Monday, October 22, 2012

ကောက်ညှင်းထုပ် နှင့် မုန့်ဦးနှောက်


ကျွန်တော်တို့ မန္တလေးမှာလေ နေ့ခင်းပိုင်းဆိုရင် စစ်ကိုင်းဘက်က နို့နှင့်နို့ထွက်မုန့်တွေ မြန်မာမှုမုန့်လေးတွေကို ခေါင်းရွက်ဗန်းနဲ့ လာရောင်းတဲ့ ဈေးသည်လေးတွေရှိပါတယ်။ ဆန်မုန့်၊ မုန့်ဦးနှောက်၊ မုန့်ဖက်ထုပ်၊ထန်းသီးမုန့်၊ကောက်လှိုင်းကြည်မုန့်၊ မုန့်လိပ်ပြာ စတဲ့မုန့်လေးတွေပါတာပေါ့နော်။ ကျွန်တော်ကတော့ ကလေးတွေအတွက်ပဲဆိုဆို နို့ထမင်းပျစ်ပျစ်ကို ထန်းလျက်ရည်နဲ့စားရတာ အကြိုက်ဆုံးပါပဲ။
အခု သူငယ်ချင်းတို့လည်းအလွယ်တကူလုပ်စားလို့ရမယ် သိပ်လည်းလက်မ၀င်တဲ့ ကောက်ညှင်းထုပ်နဲ့ မုန့်ဦးနှောက် မုန့်နှစ်မျိုး လုပ်စားတဲ့နည်းလေးတွေကိုဝေမျှလိုက်ပါတယ်။

ကောက်ညှင်းထုပ်
ပါဝင်သောပစ္စည်းများ
ကောက်ညှင်းဆန် - နို့ဆီဘူး နှစ်ဘူး
ငှက်ပျောသီး - တစ်ဖီး
အုန်းသီး - တစ်လုံး
ငှက်ပျောဖက်နှင့် ကြိုး

ကောက်ညှင်းထုပ်လုပ်နည်း
-       ကောက်ညှင်းကို နှစ်နာရီခန့် ရေစိမ်ပြီးနောက် ရေကို သွန်လိုက်ပါ။ (ရေကို ကုန်အောင်မသွန်ပါနှင့်)
-       ငှက်ပျောသီးများကို ထက်ခြမ်းခြမ်း၍ထား။
-       ငှက်ပျောဖက်ကို နေလှန်း၍ ရေဆေးထားပါ။
-       ငှက်ပျောဖက်ပေါ်တွင် ကောက်ညှင်းကို စတီးဟင်းခတ်ဇွန်းနှင့် မောက်မောက်နှစ်ဇွန်း ဖြန့်ထည့်၍ အပေါ်တွင် ငှက်ပျောသီး အခြမ်းတင်ပြီး ထုပ်ပါ။ ၄င်းနည်းအတိုင်း အထုပ်နှစ်ထုပ်ရလျှင် နှစ်ထုပ်ကို ပူး၍ နှီးဖြင့်သုံးချက်ခန့် တင်းတင်းချည်ပါ။ဤကဲ့သို့ အထုပ်များရသလောက် ထုပ်ပါ။
-       ကောက်ညှင်းထုပ်မြှုပ်ပြီး အပေါ်တွင် ငါးလက်မခန့်တက်အောင်ရေထည့်ပြီး မီးဖိုပေါ်တွင် သုံးနာရီခန့်ကြာအောင်ပြုတ်ပါ။ အချိန်စေ့လျှင် နူးနပ်သောကောက်ညှင်းထုပ်များကိုအိုးမှထည့်၍ ဖက်မှဖြေပြီးလျှင် အုန်းသီးဖြူး၍ စားသုံးနိုင်ပါသည်။

မုန့်ဦးနှောက်
ပါဝင်သောပစ္စည်းများ
ဆန်  - နို့ဆီဘူး လေးဘူး
အုန်းသီး - တစ်လုံး
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
သကြား - ၃၀ ကျပ်သား

မုန့်လုပ်နည်း
-       ဆန်ကို တစ်ညရေစိမ်ပြီးကြိတ်ပါ။ အိတ်ဖြင့်ထည့်၍ အလေးတစ်ခုခုဖြင့်ဖိထားပြီး ရေစစ်ပါ။
-       အုန်းသီးကိုခြစ်၍ အုန်းနို့ညှစ်ထားပါ။
-       ဆား၊ အုန်းနို့ရည်နှင့် မုန့်နှစ်ရော၍ဖျော်ပါ။
-       မီးဖိုပေါ်တွင်တင်၍ ကျိုပါ။ ကျိုနေစဉ် မွှေပေးပါ။
-       မုန့်ကျက်လျှင် အဆင့်သင့်ပြင်ထားသော ဗန်းထဲသို့လောင်းထည့်ပြီး အအေးခံထားပါ။
-       အေးလျှင် အတုံးတုံး၍ သကြားဖြူးပြီး သုံးဆောင်နိုင်ပါသည်။

စာကြွင်း   ။ အဒေါ်အပျိုကြီးရဲ့ မှတ်စုစာအုပ်ထဲမှကူးယူဖော်ပြသည်။

No comments: