Friday, October 5, 2012

ငါးဖယ်အာလူးဆီပြန်၊ ကြက်ဟင်းခါးသီးကြော်၊ ကြက်ခြေထောက်ဟင်းရည်ချဉ်စပ်


ဒီလအတွက် ဆရာမလမင်းမိုမိုက ကျွန်တော်တို့စားနေကြ မြင်နေကြ ငါးဖယ်ကို အာလူး၊ အုန်းနို့တို့နဲ့ဆီပြန်လေးချက်တယ်၊ ကြက်ဟင်းခါးသီးကို ပုစွန်ခြောက်လေးနဲ့ကြော်ကာ ကြက်ခြေထောက်ကို ချဉ်စပ်ဟင်းရည်လေးအဖြစ် တွဲဖက်ချက်ပြုတ်ပေးထားတာဗျ။

အရသာ အစုံရပြီး ထမင်းမြိန်စေမယ့် ဟင်းလျာအတွဲအဖက်တွေပါပဲ။ ချက်စားကြည့်ကြပါဦးဗျ။

ငါးဖယ်အာလူးဆီပြန်
လိုအပ်သောပစ္စည်းများ
ငါးဖယ် ၂၀သား၊ အာလူးအလတ် လေးလုံး၊ အုန်းနို့ရည် အနည်းငယ်၊ ပုစွန်ငံပြာရည် အနည်းငယ်၊ ဆီ ၁၀သား၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ ငါးမြွှာ၊ ငရုတ်ပွခြောက် သုံးတောင့်၊ ချင်း တစ်လက်မခန့်၊ ကြက်သွန်မြိတ် နှစ်ပင်ခန့်၊ ငရုတ်သီးစိမ်းအနီ နှစ်-သုံးတောင့်၊ ဆား နနွင်း ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန် ကြာမြင့်ချိန် - ၂၅ မိနစ်
- ချင်း၊ ကြက်သွန်ဖြူ ညက်ညက်လေးထောင်းပြီး ငါးဖယ်နဲ့ရောထောင်းပါ။
- နနွင်းမှုန့်၊ ဆား အနည်းငယ်ကိုပါ ရောထောင်းပါ။
- ငါးဖယ်စေးလာရင် ငါးဆုပ်တွေလုံးပါ။ လုံးတဲ့အခါ သိပ်မပြားလွန်း၊ သိပ်မလုံးလွန်းပါနဲ့။ တညင်းသီးပုံသဏ္ဌာန် အလယ်ဖောင်းဖောင်း လေးလုံးတာ အသင့်တော်ဆုံးပါ။
- ငါးဖယ်ဆုပ်တွေကို ဆီနည်းနည်းနဲ့ အပေါ်ယံတင်းအောင် ဆီပူလှိမ့်လိုက်ပါ။
- အာလူးတွေကို အနေတော်အရွယ် စိတ်ထားပါ။ ကြက်သွန်နီနဲ့ ငရုတ်ပွကို ထောင်းထားပါ။
- ဆီကိုအပူပေးပြီး ကြက်သွန်၊ ငရုတ်သီးအနှစ်ကို ခပ်ကြာကြာဆီသတ်ပါ။ ဆီသေရင် အာလူးနဲ့ ငါးဖယ်ကို အတူထည့်ပါ။ ဟင်းခတ်မှုန့် နဲ့ ငံပြာရည် ထည့်ပါ။ မွှေပြီး လုံးပေးပါ။
- ခဏအကြာမှာ အုန်းနို့ရည်ကို ရောပါ။ အုန်းနို့ရည်ပျစ်လာတဲ့အထိ ချက်ပြီးမှ အာလူးနူးအောင်မှန်းပြီး ရေထည့်ပါ။
- အာလူးနူးရင် ငါးဖယ်လည်းကျက်ပါပြီ။
- ကြက်သွန်မြိတ်နဲ့ ငရုတ်သီးစိမ်းလှီးထည့်ပြီး မီးဖိုမှ ချနိုင်ပါပြီ။

ကြက်ဟင်းခါးသီး ပုစွန်ခြောက်ကြော်
လိုအပ်သောပစ္စည်းများ
ကြက်ဟင်းခါးသီးအကြီး တစ်လုံး၊ ပုစွန်ခြောက်မှုန့် စားပွဲဇွန်း နှစ်ဇွန်း၊ ဆီ သုံးကျပ်သားခန့်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ နှစ်မြွှာ၊ ဆား နနွင်း ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၁၅မိနစ်

- ကြက်ဟင်းခါးသီးကို မိမိကြိုက်နှစ်သက်ရာ ပုံစံလှီးပါ။ ပါးပါးလှီးရင် ချက်ချိန်မြန်ပါတယ်။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို တောက်တောက်စဉ်းထားပါ။
- ကြက်ဟင်းခါးသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်မှုန့်၊ ဆီ၊ ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့် အားလုံးကို ချက်မယ့်အိုးမှာ ရောပြီးနယ်ပါ။
- အရသာစိမ့်ဝင်ကာ ကြက်ဟင်းခါးသီး နွမ်းတဲ့အထိနယ်ပြီး မီးဖိုမှာတင်၍ လုံးချက်ပါ။ ဆီပြန်တဲ့အနေအထားရောက်တဲ့အထိ ခပ်ကြာ ကြာမွှေပေးပါ။
- အဲဒီနောက် ကြက်ဟင်းခါးသီးနူးတဲ့အထိ ရေကို နည်းနည်းချင်းပဲ ထည့်ပေးပါ။
- ကြက်ဟင်းခါးသီးနူုးပြီး ဆီပြန်ရင် အိုးချနိုင်ပါပြီ။

ကြက်ခြေထောက်ဟင်းရည်ချဉ်စပ်
လိုအပ်သောပစ္စည်းများ
ကြက်ခြေထောက်ရိုး ခြောက်ခုခန့်၊ ချဉ်စော်ကားသီးခြောက် နှစ်-သုံးဖတ်ခန့်၊ ကြက်သွန်နီဥ တစ်ဥ၊ ကြက်သွန်ဖြူ သုံးမွှာ၊ ချင်း လက်တစ်ဆစ်ခန့်၊ ခရမ်းချဉ်သီး နှစ်လုံး၊ ငရုတ်သီးစိမ်း ငါး-ခြောက်တောင့်၊ နံနံပင် - အနည်းငယ်၊ ပုစွန်ငံပြာရည် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်။

ချက်ရန်ကြာချိန် - ၂၅ မိနစ်

- ကြက်ခြေထောက်ရိုးတွေကို အရေခွံခွာ သန့်စင်ပါ။ ကြက်သွန်နီကို အဖတ်တွေ ခွာပါ။ ကြက်သွန်ဖြူကိုဓားပြားရိုက်ပါ။ ချင်းကို ပါးပါး လှီးပါ။ အားလုံးရောပြီး ရေအနည်းငယ်နဲ့ ဟင်းရည်ပြုတ်ပါ။
- ငါးမိနစ်ခန့် ပြုတ်ပြီးရင် ချဉ်စော်ကားသီးခြောက်တွေကို ချိုးဖဲ့ပြီး ဟင်းရည်ထဲထည့်ကာ ဆက်ပြုတ်ပါ။ ကြာကြာပြုတ်လေ၊ ကြက်အချို ရည် အရသာပိုလေဖြစ်ပါတယ်။ ကြက်ခြေထောက်တွေ နူးလောက်ရင် ဟင်းရည် ပန်းကန် နှစ်လုံးစာလောက် ရေကို ချိန်ဆထည့်ပါ။
- ဟင်းရည်ဆူပွက်လာရင် ခရမ်းချဉ်သီးကိုစိတ်ပြီး ငရုတ်သီးစိမ်းကို ထုကာထည့်ပါ။ ငံပြာရည်၊ ဟင်းခတ်မှုန့်ထည့်ပြီး အပေါ့အငန်မြည်းပါ။
- ချဉ်ချဉ်စပ်စပ်အရသာ စိတ်တိုင်းကျရင် နံနံပင်လေးအုပ်ပြီး အိုးချပါ။ ပူပူလေးသုံးဆောင်ပါ။

Ref: The Chic Magazine – October 2012

No comments: