ဗုဒ္ဓစာပေသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အမြတ်ဆုံး တရားရတနာဖြစ်သည်။
ဗုဒ္ဓဟောကြားခဲ့သော တရားတော်ကို ဗုဒ္ဓဘာသာဝင်တိုင်း ယုံကြည်ကြသည်။ ရိုသေလေးစားကြသည်။
လိုက်နာကျင့်ကြံကြသည်။ တတ်နိုင်သမျှ သဘောပေါက်အောင် လေ့လာ ဖတ်ရှုကြပါသည်။ သို့သော် စာရေးသူ
သီရိလင်္ကာနိုင်ငံတွင် နေထိုင်စဉ်က ဗုဒ္ဓစာပေကို မယုံကြည်ပါဘူး ဟုဆိုလာသူ တစ်ယောက်နှင့်
တွေ့ခဲ့ရ၏။ သူမ သည် ဗုဒ္ဓဘာသာဝင်မဟုတ်သဖြင့်လွတ်လပ်စွာဝေဖန်ပြောဆိုနိုင်ပါသည်။ ထို့အတူ
စာရေးသူသည်လည်း ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးဖြစ်သောကြောင့် တတ်နိုင်သမျှပြန်လည် ဖြေရှင်းရန်တာဝန်ရှိလာပါသည်။
သူမသည် ချမ်းသာသော အာရှနိုင်ငံတစ်ခုမှဖြစ်သည်။ သီရိလင်္ကာသို့
လုပ်အားပေးတာဝန်ဖြင့် ရောက်ရှိထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်ပါသည်။ စာရေးသူ၏ အတန်းဖော်မိတ်ဆွေမလေးက
ခေါ်လာသဖြင့် စာရေးသူနေထိုင်ရာ ကိုလံဘိုမြို့ မကုဋာရာမကျောင်းသို့ ရောက်လာခဲ့သည်။ ဖော်ရွေသူ၊
ရင်းနှီးပွင့်လင်းသူ၊ ပျော်ရွှင်စွာ နေတတ်သူဖြစ်ကြောင်း အကဲခတ်မိသည်။ ရောက်တတ်ရာရာ ပြောဆို
ကြပြီး အပြန်တွင် "အိန္ဒိယကို အလည်သွားဦးမယ်၊ မှာစရာရှိရင် မှာပါ" ဟုပြောလာသည်။
"အိန္ဒိယရောက်ရင် ဗုဒ္ဓဂယာသို့ရောက်အောင် သွားပါလား" ဟုပြောသည်တွင် "ဘာရှိလို့လဲ"
ဟုမေးသည်။ စာရေးသူက "ဗုဒ္ဓနှင့်ပတ်သက်သော အထွဋ်အမြတ်နေရာတစ်ခုဖြစ်သည်။ စေတီပုထိုးများ
ရှိပါသည်" ဟုပြောရာ "ကျွန်မ အိန္ဒိယသွားမှာက မြို့တော်ဒေလီရယ်၊ သာယာလှပတဲ့
ဘုံဘေမြို့ရယ်ကိုပါ။ ဗုဒ္ဓဘာသာ ၀င်တစ်ယောက် မဟုတ်လို့ ဗုဒ္ဓဂယာတော့ ရောက်ချင်မှရောက်မယ်"
ဟုပြောသဖြင့် ဘာသာခြားတစ်ယောက်ပါလားဟု သတိပြုမိ လိုက်သည်။
စာရေးသူလည်း မေ့မေ့ပျောက်ပျောက်နေခဲ့ရာ တစ်လကျော်ကျော်ခန့်အကြာတွင်
မိတ်ဆွေအမျိုးသမီးက မစ္စ....တစ်ယောက်အကြီး အကျယ်ပူဆွေးသောကရောက်နေတယ်။ ကူညီပြီးသက်သာအောင်ပြောပေးပါလား၊ခုလာခဲ့မယ်
ဟုဖုန်းဆက်ပါသည်။ သိပ်မကြာခင်ပင် သူတို့နှစ်ယောက်စာရေးသူ၏အခန်းသို့ရောက်လာကြသည်။
မစ္စ.....ကိုကြည့်ရသည်မှာ အရင်တစ်ခေါက်နှင့် မတူဘဲအများကြီးပြောင်းလဲသွားသဖြင့်
အံ့အားသင့်မိပါသည်။ သိသိသာသာ ပိန်ချုံး သွားသော ခန္ဓာကိုယ်၊ ငိုထားသဖြင့် မို့မောက်နေသော
မျက်ခွံ၊ နီရဲနေသော မျက်လုံးတို့ဖြင့် သနားစရာပင်ကောင်းလှသည်။ သွက် လက်သော အမူအရာများလည်းပျောက်သွားလေပြီ။
နဂိုက အရှည်ထားသောဆံပင်ကိုလည်း ခေါင်းတုံးရိတ်ထားသဖြင့် မြင်ရသည်မှာ တစ်မျိုးကြီးဖြစ်နေသည်။
"လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူ့ချစ်သူ ကားချင်းတိုက်ပြီး
ဆုံးသွားတယ်။ ဟိုနိုင်ငံကနေ တယ်လီဖုန်းဆက်ပြီး အကြောင်းကြားတယ်။ အဲဒီသတင်း ကြားပြီးကတည်းက
ငိုနေလိုက်တာ၊ မရပ်တော့ဘူး။ အစားအသောက်လည်း မစားဘူး။ ကြာရင် ဒုက္ခရောက်တော့မယ်၊ အရှင်ဘုရား
သက်သာအောင်ပြောပေးပါဦး"
စာရေးသူ မိတ်ဆွေကတော့ အားကိုးတကြီးပြောလာလေပြီ။ သူမရောက်လာတိုင်း
ဗုဒ္ဓဘာသာအကြောင်း ပြောပြနေကျဖြစ်၍ အထင် ကြီးဟန်တူသည်။ တကယ့်အရေးတွင်မှအားမကိုးရဘူးဆိုလျှင်
စာရေးသူ သိက္ခာကျတော့မည်။ ဗုဒ္ဓဘာသာကိုလည်း အထင်ကြီးတော့ မည်မဟုတ်။ သူမက ဘယ်လိုခံစားနေရသည်ကို
သိမှသာ အကျိုးအကြောင်း ပြောနိုင်ပေမည်။ ထို့ကြောင့် -
"မင်းက မင်းရဲ့ချစ်သူကို အတော်ချစ်တယ် ထင်တယ်"
ဟုစကားထောက်ကြည့်လိုက်သည်။
သူမကလည်း သူတို့နှစ်ယောက် အလွန်ချစ်ကြကြောင်း၊ ဒီကပြန်လျှင်
အတူနေလက်ထပ်ရန် စီစဉ်ထားကြောင်း၊ ပြန်ဖို့လည်း နှစ်လ ခန့်သာလိုတော့ကြောင်း၊ မသေခင်သုံးနာရီလောက်တွင်
ဖန်းဆက်သေးကြောင်း မျက်ရည်ကျရင်းပြောပါသည်။
"ကျွန်မအနေနဲ့ သူသေသွားပြီဆိုတာ ယုံကိုမယုံဘူး။ သူရှိနေသေးတယ်လို့ပဲ
စိတ်ထဲ ထင်နေတယ်။ သူ့အလောင်းကို သင်္ဂြိုဟ်လိုက်ပြီ။ ကျွန်မ ပြန်သွားရင်တောင် သူ့ကိုမတွေ့နိုင်တော့ဘူးတဲ့။
ကျွန်မ ဘယ်လိုလုပ်ပြီး လက်ခံလို့ ရမှာလဲ"
သူမအနေဖြင့် စက္ကန့်မလပ် ပြောင်းလဲနေသော သင်္ခါရသဘောတရားများကို
မသိမြင်ပါ။ မထင်မှတ်ဘဲဖြစ်တတ်သော သေခြင်းသဘော ကိုလည်း သဘောပေါက်ဟန်မတူပါ။
"မင်းအနေနဲ့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မင်းချစ်သူကတော့
အမှန်တကယ်သေသွားပါပြီ။ ဘယ်လိုပဲ ပူဆွေးဝမ်းနည်း နေပေမဲ့ ပြန်ရှင်မလာတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ်
ဂရုစိုက်ပါ။ ကျန်းမာရေး ထိခိုက်အောင် မလုပ်ပါနဲ့။ လူ့ဘ၀မှာသူမရှိတော့ပေမဲ့ မင်းက ဆက်ပြီးလူ့ဘ၀မှာ
နေရဦးမယ်။ မငိုနဲ့လို့တော့ မပြောပါဘူး။ ဒါပေမဲ့ မင်းငိုပေမဲ့ သူက သိချင်မှ သိတော့မှာ"
စာရေးသူ၏စကားကို သူမက သဘောမကျနိုင်ပေ။ အသိအမြင် ဗဟုသုတချင်းကလည်း
ကွာခြားသည် မဟုတ်ပါလား။
"သူ ဘာဖြစ်လို့ မသိရမှာလဲ။ သူသေပြီးရင်တောင် သူ့ဝိညာဉ်က
ကျွန်မအနားမှာ အမြဲရှိနေမယ်။ ကျွန်မ သူ့အတွက် ၀မ်းမနည်းဘဲ ပျော်ပျော်ရွှင်ရွှင်နေရင်
သူ တမလွန်ဘ၀က စိတ်ဆိုးနေမှာပေါ့၊ သူ သိနေတယ် မဟုတ်လားဟင်"
"အဲဒီလိုတွက်ရင် မင်းမှားနေမှာပေါ့။ မင်းငိုနေလို့
သူသိချင်မှ သိတော့မယ်လို့ ငါရဲရဲကြီး ပြောရဲတယ်။ တို့ဗုဒ္ဓစာပေအရ လူတစ်ယောက် သေပြီးရင်
ပြန်ဖြစ်နိုင်တဲ့ဘ၀ ငါးမျိုးရှိတယ်။ နတ်ဘ၀၊လူ့ဘ၀၊ငရဲသားဘ၀၊ပြိတ္တာဘ၀၊ တိရစ္ဆာန်ဘ၀တဲ့။
အဲဒီအထဲမှာ နတ်ဖြစ်၊ပြိတ္တာဖြစ် နေရင်တော့ မင်းငိုနေတာ သူသိချင်သိလိမ့်မယ်။ တကယ်လို့
လူပြန်ဖြစ်၊ ငရဲကျ၊ တိရစ္ဆာန်ဖြစ်နေရင်တော့ မသိတော့ဘူး။ မင်း စဉ်းစား ကြည့် လူဖြစ်ရင်လည်း
ဘ၀သစ်က အမိဝမ်းမှာ ရက်သားပဲ ရှိဦးမယ်။ တိရစ္ဆာန်ဆိုလည်း ဒီအတိုင်းပဲ။ ငရဲကျနေရင်တော့
ခံစားရတဲ့ဒုက္ခ တွေ များလွန်းလို့ သူမင်းကို သတိတောင် ရနိုင်မှာ မဟုတ်ဘူး။ မှန်တာပြောရရင်
ဘ၀ခြားသွားတဲ့သူနှစ်ယောက်ပြန် ဆက်စပ်မိဖို့ဘဲ ခဲယဉ်းလွန်းပါတယ်"
သူမကစာရေးသူ၏စကားကိုအသေအချာနားစိုက်ထောင်နေသဖြင့် သဘောပေါက်
လက်ခံသွားပြီဟု ထင်မိသည်။ သို့သော် သူမက ဆက်ပြောသော စကားများကြောင့် စာရေးသူမှာ အောင့်သက်သက်
ဖြစ်သွားရသည်။
"အရှင်ဘုရား ဒါတွေ ဘယ်လိုလုပ်ပြီး သိတာလဲ"
"တို့ဆရာ ဗုဒ္ဓဟောခဲ့လို့ သိတာပေါ့။ ဒီအကြောင်းတွေ
ဗုဒ္ဓစာပေမှာ ရှိနေတယ်။ ကျက်မှတ်လေ့လာထားလို့ သိတာပေါ့" ဟု စာအုပ်စင် ကြီးကို လက်ညှိုးထိုးပြကာ
ပြောလိုက်ပါသည်။
"အရှင်ဘုရား ဗုဒ္ဓစာပေဆိုတာ ဒီစာအုပ်တွေကို ပြောတာမဟုတ်လား။
စာအုပ်တွေကို ဘယ်လိုယုံရမှာလဲ။ မှန်မမှန် ဘယ်လိုသိမှာလဲ။ အရှင်ဘုရားကကော မှန်တယ်လို့
အာမခံနိုင်သလား" ဟုစောဒကတက်ကာ ပြောလာတော့သည်။
လာပြန်ချေပြီ။ တစ်ခုရှင်းလို့မျှ မပြီးသေး တစ်ခုဆင့်လာပြန်သည်။
သူမက လွယ်လွယ်ပြောသော်လည်း အရေးကြီးလှသည်။ မယုံကြည် သူကို မည်သို့ပြောရမည်နည်း။ ယုတ္တိနည်းကျကျ
မငြင်းနိုင်အောင် ဖြေဆိုမှသာ လက်ခံလိမ့်မည်။ဒီလိုအမေးမျိုးမြန်မာပြည်မှာ နေစဉ်က တစ်ခါမျှ
အမေးမခံခဲ့ရ။ အတူပါလာသူမိတ်ဆွေကလည်း ဘာပြောမည်နည်းဟု အကဲခတ်နေသည်။ သူတို့နှစ်ယောက်စလုံး
ဗုဒ္ဓစာပေကို လေ့လာဖူးသူများ မဟုတ်ကြ။ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြ။ မိမိက ကျေနပ်လက်ခံအောင်
ရှင်းပြနိုင်လျှင် သူတို့ဗုဒ္ဓဘာသာကို စိတ်ဝင် စားလာကြလိမ့်မည်။
"မင်းတို့က ဗုဒ္ဓအဆုံးအမနဲ့မထိတွေ့ဖူးတော့ မယုံကြည်ကြဘူးပေါ့။
ဗုဒ္ဓစာပေဆိုတာ စာအုပ်ထဲရောက်နေတဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေပါပဲ။ ရှေးတုန်းကတော့ နှုတ်တက်အာဂုံဆောင်ပြီး
ဆရာကနေ တပည့်ကို လက်ဆင့်ကမ်းပေးခဲ့ကြတယ်။ ခုမှ အလွယ်တကူလေ့လာနိုင်အောင် စာအုပ်ထဲ ပုံနှိပ်ဖော်ပြခဲ့တာပေါ့။
အကြိမ်ကြိမ်လည်း စစ်ဆေး သုတ်သင်ပြီးသားပါ"
"မှန်မမှန်သိနိုင်တဲ့နည်းပေးပါမယ်။ ကိုယ်တိုင်မှန်တယ်ဆိုမှ
လက်ခံယုံကြည်ပေါ့။ တိုပေ၊ကျဉ်းပေမဲ့လို့ ဗုဒ္ဓစာပေ တစ်ရပ်လုံးကို ကိုယ်စား ပြုတဲ့ အဆုံးအမလေးတစ်ခုက
-
'သဗ္ဗပါပဿ
အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊ သစိတ္တ ပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ' တဲ့။
၁။
မကောင်းမှုမှန်သမျှ မလုပ်နဲ့။
၂။
ကောင်းတာတွေကို ဆတက်ထမ်းပိုး တိုးပြီးလုပ်ပါ။
၃။
မိမိစိတ်ကို ဖြူစင်သန့်ရှင်းအောင်ထားပါတဲ့။"
" ဒီအထဲမှာ မကောင်းမှုဆိုတာက သူတစ်ပါးအသက်ကို သတ်ခြင်း၊
သူတစ်ပါးဥစ္စာ မတရားယူခြင်း၊ ကာမဂုဏ်ကို လွန်ကျူးလိုက်စားခြင်း ဆိုတဲ့ ကိုယ်နဲ့ပြုတဲ့
ကာယကံသုံးမျိုးပါ။ လိမ်ညာပြောဆိုခြင်း၊ချစ်ခင်သူတွေမုန်းသွားအောင် ကုန်းစကားပြောဆိုခြင်း၊
ကြမ်းတမ်းရိုင်းစိုင်း တဲ့ စကားတွေကိုပြောခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ နှုတ်နဲ့ပြောတဲ့
ဝစီကံလေးပါး။ သူများစည်းစိမ်ကို မမှန်မကန်လိုချင်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း၊ အမှန်မသိခြင်းဆိုတဲ့
မနောကံသုံးပါး။ အားလုံးပေါင်း ဆယ်ပါးပါဝင်တယ်။
ဒီအထဲမှာ ကောင်းတာတစ်ခုမှ မပါဘူး မဟုတ်လား။ ကိုယ့်အတွက်ရော သူများအတွက်ရော ဘာတစ်ခုမှ
မကောင်းလို့ တို့ဗုဒ္ဓက မလုပ်ကြပါနဲ့လို့ပြောခဲ့တာပါ။"
"တည်ငြိမ်အေးချမ်းတဲ့ လူတစ်ယောက်ရဲ့ဘ၀ကို ကုန်ကုန်ပြောရရင်
လူ့လောကကြီးတစ်ခုလုံးကို ပျက်စီးသွားစေနိုင်တာတွေဖြစ်လို့ မကောင်းမှုလို့ပြောတာပါ။ မင်းတို့ကိုယ်တိုင်စဉ်းစားပြီးဖြေ။
ကောင်းသလား၊ မကောင်းဘူးလား၊လုပ်သင့်သလား၊ မလုပ်သင့်ဘူး လားဆိုတာ"
"မကောင်းပါဘူး၊ မလုပ်သင့်ပါဘူး"
"ဒါဆို နံပါတ်(၂)အချက်ကို ပြောပြမယ်။ စောစောကပြောခဲ့တဲ့မကောင်းမှုတွေရဲ့
ဆန့်ကျင်ဘက်ဖြစ်တဲ့ ကောင်းတာတွေကိုလုပ်ပါ။ ပေးကမ်းစွန့်ကြဲပါ။ ကိုယ်ကျင့်တရား ထိန်းသိမ်းပါ၊
ဒုက္ခရောက်သူတွေကို ကူညီစောင့်ရှောက်ပါ ဆိုတာတွေဟာ ကောင်းသလား၊ မကောင်းဘူးလား၊ လုပ်သင့်သလား၊
မလုပ်သင့်ဘူးလား၊ ကြိုက်သလိုဖြေပါ"
"ကောင်းပါတယ်၊ လုပ်သင့်ပါတယ်"
"နံပါတ်(၃)အချက်အနေနဲ့ စိတ်ကိုဖြူစင်အောင်ထားဆိုတာအလွယ်ပြောရရင်
သူများ မကောင်းကြံတဲ့စိတ်၊ မရိုးသားကောက်ကျစ်တဲ့ စိတ်၊ မနာလိုဝန်တိုတဲ့စိတ်၊ သတ်ဖြတ်ညှင်းဆဲချင်တဲ့စိတ်တွေ
မဖြစ်အောင်ထိန်းသိမ်းပြီးတော့ ဖြူစင်သန့်ရှင်းတဲ့စိတ်၊ ကောင်းကျိုးလို လားတဲ့ စိတ်မျိုးတွေ
ဖြစ်နေအောင် ကြိုးစားပါလို့ တို့ဗုဒ္ဓက ဟောခဲ့ပါတယ်"
"မင်းတို့အနေနဲ့ ကိုယ်တိုင်ဆုံးဖြတ်ပါ။ ဒါတွေဟာ ဗုဒ္ဓအဆုံးအမတွေပါပဲ။
ဗုဒ္ဓစာပေထဲမှာ ဒါမျိုးတွေ အများကြီးရှိပါတယ်။ ဒါ့ထက် ကောင်းတာတွေလည်း အများကြီးပါပဲ။
မင်းတို့အနေနဲ့ ဘယ်လို သဘောရသလဲ မှန်မမှန်ပေါ့"
" မှန်ပါတယ်၊ လက်ခံစရာလည်း ကောင်းပါတယ်"
စာရေးသူသည် သူတို့နားလည်လောက်မည့် ဗုဒ္ဓအဆုံးအမများကို ရွေးချယ်ကာ
ရှင်းပြလိုက်ပါသည်။ သူတို့လည်း သဘောကျလက်ခံ သွားသည်။ ၀မ်းနည်းပူဆွေးနေသူလည်း အနည်းငယ်
သက်သာသွားဟန်ရှိသည်။ ဒါပေမဲ့ သူတို့ကိုပြောလိုက်သည်မှာ ဗုဒ္ဓဘသာဝင် မှန်သမျှ သိထားကြသော
အနည်းငယ်သော တရားလေးသာ ဖြစ်ပါတော့သည်။
ဓမ္မဒူတ
ဒေါက်တာ အရှင်ပညိဿရ
B.A
(Myanmar), M.A (Srilanka), Ph.D (India).
Note:
ဒေါက်တာ အရှင်ပညိဿရ - ဘာသာမဲ့သူလေး တရားစာအုပ်ငယ်လေးမှ
No comments:
Post a Comment