စာရေးသူကို ခုတလော နယ်က ကျောင်းသား
အချို့က နိုင်ငံခြား ပညာသင်ဆု လျှောက်ထား ရနိုင်ခြေနဲ့ ပတ်သက်ပြီး မေးလာတာတွေ
ရှိပါတယ်။ တချို့ကလည်း အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ မေးလာကြတာပါ။
သူတို့က စာရေးသူရဲ့ အရင် ဆောင်းပါးတွေကို ဖတ်တယ်။ ပညာသင်ဆု ဘယ်လို လျှောက်ရမလဲ
ဆိုတဲ့ အခန်းဆက် ဆောင်းပါးတွေ ကိုလည်း ဖတ်ခဲ့တယ်။ ဒါပေမဲ့ သူတို့လို နယ်ဒေသက
ကျောင်းသားတွေ အနေနဲ့ ရန်ကုန်က လူတွေနဲ့ ယှဉ်လို့ရပါ့မလား။ ရန်ကုန်လို
နေရာမျိုးမှာ အခြေစိုက် မနေထိုင်ဘဲ နိုင်ငံတကာ ပညာသင်ဆု ဆိုတာတွေကို လက်လှမ်းမီ
ပါ့မလား ဆိုတာမျိုး မေးထား ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ နယ်က
ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး နိုင်ငံတကာ ပညာသင်ဆု လျှောက်ထား ရရှိနိုင်မှု
အလားအလာတွေကို ထပ်မံ ဆွေးနွေး လိုက်ပါတယ်။ စာဖတ်သူတွေထဲက မေးတဲ့ မေးခွန်းတွေထဲက
အဓိက တစ်ခုက နယ်မှာနေပြီး ပညာသင်ဆု လျှောက်ရင် ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းပါ။
အဲဒါက ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ပညာသင်ဆု တစ်ဆု လျှောက်ရင် အနည်းဆုံး
အခြေခံအချက်တွေ ဘာတွေလိုတယ် ဆိုတာ ဆွေးနွေးခဲ့ပြီး ဖြစ်လို့ ဒီမှာထပ်ပြီး အသေးစိတ်
မရေးတော့ပါဘူး။ ပညာသင်ဆုဆိုတာ Undergraduate တွေကို ပေးတာ ရှိတယ်။ Bachelor Degree
ပေါ့ဗျာ။ Graduate တွေကို ပေးတာရှိတယ်။ Merters Degree ပေါ့ဗျာ။ ပါရဂူဘွဲ့ (Ph.D)
တွေကို ပေးတာ ရှိတယ်။ ပညာသင်ဆုမှာက ကုန်ကျစရိတ် အားလုံးကို ကျခံတဲ့ အပြည့်အဝ
ပညာသင်ဆု ဆိုတာ ရှိတယ်။ အစိတ်အပိုင်း အချို့ကို ကျခံတဲ့ ပညာသင်ဆု ရှိတယ်။ ပညာသင်ဆု
ပေးရာမှာလည်း သက်ဆိုင်ရာ တက္ကသိုလ်တွေက ပေးတဲ့ ပညာသင်ဆုတွေ ရှိတယ်။ အဖွဲ့အစည်းတွေက
ပေးတဲ့ ပညာသင်ဆုတွေ ရှိတယ်။
နိုင်ငံတော် အစိုးရက ပေးတဲ့
ပညာသင်ဆုတွေ ရှိတယ်။ တချို့ ပညာသင်ဆုတွေက အပြည့်အဝဆိုတော့ အဆင်ပြေတယ်။ အပြည့်အဝ
ပညာသင်ဆု မဟုတ်ဘူးဆိုရင် ကျန်တဲ့ တစ်ဝက်ဖြစ်ဖြစ်၊ အစိတ်အပိုင်းတစ်ခု ဖြစ်ဖြစ်
ကိုယ့်အိတ်က စိုက်ရတယ်။ မစိုက်နိုင်ရင် တခြား တစ်နေရာက ထောက်ပံ့ငွေကို ရှာရတယ်။
ဆိုလိုတာ တက္ကသိုလ်က ကိုယ့်ကို သင်ကြားစရိတ် (Tuition Fee) မယူဘူးဆိုရင် ကျန်တဲ့
နေထိုင် စားသောက်၊ သွားလာစရိတ် (Stipend Fee) အတွက် အဖွဲ့အစည်း တစ်ခုခုဆီက
လျှောက်ရတယ်။ ဒါမှ တက္ကသိုလ်နဲ့ အဖွဲ့အစည်း နှစ်ခုပေါင်းပြီး ထောက်ပံ့တဲ့ အပြည့်အဝ
ပညာသင်ဆု သဘော ရမှာ ဖြစ်ပါတယ်။ ဘယ်တက္ကသိုလ် လဲ၊ ဘယ်အဖွဲ့အစည်းလဲ ဆိုတာတော့
ရှာဖွေလေ တွေ့ရှိလေပါပဲ။ ကိုယ်တက်ချင်တဲ့ နိုင်ငံမှာ ရှိတဲ့ ပညာသင်ဆု ပေးတဲ့
ကျောင်းတွေ၊ အဖွဲ့အစည်းတွေကို များများ စူးစမ်း လေ့လာဖို့တော့ လိုပါတယ်။ အဓိက
လိုရင်းဖြစ်တဲ့ နယ်မှာနေပြီး ပညာသင်ဆု လျှောက်ရင် ဖြစ်ပါ့မလားဆိုတာ၊ ပညာရေးနဲ့
ပတ်သက်ရင် နယ်နဲ့ ရန်ကုန် မတူဘူးဆိုတာ မှန်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတောင်
အခွင့်အလမ်းချင်း မတူပါဘူး။ ရန်ကုန်ဆိုတာ နိုင်ငံတကာ သံရုံးတွေ၊ အဖွဲ့အစည်းတွေ
အခြေစိုက်တဲ့မြို့ မဟုတ်လား။
ဒီတော့ နယ်က လူတွေအတွက် အခွင့်အလမ်း
နည်းတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အခွင့်အလမ်း မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။
နယ်မှာနေပြီး အင်တာနက် မရှိဘူး၊ စာမဖတ်ဘူး၊ ဘွဲ့မရဘူး၊ အင်္ဂလိပ်စာ မလိုက်စားဘူး
ဆိုရင်တော့ တစ်မျိုးပေါ့။ အင်တာနက်လည်း ရှိမယ်၊ စာလည်း ဖတ်မယ်၊ ဘွဲ့လည်း ရထားမယ်၊
အင်္ဂလိပ်စာလည်း ကောင်းမယ်ဆိုရင် နယ်မှာ နေတဲ့သူဟာ ကြိုးစားရင် ရန်ကုန်က
လူတွေထက်တောင် ပညာသင်ဆုဆိုင်ရာ အခွင့်အလမ်း များနိုင်ပါတယ်။ ဆိုလိုတာက
နိုင်ငံတကာမှာ ဘာအလုပ်ပဲ ဖြစ်ဖြစ်၊ ဘာ အခွင့်အရေးပဲ ဖြစ်ဖြစ် အားနည်းတဲ့ဘက်က
ထည့်သွင်း စဉ်းစားတာ များတယ်။ နာမည်ကြီးလေ၊ အဖွဲ့အစည်းကြီးလေ သာတူညီမျှမှု
အခွင့်အလမ်း ပေါ်မှာ ဂရုဓမ္မ ပြုတယ်။
ဒါကြောင့် နယ်မှာနေတဲ့ သူတွေဟာ Online
ကတစ်ဆင့် ကျောင်းကို ပို့တဲ့ အက်ဆေးတွေ၊ အဖွဲ့အစည်းကို ပို့တဲ့ အက်ဆေးတွေမှာ
ပညာသင်ဆု လျှောက်ထားရာမှာ ကြုံတွေ့ရတဲ့ ကိုယ်ရေး ကိုယ်တာ အခက်အခဲတွေ
(ဥပမာ-အင်တာနက် နှေးတာ၊ သံရုံးတွေနဲ့ အလှမ်းဝေးတာ၊ အသွားအလာ ခက်ခဲတာ) သာမက ဒေသဆိုင်ရာ
အခက်အခဲတွေ (ဥပမာ-ကိုယ်နေတဲ့ နေရာမှာ ပဋိပက္ခတွေ ရှိတာ၊ ပညာရေး ဆင်းရဲ နိမ့်ကျတာ၊
ကလေးသူငယ်၊ အမျိုးသမီးဘဝ မလုံခြုံတာ) ကို ထည့်သွင်း ဖော်ပြပြီး ပညာသင်ဆု ရလို့
ကျောင်းပြီးရင် ကိုယ့်ဒေသ ကိုယ်ပြန်ပြီး ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ဖို့ ဘယ်လို
ဆန္ဒရှိတဲ့အကြောင်း ရေးသား ဖော်ပြတတ်ရမယ်။ လျှောက်ထားသူဟာ အမျိုးသမီးဖြစ်ပြီး
တိုင်းရင်းသား ဒေသတွေက ဖြစ်မယ်ဆိုရင် တစ်ပန်း မဟုတ်ဘူး။ နှစ်ပန်းတောင် သာပါတယ်။
တိုင်းရင်းသားဒေသမှာမှ ဖွံ့ဖြိုးမှု နည်းတဲ့ ဒေသတွေ၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက
ဆိုရင် တစ်ဖက်ကျောင်း၊ အဖွဲ့အစည်းကို ဆွဲဆောင် ရေးသားစရာ အများကြီးပါ။ နယ်က
လျှောက်ထားသူဟာ ဒီလို အက်ဆေး ရေးသား တင်ပြမှုမှာ အခွင့်အလမ်း သာတယ်ဆိုပေမယ့်
ပညာသင်ဆု လျှောက်ထားရင် လိုအပ်တဲ့ TOEFL တို့၊ IELTS တို့လို နိုင်ငံတကာ
အသိအမှတ်ပြု အင်္ဂလိပ်စာ အထောက်အထားတွေတော့ လက်ဝယ် ရှိထားရမှာ ဖြစ်ပြီး အဲဒီလို
ဘာသာရပ်ဆိုင်ရာ စာမေးပွဲတွေ ဖြေဆိုဖို့ လိုအပ်တဲ့ စာအုပ် စာတမ်းတွေ၊ ဖြေဆိုမှုတွေ၊
စာမေးပွဲကြေးတွေကိုတော့ ဝယ်နိုင်၊ ပေးနိုင်၊ သွင်းနိုင်တဲ့ အချိန် အင်အား၊ ငွေကြေး
အင်အား ရှိဖို့တော့ လိုပါတယ်။ TOEFL၊ IELTS အတွက် အခွေတွေ၊ စာအုပ်တွေကို
စာအုပ်ဆိုင် အတော်များများမှာ ရနိုင်ပြီး Online ကလည်း အခမဲ့ Download လုပ်
ရယူနိုင်ပါတယ်။ ရန်ကုန်၊ မန္တလေးမှာ ဆိုရင်တော့ အမေရိကန် စင်တာတို့၊ ဗြိတိသျှ
သံရုံးတွေရဲ့ Resource Center တို့မှာ သွားပြီး လေ့ကျင့်ရုံပေါ့ဗျာ။ ဒါပေမဲ့
ဒါကလည်း ကိုယ်လုပ်မှ ကိုယ်ရတာပါ။
ရန်ကုန်မှာနေပြီး British Council
တို့၊ American Center တို့မှာ ဟိုယောင်ယောင်၊ ဒီယောင်ယောင် လုပ်နေတဲ့ သူတွေကလည်း
အများကြီးပါ။ အဲဒါထက်စာရင် ကိုယ့်အိမ်မှာ လေ့ကျင့်တာက ပိုပြီးတောင်
ထိရောက်ပါသေးတယ်။ ဒီတော့ ဘာသာစကားအတွက် လိုအပ်တဲ့ ရင်းမြစ်တွေ (CD၊ စာအုပ်)
ရှိမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမယ်။ စာမေးပွဲကြေး (TOEFL/IELTS)
သွင်းနိုင်မယ် (စာမေးပွဲကြေး ဆိုပေမယ့် ဒေါ်လာ ၁၀၀ ကတော့ ကျော်ပါတယ်) စာမေးပွဲ
ဖြေဆိုရမယ့် နေရာတွေဆီ (ရန်ကုန်၊ မန္တလေး) သွားနိုင်မယ်ဆိုရင် နယ်မှာနေလည်း
ပညာသင်ဆု လျှောက်ထားရာမှာ အဓိကကျတဲ့ ဘာသာစကား ကျွမ်းကျင်မှုအတွက် စိုးရိမ်စရာ
မလိုပါဘူး။ စာရေးသူကို အက်ဆေးတွေ ဘယ်လို ရေးရမလဲလို့ ခဏခဏ မေးတဲ့သူတွေ ရှိပါတယ်။
သူတို့ပို့တဲ့ အီးမေးလ်တွေမှာ အင်္ဂလိပ်စာ အရေးအသား ကောင်းကြပါ တယ်။ ကိုယ်တက်မယ့်
ကျောင်းရဲ့ မူဝါဒ၊ ကိုယ်ပညာသင်ဆု လျှောက်မယ့် အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေနဲ့
ချိတ်ဆက်နိုင်မယ့် အက်ဆေးမျိုး ရေးပါလို့ စာရေးသူ အမြဲ ပြန်ဖြစ်ပါတယ်။ အဲဒီ
မူဝါဒတွေ၊ ရည်မှန်းချက်တွေကို ကိုယ့်လက်ရှိ အလုပ်အကိုင်၊ ပညာရေး၊ ပတ်ဝန်းကျင်၊
လူမှုစီးပွား နိုင်ငံရေး အခြေအနေတွေနဲ့ ချိတ်ဆက် ရေးတတ် ဖို့ လိုပါတယ်။
စာရေးကောင်းတယ်ဆိုတာ တစ်ထိုင်တည်း သင်လို့ မရပါဘူး။ အချိန်တို အတွင်းမှာ လည်း
မတတ်ပါဘူး။ စာရေးတာနဲ့ စာဖတ်တာက ဆက်စပ်နေတယ်။ ဒီတော့ စာများများ ဖတ်ကြပါလို့ပဲ
တိုက်တွန်းပါရစေ။ ပညာသင်ဆု လျှောက်ရာမှာ နောက်အရေးကြီးတဲ့ အချက် တစ်ခုက ရှာဖွေမှု
အတတ်ပညာပါ။
အင်တာနက်ရှိရင် ဒီခေတ်မှာ ဘာမဆို
ရှာလို့ ရပါတယ်။ ကျောင်းသား အတော်များများက ဘယ်လို ပညာသင်ဆု လျှောက်ရမလဲ။
ဘယ်နိုင်ငံမှာ ကျောင်းတက်ရမလဲ ဆိုတာမျိုး မေးကြတယ်။ အမေရိက၊ ဥရောပ၊ အာရှ၊
သြစတြေးလျ စတဲ့ နိုင်ငံ၊ ဒေသတွေမှာ နိုင်ငံတကာက ကျောင်းသားတွေအတွက် ပညာသင်ဆု
အမျိုးမျိုး ရှိတယ်။ အတော်များများက မည်သူမဆို လျှောက်လို့ရမယ်။ အချို့က
ဘယ်နိုင်ငံ၊ ဘယ်ဒေသက ဘယ်ကျောင်းသားကိုမှ ပေးမယ် ဆိုတာမျိုး ကန့်သတ်ချက် ရှိတယ်။
Google မှာ ရှာကြည့်ပါ။ အင်တာနက် သုံးတတ်ရင်၊ အင်္ဂလိပ်စာ မညံ့ဘူးဆိုရင် အဲဒီ
အချက်အလက် တွေကို ရှာဖို့ သိပ်မခက်ခဲပါဘူး။ ရှာစမှာတော့ နည်းနည်း
အချိန်ယူရမှာပေါ့။ နောက်တော့ ရှာရင်း ရှာရင်း အထာသိသွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်သာ
အဓိကပါ။ တကယ်တမ်း ပညာသင်ဆုပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ပဲဖြစ်ဖြစ် ကိုယ်သာလျှင် အခရာပါ။
သူများကို မမေးနဲ့လို့ ပြောတာ မဟုတ်ပါဘူ။ မေးပါ။ စူးစမ်းပါ။ အဆက် အသွယ် လုပ်ပါ။
ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က အရင် လေ့လာ စူးစမ်းပြီးမှ မေးတာ ကောင်းပါတယ်။ စာရေးသူ
ဘဝတစ်လျှောက် အခွင့်အလမ်း အတော်များများကို ကိုယ့်ဖြတ်ထိုးဉာဏ်၊ ကိုယ့်ဝီရိယ အပေါ်
အခြေပြုပြီး ရှာဖွေ ရယူခဲ့တာပါ။ အဆက်အသွယ်တွေ ဖန်တီး လုပ်ဆောင်ခဲ့တာပါ။ ဆိုလိုတာ က
ကိုယ်က မေးပေမယ့် ကိုယ် ဘာလုပ်ထားတယ်ဆိုတာ အမြဲ တင်ပြတယ်။ ကိုယ်ဘယ်လောက် ကြိုးစား
အားထုတ်ထားတယ်ဆိုတာ တစ်ပါးသူ သိစေတယ်။ ဒီတော့ သူများကို မတုံ့ပြန်တောင်
ကိုယ့်အမေးတွေကို တစ်ဖက်က တုံ့ပြန်တာ စာရေးသူ မကြာခဏ ကြုံဖူးတယ်။
နောက်တစ်ခုက လုပ်သက် ကိစ္စ။ ပညာသင်ဆု
အများစုက ဘွဲ့လွန် (Graduate) တွေကို ပေးတာ ဆိုတော့ ဘယ်မှာ လုပ်ခဲ့တယ်၊ လုပ်နေတယ်၊
ဘယ်လောက်ထိ လုပ်ခဲ့တယ် ဆိုတာမျိုးကို မေးတယ်။ ပျမ်းမျှ အနည်းဆုံး လုပ်သက် ၂ နှစ်
ရှိရမယ်။ လုပ်ငန်းခွင်ထဲ မရောက်သေးဘဲ ကျောင်းပြီးပြီးချင်း လျှောက်ရင်တော့
အခွင့်အလမ်း နည်းတာပေါ့။ အဲဒီလိုဆို နယ်မှာ နေပြီး ဘာအလုပ် လုပ်ကြမလဲ။ အိမ်က
စီးပွားရေး ကူရင်း လျှောက်တာပါလို့ ပြောမလား၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေး
လုပ်နေတာ ပါလို့ ရေးမလား။ အဲဒါတွေအတွက် NGO အလုပ်၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး
လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်နေတာမျိုးဆို ပိုကောင်းပါတယ်။ ကျွန်တော်တို့၊
ကျွန်မတို့ နယ်မှာ NGO တွေ မရှိဘူး။ ရှိလို့ လျှောက်ရင်လည်း မရဘူးဆိုရင်
ကိုယ့်ဒေသမှာ တခြား ကိုယ်ထူကိုယ်ထ လူမှုရေး လုပ်ငန်းတွေတော့ ရှိမှာပေါ့။
နယ်အတော်များများမှာ နာရေး အသင်းတို့၊ ကြက်ခြေနီ အသင်းတို့ ရှိပါတယ်။ အဲဒီလို
လုပ်ငန်းမျိုးတွေမှာ လုပ်အားပေး ဖြစ်ဖြစ် စွဲစွဲမြဲမြဲ လုပ်ကြပါ။ တချို့က ပြောတယ်။
ပညာသင်ဆု လိုချင်လို့ NGO ထဲ ဝင်လာတာ၊ လူမှုရေးလုပ်တာ စသဖြင့် ပြောကြတယ်။ ဒီခေတ်မှာ
ဘာမဆို ဆက်စပ်နေတယ်။
NGO ဆိုတာ ဘယ်အချိန်လုပ်လုပ် ရတယ်။
ပညာဆိုတာ ငယ်တုန်း ရှာရတာ။ ဒီတော့ ပညာသင်ဆု လိုချင်လို့ လူမှုရေး လုပ်တယ်။
လူမှုရေးလုပ် လို့ ပညာသင်ဆု ရတယ်။ ပညာသင်ဆုရလို့ လူမှုရေး ပိုလုပ်နိုင်တယ်။ ပညာသင်ဆု
ရပြီး ကိုယ့်နိုင်ငံ ပြန်မလာဘဲ ခြေရာ ဖျောက်သွားရင်တော့ အတ္တသမားပေါ့။ ဘာပဲလုပ်လုပ်
စေတနာပါအောင် လုပ်ဖို့က အဓိကပဲ။ ပညာရေး လမ်းကြောင်းအတွက် လူမှုရေးမှာ ခဏ
မြှုပ်နှံတယ်ဆိုရင်လည်း အဲဒီ ခဏမြှုပ်နှံတဲ့ ကာလမှာ စေတနာ ပါရမယ်။ တကယ် အလုပ်
လုပ်ပြရမယ်။ အဖွဲ့ဝင်ကြေးလောက် ပေးပြီး အဖွဲ့ဝင် ဖြစ်တာထက် အဖွဲ့ထဲမှာ တက်တက်ကြွကြွ
လုပ်တာဟာ တကယ် ပညာသင်ဆုရလို့ ကျောင်းတက်ရတဲ့အခါ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ
ဖြစ်လာလိမ့်မယ်။
ဒီတော့ ပညာသင်ဆု လျှောက်တဲ့အခါ အလုပ်
မရှိရင်တောင် ကိုယ်ဘယ်မှာ ဘယ်လို လုပ်အားပေး အနေနဲ့ လုပ်နေတယ် ဆိုတာ
စိတ်သန့်သန့်နဲ့ ရေးနိုင်တယ်။ ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို ရဲရဲဝံ့ဝံ့
ဖော်ပြနိုင်တယ်။ ဒီတော့ ပညာသင်ဆု အိပ်မက်ဆိုတာ လူတိုင်း မက်ခွင့် ရှိတယ်။ ရန်ကုန်က
လူလည်း မက်လို့ရတယ်။ နယ်ကလူလည်း မက်လို့ ရတယ်။ အိပ်မက် တကယ်ဖြစ် မဖြစ် ဆိုတာကတော့
ကိုယ့်ကြိုးစား အားထုတ်မှု၊ ကြိုတင် ပြင်ဆင်မှု အပေါ်မှာပဲ မူတည်တယ်။ စာရေးသူ ပြည်ပမှာ
ကျောင်းတွေ တက်ခဲ့ စဉ် ပညာသင်ဆု ရတဲ့ တချို့ ကျောင်းသားတွေဟာ အာဖရိကတို့၊
တောင်အမေရိကတို့လို တောနက်ကြီးတွေ၊ အဲဒီတောနက်ကြီးတွေနားက မြို့၊ ရွာတွေက လာကြတာ၊
အင်တာနက်တို့၊ TOEFL တို့ ဆိုတာကို တော်တော် ခက်ခက်ခဲခဲ လုပ်ပြီးမှ လာခဲ့ရတာ။
ဆိုလိုတာက သက်ဆိုင်ရာ ကျောင်းတွေ၊
အဖွဲ့အစည်းတွေဟာ သူတို့ ကျောင်းတွေ၊ အဖွဲ့အစည်းတွေက အခုလို အလှမ်း ဝေးကွာလှတဲ့
ဒေသက လူတွေကို ပညာသင်ဆု ပေးအပ်ရတာ သိပ်ဂုဏ်ယူတတ်ကြတယ်။ အဲဒီလို ဒေသကနေ လှမ်းပြီး
လျှောက်တဲ့သူဆိုလည်း ဦးစားပေး စဉ်းစားကြတယ်။ မြန်မာနိုင်ငံရဲ့ နယ်ဒေသတွေ ဆိုတာ
အာဖရိကလို၊ တောင်အမေရိကလို တောနက်ကြီးတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့
မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အဦ ချို့တဲ့တယ် ဆိုတာ အတော်များများ သိကြပါတယ်။
အဲဒီလို အခြေခံ အဆောက်အဦ အားနည်းပြီး မဖွံ့ဖြိုးသေးတဲ့ နိုင်ငံက နယ်ဒေသမှာ နေကြတဲ့
လူငယ်တွေအနေနဲ့ ကြိုတင် ပြင်ဆင်မှု ကောင်းကောင်း၊ အချိတ်အဆက် မိမိ နိုင်ငံခြား
ပညာသင်ဆု အခွင့်အလမ်းတွေကို ကိုယ့်မှာရှိတဲ့ ငွေကြေး အင်အား၊ အချိန် အင်အားထဲက
ပါးပါးနပ်နပ် လုပ်ဆောင်ကြမယ်ဆိုရင် တစ်နေ့မှာ မိမိရဲ့ ပြည်ပ ပညာရေး အိပ်မက်တွေ
အမှန်ဖြစ်လာ ပါလိမ့်မယ်။
အောင်အောင် (IR)
|
Credit:
The Voice Weekl Journal
No comments:
Post a Comment