Thursday, August 29, 2013

ဂျာနယ်အစုံက ဟင်းချက်နည်းများ (အပိုင်း ၄)


တစ်ပတ် တစ်ပတ် ကျွန်တော်တို့ကုမ္ပဏီကကြော်ငြာထည့်တဲ့ ဂျာနယ်မှာပါတဲ့ ဟင်းချက်နည်းတချို့ရယ် ကျွန်တော် ဟိုသည်လှန်လှော ဖတ်မိတဲ့ ဂျာနယ်အချို့က ဟင်းချက်နည်းတချို့ရယ်ကို ကျွန်တော် အလျဉ်းသင့်သလို စုစည်းဖော်ပြနေဖြစ်တဲ့ရည်ရွယ်ချက်က ကိုယ့် သူငယ်ချင်းတွေ အရသာရှိရှိ ဟင်းလျာတွေချက်ပြုတ်စားကြတဲ့အခါအထောက်အကူပြုစေလိုရင်းပါ။

အချိန်အတွယ်တွေကို ကြည့်ရမှာ ကျွန်တော်က အနောက်တိုင်းအချိန်အတွယ်တွေကို မသိတော့ များသောအားဖြင့် အဲ့လိုဟင်းချက်နည်း တွေကို စုဆောင်းမှုမလုပ်တတ်ပါဘူး။ မြန်မာ့အချိန်အတွယ်နည်းလေးတွေနဲ့ နီးစပ်တဲ့ဟာလေးတွေကိုပဲကူးဖြစ်ပါတယ်။ ထားပါ…. ကျွန်တော်က အနီရောင်အသားတွေထက်စာရင် ငါးတို့ကြက်သားတို့ပုစွန်တို့ကိုပိုစားဖြစ်ပါတယ်။ ဒါဟာ ကျန်းမာရေးအထောက်အကူပြု တဲ့အလေ့အကျင့်ကောင်းတစ်ခုလို့တော့ထင်တာပါပဲ။ 

(၁) ငါးကင်နှင့် ပုစွန်ငါးပိဆော့စ်
ပမာဏ - ၁ဦးစာ
ပြင်ဆင်ချိန် - ၂၀မိနစ်
ချက်ပြုတ်ချိန် - ၂၀ မိနစ်

ပါဝင်ပစ္စည်းများ
-       ငါးသေတ္တာငါးအကြီး ၁ ကောင်
-       ငှက်ပျောရွက် အနည်းငယ်
-       ပုစွန်ငါးပိဆော့စ်အနှစ်

ပုစွန်ငါးပိဆော့စ်ပြုလုပ်ပုံ
ပုစွန်ငါးပိဖုတ်နှင့် ငရုတ်သီးရောထောင်းထားသည့်အနှစ် ဟင်းစားဇွန်း ၁ဇွန်းစာထဲကို သံပရာရည် ဟင်းစားဇွန်း တစ်ဇွန်း၊သကြား ကော်ဖီဇွန်း ၁ဇွန်း၊ကြာညို့အနည်းငယ်၊ကြက်သွန်ဖြူ ၂မြွှာကို ပါးပါးလွှာပြီး ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောမွှေကာ ငါးကင်ပေါ်ကို လောင်းချ၍ဖြစ်စေ၊ ငါးအသားကို ၄င်းဆော့စ်အနှစ်ခွက်ထဲသို့ တို့ပြီးဖြစ်စေ စားသုံးနိုင်ပါတယ်။

ငါးကင်နှင့် ပုစွန်ငါးပိဆော့စ် ပြုလုပ်ပုံ
ငါးသေတ္တာငါးကို အကြေးခွံမာ ငါးသေတ္တာငါးအမျိုးအစားကို ၀ယ်ပါ။ အကြေးမထိုးပါနှင့်။ ဓါးဖြင့် ဗိုက်ကိုခွဲပြီး ကလီစာများထုတ်ပစ်ပါ။ ဗိုက်ထဲသို့ ဆားဖြင့် ပွတ်ပြီးရေဆေးပစ်ပါ။

ငါးကို ငှက်ပျောရွက်ဖြင့် ပတ်ပြီး ကင်စက်မှာ မိနစ် ၂၀ သို့မဟုတ် ကျက်သည်ဟု ယူဆရသည်အထိကင်ပါ။ ၁၀မိနစ်တစ်ခါအပေါ်အောက်လှန်ပေးပါ။

ကျက်ပြီဆိုလျှင် ပန်းကန်ထဲထည့်ပြီး ငါးအရေခွံကို အမြီးဘက်မှ ထောင်ပြီးခွာပစ်ပါ။ ငါးအသားပေါ်မှာ ပုစွန်ငါးပိဆော့စ်အနှစ်လူးပြီး ထမင်းဖြူနှင့်စားသုံးနိုင်ပါတယ်။

(၂) ငါးငှက်ပျောရွက်ကင် (Otak – Otak)

အင်ဒိုနီးရှားမှာတော့ အဆန်းတကျယ်မဟုတ်ပေမယ့် ကိုယ်တို့မြန်မာပြည်မှာ လုပ်စားလို့ရအောင် သူငယ်ချင်းတစ်ယောက် ရဲ့မှတ်စုထဲက ကူးယူဝေငှလိုက်ပါတယ်…… အရသာရှိစွာစားသောက်နိုင်သော အာရှအစားအစာတစ်ခုပေါ့နော်။

ပမာဏ - ၄ ဦးစာ
ပြင်ဆင်ချိန် - ၂ နာရီ
ချက်ပြုတ်ချိန် - ၃၀ မိနစ်

ပါဝင်ပစ္စည်းများ
ငါးအသား ၅၀၀ ဂရမ် (၁ပေါင်) အရိုးထုတ်ပြီးစဉ်းထားပါ။ အုန်းနို့ ၂၅၀ မီလီလီတာ (ဖန်ခွက်၁ခွက်စာ)၊ ရေ - ၂၅၀မီလီလီတာ (ဖန်ခွက် ၁ခွက်စာ)၊ ဆား ကော်ဖီဇွန်း ၁ ၁/၂ ဇွန်းစာ၊ ငါးထုပ်ရန် ငှက်ပျောရွက် သို့မဟုတ် အုန်းရွက် အနည်းငယ်။

ငါးထဲထည့်ရန် အနှစ်
ကြက်သွန်နီဥသေး ၁၀ဥ၊ စပါးလင် ၂ ပင်(အောက်ခြေရှိ နူးညံ့သောအပိုင်းကိုယူပြီး နုတ်နုတ်စဉ်းထားရန်)၊ချင်း ၆စင်တီမီတာခန့်၊ အုန်းသီးဆန်ကြော် ဟင်းစားဇွန်း ၂ဇွန်းခန့်၊ ငရုတ်သီးအမှည့်အနီအတောင့်ရှည် ၁၂တောင့် အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ။ ပုစွန်ခြောက် မှုန့် ဟင်းစားဇွန်း ၁ဇွန်း၊ ရေ ၂၅၀မီလီလီတာ (ဖန်ခွက် ၁ခွက်စာ)၊

ပြုလုပ်ပုံ
ငါးထဲထည့်ရမည့် အနှစ်များအားလုံးကို ညက်အောင်ထောင်းပြီး နှံ့စပ်အောင်ရောမွှေပါ။
၎င်းအနှစ်နှင့် ငါးအသားအနှစ်များ၊ အုန်းနို့၊ ရှောက်ရွက်ပါးပါးလှီးထားသည်များကို သေချာစွာရောနယ်ပါ။
ငှက်ပျောရွက်ကို ပျော့ပျောင်းစေရန် မီးအပူရှိန်ဖြင့် အနည်းငယ်ကင်ပါ။ အုန်းရွက်ကိုလည်းသုံးနိုင်ပါတယ်။ ငှက်ပျောရွက်ကို ၃၀စင်တီမီတာခန့် စတုရန်းပုံဖြတ်ပါ။

ငှက်ပျောရွက်ထဲကို ငါးအနှစ်ဟင်းစားဇွန်း ၃ဇွန်းစာခန့်ထည့်ပြီး ခပ်ပြားပြားရှည်ရှည် (၃စင်တီမီတာ x ၆စင်တီမီတာအရွယ်အစားခန့်) အထုပ်ပြုလုပ်ပါ။ အထုပ်၏ထိပ်နှစ်ဘက်မှာ သွားကြားထိုးတံဖြင့်ထိုးကာပိတ်ပါ။
ပြီးလျှင် အကင်စက်ထဲမှာဖြစ်စေ၊ မီးဖို Hotplate ပေါ်မှာဖြစ်စေ ၅မိနစ်ခန့်ကင်ပါ။

အဆာပြေစားစရာ Snack အနေနှင့်ဖြစ်စေ၊ထမင်းဖြူဖြင့်ဖြစ်စေ၊ဆင်းဒ၀စ်ခ်ျထဲမှာ အဆာပလာအနေနှင့်ဖြစ်စေ စားသုံးနိုင်ပါတယ်။

(၃) ငါးသံပုရာပေါင်း
 
လိုအပ်သောပစ္စည်းများ

ကက္ကတစ် (သို့) ဆလားဗီးယား - ၁ ကောင်၊ စပါးလင် - ၁ ပင်၊ ကြက်သွန်ဖြူ ၁၅မွှာ၊ သံပုရာသီး - ၄လုံး၊ ငရုတ်သီးစိမ်း - စိတ်ကြိုက်၊ နံနံပင် - သင့်ရုံ၊ ငံပြာရည် - ဇွန်းသေး ၃ဇွန်း၊ ကြက်သားမှုန့် ဇွန်းသေး ၂ဇွန်း၊

ပြုလုပ်နည်း
ပထမဆုံး ငါးကို အကြေးထိုး၊ ဗိုက်ခွဲအူထုတ်သန့်စင်ပြီး ကြက်သားမှုန့်နဲ့ နယ်ထားပါတယ်။ အိုးတစ်လုံးထဲမှာ ရေနွေးဆူအောင်တည်ပြီး စပါးလင်ကို ဓားပြားရိုက်ထည့်ကာ ငါးကိုပါ ထည့်ပြုတ်လိုက်ပါတယ်။
ငါးပြုတ်နေစဉ်မှာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကို နုပ်နုပ်စင်း (သို့) ကြိတ်ချေပြီး ငံပြာရည်၊ သကြား၊ဆား၊သံပရာရည်တို့နဲ့ ဆော့စ်ဖျော်လိုက်ပါတယ်။

ငါးကျက်တဲ့အခါ ပန်းကန်တစ်ချပ်မှာ ဆယ်ယူပြီး အပေါ်ယံက ဆော့စ်ဆမ်းကာ ငါးသံပရာပေါင်းဟင်းပွဲကို ပြင်ဆင်နိုင်ပါပြီ။

(ဒီဟင်းပွဲကိုပြင်ဆင်ထားတာကို ကြည့်လိုက်တာ ခပ်လှလှ ပန်းကပ်ခပ်ပက်ပက်မှာ ငါးကိုထည့် ငါးပတ်လည်မှာ သခွားသီးခပ်ပါးပါး လှီးထားတာလေးတွေကိုရံ၊ ငါးပေါ်ကိုတော့ ဆော့စ်ကိုပုံ၊ နံနံပင်ခက်အချို့ကိုအလှဆင်ပေါ့နော်။)

No comments: