Thursday, December 26, 2019

အသက် ၅၀ ကျော်သူတိုင်း သတိပြုသင့်သော အစာဟောင်းအိမ်ကင်ဆာ


အစာဟောင်းအိမ်သည် အူမကြီး၏နောက်ဆုံးပိုင်းဖြစ်ပြီး လူခန္ဓာကိုယ်၏အစာခြေစနစ် ၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ အစာဟောင်းအိမ်သည် ၆ လက်မအရှည်ခန့်ရှိသည်။ တာဝန်မှာ အူမကြီးမှ ဖြတ်သန်းလာသောအစာဟောင်း များ( အီး) ကို ခေတ္တသိုလှောင်ပေးထားပြီး ပြည့်လာသောအခါတွင် စအိုမှတစ်ဆင့်ပြင်ပသို့စွန့်ထုတ်ပေးပါသည်။

အစာဟောင်းအိမ်ကင်ဆာသည်ကမ္ဘာပေါ်တွင်တတိယအဖြစ်အများဆုံးသောကင်ဆာဖြစ်ပါသည်။

အစာဟောင်း၏ တစ်ရှူးများသည် အူမကြီး၏တစ်ရှူးများနှင့် ကွဲပြားခြားနားခြင်းသိပ်မရှိသောကြောင့် အူမကြီးကင်ဆာနှင့် ကင်ဆာအမျိုးအစားနှင့်ဖြစ်ပေါ်ပုံအလားတူသော်လည်း လက္ခဏာများမှာကွဲပြားခြားနားပါသည်။ အူမကြီး နှင့် အစာဟောင်းအိမ်ဆက်သည့် Junction ဆုံရာတွင် ကင်ဆာအဖြစ်အများဆုံးဖြစ်ပါသည်။

အစာဟောင်းအိမ်ကင်ဆာဖြစ်စေသောအကြောင်းများမှာတိတိကျကျပြော၍မရပေ။ အသက်ကြီးလာသည်နှင့်အမျှ ဆဲလ်များပျက်စီးခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်းတို့ တွင် ကင်ဆာဆဲလ်များအဖြစ်ပြောင်းလဲဖွဲ့စည်းကြခြင်းဖြစ်နိုင်သောကြောင့် အသက် ၅၀ ကျော်သူတိုင်းသည် အစာဟောင်းအိမ်ကင်ဆာဖြစ်နိုင်ရန် risk ရှိသူများဖြစ်ပါသည်။ အခြားသောဖြစ်နိုင်သည့်အချက်များမှာ မိသားစုမျိုးရိုးရှိခြင်း၊ အူရောင်ရောဂါများဖြစ်သည့် ulcerative colitis နှင့် Crohn’s disease တို့မိမိတွင်ဖြစ်ဖူးခြင်း၊ အစာဟောင်းအိမ်တွင် အူမကြီးတွင်းကဲ့သို့ပင် အသားပိုလုံးများရှိနေခြင်း၊ အခြားသောကင်ဆာရောဂါများရှိခြင်းတို့ဖြစ်ပါသည်။

ဝမ်းချုပ်ခြင်း၊ အသားစားများခြင်းတို့သည်လည်းသေချာသက်သေမပြနိုင်သော်လည်းဖြစ်နိုင်သည်ဟုယူဆချက်များရှိပါသည်။

ဝမ်းချုပ်သောအခါတွင် အစာဟောင်းများသည် အစာဟောင်းအိမ်နံရံနှင့်ကြာရှည်စွာထိတွေ့ပြီး အဆိုပါဓာတ်များက ကင်ဆာဆဲလ်ပြောင်းလဲစေခြင်း၊ အသားများတွင်ပါဝင်သော oxidant ဓာတ်များကလည်းအစာဟောင်းအိမ်နံရံရှိဆဲလ်များကိုပြောင်လဲစေခြင်းများဟုယူဆရပါသည်။

အစာဟောင်းအိမ်တွင်ဖြစ်နိုင်သောကင်ဆာအမျိုးအစားများမှာအမျိုးမျိုးဖြစ်နိုင်သော်လည်းအဖြစ်အများဆုံး အမျိုး အစားမှာ အူမကြီးကင်ဆာနှင့်အလားတူသော adenocarcinoma အမျိုးအစားဖြစ်ပါသည်။အဆိုပါကင်ဆာအမျိုးအစားသည် ကာကွယ်၍ရနိုင်သောအချက်တစ်ခုမှာ အများအားဖြင့် အသားပိုလုံး မှတစ်ဆင့်ဖြစ်တတ်သောကြောင့် မှန်ပြောင်းကြည့်ရှုပြီးအသားပိုလုံးတွေ့သည်နှင့်ဖြတ်တောက်ထားခြင်းဖြင့် ကင်ဆာအဖြစ်ပြောင်းလဲခြင်းကိုကာ ကွယ်နိုင်ပါသည်။ ထို့ကြောင့် အသက် ၅၀ ကျော်လျှင် အူမကြီးမှန်ေပြာင်းကြည့်ခြင်းအား ဖြင့် အသားပိုများတွေ့ပါက ကြိုတင် ဖြတ်တောက်ပြီး အူမကြီး ကင်ဆာ ဖြစ်ခြင်းမှ ကာကွယ်နိုင်သည် ဖြစ်သည့်အတွက် အူမကြီး မှန်ပြောင်းကြည့်ခြင်းသည် အလွန်ပင် အကျိုးကျေးဇူးးများသော စမ်းသပ်စစ်ဆေးမှု ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

အစာဟောင်းအိမ်ကင်ဆာ၏ လက္ခဏာများကို အဖြစ်အနည်းအများအလိုက်ဖော်ပြပါမည်။

၁။ ၀မ်းသွားရာတွင်သွေးပါခြင်း (၆၀%) - ၀မ်းတွင်းသွေးပါခြင်းသည်အဖြစ်အများဆုံးဖြစ်သော်လည်း အများစုသည်သတိမထားမိခြင်းကြောင့် လက္ခဏာမပြသလိုဖြစ်နေပြီး ဆရာဝန်မှ စအိုတွင်း လက်ချောင်းထည့် စမ်းသပ်ရာမှ အမှတ်မထင်တွေ့ရှိခြင်းမျိုးဖြစ်တတ်ပါသည်။

အဆိုပါလက္ခဏာသည် တွေ့ရှိလျှင်လည်း လိပ်ခေါင်းရောဂါ ဟုမိမိဘာသာ ခေါင်းစဉ်တပ်ပြီး မှားယွင်းကုသနေတတ်ခြင်းမျိုးလည်းရှိပါသည်။

၂။ ၀မ်းသွားသည့်ပုံစံပြောင်းလဲခြင်း( ၄၃%) - ၀မ်းလျှောခြင်း၊ ၀မ်းကိုက်ခြင်း၊ သို့မဟုတ် ၀မ်းချုပ်ခြင်း ပုံစံမျိုးနှင့် အမျိုးမျိုးလာနိုင်ပြီး ၀မ်းကျန်သလိုခံစားရခြင်းကို ၀မ်းသွားတိုင်းခံစားနေရတတ်ပါသည်။

၃။ Medical checkup တွင် ၀မ်းစစ်ရာမှသွေးပါကြောင်းတွေ့ရှိခြင်း (၂၆%) - ဖွံ့ဖြိုးပြီးနိုင်ငံများတွင်နိုင်ငံတော်မှထောက်ပံ့ပေးသောကျန်းမာရေးစစ်ဆေးမှုတွင် ၀မ်းတွင်းသွေးစစ်ဆေးခြင်း( FIT) ပါဝင်သည်။ လူတိုင်းအသက် ၅၀ ကျော်သည်နှင့် နှစ်နှစ်တစ်ကြိမ်စစ်ဆေးကြရပြီး အဆိုပါစစ်ဆေးမှုမှ စောစီးစွာတွေ့ရှိ ၍ကုသမှုမြန်မြန်ရသောလူများမှာလည်းများပါသည်။

မြန်မာနိုင်ငံတွင် အဆိုပါထောက်ပံ့မှုမျိုးမရှိသဖြင့် မိမိဘာသာ medical checkup ပြုလုပ်ရာတွင် ပါဝင်မှသာ အူမကြီးနှင့်အစာဟောင်းအိမ်ကင်ဆာတို့၏ screening test ဖြစ်သော FIT ကို စစ်ဆေးမိပြီးသိရှိသွားတတ်ပါသည်။

၎။ ဗိုက်နာခြင်း(20%) - ဗိုက်နာခြင်းမှာလည်းဝမ်းကိုက်သကဲ့သို့ ဆွဲဆုပ်နာလိုက် သက်သာလို်က်၊ ဆွဲဆုပ်နာလိုက်၊သက်သာလိုက်ဖြစ်နေပြီး ဗိုက်ကြီးတင်းဖောင်းနေခြင်းလည်းဖြစ်တတ်ပါသည်။

၅။ ခါးနာခြင်း - ကင်ဆာမှာအတော်ကြီးထွား၍ နောက်ဆုံးအဆင့်ပိုင်းသို့ရောက်သွားချိန်တွင် ကင်ဆာကြိတ်မှ ခါးရှိအာရုံကြောများကိုဖိခြင်း၊ ၀င်ရောက်ခြင်းတို့ကြောင့်ခါးနာခြင်းကိုခံစားရပါသည်။

၆။ ဆီးလမ်းကြောင်းလက္ခဏာများဖြစ်သောဆီးပူခြင်း၊ ဆီးကျဉ်ခြင်း - ကင်ဆာနောက်ပိုင်းအဆင့်များတွင် အနီးကပ်တွင်ရှိနေသောဆီးအိမ်နှင့် ဆီးသွားသည့်လမ်းကြောင်းတို့ကို ဖိခြင်းကြောင့် ဆီးလက္ခဏာများခံစားရပါသည်။

၇။ ပင်ပန်းနွမ်းနယ်လွယ်ခြင်း( ၉%)

၈။ သွေးအားနည်းခြင်း- ၀မ်းတွင်းသွေးပါခြင်းဖြင့်မသိမသာသွေးများဆုံးရှူံးနေခြင်းကြောင့်သွေးအားနည်းခြင်းနှင့်သွေးအားနည်းခြင်း၏လက္ခဏာများခံစားရခြင်းမှတစ်ဆင့် ကင်ဆာကိုရှာဖွေတွေ့ရှိခြင်းများလည်းရှိပါသည်။

၉။ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း
အစာဟောင်း အိမ် နှင့် အူမကြီးကင်ဆာတို့သည် ကင်ဆာဖြစ်ပုံခြင်း အလားသဏ္ဌာန် တူသော်လည်း ကုသမှုများမှာကွာခြားပါသည်။ အဘယ်ကြောင့် ဆိုသော် အစာဟောင်းအိမ်တည်ရှိရာနေရာသည် အူမကြီးကဲ့သို့ဝမ်းဗိုက်တွင်းမဟုတ်တော့ဘဲ အူမကြီး အဆုံး စအို အပေါ်နားကျဉ်းမြောင်းသောလမ်းကြောင်းလေးတွင်းတည်ရှိနေပြီး ကပ်ရပ် တွင် သားအိမ်၊ ဆီးလမ်းကြောင်းတို့နှင့်ကပ်ရပ်တည်ရှိနေသောကြောင့် ကုသမှုမှာပို၍ ခက်ခဲသည့်အပိုင်းများရှိသကဲ့သို့ ကင်ဆာပြန့်နှံ့မှုပုံစံများမှာလည်းကွာခြားပါသည်။

ကင်ဆာပြန့်နှံ့မှုမှာအနီးအနားရှိ တစ်ရှူးများဖြစ်သည့် ဆီးလမ်းကြောင်း၊သားအိမ်လမ်းကြောင်း တို့ဆီတို့ ဦးစွာပြန့်နှံ့ပြီး လမ်းကြောင်းတုဖြစ်ပေါ်ခြင်းများဖြစ်တတ်ပါသည်။ နောက်ဘက်ခါးရိုး သို့လည်း ကင်ဆာဆဲလ်များပြန့်နှံ့လွယ်ပြီး အရိုးကိုက်ခြင်း၊တင်ပဆုံနာခြင်းတို့လည်းဖြစ်တတ်ပါသည်။

ထိုမှတစ်ဆင့် သွေးပြန်ကြောများမှ ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ပြန့်နှံ့ပြီး အသည်းသို့ပြန့်နှံ့ခြင်း၊ အဆုတ်သို့ပြန့်နှံ့ခြင်း၊ ဦးနှောက်သို့ပြန့်နှံ့ခြင်းများသည် အစာဟောင်းအိမ်ကင်ဆာ၏နောက်ဆုံးအဆင့်ဖြစ်ပြီး ကုသရန်ခက်ခဲသောအဆင့်သို့ရောက်ရှိနေပြီဖြစ်ပါသည်။

အစာဟောင်းအိမ်ကင်ဆာသည်အူမကြီးကင်ဆာနှင့်အမျိုးအစားတူသည့် အမျိုးအစားတစ်မျိုးဖြစ်သော အလုံးအကြိတ်အမျိုးအစားမျိုး၊ နောက်တစ်မျိုးမှာ အနာအမျိုးအစား၊ နောက်တစ်မျိုးမှာအစာဟောင်းအိမ်နံရံ တစ်ပတ်လည် ရှုံ့သွားသောအမျိုးအစားဟူ၍ အမျိုးမျိုးရှိပါသည်။ ထို အမျိုးအစားတို့ပေါ်မူတည်ပြီး ရောဂါလက္ခဏာများမှာကွာခြင်းတတ်ပါသည်။

အလုံးအကြိတ်ခံပြီးအူလမ်းကြောင်းပိတ်၍ ၀မ်းချုပ်ခြင်း၊ အစာဟောင်းအိမ်အနာမှ သွေးများ ထွက်ခြင်းကြောင့် ၀မ်းတွင်းသွေးပါခြင်း၊ ၀မ်းကိုက်သလိုခံစားရခြင်း၊ နံရံတစ်ပတ်လည်လုံး ကင်ဆာဆဲလ်များအလျင်အမြန်ထိုးဖောက်ခြင်းကြောင့် ပြန့်နှံ့သည့်လက္ခဏာများပေါ်မှသိခြင်း စသဖြင့် ရောဂါလက္ခဏာများမှာအတိအကျထက် ပုံစံအမျိုးမျိုးနှင့်လာနိုင်ပါသည်။

အဖြစ်များသော မျိုးရိုးလိုက်တတ်သည့်အစာဟောင်းအိမ် သို့မဟုတ်အူမကြီးကင်ဆာ နှစ်မျိုး ရှိပါသည်။

၁။ အသားပိုအလုံးများဖြင့် ကြိုတင်ဖြစ်ပေါ်ခြင်းမရှိသော HNPCC ဟုခေါ်သည့် အူမကြီးကင်ဆာရောဂါနှင့်

၂။ မျိုးနှင့်ရိုးနှင့် အသားပိုလုံးများပါရှိနေသော အူမကြီးကင်ဆာ(FAP)ဟူ၍ အဓိက နှစ်မျိုး ရှိပါသည်။

၁။ အသားပိုအလုံးများဖြင့် ကြိုတင်ဖြစ်ပေါ်ခြင်းမရှိသော HNPCC ဟုခေါ်သည့် အူမကြီးကင်ဆာရောဂါ

HNPCC အူမကြီးကင်ဆာသည် အသားပိုလုံးများအဖြစ် အကြိုကင်ဆာလက္ခဏာမတွေ့ရဘဲ ကြိုတင်သိရှိနိင်သော မျိုးရိုးဗီဇအရ အသေအချာပြောနိုင်သော အချက် ၃ ချက်ရှိပါသည်။

၁။ မိသားစုမျိုးရိုးထဲတွင် ဆွေမျိုး သုံးဦးနှင့် အထက် အူမကြီးကင်ဆာဖြစ်ဖူးခြင်း ( ထိုဆွေမျိုး ၃ ဦးတွင် မောင်နှမရင်းချာသို့မဟုတ် မိဘ အနည်းဆုံးတစ်ဦးတွင်ဖြစ်ဖူးခြင်း)

၂။ မျိုရိုးစဉ်ဆက် နှစ်ဆက် နှင့် အထက်တွင် ဆက်တိုက်ဖြစ်ဖူးခြင်း

၃။ ဆွေမျိုးတစ်ဦးဦးသည် အသက် ၅၀ အောက်တွင် အူမကြီးကင်ဆာဖြစ်ဖူးခြင်း
အထက်ပါ အချက် ၃ချက် အပြင် အချို့သော မိသားစုများတွင် အူမကြီး ကင်ဆာသာမက ဘဲ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ကို အသက် ၄၅ နှစ်အောက်တွင်ဖြစ်ဖူးသူများတွင်လည်း HNPCC ရောဂါဖြစ်နိုင်ပါသည်။

ထို့ကြောင့် အစာဟောင်းအိမ်ကင်ဆာ သို့မဟုတ် အူမကြီးကင်ဆာ သည်အသက် ၄၅ နှစ်အောက်တွင်ဖြစ်ဖူးသူ မျိုးရိုးတွင်းရှိပါက မိမိတွင်အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာဖြစ်ရန်အလားအလာမှာ ၈၀ % ဖြစ်ပါသည်။

ထိုသို့မျိုးရိုးထဲတွင်သိသိသာသာ ကင်ဆာရောဂါများဖြစ်ဖူးသူသည် အူမကြီးမှန်ပြောင်းစစ်ဆေးခြင်းသို့မဟုတ် မျိုးရိုးဗီဇစစ်ဆေးခြင်းကို အသက် ၂၅ နှစ်မှစ၍ သို့မဟုတ်
မိသားစုထဲတွင်ကင်ဆာစတင်ဖြစ်ခဲ့ဖူးသည့် အငယ်ဆုံးအသက်မတိုင်ခင် ၁၀ နှစ် အကြို ကတည်းကကြိုတင် စစ်ဆေးထားရန်လိုပါသည်။

ထိုသို့မျိုးရိုးရှိသူသည် အူမကြီးမှန်ပြောင်းကို ၁- ၂ နှစ် တစ်ကြိမ် ပြန်ကြည့်ရန်လိုအပ်ပြီး ကင်ဆာထဖြစ်နိုင်သည့်အချိန်မှာအချိန်မရွေးဖြစ်ပါသည်။

၂။ အသားပိုလုံးများတွေ့ရလေ့ရှိသော အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာ(FAP)
Famalial adenomatous polyposis

မျိုးရိုးဗီဇ ကြောင့် ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်ကတည်းက အသားပိုလုံးများသည် ရာထောင်ချီအောင်ပင် ရှိနေတတ်ပါသည်။ ထိုမျိုးရိုးဗီဇ ပါသူများ၏ ၉၀ ရာခိုင်နှုန်းသည် အသက် ၅၀ အရွယ်တွင် အူမကြီးကင်ဆာဖြစ်ကြောင်းတွေ့ရှိရပြီး အလွန်ကင်ဆာအဖြစ်များသောရောဂါတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် မျိုးရိုးထဲတွင် ရှိကြောင်းသိရှိပါက အသက် ၁၄ နှစ်မှစ၍ gene မျိုးရိုးဗီဇ စစ်ဆေးခြင်း ပြုလုပ်ပြီး gene တွေ့ရှိပါက ကြိုတင်၍ အူမကြီးဖြတ်ခြင်းတို့ပင်ပြုလုပ်ထားရပါသည်။

အစာဟောင်းအိမ်ကင်ဆာ သို့မဟုတ် အူမကြီးကင်ဆာစစ်ဆေးမှုအဖြစ် အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းသည် gold standard ဟုခေါ်သော အကောင်းဆုံးစစ်ဆေးမှုတစ်ခုဖြစ်ပြီး အရံစစ်ဆေးမှုများအနေဖြင့် ၀မ်းတွင်းသွေးပါမပါစစ်ဆေးခြင်းသည် နိုင်ငံတကာတွင် screening test အနေဖြင့် အသက် ၅၀ ကျော်သူတိုင်းကို ပြုလုပ်ပေးသောစစ်ဆေးခြင်းတို့ဖြစ်ပါသည်။ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းသည် အစာဟောင်းအိမ်နံရံသာမက အူမကြီးလမ်းကြောင်းတစ်လျှောက်နံရံအားလုံးကို ဆရာဝန် မှကင်မရာဖြင့်ရိုက်ကူးမှတ်တမ်းတင်နိုင်ခြင်းဖြစ်သောကြောင့် အလုံးအကြိတ်၊ အနာ၊ ပုံမှန်မဟုတ်သောအသားပိုလုံးများ၊လမ်းကြောင်းများကိုတွေ့မြင်နိုင်သည့်အပြင် အသားစယူပြီး ဓာတ်ခွဲစစ်ဆေးခြင်းပြုလုပ်နိုင်သောကြောင့် အကောင်းဆုံးစစ်ဆေးမှုတစ်ခုဖြစ်ပါသည်။

ကုသမှုအပိုင်းမှာကင်ဆာအမျိုးအစား၊ ကင်ဆာ ၏ ပြန့်နှံ့မှုအဆင့်တို့ပေါ်မူတည်ပြီး ခွဲစိတ်ကုသခြင်း၊ အူလမ်းကြောင်းဖြတ်ပြီးပြန်ဆက်ခြင်း၊ အူလမ်းကြောင့်လွှဲပြုလုပ်ပြီး စအို ကို ပိတ်လိုက်ခြင်း၊ ဆေးသွင်းကုသခြင်း ၊ဓာတ်ရောင်ခြည်ပေးကုသခြင်းတို့ဟူ၍ အမျိုးမျိုးရှိပါသည်။

အစာဟောင်းအိမ်ကင်ဆာနှင့်အူမကြီးကင်ဆာတို့မဖြစ်အောင်ကာကွယ်သည့်နည်းလမ်းများရှိပါသည်။

ရေများများသောက်ခြင်း၊ အသီးအရွက်များများစားခြင်းတို့သည်တစ်စိတ်တစ်ပိုင်းပါဝင်သော်လည်း အထိရောက်ဆုံးကာကွယ်နည်းမှာ colorectal cancer screening ဟုခေါ်သော ကြိုတင်စစ်ဆေးမှုများပြုလုပ်ခြင်းဖြစ်ပါသည်။

Guideline များအနေဖြင့်
အမေရိကန်နိုင်ငံမှ guideline များတွင်အသက် ၄၅ နှစ်ရောက်သည်နှင့် ရောဂါလက္ခဏာရှိရှိမရှိရှိ၊ မျိုးရိုးအလားအလာရှိရှိမရှိရှိ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းကို ပုံမှန်medical checkup များတွင်ထည့်သွင်းလုပ်ဆောင်ပေးပါသည်။

အချုပ်အားဖြင့် ရှင်းလင်းအောင် တိတိကျကျပြောရလျှင် ၄၅ နှစ် အထက် မည်သည့်လက္ခဏာမှ မရှိသော လူတိုင်း အူမကြီး မှန်ပြောင်း ကြည့်ရှုပြီး စစ်ဆေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ သံသယ ဖြစ်ဖွယ် လက္ခဏာ တစ်ခုခု ရှိပါက အူမကြီး မှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်း အား မဖြစ်မနေ မပေါ့လျော့ပဲ ပြုလုပ်သင့် ပါသည်။



No comments: