Wednesday, October 24, 2012

ကြိုတင်ပြင်ဆင်သင့်သော အမျိုးသားရေးဆိုင်ရာလုံခြုံရေး



ရခိုင်ပြည်နယ်မှာ ဒီနှစ် မေ၊ ဇွန်လများ အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခ များနှင့် ပတ်သက်၍ ဆွေးနွေး မှုတွေ၊ ငြင်းခုံမှုတွေ၊ ဝေဖန်ပြစ်တင်မှု တွေဟာ ပြည်တွင်း၊ ပြည်ပမှာ ယခု အချိန်အထိ အဆုံးမသတ် နိုင်သေးပါဘူး။ အချိန် တိုတို အတွင်း ဒီပြဿနာ အေးငြိမ်းသွားဖို့ ဆိုတာလည်း မဖြစ်နိုင် သေးပါဘူး။ ဆွေးနွေး ငြင်းခုံမှု တွေဟာ ရှေ့လျှောက် ပိုမိုကျယ်လောင် ရှုပ်ထွေးလာမယ့် အလား အလာတွေတောင် တွေ့လာနေရပါတယ်။ အခုထိကို ဆန္ဒပြပုံရိပ် သတင်းတွေက စာနယ်ဇင်းတွေမှာ တက်လာနေဆဲပါ။ နိုင်ငံတော်ကလည်း ဒီကိစ္စ ပိုပြီးအရှိန် မြင့်တက်မလာဖို့ ကြိုးစားအားထုတ် နေပါတယ်။ ကမ္ဘာ့ အစ္စလာမ်နိုင်ငံ အသီးသီးမှာ ဒီကိစ္စဟာ ပြောဆို ဆွေးနွေးစရာ ဖြစ်လာနေပြီး အစွန်းရောက် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း အချို့ကလည်း မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှုတွေ ပြုလာတာတောင် ရှိပါတယ်။

ဒီဆောင်းပါးမှာ မြန်မာပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လုံခြုံရေးကိစ္စကို အဓိကဆွေးနွေးမှာ ဖြစ်ပါတယ်။ အများပြည်သူရဲ့ လုံခြုံရေးနှင့်ပတ်သက်ပြီး တာဝန်ယူဖို့၊ တာဝန်ခံဖို့တွေ လိုလာပါတယ်။ လုံခြုံရေးသတိ အမြဲရှိဖို့ပါ။ လူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်ရမှာ ဖြစ်သလို အကယ်၍ တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရင်လည်း အလျင်မြန်ဆုံး ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရပါမယ်။ ကြိုတင်ကာကွယ် တားဆီးရမှာကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အဓိကတာဝန်ဖြစ်ပေမယ့် ဖြစ်လာခဲ့ပြီးတဲ့ လုံခြုံရေးကျိုးပေါက်ပြီး အကြမ်းဖက်တိုက်ခိုက်ခံရမှု အခြေအနေတစ်ရပ်မှာ ဘယ်လို အမြန်ဆုံး အရေးယူဆောင်ရွက်ကြမလဲဆိုတာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီနဲ့ ဆေးရုံ၊ ဆေးခန်း၊ ၀န်ထမ်းတွေ၊ ရပ်ရွာခေါင်းဆောင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးလာပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးခင်းရဲ့ သက်ရောက်မှုဟာ ထင်ထားတာထက် ကြီးမားကျယ်ပြန့်ခဲ့ပါတယ်။ ဆိုလိုတာ ပြည်ပနိုင်ငံ အတော်များများဆီအထိ ပျံ့နှံ့ခဲ့တာပါ။ အစ္စလာမ်နိုင်ငံအချို့ရဲ့ မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး ပါကစ္စတန်၊ အင်ဒိုနီးရှား၊  ဘင်္ဂလားဒေ့ရှ်လို ဒေသတွင်းနိုင်ငံများရှိ ဘာသာရေးအစွန်းရောက် အုပ်စုအချို့ထံမှ မြန်မာ့အကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်စိန်ခေါ် ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။ ဒီလို အရိပ်အယောင်ပြ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အပိုင်းက လုပ်သင့်လုပ်ထိုက်တဲ့ လုံခြုံရေးအစီအမံတွေ ချမှတ်လုပ်ဆောင်လျက် ရှိပါတယ်လို့ဆိုပြီး လူထုအပိုင်းကလည်း စိုးရိမ်ပူပန်မှု အချို့ရှိပေမယ့် ဒီစိုးရိမ်ပူပန်မှုဟာ ကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမားတော့ မဟုတ်ခဲ့ပါဘူး။ နိုင်ငံရေး စိတ်ဝင်စားသူများနဲ့ နိုင်ငံတကာရေးရာတွေကို အဆက်မပြတ် လေ့လာသုံးသပ်နေသူတွေ ကြားမှာတော့ ပြည်သူလူထုအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုဟာ စိုးရိမ်စရာရေမှတ်မှာ ရှိနေဆဲပါ။ ဘာမှ မဖြစ်သေးဘူးတော့ မဖြစ်သေးဘူးပေါ့။

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အားနည်းသလို ရေရှည်အမြင်နဲ့ ကြံစည်လုပ်ဆောင်မှု အပိုင်းမှာလည်း အားနည်းလှပါတယ်။ အစီအစဉ်တကျ ဖွဲ့စည်းလုပ်ဆောင်မှုတွေအပေါ်မှာ အားမသန်လှဘဲ ၀ုန်းခနဲဖြစ်လာတဲ့ အခြေအနေတွေလောက်မှာပဲ စုစည်းမှု အားကောင်းတတ်ကြပါတယ်။ ပြီးရင်လည်း ပြီးသွားတာပါပဲ။ အဲဒီလို အခြေအနေမျိုးတွေဟာ ဆိုင်ကလုန်းနာဂစ်လို အနေအထားမျိုးမှာ အလုပ်ဖြစ်ပေမယ့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အန္တရာယ်ပြု ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်မှုအခြေအနေတွေကိုတော့ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့ လုံခြုံရေးကို ဘယ်လောက်စိုးရိမ်ပူပန်စရာရှိလည်းဆိုရင် ဒေသတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခအချို့ကို ပြန်ပြောင်းသတိရကြမယ်ဆိုရင် အဖြေကထွက်ပါလိမ့်မယ်။

တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေက လူထုလုံခြုံရေးအပေါ် သက်ရောက်မှုရှိတဲ့ အကြမ်းဖက်ပဋိပက္ခတွေကို လက်လှမ်းမီသလောက် တင်ပြပါမယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ဇင်ကျန်း(Xinjiang) ပြည်နယ်မှာ ဒေသခံ အစ္စလာမ်ဘာသာ ကိုးကွယ်ကြတဲ့ Uighurs မျိုးနွယ်တွေနဲ့ ပြောင်းရွှေ့အခြေစိုက်လာတဲ့ ဟန်တရုတ်လူမျိုးများအကြားမှာ ၂၀၀၉ ခုနှစ် ဇူလိုင်လလောက်က အပြန်အလှန် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ လောက်က အသက်ဆုံးရှုံးခဲ့ပါတယ်။ လူ ၁၀၀၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် တိန့်မိန်အိန်ရင်ပြင် အရေးအခင်းနောက်ပိုင်း တရုတ်ပြည်မှာ လူအသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ကမ္ဘာ့မီဒီယာတွေက ဆိုကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ဇင်ကျန်းပြည်နယ်ရဲ့ အချို့ဒေသတွေမှာ ကားဗုံးပေါက်ကွဲမှုလိုမျိုး အများပြည်သူရဲ့လုံခြုံရေးကို အန္တရာယ်ပြုလာတာတွေ ရှိလာပါတယ်။ တရုတ်ပြည်ရဲ့ အခြားမြို့ကြီးတွေကိုပါ လုံခြုံရေးခြိမ်းခြောက်လာနိုင်လို့ အမြဲမပြတ် ဂရုပြုနေရပါတယ်။ ၂၀၀၈ ကလည်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်း(Mumbai)မြို့ တိုက်တိုက်မှုဆိုတာ ကမ္ဘာကျော်ခဲ့ပါတယ်။ အိန္ဒိယရဲ့ အကြီးဆုံးမြို့ကြီးဖြစ်တဲ့ မွမ်ဘိုင်းကို ပါကစ္စတန်ဘက်ကနေ ရေပြင်ကတစ်ဆင့် လေဖြည့်လို့ရတဲ့ မြန်နှုန်းမြင့် မော်တော်ဘုတ်တွေသုံးပြီး ၀င်လာကြတဲ့ မွတ်ဆလင်အကြမ်းဖက်သမား ၁၀ ဦးလောက်က ၀င်ရောက်စီးနင်း တိုက်ခိုက်ကြတာပါ။ အတိုက်ခိုက်ခံရတဲ့ ပစ်မှတ်အားလုံးက အရပ်ဘက်ပစ်မှတ်တွေပါ။ အဲဒီအကြမ်းဖက်သမားတွေဟာ မွမ်ဘိုင်းမြို့ရဲ့ လေး၊ ငါးနေရာလောက်ကို လူစုခွဲပြီး ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။ မြင်မြင်သမျှ လမ်းပေါ် ကလူ၊ အဆောက်အအုံထဲက လူတွေကို ပစ်ခတ်သတ်ဖြတ်၊ အချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး အိန္ဒိယကိုသာမက ကမ္ဘာကြီးကိုပါ တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ တိုက်ခိုက်မှုတွေဟာ ၂၆ နိုဝင်ဘာလ ၂၀၀၈ မှာစတင်ခဲ့ပြီး ၂၉ နိုဝင်ဘာ ၂၀၀၈ မှာ အဆုံးသတ် ခဲ့ပါတယ်။ လေးရက်ကြာခဲ့ပါတယ်။ စာရင်းချုပ်တော့ မွမ်ဘိုင်းက အရပ်သူ၊ အရပ်သား ၁၆၄ ဦး သေဆုံးပြီး အယောက် ၃၀၀ ကျော် လောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ယခုနောက်ဆုံး ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် အာသံ(Assam)ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က အခြေချဝင်လာတဲ့ လူတွေနဲ့ ဒေသခံ ဘိုဒိုတိုင်းရင်းသားတွေကြား အပြန်အလှန် အကြမ်းဖက်မှုတွေကနေ အခုဆို အစွမ်းရောက် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အိန္ဒိယပြည်ရဲ့ မြို့ကြီးအတော်များများမှာ လူထုဆိုင်ရာ လုံခြုံရေးပြဿနာတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ပွားနေပါတယ်။ ၂၀၀၂ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဗုံးပေါက်ကွဲမှုဟာ ဒေသ တွင်း အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို ပြသလိုက်တာဖြစ်ပြီး ဒေသတွင်း၌သာမက အထူးသဖြင့် အနောက်ကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ညကလပ်ကပွဲရုံ ပေါက်ကွဲမှုအတွင်း လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုတွေရဲ့ နောက်ကွယ်က သဘောတရားရေးရာ ဆရာတစ်ဦးအဖြစ် ယူဆခြင်းခံရတဲ့ အစ္စလာမ်ဘာသာ ရေးခေါင်းဆောင်ဟာ နောက်ဆုံးမှာတော့ ထောင်နန်းစံခဲ့ရပြီး အခုသူ့ကို မြန်မာပြည် ရခိုင်ကိစ္စကို အကြောင်းပြုပြီး မီဒီယာတွေမှာ ပြန် တွေ့လာရပါတယ်။ ဒီလူဟာ အင်ဒိုနီးရှားပြည်သူတွေကြားမှာတော့ ရေပန်းစားလှတယ် မဟုတ်ပါဘူး။ ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း အစ္စလာမ်အစွန်းရောက်တွေနဲ့ ထိုင်းလက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ စဉ်ဆက်မပြတ်ရှိနေပြီး ဒေသခံ ဗုဒ္ဓဘာသာဝင် တွေဟာ မကြာခဏဆိုသလို အကြမ်းဖက်ပစ်မှတ်ထား အန္တရာယ်ပြုခြင်း ခံရပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်း (Mindanao) မှာလည်း အစ္စလာမ်ခွဲထွက်ဝါဒီတွေရဲ့ အန္တရာယ်က အမြဲရှိနေပြီး မကြာခဏဆိုသလို ဖိလစ်ပိုင်လူ့အဖွဲ့အစည်းဟာ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ တစ်ဆက်တည်း ဒီနေရာမှာ နိုင်ငံတကာဆက်ဆံရေး သဘောတရားအချို့ကိုလည်း နားလည် သဘောပေါက်ကြဖို့လည်း ပါတယ်။ ဆိုလိုတာက တစ်နိုင်ငံက တစ်နိုင်ငံကို ပြစ်တင်ဝေဖန်ကြတာမှာ နိုင်ငံစုဖွဲ့ အဖွဲ့အစည်းတစ်ခုက အခြားနိုင်ငံတစ်နိုင်ငံကို ၀ိုင်းဝန်းဝေဖန်ကြတာမှာ ဘက်လိုက်မှုတွေ၊ မညီမျှမှုတွေ ရှိနေတတ်တယ် ဆိုတာကိုပါ။ ဥပမာ- တရုတ်ပြည်မှာ ၂၀၀၈ က ဖြစ်ခဲ့တဲ့ ဇင်ကျန်းပြည်နယ် ပဋိပက္ခတွေအတွင်း အစ္စလာမ်ဘာသာဝင် Uighurs အတော်များများ အသက်ဆုံးရှုံးခဲ့ရတယ်။ ပြည်ပအခြေစိုက် Uighurs အဖွဲ့အစည်းတွေကလည်း ကျယ်ကျယ်လောင်လောင် အော်ခဲ့ကြလေရဲ့။ သို့ပေမဲ့ တရုတ်နဲ့စီးပွားရေး၊ ချေးငွေကိစ္စတွေ ယှက်နွယ်နှောင်ကြိုးတင်းထားတဲ့ အစ္စလာမ်ကမ္ဘာကတော့ ငြိမ်ချက်သားကောင်း နှာစေးနေခဲ့ပါတယ်။ အီရန်နိုင်ငံနဲ့ Uighurs တွေနဲ့ သမိုင်းကြောင်းအရ နှီးနွယ်နေတဲ့ တူရကီနိုင်ငံတွေလောက်ကသာ တရုတ်နိုင်ငံအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့တာပါ။ လွန်ခဲ့တဲ့ လအနည်းငယ်က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အာသံကိစ္စမှာလည်း ပြင်ပမွတ်ဆလင်နိုင်ငံတွေဆီက ဝေဖန်သံဆိုတာ ကျယ်ကျယ်လောင်လောင် မကြားရပါဘူး။ အိန္ဒိယကလည်း နိုင်ငံကြီးလေ။ ဒီတော့ ဒီလိုဖြစ်စဉ်တွေအပေါ်မှာ တရားတယ်၊ မတရားဘူး၊ မျှတတယ်၊ မမျှတဘူး၊ ဘက်လိုက်တယ်၊ မလိုက်ဘူး ဆွေးနွေးငြင်းခုံနေတာထက် ကိုယ့်ဘက်က ကိုယ်တာကိုယ်လုံဖို့တော့ လိုပါတယ်။ ကိုယ့်လုံခြုံရေး ကိုယ်ပဲလုပ်ကြရမှာပါ။ ဒါဟာ ကြိုတင်ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်။ အရေးပေါ် အကြမ်းဖက်တုံ့ပြန်ရေးအဖွဲ့တွေ၊ ဖောက်ခွဲပစ္စည်း ရှင်းလင်းရေးအဖွဲ့တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ အရေးပေါ်ကုသရေးအဖွဲ့တွေ၊ စုရပ်နေရာတွေ၊ ဆေးရုံ ဆေးခန်းနေရာတွေ၊ ဆေးရုံကားတွေ၊ မီးသတ်ကားတွေ၊ လမ်းရှင်းလင်းရေးအဖွဲ့တွေ လိုအပ်လျှင် ရဟတ်ယာဉ်တွေတောင် အသင့် သုံးနိုင်ဖို့ စီစဉ်ပြင်ဆင်ထားရပါမယ်။ ကျောင်းတွေ၊ ရုံးတွေမှာလည်း ဆရာ၊ ဆရာမတွေကတစ်ဆင့်၊ တာဝန်ရှိသူတွေကတစ်ဆင့် အကြမ်း ဖက်အန္တရာယ်နှင့် ပတ်သက်ပြီး အချိန်ပိုင်း ရှင်းလင်းဆွေးနွေးတာတွေ၊ ပညာပေးတာတွေ၊ ကြိုတင်လေ့ကျင့်မှုတွေ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်ပါတယ်။ အကယ်၍ အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်ခဲ့ဖူးဆိုရင်တောင် ဒီလိုလေ့ကျင့် ကြိုတင် ပြင်ဆင်မှုတွေဟာ ရေဘေး၊ လေဘေး၊ မြေငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကာကွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ အဖြစ် အသုံးဝင်နိုင်ပါတယ်။ ဒီမှာ အရေးကြီးတာတစ်ခုက အခုလို ပြင်ဆင်မှုတွေ၊ ဆွေးနွေးပို့ချမှုတွေဟာ အကြမ်းဖက်အန္တရာယ်ကို ကြိုတင်ကာကွယ်ခြင်း အတွက်သာဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးခွဲခြားမှု၊ လှုံ့ဆော်မှုတွေ မပါဖို့ကိုတော့ အထူးသတိပြုရပါလိမ့်မယ်။ ဒေသတွင်း နိုင်ငံတွေမှာလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာပြီဆိုလျှင် အဓိကခံကြရတာ မြို့နေလူထုတွေပါ။ အဲဒီထဲမှာ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဘာလီတိုက်ခိုက်မှုမှာ အဓိကသေဆုံးခဲ့ကြတာ အနောက်နိုင်ငံသားတွေ ဆိုပေမယ့် မနည်းလှတဲ့ မွတ်ဆလင်ဘာသာဝင် အင်ဒိုနီးရှားလူမျိုးတွေလည်း ပါခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတိုက်ခိုက်မှုမှာလည်း သေနတ်သမားတွေက မြင်မြင်သမျှ ပစ်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့သူတွေထဲမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါခဲ့ပါတယ်။ ဒီတော့ အကြမ်းဖက်မှုကာကွယ်ရေးဆိုတာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအတွက် ဖြစ်ပါတယ်။

အခုဆိုရင် ကမ္ဘာ့အစ္စလာမ်နိုင်ငံအချို့က မြန်မာပြည်က မွတ်ဆလင်ဒုက္ခသည်တွေအတွက် ငွေကြေးထောက်ပံ့ကူညီမယ်လို့ ပြောလာ ကြပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံကဆို အမေရိကန်ဒေါ်လာ သန်း ၅၀ လောက်အထိ လှူမယ်ဆိုပါတယ်။ ဒုက္ခရောက်နေတဲ့သူတွေကို လှူဒါန်းတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ။ ဒါပေမဲ့ ဒီအလှူငွေတွေဟာ လိုအပ်နေတဲ့လူတွေဆီ မှန်မှန်ကန်ကန်  တည့်တည့်မတ်မတ် ရောက်သွားဖို့ အရေးကြီးပါတယ်။ အဲဒီလိုမှ ရောက်မသွားဘဲ မြန်မာနိုင်ငံအပေါ် ရန်လိုတဲ့ အစွန်းရောက်အဖွဲ့ အစည်းတွေဆီ ရောက်သွားခဲ့မယ်ဆိုရင် အန္တရာယ်များလှပါတယ်။ အစွန်းရောက်အဖွဲ့အစည်း အများအပြားရဲ့ ရန်ပုံငွေတွေဟာ ယခုလို လှူဒါန်းမှုမျိုး တွေကတစ်ဆင့် ရရှိတတ်ကြတယ်ဆိုတာ နားလည်ကြဖို့ လိုပါတယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံအတွက် ဒီလုံခြုံရေးပြဿနာဟာ ဘယ်လောက်အရေးကြီးမယ်ဆိုတာ နားလည်ကြမယ်ထင်ပါတယ်။ အကောင်းဆုံးက ပြဿနာကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ပါ။ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတစ်ခုရှာဖို့ပါ။ အဲဒီအတွက်လည်း နိုင်ငံတော်က အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ ဆိုခဲ့သလို ဒီပြဿနာ မျိုးဆိုတာ ရှင်းလေရှုပ်လေ ဖြစ်တတ်ပြီး အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်ပါတယ်။ အချိန်က ကုစားပါလိမ့်ဆိုပေမယ့် အချိန် က ပိုမိုဆိုးရွားသွားစေတာမျိုးလည်း ရှိပါတယ်။ ဒီတော့ ဟိုပြော၊ ဒီပြော အချိန်သိပ်အကုန်ခံမနေကြဘဲ ပြည်သူလူထုလုံခြုံရေးအပိုင်းကို ထိထိမိမိ ၀ိုင်းဝန်းစဉ်းစားကြဖို့ လိုပါတယ်။ ဒီခေတ်က အိုင်တီခေတ်ပါ။ ကိုယ့်မြို့ကိုယ်ရွာ ဘယ်နေရာ ဘယ်အဆောက်အအုံကိုမဆို၊ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို၊ အင်တာနက်ကတစ်ဆင့် ကောင်းကင်ကနေ လမ်းပေါ်မှာ ရပ်ထားတဲ့ ကားနံပါတ်အထိ ကြည့်လို့ရပါတယ်။

ဆိုကြပါစို့။ ဥပမာ အိန္ဒိယမှာလို၊ တခြားကမ္ဘာ့ဒေသတွေမှာလို အကြမ်းဖက်သမားတွေက မြန်မာပြည်ရဲ့ နေရာတစ်ရပ်ရပ်မှာ အကြမ်းဖက် တိုက်ခိုက်လာကြပြီဆိုပါစို့။ ဘယ်လိုကိုင်တွယ်ကြမလဲ။ ဘယ်လိုတုံ့ပြန်ကြမလဲ။ မြန်မာတွေဟာ မေ့တတ်ပါတယ်။ အတိတ်ကို သင်ခန်းစာယူခဲပါတယ်။

အကယ်၍ 'IF' ဆိုတာမျိုးကို ကျွန်တော်တို့ များများစဉ်းစားရပါမယ်။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း မျှော်လင့်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။     ။

အောင်အောင်(IR)
7Day News Journal
အတွဲ (၁၁)၊ အမှတ်(၃၂)

No comments: