Thursday, August 15, 2013

ကမ်းမယ့်လက်တွေ များပါစေ




HIV ရောဂါပိုး ကူးစက်ခံ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် သင်တန်းဖွင့်မည်
မြန်မာ တစ်နိုင်ငံလုံးရှိ အနယ်နယ် အရပ်ရပ်က (HIV) ရောဂါပိုး ကူးစက်ခံ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် စက်ချုပ်ပညာ သင်တန်းကို သြဂုတ်လ အတွင်း ဖွင့်မယ်လို့ တောင်ဒဂုံရှိ (HIV/AIDS) ပြုစုစောင့်ရှောက်ရေး ဂေဟာမှ သိရပါတယ်။ ဒီလိုသင်တန်းကို လက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် သာမက စားဝတ်နေရေးအတွက် ရပ်တည်ရာမှာ အခက်အခဲ မရှိအောင်စတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ပေးမယ်လို့ သိရပါတယ်။

စက်ချုပ်သင်တန်းကို သူ့အချိန်နဲ့သူ တစ်တန်းတစ်သုတ်စီ ဖွင့်သွားမှာဖြစ်ပြီး သင်တန်းကာလအတွင်း နေစရိတ်၊ စားစရိတ်အခမဲ့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ အဲဒီသင်တန်းမှာ အခြေခံစက်ချုပ်ပညာ သာမက အဆင့်မြင့် စက်ချုပ်ပညာကိုပါ သင်ကြားပေးမှာဖြစ်ပြီး တစ်ပိုင်တစ်နိုင် ကိုယ်ပိုင် အိမ်တွင်းအလုပ်၊ အပြင်အလုပ် ရအောင်ထိလည်း ကူညီပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သင်တန်း အတွက် လျှောက်လွှာတွေ ကို ပြည်တွင်းရှိ (NGO)အဖွဲ့အစည်းနဲ့ အခြားလူမှုရေး အဖွဲအစည်းတွေမှာ ရယူနိုင်တယ်လို့ သတင်း ရရှိပါတယ်။

အသင်းအဖွဲ့ ဥပဒေမူကြမ်း HIV ရောဂါ ကူညီ ကုသသူများ အတွက် အခက်အခဲရှိ

အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေမူ ကြမ်းမှာ HIV ရောဂါ ကူညီ ကုသပေးနေသူများ အတွက် အခက်အခဲရှိကြောင်း မြန်မာနိုင်ငံစာရေး ဆရာအသင်းမှ ဦးတင်လှိုင်က ပြောသည်။

အဆိုပါ ဥပဒေမူကြမ်း၏ အခန်း (၈) တွင် ဖွဲ့စည်းရန် လက်မှတ်မရရှိပါက ရပ်တန့်ရမည်ဆိုသည့် တားမြစ်ချက် ပါရှိနေ သောကြောင့် လက်မှတ်မ ရှိသည့် HIV ရောဂါသည် ကူညီ ကုသပေးနေသူများအနေနှင့် တိုးတိုး တိတိတ် လုပ်ဆောင်ရသည်များ ရှိကြောင်း ဦးတင်လှိုင်က ထပ်မံပြောသည်။

”HIV ကုသတဲ့လုပ်ငန်းတွေ လုပ်တဲ့အခါ လက်မှတ်မရှိဘူး။ အသက်တွေ သေကုန်မယ်၊ နောက်ထပ် လူတွေ ကူးစက်ကုန်ရင် ဘယ်လိုလုပ်မလဲ၊ မသင့်ဘူး၊ ပြည်သူ့ အသံကို နားထောင်စေချင်တယ်” ဟု ၄င်းကဆိုသည်။

Generation Wave မှ ကိုမိုဃ်းသွေး ကလည်း အစိုးရအနေနှင့် အရပ်ဘက်လူ့ အဖွဲ့အစည်းများအား ရန်သူဟု မမြင်ဘဲ မိတ်ဆွေလို့သာ မြင်သင့်ကြောင်း၊ အဆိုပါ ဥပဒေတွင် လက်မှတ် မဖြစ်မနေယူရမည်ဟု ပါရှိပြီး မယူလျှင် ထောင်ဒဏ်ပြစ်ဒဏ်ပါ ထည့်သွင်းထားကြောင်း ၄င်းကဆို သည်။

”ဒီဥပဒေ မူကြမ်းမှာ အစိုးရအနေနဲ့ ကာကွယ်လိုစိတ် များနေတယ်။ အသွင်ကူး ပြောင်းတဲ့ကာလ ရောက်နေလို့ အစိုးရကို ဆန့်ကျင်စရာ မရှိပါဘူး” ဟု ၄င်းက မှတ်ချက်ပြုသည်။ Triangle Woman Support မှ ဒေါ်ခင်လေး ကလည်း အဆိုပါ ဥပဒေ မူကြမ်းသည် ပြည်သူလူထု၊ အရပ်ဘက် အဖွဲ့အစည်း၊ လူငယ်၊ တိုင်းပြည် စသည်များကို အကျိုးပြုနိုင်သော ဥပဒေသာ ဖြစ်သင့်ကြောင်း ပြောသည်။

ဘဝမြင့်မိုရ်အဖွဲ့က ကိုဟန်ဇာမောင် ကလည်း ထောင်ဒဏ် ၅ နှစ်ဆိုသည့်အချက် ဥပဒေမူကြမ်းတွင် ပါရှိသည့်အတွက် အဆိုပါ ပြစ်ဒဏ်သည်  အင်မတန် ပြင်းထန်ကြောင်း ဆိုသည်။ ”ဥပဒေ မူကြမ်းထဲမှာ ဒီအချက် ကလည်း မထည့်သင့်ဘူးလေ” ဟု ၄င်းက ဆိုသည်။

အဆိုပါ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ မူကြမ်းအားဇူလိုင် ၂၇ ရက်နေ့တွင် နိုင်ငံ ပိုင်သတင်းစာများမှ ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် ထုတ်ပြန်ကြေညာ ခဲ့သည်။

စိုင်းလမင်း
ရန်ကုန်၊ သြဂုတ် ၅
Popular - အသင်းအဖွဲ့ ဥပဒေမူကြမ်း HIV ရောဂါ ကူညီ ကုသသူများ အတွက် အခက်အခဲရှိ

ကမ်းမယ့်လက်တွေ များပါစေ

ကမ်းမယ့်လက်တွေ များပါစေ။ ကျွန်တော်တို့ဟာ သာမန် သူလိုကိုယ်လို တိုင်းသူပြည်သား တွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လက်တွေဟာ မင်းအစိုးရနဲ့ ကယ်မဆောင်ယူမယ့် သူတွေက ချပေးချီးမြှင့်မယ့် အခွင့်အရေး အကောင်းအဆိုး တွေကိုသာ ခံယူဖို့ ဖြန့်ထားလို့ရတဲ့ လက်တွေ သတ်သတ်တော့ မဟုတ်ပါဘူး။ တစ်စုံတစ်ရာ အားရှိတဲ့၊ တစ်စုံတစ်ဦးကို ဆွဲထူနိုင်တဲ့၊ မတင်နိုင်တဲ့၊ ခေတ်တစ်ခေတ်ကို ထုဆစ် တည်ဆောက်နိုင်တဲ့ လက်တွေလည်း ဖြစ်တယ်ဆိုတာ မမေ့လျော့ သင့်ပါဘူး။
‘လဲနေသူ ထူပေးပါ၊ အားငယ်သူ အားပေးပါ’၊ ငယ်ငယ်က ဖတ်စာအုပ်ထဲမှာ သင်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ဘယ်နှခါများ၊ ဘယ်နှယောက်ကိုများ ထူပေးခဲ့ပြီးကြပြီလဲ ခင်ဗျာ။ ဘယ်တော့မှ မလဲတဲ့သူ မရှိနိုင်ပါ။ ဘယ်တော့မှ မမှားတဲ့သူ မရှိနိုင်ပါ။ ကျွန်တော်တို့ လဲကျတဲ့ အခါမှာ တွဲထူမယ့် လက်တစ်ဖက်ရဲ့တန်ဖိုးကို ပိုနားလည် လာမှာပါ။ ကျွန်တော်တို့ အမှား ကျူးလွန်မိတဲ့ အခါ ခွင့်လွှတ်ပေးတတ်မယ့် စိတ်ထားတစ်ခုရဲ့ တန်ဖိုးကို ပိုသိရှိ ခံစားလာနိုင်မှာပါ။

လဲနေသူ တစ်ယောက်ကို ဥပေက္ခာပြု ပစ်ပယ်ခဲ့ခြင်းက ခံစားရသူ အတွက် စိတ်ဒဏ်ရာ လွယ်လွယ်လေး ဖြစ်ပေါ်စေနိုင်သလို၊ အနည်းဆုံး နောင်အခါများမှာ သူကိုယ်တိုင်ကလည်း လက်မကမ်း တတ်တော့တဲ့ သူတစ်ဦး ဖြစ်သွား စေနိုင်ပါတယ်။ ကမ်းတတ်တဲ့လက် မရှိတော့တဲ့ လူ့အသိုင်း အဝိုင်းကြီးဟာ အမှောင်ခေတ်ကို အလိုလို ဦးတည်သွားစေနိုင်တာပေါ့။ ‘ကိုယ်ထူကိုယ်ထ’ တွေများလာတဲ့ လူ့အသိုင်းအဝိုင်းမှာ တွဲထူမယ့် လက်တွေနဲ့ အတူ ပါလာတဲ့ ကြည်နူးချမ်းမြေ့မှု ဆိတ်သုဉ်းသွားမှာ အသေအချာပါပဲ။ အမှားကို ပြင်လာသူ တစ်ယောက်အတွက်၊ အသွားမတော်လို့ လဲကျခဲ့ရသူ တစ်ယောက်အတွက် အမှားပြင်ခွင့်ဆိုတဲ့ ပြန်လည် ရပ်တည်ခွင့်ဆိုတဲ့ ကမ်းလက်တစ်ဖက်ကို ကျွန်တော်တို့ လိုလိုလားလား မပေးသင့်ဘူးလားဗျာ။ အမှားပြင်ခွင့်ဆိုတာ အနည်းဆုံး တစ်ခါတော့ ရှိကိုရှိသင့်တယ် မဟုတ်ပါလား။ 

ကျွန်တော်တို့အားလုံး မေ့နေတတ်တာက အမှားကို မပြင်ချင်တဲ့သူ မရှိသလောက် ဖြစ်တယ်ဆိုတာပါပဲ။
HIV ပိုး ကူးစက်ခံထားရတဲ့ လူငယ်လေးတစ်ဦး အတွက် ဖေးမနှစ်သိမ့်မယ့် ကမ်းလက်တစ်စုံ ရှိသင့်ပါတယ်။ စိတ်လိုက်မာန်ပါ အမှားတစ်ခုအတွက် ပေးဆပ်ပြီးလို့ ထောင်ထဲက ပြန်ထွက်လာတဲ့ လူမိုက်ပေါက်စလေး တစ်ဦး အတွက် ဖေးမနှစ်သိမ့်မယ့် ကမ်းလက်တစ်စုံ ရှိသင့်ပါတယ်။ စကားတစ်ခွန်း၊ အဆုံးအဖြတ်တစ်ခု လွဲချော်သွားခဲ့လို့ မျက်နှာမွဲ အရှက်ရခဲ့တဲ့ နိုင်ငံရေး သမားတစ်ဦး အတွက် ဖေးမနှစ်သိမ့်မယ့် ကမ်းလက်တစ်စုံ ရှိသင့် ပါတယ်။

မှားခဲ့တဲ့ လုပ်ရပ်တစ်ခုအတွက် ခွင့်လွှတ်နားလည် ပေးနိုင်မယ့် နှလုံးသားတစ်ခုဟာ နီးနီးနားနားမှာ ရှိနေသင့်ပါတယ်။ လူ့ဘောင်၊ လူ့လောကအတွက် ကြီးကြီးကျယ်ကျယ် စကားလုံးတွေမပါတဲ့ မထင်မရှား အကျိုးပြု လက်တစ်စုံရဲ့ပိုင်ရှင်ဟာ သင်ကိုယ်တိုင် ဖြစ်နိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ လျစ်လျူရှုပြီး ခါပြလို့လည်းရတဲ့ လက်ဖြစ်တယ်ဆိုတာ၊ ကမ်းလာမယ့်လက်ကို ပုတ်ထုတ်လို့လည်းရတဲ့ လက်ဖြစ်တယ်ဆိုတာကိုပါ သတိပြု မိစေချင် ပါတယ်။ ပြင်ခွင့်မရနိုင်တော့လို့ အမှားတွေနဲ့ပဲ ပျော်အောင်နေတတ်ဖို့ ကြိုးစားလိုက်ရတဲ့ သူတွေဟာ အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အလဟဿ ဖြစ်သွားရပြီး အခန့်မသင့်တဲ့ အခါများမှာ အသိုင်းအဝိုင်း တစ်ခုလုံးကို ထိခိုက် လာတတ်ပါသေးတယ်။

စိတ်ဒဏ်ရာ အနာတရဖြစ်ခဲ့တဲ့ AIDS ဝေဒနာရှင်က ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပေးခဲ့လို့ ပြန့်ပွားကူးစက် ခံလိုက်ရတဲ့ သားကောင်တွေ အများအပြားပဲ ရှိနေတာ ပုံပြင်မဟုတ်ပါ။ စိတ်ဒဏ်ချက်အပြည့်နဲ့ ကျန်ရစ်ခဲ့တဲ့ လူမိုက်တစ်ဦးဟာ ပိုအဆင့်မြင့်တဲ့ လူယုတ်မာ လူမိုက်အဖြစ် ပြောင်းလဲသွားပြီးတဲ့နောက် ပိုခက်ခဲ ကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေကို စိတ်ပါလက်ပါ ကျူးလွန်လာခဲ့တာတွေဟာလည်း ပုံပြင်မဟုတ်ပါ။ စိတ်အမာရွတ် ကျန်ခဲ့တဲ့ နိုင်ငံရေး သမားတစ်ဦးဟာ အခွင့်သင့်တဲ့ တစ်ချိန်မှာ နိုင်ငံနဲ့လူမျိုး အလုံးစုံကို ထိုးကျွေးပေးတာ၊ ရောင်းစားပစ်တာမျိုး မလုပ်နိုင်ဘူးလို့ အာမခံနိုင်သူ ရှိရဲ့လား။

ကျွန်တော်တို့ လက်တွေမှာ ကျွန်တော်တို့ရဲ့ လူ့ဘောင်ကို အဲဒီလို အဖြူကနေ အမည်း၊ အမည်းကနေအဖြူ ပြောင်းလဲ ပုံဖော်ပေးနိုင်လောက်တဲ့ စွမ်းအား ရှိနေတာကို မမေ့လျော့သင့်ပါ။ သိပ်ခက်ခဲတဲ့ အလုပ်မဟုတ်ပါ။ သိပ်ခက်ခဲတဲ့ စိတ်ထား မဟုတ်ပါ။ လောကလူ့ဘောင်ထဲမှာ တစ်နေ့ ကိုယ်တိုင်ကြုံနိုင်တဲ့ လောကဓံ အနိမ့်အမြင့်တွေပါ။ ကိုယ်က ထူပေးနိုင်သူ တစ်ဦး ဖြစ်နေတာကို စဉ်းစားကြည့်ရုံနဲ့တင် ပျော်စရာမကောင်း ပါလား ခင်ဗျာ။ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ပိုမိုပျော့ပျောင်း လာအောင်ဆိုတဲ့ အတွေးနဲ့အတူ လက်ကိုအိတ်ထဲ ထည့်ထားဖြစ်ခဲ့ရင် အပြင်ထုတ်လိုက်ပါဗျာ။ ကျွန်တော်တို့ အားလုံးရဲ့ လက်တစ်စုံစီဟာ လဲနေသူ တစ်ဦး စီတိုင်းကို ထူပေးနိုင်တာ သတိရကြပါ။ ပိုကောင်းတဲ့ တစ်နေ့မှာ ကျွန်တော်တို့အားလုံးရဲ့ လက်တွေ အတူတူ စုလိုက်နိုင်တဲ့အခါ လဲနေတဲ့ တိုင်းနိုင်ငံကြီး တစ်ခုလုံးကိုတောင် ဆွဲထူလို့ရတယ် ဆိုတာကိုလည်း တစ်ပါတည်း သတိရနေကြစေချင် ပါတယ်။ ။

(ယက္ခ) ရဲကြီး
တွဲလက်များ - ကမ်းမယ့်လက်တွေ များပါစေ 

HIV ၏ လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှု တစ်နိုင်ငံလုံး လွှမ်းခြုံစစ်တမ်း ပထမဆုံး ကောက်မည်
 ပထမဆုံး အကြိမ်အဖြစ် တစ်နိုင်ငံလုံး လွှမ်းခြုံ အိတ်ခ်ျအိုင်ဗီ ရောဂါပိုး ရှိသူများ၏ လူမှုစီးပွားရေး အကျိုးသက်ရောက်မှု စစ်တမ်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လလယ်ပိုင်းတွင် ကောက်ယူသွားမည် ဖြစ်ကြောင်း စစ်တမ်းကောက်ယူရာတွင် ပါဝင်မည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP က သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

UNDP၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများ၊ သုတေသနဆိုင်ရာ ပညာရှင် အဖွဲ့အစည်းများ ပူးပေါင်းကာ ယင်းစစ်တမ်းကို ကောက်ယူမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အိမ်ထောင်စု တစ်ခုချင်းအလိုက် ကောက်ယူသွားမည် ဖြစ်ကြောင်း UNDP က တရားဝင် ထုတ်ပြန်ထားသည်။

"စစ်တမ်းကောက်တဲ့ အခါမှာ လူနာစာရင်း အတိအကျကို ဘယ်လိုရအောင် လုပ်မယ်။ ဒီလိုရောဂါရှိတဲ့ လူတွေက လူသိမခံချင်ကြတော့ သူတို့ကို ဘယ်လိုနည်းနဲ့ ချဉ်းကပ်ပြီး စစ်တမ်းကောက်မယ်။ ဒါတွေက စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကျန်းမာရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုး ရှိသူများကို နားလည်ပေးမှုနှင့် အေအိုင်ဒီအက်စ် ရောဂါကြောင့် ၄င်းတို့၏ ခံစားရမှု များကို အပြည့်အဝ နားလည်ခြင်း မရှိသေးကြောင်း၊ ယခုကဲ့သို့ စစ်တမ်း ကောက်ယူခြင်းကြောင့် အိတ်ခ်ျအိုင်ဗီ၊ ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုရေးအရ ကာကွယ်ပေးခြင်း များတွင် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ UNDP ၏ အစီအစဉ် လေ့လာ ဆန်းစစ်ရေးပညာရှင် ဦးမောင်မောင်ကျော်က ပြောကြားထားသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုတွင် အလုပ်အကိုင်နှင့် ဝင်ငွေ၊ သုံးစွဲမှု၊ စုဆောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ နေထိုင်ရာဒေသ ပြောင်းရွှေ့ခြင်း၊ သတင်းအချက်အလက်များ ရရှိမှု၊ ကုသခံယူမှု၊ အထောက်အပံ့နှင့် စောင့်ရှောက်မှု ရရှိရေးတို့ ပါဝင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်၊ သြဂုတ် ၁၃
The Voice Weekly - HIV ၏ လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှု တစ်နိုင်ငံလုံး လွှမ်းခြုံစစ်တမ်း ပထမဆုံး ကောက်မည် 

No comments: