Wednesday, December 4, 2019

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ပစ်ကြပါစို့”



အရင်ဆုံးအနေနဲ့ ကျားမခြေပြု အကြမ်းဖက်မှု (Gender based violence) ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုပါရစေ။

ကျားမကွဲပြားမှုပေါ် အခြေခံပြီး လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့ ဆန့်ကျင်ကာ ထိခိုက်နစ်နာအောင် ပြုလုပ်လိုက်တဲ့ အပြုအမူတွေကို ကျားမအခြေပြု အကြမ်းဖက်မှု လို့ ခေါ်ပါတယ်။
(Gender discrimination + Against the will + harmful action = Gender based violence)

ဒီနေရာမှာ ထိခိုက်နစ်နာစေတယ်ဆိုလို့ ရုပ်ပိုင်းဆိုင်ရာကိုပဲ ပြောတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ နစ်နာမှုတွေလည်း ပါပါတယ်။ ယောကျာ်းလေးတစ်ယောက် အလှအပကြိုက်တာနဲ့ပတ်သက်ပြီး မင်းက ယောကျာ်းကြီးတန်မဲ့ ဒီလိုတွေ ကြိုက်ရသလားရယ်လို့ လူကြားထဲ အရှက်ခွဲလိုက်တာမျိုးဟာလည်း တကယ်တော့ GBV တစ်မျိုးပါပဲ။ ယောကျာ်းဆိုတာ အလှမကြိုက်ရဘူးဆိုပြီး ခွဲခြားဆက်ဆံလိုက်တယ်၊ သူ့ရဲ့ စိတ်ဆန္ဒနဲ့ ဆန့်ကျင်နေတယ်၊ သူ့အရှက်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်၊ ဒါကြောင့် အဲဒါဟာလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေထက်စာရင် ခွန်အားအားဖြင့်၊ လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေအားဖြင့် အားနည်းသလို ဖြစ်နေတဲ့ အမျိုးသမီးတွေကတော့ အကြမ်းဖက်မှုကို ပိုပြီး ရင်ဆိုင်ရတာ များတဲ့အတွက် ကျားမအခြေပြု အကြမ်းဖက်မှုလို့ ဆိုလိုက်တာနဲ့ အမျိုးသမီးတွေအရေးကိုပဲ ဦးစားပေး ပြောနေရတာ ဖြစ်ပါတယ်။

ကျားမအခြေပြု အကြမ်းဖက်မှု (၅)မျိုး ရှိပါတယ်။

၁) ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု - ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း

၂) စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ယိသဲ့သဲ့စကားပြောခြင်း

၃) လူမှုရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ပညာသင်ခွင့်မရှိခြင်း၊ လုပ်ခလစာ လျှော့ပေးခံရခြင်း၊ အမွေရပိုင်ခွင့် ငြင်းပယ်ခံရခြင်း

၎) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - အဓမ္မပြုကျင့်ခြင်း၊ အဓမ္မပြုကျင့်ရန် အားထုတ်ခြင်း၊ အလိုမတူဘဲ ကိုင်တွယ်ပွတ်သပ်ခြင်း၊ လိင်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ စေခိုင်းခံရခြင်း

၅) အန္တရာယ်ရှိသော ရိုးရာအလေ့အထများ - မလိင်အင်္ဂါ လှီးဖြတ်ခြင်း၊ မိန်းကလေးမှန်းသိ၍ ကိုယ်ဝန်ဖျက်ချခြင်း၊ စောစီးစွာ အတင်းအကြပ် အိမ်ထောင်ချခြင်း စတာတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နည်းပညာကို အသုံးပြုပြီး အကြမ်းဖက်ခြင်းဆိုတာကိုလည်း ထပ်ထည့်လာကြပါတယ်။

အဲဒီလို ကျားမအခြေပြု အကြမ်းဖက်မှုတွေ ဘာကြောင့် ဖြစ်နေရသလဲဆိုရင်တော့ အဓိကအကြောင်းရင်း (၃)ခု ရှိပါတယ်။ ရှေ့က ပြောခဲ့တဲ့ အကြမ်းဖက်မှုအမျိုးအစားတွေထဲက ကြိုက်တဲ့ တစ်ခုကို ဆွဲထုတ်လိုက်ပါ၊ ဘယ်တစ်ခုမှာမဆို ဒီအကြောင်းရင်း (၃)ခုနဲ့ ဆက်စပ်နေတာကို တွေ့ရပါလိမ့်မယ်။

၁။ ကျားမခွဲခြားဆက်ဆံခြင်း (Gender discrimination)
၂။ ပါဝါ အလွဲသုံးစားလုပ်ခြင်း (Power abuse)
၃။ လူ့အခွင့်အရေးကို မလေးစားခြင်း (Disrespect human rights) တို့ပဲ ဖြစ်ပါတယ်။

တစ်ခုချင်းစီ ကြည့်ရအောင်ပါ။

၁) ကျားမခွဲခြားဆက်ဆံခြင်း (Gender discrimination)

ကျွန်တော်တို့ မြန်မာ့အသိုင်းအဝိုင်းမှာ ဆိုးဆိုးရွားရွား အန္တရာယ် ဖြစ်စေလောက်တဲ့အထိ နှိမ့်ချဆက်ဆံတာမျိုး မရှိပေမဲ့ အမျိုးသမီးတွေကို အမျိုးသားတွေလောက်တော့ အရေးပေးဆက်ဆံလေ့ မရှိကြတာ အမှန်ပါပဲ။ မိန်းကလေးဆိုရင် ဗိုင်းကောင်းကျောက်ဖိ၊ အိနြေ္ဒကြီးရမယ်၊ သိမ်မွေ့ရမယ်။ ယောကျာ်းလေးကတော့ ထက်မြက်ရမယ်၊ ငွေရှာရမယ်၊ ဦးဆောင်နိုင်ရမယ် စသဖြင့် သတ်မှတ်ထားကြတယ်။ ဒီအခါ အမျိုးသမီးတွေက အမျိုးသားတွေအပေါ် မှီခိုနေရတာ များလာတယ်။ ဒီတော့ ယောကျာ်းက ဖောက်ပြန်နေတာ သိသိကြီးနဲ့လည်း၊ ရိုက်နှက်နှိပ်စက်နေတာ သိသိကြီးနဲ့လည်း သည်းခံနေရတယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။

သမီးရည်းစားတွေ လွန်လွန်ကျူးကျူးဖြစ်ပြီး ကိုယ်ဝန်ရသွားတယ်၊ ယောကျာ်းလေးက တာဝန်မယူဘဲ ထားသွားတယ်ဆိုရင် အဲ့ဒီယောကျာ်းလေးကို အပြစ်ပြောတာထက် မိန်းကလေးကိုပဲ ပိုအပြစ်ပြောကြတယ်။ တာဝန်မယူတဲ့ သားယောကျာ်းလေးအတွက် မိဘက ရှက်တာထက် ကိုယ်ဝန်နဲ့ ကျန်ခဲ့တဲ့ သမီးမိန်းကလေးအတွက် မိဘက ပိုရှက်ကြတယ်။ ဒီလိုမျိုး အမျိုးသားတွေက တစ်ဆင့်မြင့်သလို ဖြစ်နေတဲ့ အနေအထားက အနိုင်ကျင့် အကြမ်းဖက်မှုတွေ ဖြစ်ဖို့ တွန်းအားပေးနေပါတယ်။

၂။ ပါဝါ အလွဲသုံးစားလုပ်ခြင်း (Power abuse)

လောကမှာ တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေမတူကြပါဘူး။ ရာထူး၊ လုပ်ပိုင်ခွင့်၊ ငွေကြေး၊ ခွန်အား၊ ဉာဏ်ပညာ စသဖြင့် ပါဝါတွေ ကွာခြားကြပါတယ်။ ဒါတွေကို တူအောင် လိုက်ညှိလို့မရပေမဲ့ ပါဝါရှိတဲ့သူတွေ အဲဒီပါဝါကို အလွဲသုံးစား မလုပ်အောင်တော့ ထိန်းချုပ်ထားလို့ ရပါတယ်။

ပထမဆုံးအနေနဲ့ ယောကျာ်းတွေရဲ့ ကိုယ်ကျင့်သိက္ခာပါ။ ယောကျာ်းတွေဟာ မိန်းမတွေထက် ခွန်အားကြီးပါတယ်။ ဒါပေမဲ့ ယောကျာ်းတိုင်းကတော့ ရိုက်နှက်နှိပ်စက်နေကြတာ မဟုတ်ပါဘူး။ ဒီလိုလုပ်ရပ်ဟာ အင်မတန် ရှက်စရာကောင်းတယ်၊ ယောကျာ်းကောင်းတွေရဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ခံယူထားတဲ့ ယောကျာ်းက ဘယ်တော့မှ ဒီလိုမလုပ်ပါဘူး။

နောက်တစ်ခုက လူမှုအသိုင်းအဝိုင်းကနေ ထိန်းလို့ရတယ်။ အဓမ္မပြုကျင့်မှု ဖြစ်တယ်။ ပြုကျင့်ခံရသူကို အပြစ်တင်စကား ပြောမယ့်အစား ပြုကျင့်သူကိုသာ ဝိုင်းပြီး ကဲ့ရဲ့ပြစ်တင်ကြမယ်ဆို တော်ရုံတန်ရုံ အနိုင်ကျင့်ဖို့ရာ ခက်သွားမယ်။ ခုက ပြောင်းပြန်ဖြစ်နေတော့ အနိုင်ကျင့်ဖို့က သိပ်လွယ်နေတယ်။

နောက်ဆုံးတစ်ချက်ကတော့ တရားဥပဒေနဲ့ ထိန်းချုပ်ဖို့ပါ။ ကိုယ်ကျင့်သိက္ခာလည်း မကောင်းဘူး၊ ပတ်ဝန်းကျင်ကလည်း ထိန်းလို့မရဘူး။ ဒါပေမဲ့ အကြမ်းဖက်မှု ကျူးလွန်လိုက်တာနဲ့ ထိထိရောက်ရောက် အပြစ်ပေးခံရမယ်ဆိုရင် မလုပ်ရဲပါဘူး။ ဒီလိုထိန်းချုပ်မှုတွေ အားနည်းနေသရွေ့တော့ Power abuse တွေ လုပ်နေကြမယ်။ ဒါဆို အကြမ်းဖက်မှုတွေကလည်း များနေဦးမှာ ဖြစ်ပါတယ်။

၃။ လူ့အခွင့်အရေးကို မလေးစားခြင်း (Disrespect for human rights)

လူ့အခွင့်အရေး လို့ ပြောလိုက်တိုင်းမှာ အခြေခံအကျဆုံး လုပ်ရမဲ့အချက်က လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ သူတစ်ပါးရဲ့ အခွင့်အရေးကို လေးစားပေးကြဖို့ပါပဲ။ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံများမှာတော့ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိလဲဆိုတာသိတယ်၊ တောင်းလည်းတောင်းဆိုတတ်တယ်၊ အဲဒီလိုပဲ သူတစ်ပါးရဲ့ အခွင့်အရေးတွေကိုလည်း တန်ဖိုးထားတယ်၊ လေးစားတယ်။ လူလူချင်း မပြောနဲ့၊ တိရိစ္ဆာန်ကိုတောင် လေးလေးစားစား ဆက်ဆံတတ်ကြတယ်။ ပြောရရင်တော့ သူတို့တွေဟာ ကိုယ့်ကိုကိုယ် ‘လူ’လို့ ခံစားရတယ်၊ အဲဒီတော့ ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ‘လူ’လို့မြင်နိုင်ကြတယ်။

ကျွန်တော်တို့ကတော့ လူအခွင့်အရေး ဆိုတဲ့စကားလုံးကို သိပ်မကြာသေးခင်ကမှ ပါးစပ်က ကျယ်ကျယ်လောင်လောင် ပြောလို့ရလာတဲ့ တိုင်းပြည်ဆိုတော့ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိမှန်းလည်း မသိဘူး၊ရှိမှန်းတောင် မသိတဲ့နောက်တော့ တောင်းဆိုရကောင်းမှန်း လေးစားရကောင်းမှန်းလည်း မသိကြတော့ဘူး။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မှိုချိုးမြစ်ချိုး ပြောလိုက်ခြင်း၊ သားပြောမယားပြော ပြောလိုက်ခြင်းတွေဟာ တကယ်တော့ သူ့ရဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်ခြင်းပါပဲ။ ဒါပေမဲ့ လုပ်လိုက်တဲ့သူကလည်း မသိသလို၊ ခံလိုက်ရတဲ့ အမျိုးသမီးကိုယ်တိုင်ကလည်း ဒါဟာ ပြစ်မှုမြောက်မှန်း၊ တိုင်ရကောင်းမှန်း မသိပါဘူး။

ဒါကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို လျော့နည်းပပျောက်သွားစေချင်တယ်ဆိုရင် ဒီအချက် (၃) ချက်ကို နည်းသထက် နည်းလာအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ယောကျာ်းဆိုတာ ဒီလိုဖြစ်သင့်တယ်၊ မိန်းမဆိုတာ ဒီလိုဖြစ်သင့်တယ် စတဲ့ လူမှုရေး သတ်မှတ်ချက်တွေကို ပြောင်းလဲရှုမြင်ကြရမယ်၊ အမျိုးသမီးဆိုတာနဲ့ အားနွဲ့တဲ့သူတွေအဖြစ် မြင်နေကြ တာကို ပြင်ကြရမယ်။ လုပ်ငန်းရှင်တွေက လုပ်ခလစာ အညီအမျှပေးအောင်၊ ယောကျာ်းတွေက ခွန်အားသုံး အနိုင်မကျင့်အောင်၊ ဒီလိုတွေ ပါဝါကို တလွဲမသုံးနိုင်ကြအောင် တရားဥပဒေနဲ့ အကာအကွယ်ပေးကြရမယ်။ နောက်ပြီး လူ့အခွင့်အရေးတွေကို သိရှိပြီး လူလူချင်း လူကိုလူလို မြင်ပေးနိုင်ကြဖို့လည်း လိုပါတယ်။

တကယ်တော့ ဒါဟာ အားလုံးက အသိရှိရှိနဲ့ ပူးပေါင်းပါဝင်ကြမှ ဖြစ်နိုင်မယ့် ကိစ္စဖြစ်သလို တကယ့်ကို ခရီးရှည်ကြီးတစ်ခုလိုပါပဲ၊ ပန်းတိုင်ရောက်ဖို့ အများကြီး ကြိုးစားရဦးမှာပါ။

ဒီပို့စ်ကိုတော့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းရဲ့ စကားတစ်ခွန်းနဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။

“ဘယ်တိုင်းပြည်၊ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှုအတွက်မဆို အမြဲတမ်းမှန်နေမဲ့အရာတစ်ခု ရှိတယ်။ အဲဒါကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တွေဟာ ဘယ်လိုမှ လက်ခံလို့မရဘူး၊ ခွင့်လွှတ်လို့လည်း မရသလို သည်းခံနိုင်စရာလည်း မရှိဘူး ဆိုတာပါပဲ”

ဒေါက်တာ ဖြိုးသီဟ
(၃၀.၁၁.၂၀၁၉ ထုတ် Voice Weekly ပါ ​ဆောင်းပါး)

No comments: