------ ------ ----- -----
ဟိုနေရာမှာလည်းစီခနဲ၊ သည်နေရာမှာလည်း ညံခနဲ၊ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ပြောနေကြသည်မှာ တောရောမြို့ရော နေရာအနှံ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)သို့သွား၍ အမှုရင်ဆိုင်မည့်အကြောင်း ဖြစ်ပေသည်။ တနိုင်ငံလုံး ယခုတလော တအိုင်တည်းအိုင်၍ တစီတည်းစီကာ တဂျေတည်း ဂျေနေကြကုန်သည်တကား။
အိုင်စီဂျေ ဆိုတာဘာလဲ
အိုင်စီဂျေဆိုတာကတော့ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice) ကို ခေါ်တာပါ။ ကမ္ဘာ့ခုံရုံးလို့လည်း ခေါ်ကြတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပင်မတရားရေးအဖွဲ့အစည်းကြီးပါ။ အိုင်စီဂျေရဲ့ တာဝန်ကတော့ နိုင်ငံအချင်းချင်းဖြစ်ပွားတဲ့ ဥပဒေကြောင်းဆိုင်ရာအငြင်းပွားမှုတွေကို ဖြေရှင်းပေးရတာမျိုး၊ ကုလသမဂ္ဂအဖွဲ့ကြီးက လွှဲအပ်ပေးလာတဲ့ ဥပဒေကြောင်းဆိုင်ရာကိစ္စတွေအပေါ် အကြံပေးချက်တင်ပြ ပေးရတာမျိုးလုပ်ရပါတယ်။ အဖွဲ့ရဲ့တည်နေရာဟာ ကုလသမဂ္ဂဌာနချုပ်ရှိရာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာမထားဘဲ နယ်သာလန်နိုင်ငံ သဟိတ်ဂ် (The Hague) မြို့ မှာတည်ရှိတာက ထူးခြားချက် ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့သဘောမျိုးနဲ့ ဒီလိုထားတယ်ထင်ပါတယ်။ အိုင်စီဂျေကို ၁၉၄၅ ဇွန်လ ၁၆ ရက်နေ့မှာ စတင်တည်ထောင်ပါတယ်။ အိုင်စီဂျေမှာ နိုင်ငံတကာက ထင်ရှားတဲ့တရားသူကြီး ၁၅ ဦးပါဝင်ပြီး တရားသူကြီးများရဲ့သက်တမ်းဟာ ၉ နှစ်ဖြစ်ပါတယ်။ လက်ရှိအိုင်စီဂျေဥက္ကဋ္ဌကတော့ ဆိုမာလီနိုင်ငံသား ဥပဒေပညာရှင် အဗ္ဗဒူကာဝီယူဆွတ် (Abdulqawi Yusuf ) ဖြစ်ပါတယ်။ အိုင်စီဂျေ ဒုတိယဥက္ကဋ္ဌကတော့ တရုတ်နိုင်ငံက ဥပဒေပညာရှင် ဇူဟန်ရှင်း (Xue Hanqin) ဆိုတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အိုင်စီဂျေမှာ အမျိုးသမီးတရားသူကြီး သုံးဦးပါပြီး အမျိုးသား ၁၂ ဦးပါပါတယ်။
မြန်မာဟာ အိုင်စီဂျေ (ICJ) အဖွဲ့ဝင်ဖြစ်သလား
ကုလသမဂ္ဂအဖွဲ့ဝင်တိုင်းဟာ နိုင်ငံတကာတရားရုံး (ICJ) ရဲ့ အဖွဲ့ဝင် အလိုလိုဖြစ်ကြပါတယ်။ ဒါကြောင့် သီးခြားလက်မှတ်ထိုးစရာမလိုဘဲ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂကိုဝင်ထားတာနဲ့ အိုင်စီဂျေအဖွဲ့ဝင်နိုင်ငံ အလိုလိုဖြစ်လာပါတယ်။ အဲဒီတော့ အိုင်စီဂျေအဖွဲ့ဝင် ၁၉၃ နိုင်ငံရှိပါတယ်။ မြန်မာလည်း ပါပါတယ်။
အိုင်စီဂျေ (ICJ) နဲ့ အိုင်စီစီ (ICC) ဘာကွာပါသလဲ
အိုင်စီဂျေဆိုတာ နိုင်ငံတနိုင်ငံချင်းအပေါ်မှာ တရားစွဲတာ၊ စစ်ဆေးတာ၊ ကြားနာတာတွေကိုလုပ်တဲ့ နေရာဖြစ်ပြီး လူပုဂ္ဂိုလ်တယောက်ချင်းအပေါ်မှာ တရားစွဲတဲ့အလုပ်ကို မလုပ်ပါဘူး။ နိုင်ငံအချင်းချင်း အငြင်းပွားကြတာကိုပဲ ဖြေရှင်းတဲ့အလုပ်ကိုလုပ်တဲ့ တရားရုံးဖြစ်ပါတယ်။ လောလောဆယ်မှာ နှစ်နိုင်ငံမြစ်ရေခွဲ ဝေယူတဲ့ကိစ္စမှာ တရားမျှတမှုမရှိဘူးဆိုပြီး ဘိုလီးဘီးယားနိုင်ငံက ချီလီနိုင်ငံကို အိုင်စီဂျေတရားရုံးမှာ အမှုဖွင့်တိုင်ကြား ထားပါတယ်။ အိုင်စီစီ (ICC) လို့ ခေါ်တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court) ကတော့ လူပုဂ္ဂိုလ်တယောက်ချင်းအပေါ်မှာ ရာဇဝတ်ကြောင်းအရ တရားစွဲတဲ့ရုံးပေါ့။ ဒါကြောင့် အိုင်စီစီ (ICC) တရားရုံးက စုံစမ်းစစ်ဆေးလေသမျှကိစ္စတွေဟာ မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးတာမဟုတ်ဘဲ အတိုင်အတောခံရတဲ့ လူတယောက်၊ နှစ်ယောက်ကိုမူတည်ပြီး စုံစမ်းစစ်ဆေးတာဖြစ်တယ်၊ နိုင်ငံကို စစ်ဆေးတာမဟုတ်တဲ့အကြောင်း သိစေချင်ပါတယ်လို့ ICJ အကြီးတန်းဥပဒေအကြံပေး ကင်းစလေအဘော့က ပြောခဲ့ဖူးပါတယ်။ အလွယ်မှတ်ရရင် အိုင်စီဂျေဟာ နိုင်ငံကိုအရေးယူပြီး အိုင်စီစီကတော့ လူကိုအရေးယူပါ တယ်။ လောလောဆယ်တော့ မြန်မာနိုင်ငံကို အိုင်စီဂျေမှာ အတိုင်ခံထားရပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်အရာကြီးအချို့ကိုတော့ အိုင်စီစီတရားရုံးမှာ စွဲချက်တင်နိုင်ဖို့ နိုင်ငံအချို့နဲ့ အိုင်စီစီအဖွဲ့ဝင်နိုင်ငံအချို့က ကြိုးပမ်းနေကြပါတယ်။
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်လို့ ICC က တရားစွဲခွင့်ရှိပါသလား
ရောမစာချုပ် (Rome Statute) လို့ ခေါ်တဲ့စာချုပ်မှာ မြန်မာနိုင်ငံဟာ လက်မှတ်ထိုးမထားတဲ့အတွက် ICC အဖွဲ့ဝင်မဟုတ်တာကြောင့် မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တစုံတယောက်ကို အိုင်စီစီတရားရုံးက စီရင်ပိုင်ခွင့်မရှိ ဘူးလို့ မြန်မာနိုင်ငံဘက်က တောက်လျှောက်ပြောလာခဲ့ပါတယ်။ နိုင်ငံအချို့ကတော့ မြန်မာနိုင်ငံဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့၊ မြန်မာက ကျူးလွန်လိုက်လို့ ဘင်္ဂါလီတွေထွက်ပြေးလာကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်တာမို့ ဒီကိစ္စ (ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာရတဲ့ မူဆလင်တွေကိစ္စ)မှာ ခြွင်းချက်အဖြစ် စစ်ဆေးစီရင်ပိုင်ခွင့်ရှိတယ်လို့ အခိုင်အမာဆိုနေကြပါတယ်။ ICJ အကြီးတန်းဥပဒေအကြံပေး ပုဂ္ဂိုလ် ကင်းစလေအဘော့က-
''ဥပမာ၊ နိုင်ငံတနိုင်ငံကနေ သေနတ်နဲ့ပစ်လိုက်လို့ ဟိုဘက်နယ်စပ်မှာရှိတဲ့ လူတယောက် သေတယ်ဆိုပါစို့၊ သေနတ်ပစ်တာဟာ ဒီဘက်နိုင်ငံဖြစ်ပေမဲ့ နစ်နာသူဟာ ဟိုဘက်နိုင်ငံမှာရှိတာကြောင့် နစ်နာသူက အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်ရင် စစ်ဆေးစီရင်ပိုင်ခွင့်ရှိသွားပြီ''လို့ ဆိုပါတယ်။ သူက ဆက်ပြောတာက ''တကယ် တော့ အိုင်စီစီရာဇဝတ်ခုံရုံးဆိုတာ သက်ဆိုင်ရာနိုင်ငံက ရာဇဝတ်ကောင်ကို ဘာမှအရေးမယူဘဲ လွှတ်ထားတဲ့အခါမှ နိုင်ငံတကာက ဝင်ပါရတာပါ။ သက်ဆိုင်ရာနိုင်ငံက စံချိန်စံနှုန်းနဲ့ညီတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ စုံစမ်းစစ်ဆေးမယ်ဆိုရင် အိုင်စီစီက ဘာမှဝင်ပါစရာတောင် မလိုပါဘူး''လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ICC/ICJ တိုက်ရိုက်သက်ဆိုင်သလား
တကယ်တမ်းပြောရရင် အိုင်စီစီ (ICC) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှာ တရားစွဲခံရမယ့်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါပါဘူး။ စစ်ခေါင်းဆောင်အချို့ပဲ ပါဝင်တာဖြစ်ပါတယ်။ ၂ဝ၁၇ သြဂုတ်လ ARSA အကြမ်းဖက်တိုက်ခိုက်မှုအပြီး ပြုလုပ်ခဲ့တဲ့နယ်မြေရှင်းလင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထဲရေးဝန်ကြီးလည်းမဟုတ်၊ ကာကွယ်ရေးဝန်ကြီးလည်းမဟုတ်၊ နယ်စပ်ရေး ရာဝန်ကြီးလည်းမဟုတ်၊ ကာကွယ်ရေးဦးစီးချုပ်လည်းမဟုတ်လို့ တပ်မတော်ကိုတိုက်ရိုက်ကွပ်ကဲ ညွှန်ကြား အမိန့်ပေးခွင့်မရှိပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂ဝ(ခ)မှာ ''တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စ အားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်''လို့ ပါပါတယ်။ ဒါကြောင့် အိုင်စီစီကစွပ်စွဲနေ သမျှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုတို့၊ လူမျိုးတုံးသတ်ဖြတ်မှုတို့၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့စတဲ့ စွပ်စွဲချက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကိုထည့်သွင်းတရားစွဲတာ မရှိသလို၊ သမ္မတ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ကိုလည်း အိုင်စီစီကိုတိုင်တဲ့အထဲမှာမပါပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်စီစီ အမှုတွေနဲ့ ပတ်သက်စရာမလိုအောင်ကို ကင်းလွတ်ပါတယ်။ ICJ ကတော့ နိုင်ငံကိုစွဲတာဖြစ်ပါတယ်။
နိုင်ငံတော်ဆိုတာ ဘာလဲ
နိုင်ငံတော်ဆိုတာ အတိုချုပ်ပြောရရင်
၁။ နိုင်ငံတနိုင်ငံရဲ့ ကမ္ဘာကလက်ခံတဲ့ တိကျ တဲ့ နယ်နိမိတ်ပိုင်နက်နယ်မြေ (Territory)
၂။ အဲဒီနိုင်ငံမှာ နေထိုင်တဲ့ (ဒါမှမဟုတ်) အဲဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်သူများရဲ့ လူဦးရေ (Po-pulation)
၃။ အစိုးရ (Government)
၎။ အချုပ်အခြာအာဏာ (Sovereignty) ဆိုတဲ့ အချက်လေးချက်ဖြစ်တယ်။ နိုင်ငံတော်ကို တရားစွဲခံရတယ်ဆို တာ အဲဒီလေးချက်ကို တရားစွဲခံရတာပဲ။ ဒါ့ကြောင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေမှာ တရားစွဲ တယ်ဆိုတာ တကယ်တမ်းကျရင် (၁) မြန်မာနိုင်ငံသားအားလုံးကို တရားစွဲတာပဲ။ (၂) မြန်မာအစိုးရကို တရားစွဲတာပဲ။ (၃) မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုတရားစွဲခံရတာပဲဖြစ်တယ်။ ဒါဟာ NLD ကိုစွဲတာ မဟုတ်ဘူး၊ ကြံ့ခိုင်ရေးကိုစွဲတာမဟုတ်ဘူး။ အဖွဲ့အစည်းတခုကိုစွဲတာမဟုတ်ဘူး။ နိုင်ငံကိုစွဲတာဖြစ်တယ်။
နိုင်ငံတော်မှာ တပ်မတော်ပါသလား
နိုင်ငံတော်ရဲ့ အဓိပ္ပာယ်မှာ တပ်မတော်ကိုလိုက်ရှာရင် တွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာက လက်ခံထားတာက တပ်မတော်ဆိုတာ အစိုးရရဲ့လက်အောက်ခံအစိတ်အပိုင်းတရပ်ပဲ။ အစိုးရ လို့ဆိုလိုက်တာနဲ့ ကျန်းမာရေးဝန်ကြီးဌာနပါသလို၊ ပညာရေးဝန်ကြီးဌာနပါသလို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တပ်မတော်ဟာ အစိုးရလက်အောက်မှာ ပါနေရမှာမို့လို့ တပ်မတော်ကို သီးခြားစာရင်းထဲမှာ ထည့်မထားတာပါ။ နိုင်ငံတော်ရဲ့ အဓိပ္ပာယ် ၄ ရပ်မှာ အစိုးရဆိုတာပါမယ်။ အဲဒီအစိုးရလက်အောက်မှာမှ တပ် မတော်ကရှိရမှာမို့ တပ်မတော်ကို သီးခြားထည့်ပြ မထားတာပါ။ ဒါက ကမ္ဘာ့အစဉ်အလာပါ။ မြန်မာပြည်မှာတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ သီးခြားလုပ်ပိုင်ခွင့်တွေရနေပြီး နိုင်ငံတော်အင်္ဂါရပ်ဟာ ၄ ခု မဟုတ်ဘဲ ၅ ခုလိုလိုဖြစ်နေတာပါ။ ဒါပေမဲ့ အားတက်စရာတော့ ကြားရပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး(ှုဃဲ)တွင် မြန်မာအပေါ် တရားစွဲဆိုထားမှုကိုရင်ဆိုင်ရာ၌ တပ်မတော်က နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်ကပြောကြားလိုက်တဲ့ သတင်းကိုကြားရပါတယ်။ ၂၄-၁၁-၂ဝ၁၉ နေ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာကျင်းပတဲ့ တပ်မတော်ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တပ်ဘက်က ပြောကြားခဲ့တာပါ။
တပ်မတော်ဟာ အစိုးရရဲ့ဦးဆောင်မှုအောက်မှာ လိုက်နာဆောင်ရွက်မယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပါ။ ဒါပေမဲ့ မရှင်းတာက ဒီတရားစွဲခံရတဲ့ (ICJ) ကိစ္စအပေါ်မှာပဲ တပ်ဟာ အစိုးရရဲ့ဦးဆောင်မှုအောက်မှာနေမှာလား။ ကျန်တဲ့ကိစ္စတွေအားလုံး၊ ကာကွယ်ရေးကိစ္စတွေအားလုံးမှာ တပ်ဟာ အစိုးရလက်အောက်မှာနေမှာလားဆိုတာ သိပ်ပြီးမရှင်းလှပါဘူး။ တကယ်ကတော့ ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှုလက်အောက်မှာ စစ်တပ်က တာဝန်ထမ်းဆောင်ကြရတာ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းတွေပါပဲ။ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ တပ်မတော်ဟာ သီးခြားကင်းလွတ်ပြီး ပုဒ်မ ၂ဝ(ခ)လို အခွင့်အရေးကင်းလွတ်ချက်တွေ ယူလေ့မရှိပါ။ ဒီမိုကရေစီနိုင်ငံတွေမှာသာမက တရုတ်နိုင်ငံလို ကွန်မြူနစ် နိုင်ငံမှာတောင် အစိုးရလို့ပြောရင် စစ်တပ်ဟာ ပါပြီးသားဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း အဲဒီလိုဖြစ်ဖို့ဆိုရင် ဗိုလ်ချုပ်သောင်းနိုင်တို့ဘက်က စကားတွေနဲ့သာမဟုတ်ဘဲ ၂ဝဝ၈ အခြေခံဥပဒေမှာ သီးခြားကင်းလွတ်ပြဋ္ဌာန်း ချက်တွေဖြစ်တဲ့ ပုဒ်မတွေ (ဥပမာ ပုဒ်မ ၂ဝ(ခ)၊ ၂ဝ(ဂ)၊ ၆ဝ-ခ/၃၊ ၁ဝ၉(ခ)၊ ၁၄၁(ခ)၊ ၂၃၂-ခ/၂၊ ၃၃၈)ကို ပြင်ဆင်ဖျက်သိမ်းသင့်တာတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ် ဆောင်သင့်ပါတယ်။ အဲဒါဆိုရင် တပ်မတော်ဟာ အစိုးရရဲ့ဦးဆောင်မှုအောက်မှာ လိုက်နာဆောင်ရွက်နေ တယ်ဆိုတာ အပြောမဟုတ်၊ အလုပ်နဲ့ အသက်ဝင်လာမှာဖြစ်ပါတယ်။
အဲဒီလိုဖြစ်လာရင် အစိုးရကသတ်သတ်၊ တပ်မတော်ကသတ်သတ် ဆောင်ရွက်နေတဲ့လုပ်ငန်းတွေ အားလုံးတပေါင်းတည်းဖြစ်သွားပြီး တိုင်းပြည်ပိုကောင်းသွားမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ အောင်ဆန်း- အက်တလီစာချုပ်သွားချုပ်တုန်းကရော၊ ပင်လုံစာချုပ် သွားချုပ်တုန်းကရော အရပ်သားအစိုးရခေါင်းဆောင် အနေနဲ့သွားရောက်ခဲ့တာဖြစ်ပြီး ဆွေးနွေးမှုတွေမှာ တပ်မတော်က သီးသန့်ပါဝင်ခြင်းမရှိပါဘူး။ ဦးအောင် ဆန်းက အစိုးရခေါင်းဆောင်အနေနဲ့ ဆုံးဖြတ်ခဲ့တာတွေကို တပ်မတော်ကပါ တပါတည်းလက်ခံခဲ့တာပါ။ ဆိုလိုတာက အစိုးရမှာသာ အလုံးစုံအာဏာရှိခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးတာပဲဖြစ်ဖြစ်၊ ဝန်ကြီး အဖွဲ့ဖွဲ့တာပဲဖြစ်ဖြစ်၊ လွှတ်တော်ခေါ်တာပဲဖြစ်ဖြစ် အစိုးရကသတ်သတ်၊ တပ်မတော်ကသတ်သတ်ဖြစ် နေစရာမလိုတော့ဘဲ ဗိုလ်ချုပ်သောင်းနိုင်ပြောသလို တပ်မတော်ကအစိုးရဦးဆောင်မှုအောက်မှာ လိုက်နာဆောင်ရွက်လိုက်ရုံပါပဲ။ အဲဒါဆိုရင် နိုင်ငံတကာက အမြင်ရှင်းမှာဖြစ်သလို၊ အစိုးရအနေနဲ့လည်း အလုပ်လုပ်ရတာပိုပြီး ရှင်းလင်းလွယ်ကူလာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာက တရားစွဲတာတွေ ဘာတွေ ဖြစ်လာရင်လဲ တပ်မတော်အရာရှိတွေကို စွဲဆိုတာတွေ ဖြစ်မလာနိုင်တော့ဘဲ၊ အရပ်သားအစိုးရကပဲ တာဝန်ယူရ တာဝန်ခံရတော့မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မြန်မာဘက်က ခုခံချေပသင့်တဲ့လမ်းကြောင်း
မြန်မာဟာ ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး။ စစ်ဆင်ရေးတွေဟာလည်း ARSA အကြမ်းဖက်အဖွဲ့ကိုသာ ဦးတည်တိုက်ခိုက်တာကြောင့် အလွန်အပြစ်ကင်းစင်ပါတယ်ဆိုတဲ့ လမ်းကြောင်းမျိုး ဒေါ်အောင်ဆန်း စုကြည်ပြောခဲ့ရင် အမှုမှာသက်သာရာရဖွယ် မမြင်ပါဘူး။ ပြောသင့်တာက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိကောင်းရှိခဲ့နိုင်တယ်။ ဘင်္ဂါလီ အရပ်သားအချို့နဲ့ သုံ့ပန်းအချို့ကို တပ်ကသတ်ခဲ့တာ (ဥပမာ - ဂူတာပြင်ဖြစ်ရပ်) ရှိခဲ့တယ်။ ဒါပေမဲ့ ဒါတွေကို မြန်မာအစိုးရနဲ့ တပ်မတော်ဟာ လျစ်လျူရှုမထားဘူး။ တပ်ကလည်း ဂူတာပြင်ဖြစ်စဉ်ကို စစ်တရားရုံးမှာ စတင်စစ်ဆေးမယ်။ ဗိုလ်ချုပ်မြတ်ကျော်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) နဲ့ စစ်ဆေးနေတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Inquiry-ICOE) အစီရင်ခံစာပေါ်ထွက်လာတဲ့အခါကျရင်လည်း တပ်မတော်သားများပြစ်မှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်မှုရှိပါက ဥပဒေနဲ့အညီ အရေးယူမယ်လို့ စစ်ဥပဒေချုပ်ရုံးက တရားဝင်ကြေညာထားကြောင်း ပြောပြရပါမယ်။
ဒါကြောင့် အကြမ်းဖက်မှုဟာ မြန်မာနိုင်ငံတော်ရဲ့ မူဝါဒမဟုတ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံက စွပ်စွဲသလို လူမျိုးတုံးသတ်ဖြတ်မှု (Genocide) လည်း မြန်မာနိုင်ငံမှာမဖြစ်ပွားခဲ့ကြောင်း။ မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးချိုးဖောက်မှုပြဿနာအချို့ရှိသော်လည်း ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး မရှိကြောင်း၊ မတရားစွပ်စွဲချက်ဖြစ်ကြောင်း တင်ပြလျှောက်လဲသင့်ပါတယ်။ ဒီလမ်းကြောင်းအတိုင်း ဒေါ်အောင်ဆန်းစုကြည်သွားမယ်လို့ ယူဆပါတယ်။
အားလုံးကောင်းပါသည်ခင်ဗျားလို့ လျှောက်ထားရင် မြန်မာနာပါမယ်။ အချုပ်အခြာအာဏာရှုထောင့်၊ အမျိုးသားရေးရှုထောင့်များကနေ ခုခံချေပရင် မြန်မာမှားပါမယ်။ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ဘူး၊ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှု မမြောက်ကြောင်းဆိုတာကိုဘဲ ဇောင်းပေးပြောကြ ရမှာဖြစ်တယ်။ ရာဇဝတ်မှုကျူးလွန်သူတွေကို ပြည်တွင်းမှာအရေးယူမယ့် မူဝါဒရှိနေပါတယ်ဆိုတာကို ပြရပါမယ်။ တပ်မတော်ဘက်ကလည်း အဲဒီအချက်ကို ပေါ်ပေါ်လွင်လွင်အကောင်အထည်ဖော်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ လျှောက်လဲချက်ကိုပံ့ပိုးကူညီသင့်ပါတယ်။
ဆန္ဒပြပွဲတွေ လုပ်သင့်သလား
နယ်သာလန်၊ သဟိတ်ဂ်တရားရုံးကိုသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာကောင်းပါတယ်။ ဒါပေမဲ့ လူစုလူဝေးဆန္ဒပြပွဲတွေလုပ်တာတော့ ဆေးအတွက်လေးစေနိုင်ပါတယ်။ အထူးသဖြင့် ICJ ကို ဆန့်ကျင်တဲ့သဘောမျိုးဆန္ဒပြတာတော့ ကမ္ဘာ့အမြင်မှာ မြန်မာတွေဟာ အရိုင်းအစိုင်းတွေ၊ ကုလသမဂ္ဂတရားရုံး ကိုတောင် ဆန့်ကျင်အန်တုနေတဲ့နိုင်ငံလို့ ထင်နိုင်စရာရှိပါတယ်။ အာဏာရှင်နိုင်ငံတွေမှာသာ ကုလသမဂ္ဂကို ဆန့်ကျင်ပြီး ဆန္ဒပြကြတာပါ။ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကို ဆန့်ကျင်ဆန္ဒပြနေတာလည်း ထိုနည်းလည်းကောင်းပဲ။ ပြည်တွင်းမှာ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာ ဝင်များရဲ့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးကို ထိခိုက်စေပါတယ်။ အိုအိုင်စီမကောင်းတာနဲ့ ပြည်တွင်းက မူဆလင်တွေကို မထိခိုက်စေသင့်ပါဘူး။ သတ်သတ်စီသဘောထားသင့်ပါတယ်။ ပျားအုံကို တုတ်နဲ့သွားထိုးရင် အစ္စလာမ္မစ်နိုင်ငံတွေမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအပေါ်မှာ မုန်းတီးဆန့်ကျင်ခံရမှု၊ အကြမ်းဖက်သတ်ဖြတ်ခံရမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် လွန်လွန်ကျွံကျွံဆန္ဒပြမှု၊ လူစုလူဝေးချီတက် မှုတွေ မလုပ်သင့်ပါဘူး။ ICJ တရားသူကြီး ၁၅ ယောက်ဟာ မြန်မာနဲ့ ဂမ်ဘီယာနှစ်နိုင်ငံဘက်က ရှေ့နေတွေ တင်ပြလာတဲ့ သက်သေအထောက်အထားတွေကိုကြည့်ပြီး ဆုံးဖြတ်မှာပါ။ ပြည်တွင်းဆန္ဒပြထောက်ခံပွဲ တွေကိုကြည့်ပြီး အမှုကိုစီရင်ချက်ချမှာ မဟုတ်ပါဘူး။
မတရားတဲ့စီရင်ချက် ချခဲ့ရင်ရော
အိုင်စီဂျေ (ICJ) တရားရုံးအကြောင်းကို သေသေချာချာလေ့လာကြည့်ရင်၊ အဲဒီတရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို လက်မခံဘဲ(မလိုက်နာဘဲ) ပယ်ချခဲ့တဲ့ နိုင်ငံတွေအများကြီးရှိပါတယ်။ မလုပ်မနေရ ဥပဒေစည်းနှောင်မှု (Binding) မရှိပါဘူး။ မလိုက်နာရင် U.N လုံခြုံရေးကောင်စီကိုတင်ပါတယ်။ အဲဒီမှာ ဗီတို အာဏာရှိသူက လက်မခံပယ်ချတယ်ဆိုရင် ဘာမှရှေ့ ဆက်လုပ်လို့မရပါဘူး။ အဲဒါကြောင့် ICJ အပေါ် ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အမေရိကန်နဲ့ နီကာရာဂွါနိုင်ငံတို့ဖြစ်ခဲ့တဲ့အမှုပါ။ နီကာရာဂွါနိုင်ငံမှာ အမေရိကန်စစ်ဘက်နဲ့ ထောက်လှမ်းရေးကသူပုန်တွေကို အားပေးတာ၊ မိုင်းတွေခွဲတာတွေ ဆောင်ရွက်ခဲ့လို့ နီကာရာဂွါနိုင်ငံက ကုလသမဂ္ဂတရားရုံး (ICJ) ကို ၁၉၈၆ မှာ တိုင်ပါတယ်။ နှစ်အတော်ကြာစစ်ဆေးပြီး အမေရိကန်ကိုပြစ်တင်ရှုတ်ချတဲ့ အချက်ပေါင်းများစွာပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ICJ တရားရုံးက ချမှတ်ပါတယ်။ အမေရိကန်က လက်မခံ ပယ်ချပါတယ်။ လုံခြုံရေးကောင်စီမှာမဲခွဲတော့ အမေရိကန်က ဗီတိုအာဏာနဲ့ပယ်ချပါ တယ်။ ဘာမှဆက်လုပ်လို့မရတော့တာကြောင့် နီကာရာဂွါနိုင်ငံက ၁၉၉၂ မှာ အမှုကို တရားဝင်ပြန်လည် ရုပ်သိမ်းသွားပါတယ်။ ဒိပြင် သာဓကတွေများစွာလည်းရှိပါတယ်။ ဒါ့ကြောင့် ICJ က မြန်မာအပေါ်မှာ အင်မတန်နစ်နာစေတဲ့ စီရင်ချက်မျိုးချခဲ့ရင်ဆိုတာမျိုးလည်း တွေးပူစရာမလိုပါဘူး။ သင့်လျော်မျှတတဲ့ စီရင်ချက်ဆိုရင် လေးစားလိုက်နာရုံ။ အလွန်ဆိုးဝါးသောစီရင်ချက်ဆိုရင် အမေရိကန်နိုင်ငံကလုပ်ခဲ့သလို လက်မခံပယ်ချရုံပါပဲ။ ICJ ရဲ့ဆုံးဖြတ်ချက်ကို မဖြစ်မနေလက်ခံအကောင်အထည်ဖော်ရမယ်လို့ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်မှာ မပါပါဘူး။ ဒါ့ကြောင့် အရမ်းလည်းစိတ်မအေးကြရန်၊ အရမ်းလည်းစိတ်မပူကြရန် လူပြောများနေ အိုင်စီဂျေအရေးကို မျှော်ရေးထောက်ဆ၊ ဗဟုသုတမျှဝေလိုက်ရပါကြောင်း။
သရဝဏ်(ပြည်)
No comments:
Post a Comment