Thursday, October 4, 2012

မင်္ဂလာဆောင် ပွဲတက် ဧည့်သည်များအတွက် ကျင့်ဝတ်


ဝါကျွတ်ပြီဆိုတော့ မင်္ဂလာဆောင် ဖိတ်စာတွေ တစ်ခုပြီးတစ်ခု ရောက်လာတော့မှာပါ။ မင်္ဂလာဆောင်သွားဖို့ ပြင်ဆင်နေသူတွေအတွက် မင်္ဂလာပွဲတက် ဧည့်သည်ကျင့်ဝတ်တွေကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

Do
ဖိတ်စာထဲမှာ RSVP ပါရင် ကြိုအကြောင်းကြားပါ
များသောအားဖြင့် မြန်မာမင်္ဂလာဧည့်ခံပွဲတွေမှတော့ မပါတတ်ပါဘူး။ မင်္ဂလာညစာစားပွဲတွေ၊ သံရုံးဧည့်ခံပွဲတွေမှာဆိုရင်တော့ ဖိတ်စာထဲ မှာ RSVP ဆိုပြီး ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလ်လိပ်စာပါတတ်ပါတယ်။ ပွဲတက်ရောက်ဖြစ်ကြောင်း ကြိုအသိပေးစေလိုတာကြောင့်ပါ။ ဒါမှလည်း တက်ရောက်မယ့် လူအရေအတွက်ကို ပွဲရှင်က ကြိုမှန်းလို့ရမှာပါ။ RSVP (Regrets Only) ဆိုတာကတော့ မတက်ရောက်ဖြစ် မှ ကြိုအကြောင်းကြားရမှာပါ။ တက်ရောက်ဖြစ်မယ်ဆိုရင် ဆက်သွယ်စရာမလိုပါဘူး။ RSVP ကြိုအကြောင်းကြားရာမှာလည်း ပေးထားတဲ့ Deadline မတိုင်ခင်မှာ အကြောင်းကြားပေးဖို့ လိုပါတယ်။

Don't
မင်္ဂလာပွဲကို လူပိုတွေ ခေါ်မလာပါနဲ့
ပွဲရှင်တွေဟာ ဖိတ်စာတစ်စောင်ကို လူနှစ်ယောက်နှုန်းသာ သတ်မှတ်ပြီး ထိုင်ခုံတွေကို စီစဉ်ထားတာပါ။ ဒါကြောင့် မင်္ဂလာပွဲတက်ရင် အများဆုံးနှစ်ယောက်သာတက်ပါ။ ကလေးတွေကို ခေါ်မလာပါနဲ့။ ဒါပေမဲ့ ပွဲရှင်တွေနဲ့ ဆွေမျိုးတော်စပ်လို့ပဲဖြစ်ဖြစ် ၊ တစ်မိသားစုလုံး လာပါလို့ အတန်တန်မှာပြီး ဖိတ်ရင်တော့ ကလေးတွေကိုပါခေါ်သွားနိုင်ပါတယ်။

Do
အသုံးဝင်မယ့် မင်္ဂလာလက်ဖွဲ့ပေးပါ
နိုင်ငံခြားမှာတော့ မင်္ဂလာမောင်နှံက သူတို့လိုအပ်တဲ့ပစ္စည်းတွေကို စာရင်းနဲ့ပြုလုပ်ထားပြီး မင်္ဂလာဆောင်လာမယ့် ဧည့်သည်တွေကို ကြိုအသိပေးထားပါတယ်။ ဒါမှ ဧည့်သည်တွေက လိုအပ်တာတွေကို ၀ယ်ပေးနိုင်မှာပါ။ ဒီမှာကတော့ အဲဒီလို စာရင်းမထုတ်ထားပေမယ့် မင်္ဂလာမောင်နှံက ကိုယ်နဲ့ရင်းနှီးရင် သူတို့ဘာလိုချင်လဲ၊ ဘာလိုအပ်နေလဲ ကြိုမေးနိုင်ပါတယ်။ ကိုယ်တတ်နိုင်ရင်လည်း တစ်ယောက် တည်းဝယ်ပေးနိုင်ပြီး မတတ်နိုင်ရင် တခြားမိတ်ဆွေတွေနဲ့ပေါင်းပြီး လက်ဖွဲ့နိုင်ပါတယ်။ ဘာလက်ဖွဲ့ရမှန်း မသိဖြစ်နေရင် ပိုက်ဆံ လက်ဖွဲ့တာ အကောင်းဆုံးပါ။ အိမ်ထောင်ထူထောင်သူတွေမှာ အဓိကလိုအပ်နေတာက ပိုက်ဆံပါ။ ပိုက်ဆံရှိမှ သူတို့လိုအပ်တာကို စိတ်ကြိုက်ရွေးပြီး ၀ယ်နိုင်မှာပါ။ ပိုက်ဆံလက်မဖွဲ့ချင်ရင် City Mart တို့လိုစူပါမားကတ်တွေမှာရောင်းတဲ့ Gift Card လေးထဲ ကိုယ် လက်ဖွဲ့ချင်သလောက် ပိုက်ဆံထည့်ပြီး လက်ဖွဲ့နိုင်ပါတယ်။

Don't
မင်္ဂလာဆောင်ကို လက်ဖွဲ့ကြီးကြီးတွေ ယူမလာပါနဲ့
မင်္ဂလာပွဲအတွက် ပြင်ဆင်ရတာတွေ၊ မင်္ဂလာမှာ အဆင်ပြေဖို့ စီစဉ်ရတာတွေ၊ လာသမျှဧည့်သည်တွေကို ပြုံးပြနေရတာတွေနဲ့တင် ပင်ပန်းနေတဲ့ မင်္ဂလာမောင်နှံတွေ အာရုံနောက်ရတဲ့ တခြားအချက် တစ်ချက်ကတော့ မင်္ဂလာလက်ဖွဲ့အားလုံးကို ကားထဲဘယ်လိုဆံ့ အောင် ထည့်ရမလဲဆိုတဲ့ အချက်ပါ။ ဗီရိုတို့၊ ရေခဲသေတ္တာတို့၊ တီဗီတို့လို လက်ဆောင် အကြှီးကြီးတွေပါရင် ပိုဆိုးပေါ့။ အဲလို လက်ဆောင် အကြီးတွေ လက်ဖွဲ့ချင်ရင် မင်္ဂလာပွဲမတိုင်မီ အိမ်တိုင်ရာရောက် ကြိုပို့ပေးသင့်ပါတယ်။

Do
အ၀တ်အစား သတိထားပါ
မင်္ဂလာဆောင်သွားတာ မင်္ဂလာပွဲတက်တာ ဖက်ရှင်နဲ့ပဲသွားသင့်ပါတယ်။ သူများတွေ ပြောင်ပြောင်ရောင်ရောင်ဖြစ်နေချိန်မှာ ကိုယ်က တီရှပ်လေးနဲ့ ဂျင်းဘောင်းဘီလေးနဲ့ဆို ကြည့်မကောင်းပါဘူး။ ရှိတဲ့အထဲက ပွဲတိုးနိုင်တဲ့ လှလှလေးတွေ ၀တ်ပါ။ ဒါမှ ပွဲရှင်ကိုလေးစား ရာကျမှာပါ။ မြန်မာပွဲဆို မြန်မာလိုဝတ်တာကောင်းပါတယ်။ ညပွဲတွေမှာ မိန်းကလေးတွေဆိုရင် ဂါဝန်ဝတ်ပါ။

Don't
အဖြူရောင်မ၀တ်ပါနဲ့
အထူးသဖြင့် အမျိုးသမီးလေးတွေ အဖြူရောင် ဂါဝန်ရှည်မ၀တ်ပါနဲ့။ သတို့သမီးနဲ့ မှားသွားနိုင်ပါတယ်။ ၀တ်စရာအရောင်တွေမှ တစ်ပြုံကြီးပါ။ အဖြူရောင်ကို တတ်နိုင်သမျှရှောင်ပါ။ ဆင်စွယ်ရောင်တို့၊အသားရောင်တို့လို သတို့သမီး ၀တ်စုံအရောင်တွေကို ရှောင် ၀တ်တာအကောင်းဆုံးပါ။ အကယ်၍ ပွဲဖိတ်စာမှာအရောင်၊ အ၀တ်အစားကန့်သတ်ချက်(Dress Code)ပါလာရင် Dress Code အတိုင်း အတတ်နိုင်ဆုံး တူအောင်ဝတ်သွားပါ။

Do
ဖုန်းပိတ်ထားပါ
မင်္ဂလာဆောင်မှာ ဖုန်းပိတ်ထားဖို့ ဒါမှမဟုတ် အသံပိတ်ထားဖို့ အရေးကြီးပါတယ်။ မင်္ဂလာအခါတော်ယူနေချိန် အသည်းကွဲသီချင်းတွေ၊ Disco သီချင်းတွေ အသံထွက်လာရင် အားနာစရာကြီးပါ။ ပြီးတော့ ဒီလိုအချိန်မှာ ဘယ်လောက်ပဲ အရေးကြီးကြီး ဖုန်းမပြောပါနဲ့။ ပြောချင်ရင် ခန်းမအပြင် ထွက်ပြောပါ။ အားလုံးတိတ်ဆိတ်နေချိန်မှာ ကိုယ့်ဖုန်းပြောသံအကျယ်ကြီးထွက်လာရင် အင်မတန်ရိုင်းပါတယ်။

Don't
နောက်မကျပါစေနဲ့
မင်္ဂလာပွဲတွေမှာ ဖိတ်စာထဲက အချိန်ထက် ပိုနောက်ကျမှ စဖြစ်လေ့ရှိပါတယ်။ ဧည့်သည်တွေကို စောင့်နေရာတာကြောင့်ပါ။ မင်္ဂလာပွဲ စတာ နောက်ကျတိုင်း ကိုယ်နောက်ကျစရာမလိုပါဘူး။ မင်္ဂလာပွဲထွက်တော့မှ ရောက်လာရင် မကောင်းပါဘူး။ ဒါကြောင့် မင်္ဂလာပွဲဖိတ်စာ ထဲမှာပါတဲ့အချိန်အတိုင်း အတိအကျရောက်အောင်သွားပါ။

Do
ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ထိုးပါ
မင်္ဂလာပွဲတိုင်းမှာ မရှိပေမယ့် တချို့မင်္ဂလာပွဲတွေမှာတော့ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွေရှိပါတယ်။ ဒါမှသာ မင်္ဂလာပွဲကို ဘယ်သူ တွေ တက်ရောက်သလဲဆိုတာ မှတ်မိမှာပါ။ စာအုပ်မှာ ဘာမှမရေးရင်တောင် လက်မှတ်ထိုးပြီး နာမည်တော့ ရေးပါ။ မင်္ဂလာဆုတောင်း စကား ကောင်းကောင်းလေး ရေးပေးရင်တော့ အကောင်းဆုံးပေါ့။ ဒါမှ မင်္ဂလာမောင်နှံအတွက် အမှတ်တရဖြစ်မှာပါ။

Don't
ဓာတ်ပုံဆရာကို ပိတ်မရပ်ပါနဲ့
မင်္ဂလာပွဲမှာ ဓာတ်ပုံဆရာတွေ၊ ဗီဒီယို ရိုက်ကူးရေးအဖွဲ့တွေဟာ တစ်သက်မှာ တစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲကို လှလှပပလေး မှတ်တမ်း တင်ချင်မှာပါ။ ကင်မရာတွေရှေ့ကနေ ခေါင်းကြီးတွေ ၀င်ကွယ်တာတို့၊ ကိုယ်ပိတ်ရပ်တာတို့ လုပ်မိရင် အားနာစရာကြီးပါ။ ဒါကြောင့် ကင်မရာတွေကို ကြည့်ရှောင်ပါ။ နောက်ပြီး ကိုယ့်ကို ကင်မရာလာရိုက်ရင်လည်း ရုပ်တည်ကြီး မနေပါနဲ့။ ပြုံးပြပါ။ ဒါမှ မင်္ဂလာမောင်နှံ တွေ ပြန်ကြည့်တဲ့အခါ ပျော်ရွှင်ကြည်နူးကြမှာပါ။

Don't
အစားအစာတွေ မဖြုန်းပစ်ပါနဲ့
ညဘက်ဧည့်ခံပွဲတွေမှာ ဘူဖေးတွေကျွေးပါက ကိုယ်နိုင်သလောက်သာ ထည့်ပါ။ ပန်းကန်ထဲ အပြည့်အမောက်ကြီးထည့်ပြီးမစားနိုင်တော့ ရင် နှမြောစရာကောင်းလှပါတယ်။ နည်းနည်းချင်းစီသာယူပြီး စားပါ။ ကုန်ရင် ပြန်သွားယူပါ။ မကြာခဏထသွားယူမှ တခြားဝိုင်းက ကိုယ် နဲ့သိတဲ့ သူတွေနဲ့ ဆုံမှာဖြစ်ပြီး ဧည့်ခံပွဲပိုပြီး အသက်ဝင်မှာပါ။

Do
ပျော်ပျော်ပါးပါး ဆင်နွှဲပါ
မင်္ဂလာမောင်နှံအတော်များများက သူတို့ရဲ့ပွဲမှာ ဖိတ်ကြားထားတဲ့ဧည့်သည်တွေ အဆင်ပြေရဲ့လား၊ ပျော်ကြရဲ့လားဆိုပြီး စိုးရိမ် တတ် ကြပါတယ်။ ဒါကြောင့် မင်္ဂလာပွဲတွေမှာ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်နေပါစေ။ အထူးသဖြင့် ညဘက် ဧည့်ခံပွဲတွေမှာ Game တွေပါရင် တက်တက်ကြွကြွ ပါဝင်ဆင်နွှဲပါ။

Do
ချီးကျူးစကားဆိုပါ
မင်္ဂလာမောင်နှံတွေ စားပွဲဝိုင်းတွေဆီလိုက်ပြီး ဧည့်ခံရင်း ကိုယ့်အနားရောက်လာတာပဲဖြစ်ဖြစ်၊ ပွဲအတွက် နှုတ်ဆက်ရာမှာပဲဖြစ်ဖြစ် မင်္ဂလာသတို့သား၊ သတို့သမီးကို ချီးကျူးစကားဆိုသင့်ပါတယ်။ မင်္ဂလာပွဲကြီးက အရမ်းခမ်းနားတာပဲ၊ သတို့သမီးလေးက လှလိုက်တာ၊ ၀တ်စုံလေးက လှလိုက်တာ စသဖြင့် ချီးကျူးစကားဆိုပေးပါ။ မင်္ဂလာပွဲဖိတ်လို့ ကျေးဇူးတင်ကြောင်းလည်း ပြောပါ။ မင်္ဂလာ မောင်နှံ မိဘတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကာ နှုတ်ဆက်စကား၊ ချီးကျူးစကားဆိုပါ။

Don't
အကြာကြီး မပြောနဲ့
နှုတ်ဆက်စကား၊ ချီးကျူးစကားဆိုလို့ မပြီးနိုင်၊ မစီးနိုင် ဖောင်ဖွဲ့ပြောနေစရာမလိုပါ။ မင်္ဂလာမောင်နှံကို နှုတ်ဆက်ချင်သူတွေ သင့်နောက် မှာ တန်းစီလို့ နေနေပါတယ်။ ဒီတော့လိုရင်းသာပြောပြီး နှုတ်ဆက်ပါ။ မင်္ဂလာဆောင်လာဖို့ ကားတွေက ဘယ်လို ပိတ်နေတာ၊ အပြင်မှာ မိုးတွေက ဘယ်လိုရွာနေတာ စတာတွေကို ပြောမနေပါနဲ့တော့။ သူတို့ကြားချင်မှာ မဟုတ်ပါဘူး။

Ref: The Chic Magazine – October 2012

No comments: