပွားလာပြီး၊ စစ်တမ်းအတွက် မှတ်တမ်း စတင်ပြုလုပ်သည့် ၂၀၀၃ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ရောဂါကူး စက်ခံရသူ အရေအတွက် ၄၆ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။
ထိုသို့ ရောဂါကူးစက်မှု တိုးပွားလာရခြင်းမှာ အပျော်တွဲသူများနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဓလေ့ ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်ကြောင်း၊ အဖြစ်များ သူများမှာ လိင်တူ ဆက်ဆံသည့် အမျိုးသားများနှင့် အသက် ၂၅ နှစ်အောက်အရွယ် လူငယ်များတွင် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

မေးအွန်လိုင်း


Durex ကွန်ဒုံး ခြောက်သောင်း အခမဲ့ဝေမည်

ရန်ကုန်နှင့် မန္တလေးမြို့တော်တို့ရှိ နိုက်ကလပ်များနှင့် စင်တင်တေးဂီတများတွင် Durex တံဆိပ် အမျိုးသားသုံး ကွန်ဒုံးများကို လာမည့် စက်တင်ဘာလ လယ်မှစ၍ အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း Reckitt Benckiser Health Care ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဖြန့်ဝေခြင်းကို ဈေးကွက်အတွင်း ကွန်ဒုံး မိတ်ဆက်သည့် အနေနှင့် စတင် ဖြန့်ချိသွားမည်ဖြစ်ပြီး အမျိုးသား အများစုရှိသည့် နိုက်ကလပ်နှင့် စင်တင်တေးဂီတများကို အဓိကထား၍ ကွန်ဒုံး အရေ အတွက် ခြောက်သောင်း အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ရန်ကုန်မြို့တော်၌ နိုက်ကလပ် ၁၅ ခုတွင် ကွန်ဒုံးအခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ပြီး မန္တလေးမြို့တော်ရှိ စင်တင် ဂီတဆိုင်များ အားလုံးတွင် အခမဲ့ ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
“ရန်ကုန်နဲ့ မန္တလေးကို အဓိကထားပြီး လုပ်သွားမှာပါ။ မန္တလေးမှာက နိုက်ကလပ် မရှိတော့ အမျိုးသားများတဲ့ စင်တင်တေးဂီတတွေမှာ သွားရောက် ဖြန့်မှာပါ။ Brand တစ်ခု အနေနဲ့ လူတွေ Choice လုပ်ပြီး သုံးတတ်အောင်လို့ မိတ်ဆက်ပေးတဲ့ အနေနဲ့ ဖြန့်ဝေသွားမှာပါ” ဟု ၎င်းက ဆိုသည်။

လူအများစုသည် လိင်ဆက်ဆံရာတွင် ကွန်ဒုံး အသုံးပြုမှု အားနည်းသဖြင့် မြန်မာ တစ်နိုင်ငံလုံးရှိ လိင်တူ ချစ်သူများနှင့် အမျိုးသားများ လာရောက်လေ့ ရှိသော တောင်ပြုန်းပွဲတော်၊ ရတနာ့ဂူ ပွဲတော်ရက်များတွင် ကွန်ဒုံးအခမဲ့ ဖြန့်ဝေပေးခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်း၊ နေ့ချင်းပြီး သွေး စစ်ဆေး ပေးခြင်းတို့ ပြုလုပ်ရကြောင်း ခုခံအားကျ ဆင်းရေးနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာကျော်စိုးက The Voice သို့ ပြောကြားသည်။

Durex အမှတ်တံဆိပ် ကွန်ဒုံးများ ထုတ်လုပ်သည့် ကုမ္ပဏီသည် ၁၉၂၉ ခုနှစ်မှ စတင်ကာ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ကွန်ဒုံး ထုတ်လုပ်လျက်ရှိပြီး ကွန်ဒုံးသုံးခုပါ တစ်ဘူးလျှင် ကျပ် ၉၀၀ မှ ၂၀၀၀ ကျပ်ကြား ရှိကြောင်း Reckitt Benckiser Health Care ကုမ္ပဏီထံမှ သိရသည်။

By The Voice

No comments: