Sunday, September 29, 2019

Digital Marketing သမားတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်း (၇) ခု"



Digital Marketing ဟာ ယနေ့ခေတ်မှာတော့ မရှိမဖြစ်လိုအပ်လာတဲ့ Marketing နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလို မရှိမဖြစ်လိုအပ်လာတဲ့အပြင် မြန်မာနိုင်ငံမှာ သင်တန်းတွေဘာတွေလဲ ရေရေရာရာမရှိသေးတဲ့အခါ ဒီနေရာဟာ တကယ်ကျွမ်းကျင်ခဲ့ရင် တကယ်ကိုလစာကောင်းကောင်းနဲ့ အဆင်ပြေစေနိုင်တဲ့ နေရာတစ်ခု ဖြစ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် Digital Marketing သမားအဖြစ်နဲ့ အသက်မွေးချင်တဲ့ လူငယ်များအတွက် Digital Marketer တစ်ယောက်မှာ လိုအပ်တဲ့အရည်အချင်း (၇) ခုကို ရေးသားပေးလိုက်ပါတယ်။

(၁) သိချင်မှု

ဟုတ်ပါတယ်။ ပထမဆုံး လိုအပ်တဲ့ အရည်အချင်းကတော့ သိချင်မှုပါ။ အရာရာကို သိလိုစိတ်ရှိရပါမယ်။ ငယ်ငယ်တုန်းကလိုပေါ့။ ကောင်းကင်ကြီးက ဘာလို့ ပြာတာလဲ၊ မိုးက ဘာလို့ရွာတာလဲ စသဖြင့် ကလေးသဘာဝ မေးမိတတ်တယ်မဟုတ်လား။ Digital Marketer တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဒီလိုမေးခွန်းမျိုးတွေ ပြန်မေးတတ်ရပါတယ်။ ဒီ Brand က ဘာကြောင့် ဒီ Campaign ကို လုပ်တာလဲ၊ ဒီမေးခွန်းကို ဘာကြောင့် ဒီလိုပြန်ဖြေတာလဲ၊ ဒီ Post ကို ဘာကြောင့်တင်တာလဲ.. မေးပါ။ ကြည့်ပါ။ လေ့လာပါ။

(၂) တီထွင်ဖန်တီးနိုင်စွမ်း (Creativity)

သေချာပါတယ်။ Digital Marketer တစ်ယောက်ဟာ တီထွင်ဖန်တီးနိုင်စွမ်း ရှိကိုရှိရပါမယ်။ ခုခေတ်လို Brand တွေအများအပြားက အပြိုင်အဆိုင်ကြော်ငြာနေကြတဲ့ခေတ်မှာ Creative မဖြစ်ရင်တော့ ကိုယ့်ရဲ့ Content ကို User တွေက ကျော်သွားမှာပါပဲ။ စိတ်တော့မပူပါနဲ့ .. Creative ဖြစ်ဖို့ဆိုတာ လေ့လာယူလို့ ရတဲ့ အရာပါ။

(၃) အချက်အလက် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း (Analytic & Data Driven Metrics)

ယနေ့ခေတ်ဟာ Data ခေတ်ပါ။ အရင်ကလို သတင်းစာအစောင်ရေ (၁၀၀၀) မှာ ကြော်ငြာရမ်းထည့်လိုက်ကွာ၊ ဘယ်လောက်လောက် မြင်မလဲတော့ မသိဘူးပေါ့.. အဲလို လုပ်လို့မရတော့ပါဘူး။ ဒီသတင်းကို ဖတ်တဲ့သူက ဘယ်နှယောက်၊ အဲဒီထဲမှာ ယောက်ျားလေးက ဘယ်နှယောက်၊ မိန်းကလေးက ဘယ်နှယောက်၊ အခြောက်က ဘယ်နှယောက်၊ အသက်အရွယ်တွေက ဘယ်လောက်နဲ့ ဘယ်လောက်ကြားတွေ၊ ရန်ကုန်မှာနေတာက ဒီလောက်၊ အဲဒီထဲမှာမှ ဘောလုံးအားကစားကို ဝါသနာပါတာက ဒီလောက်… Ok ဒါဆို သိပြီမလား၊ အချက်အလက်ကို မူတည်ပြီး လိုအပ်တဲ့ Target ကို မှန်အောင်ပစ်နိုင်စွမ်းလဲ Digital Marketer တွေမှာ လိုပါတယ်။

(၄) ပြင်းပြတဲ့ စိတ်ဆန္ဒ (Passion)

တကယ် Digital Marketer ဖြစ်ချင်ရဲ့လား? ညနက်သန်းခေါင် Client က လိုအပ်ရင် မအိပ်ဘဲ အလုပ်လုပ်နိုင်လား? Data တွေ ထိုင်ကြည့်ပြီး မျက်လုံးကိုက်တဲ့ဒဏ်ကို ခံနိုင်လား? ဒီနေ့ ဘယ်လို Content မျိုး Create လုပ်ရမလဲ စဉ်းစားရလွန်းလို့ ခေါင်းပူတဲ့ဒဏ်ခံနိုင်လား? Proposal တွေ တင်နိုင်လား? Pitch တွေ ပြောနိုင်လား? အိပ်မက်ထဲမှာတောင် Content တွေ ထည့်မက်နေမိလား?

အပေါ်ကအချက်တွေကို ခံနိုင်တယ်ဆိုရင် သင့်မှာ Passion ရှိတာသေချာပါပြီ။ Digital Marketing လောကမှ ကြိုဆိုပါတယ်။

(၅) ပြီးမြောက်အောင် လုပ်နိုင်စွမ်း

Digital Marketing အလုပ်ဟာ ရှည်ကြာပါတယ်။ တစ်ထိုင်တည်းလုပ်လို့ မပြီးပါဘူး၊ တစ်လလဲ မပြီးပါဘူး။ Contract ရှိရင် ရှိသလောက်လုပ်ရမှာပါ။ ကြာလာတဲ့အခါ စိတ်ညစ်လာတာတွေ၊ အပေါ်ကအချက်တွေကြောင့် ဆက်မလုပ်ချင်တော့တာတွေ ရှိလာမှာပါ။ အဲဒီလိုရှိလာတဲ့အခါ ကိုယ့်ကိုကိုယ် အားတင်းပြီး အလုပ်ပြီးမြောက်အောင် လုပ်နိုင်စွမ်း ရှိဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

(၆) Digital Marketing နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု

သေချာတာပေါ့။ Digital Marketing လုပ်မယ်ဆိုရင် Digital Marketing နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု ရှိရမှာပါ။

(၇) အလုပ်လုပ်ရင်း အတွေ့အကြုံမှ သင်ယူပါ

Digital Marketing ဟာ သင်တန်းတက်ရုံနဲ့ မပြီးပါဘူး။ အခြေခံသဘောတရားလောက်ပဲ သင်တန်းတွေက သင်ပေးနိုင်မှာပါ။ အကောင်းဆုံးနည်းလမ်းကတော့ အလုပ်လုပ်ရင်း သင်ယူတာပါပဲ။ အလုပ်လုပ်ပါ၊ နေ့စဉ် လေ့လာပါ၊ စာဖတ်ပါ၊ အတွေ့အကြုံရှာပါ။ ဒီနည်းမ်းနဲ့ဆိုရင်တော့ နှစ်အနည်းငယ်အတွင်း ကျွမ်းကျင်တဲ့ Digital Marketing သမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

No comments: