Monday, September 16, 2019

“LDRS များအတွက် ကိုယ်ဝန်တားနည်း”



LDRS ဆိုတာ လူငယ်တွေတော့ သိလိမ့်မယ်။ Long Distance Relationship ကို ပြောတာပါ။ အနေဝေးကြတဲ့ ချစ်သူတွေပေါ့။

ခုနောက်ပိုင်း လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ လူငယ်တွေရဲ့ အမြင်နဲ့ အလေ့အကျင့်တွေ ပြောင်းလဲလာကြတာ အားလုံးလည်း သိမှာပါ။ လက်ထပ်မှ အတူနေမယ် ဆိုတာမျိုး မဟုတ်တော့ဘဲ သမီးရည်းစား ဘ၀မှာကတည်းကိုက အတူနေကြတယ်။ တချို့လည်း စောင့်ထိန်းပါတယ်။ ဒီလိုလူငယ်တွေလည်း အများကြီး ရှိသေးတယ်။ ဒီလိုထိန်းနေရင်းကမှ မတော်တဆ လွန်လွန်ကျူးကျူး ဖြစ်သွားတဲ့အခါ အရေးပေါ် ကိုယ်ဝန်တားဆေးကို သုံးကြရတယ်။

တချို့ကျတော့လည်း လက်သာမထပ်ရသေးတာ၊ အိမ်ထောင်သည်တွေလိုပဲ ပုံမှန်ဆက်ဆံမှု ရှိကြတယ်။ သူတို့ကျ အတူနေပြီးတိုင်း အရေးပေါ်ဆေး သောက်နေလို့ မရဘူး။ ဒီဆေးက ထိရောက်မှု နည်းတယ်။ မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ အနေအထားမျိုးမှသာ သုံးသင့်တာ။ ဒါကြောင့် ကွန်ဒုံးလို၊ နေ့စဉ်သောက်ဆေးကတ်လို၊ ၃ လခံထိုးဆေးလိုမျိုးတွေ သုံးမှ အဆင်ပြေမယ်။ စိတ်ချရမယ်။

ကြားမှာ ခက်နေတာက ခုပြောတဲ့ LDRS တွေ။ တစ်ယောက်ယောက်က နယ်မှာ ရောက်နေတာ ဖြစ်မယ်။ ၂လမှ တစ်ခါ၊ ၃လမှ တစ်ခါလောက် တွေ့ကြရတယ်။ တွေ့တဲ့အခါတော့ အတူနေဖြစ်ကြတယ်ပေါ့။ ဒီအခါ ဘယ်လိုကိုယ်ဝန်တားနည်း သုံးရမလဲလို့ မကြာခဏ လာမေးကြတယ်။ ၃လမှ တစ်ခါလေး တွေ့ရတာမို့ နေ့စဉ်သောက်ဆေးလို သုံးနေရမယ်ဆိုလည်း မတန်ဘူးပေါ့။ ပြဿနာက ဘယ်နည်းသုံးပါဆိုပြီး အကောင်းဆုံး နည်းရယ်လည်း မရှိဘူး။ ရွေးချယ်လို့ရနိုင်တာတွေပဲ ပြောပြချင်တယ်။ အားသာချက်၊ အားနည်းချက်ကို ကိုယ့်ဟာကိုယ် ချိန်ဆကြည့်ပြီး ဆုံးဖြတ်တာ ပိုကောင်းပါမယ်။

၁။ ရက်ရှောင်နည်း

ဒါက မိန်းကလေးရဲ့ ရာသီလာရက်ပေါ် မူတည်ပြီး တွက်တာပေါ့။ အကြမ်းအားဖြင့် ရာသီစပေါ်တဲ့ ရက်ကနေ ၇ ရက်အတွင်းသည် ကိုယ်ဝန်ရနိုင်ခြေ အနည်းဆုံးကာလ ဖြစ်တယ်။ ဒီရက်မှာ ချိန်းပြီး နေမယ်ပေါ့။ ဒီနည်းကို သုံးမယ်ဆို မိန်းကလေးက တစ်လတစ်ခါ ရာသီမှန်မှန်ပေါ်တဲ့သူ ဖြစ်ဖို့တော့ လိုတယ်။ မဟုတ်ရင် ရက်က မမှန်နိုင်ဘူး။ ထိရောက်မှုလည်း နည်းတယ်။ ဒါပေမဲ့ သဘာဝနည်းဖြစ်လို့ ဘာဆေးမှ ၀ယ်နေစရာ မလိုသလို၊ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။

၂။ သုက်ရည်အပြင်ထုတ်နည်း

ဒါကလည်း သဘာဝနည်းပဲ။ သုက်ရည်ကို မိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲ မထည့်ဘဲ အပြင်မှာ စွန့်ထုတ်လိုက်တာပေါ့။ ဒီတော့ ကိုယ်ဝန်မရတော့ဘူး။ သူကလည်း ဘေးထွက်ဆိုးကျိုး မရှိဘူး။ ဘာမှလည်း ၀ယ်နေစရာ မလိုဘူး။ ဒါပေမဲ့ ဒီနည်းနဲ့ ပတ်သက်လို့ သိထားရမှာ နှစ်ချက်ရှိတယ်။ ဒါကို သုံးမယ်ဆို ယောကျာ်းလေးက အချိန်အဆ ကျွမ်းကျင်ဖို့ လိုတယ်။ ခုမှ ပထမဆုံး အတွေ့အကြုံဆို မရွေးသင့်ဘူး။ နောက်ပြီး သုက်ရည်က လိင်ဆက်ဆံပြီးမှ ထွက်တာ မဟုတ်ဘဲ ဆက်ဆံနေတုန်းမှာလည်း အနည်းအပါး ထွက်တတ်ပြီး အဲဒီကနေ ကိုယ်ဝန်ရတတ်လို့ သိပ်စိတ်ချရတဲ့နည်းတော့ မဟုတ်ပါဘူး။

၃။ ကွန်ဒုံး

ဒီနည်းကတော့ အမျိုးသားက သုံးရမှာ။ ကိုယ်ဝန်တင်မကဘဲ လိင်ကတစ်ဆင့် ကူးတဲ့ ရောဂါတွေပါ ကာကွယ်ပေးနိုင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တော်တော်ကြီး ကြာမှ တွေ့ကြရတာမို့ ကိုယ့်နောက်ကွယ်မှာ သူ ဘာတွေလုပ်နေမယ် မသိနိုင်ဘူး။ ဒါကြောင့် ကွန်ဒုံးကတော့ အဆင်ပြေဆုံးပဲ။ သုံးမယ်ဆို စပြီးနေကတည်းက သုံးရမယ်။ သုက်ရည်ထွက်ခါနီးမှ သုံးလို့ မရဘူး။ ရှေ့ကနှစ်နည်းနဲ့ ယှဉ်ရင် ထိရောက်မှုလည်း ကောင်းတယ်။ နောက်တစ်ခု သူ့ရဲ့ အားသာချက်က ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ ဒါပေမဲ့ ပြဿနာက အမျိုးသားတချို့က ဒီလိုအကာအကွယ်ကို မသုံးချင်ကြဘူး။ တကယ်တော့ ဒီလိုသုံးလိုက်ရင် လိင်ဆန္ဒပြည့်ဝမှုမှာ ဘာအနှောင့်အယှက်မှ မပေးပါဘူး။ ပေးတယ်ဆိုရင်တောင် သူ့ကြောင့် ပြန်ရတဲ့ အကျိုးကျေးဇူးက သိပ်ကြီးပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆို သုံးစေချင်ပါတယ်။

၎။ အရေးပေါ် ကိုယ်ဝန်တားဆေး

အပေါ်က ပြောခဲ့တဲ့ နည်းတွေ ဘာမှမသုံးချင်ဘူး ဆိုတဲ့သူတွေအတွက် နောက်ဆုံးနည်းပါ။ မရည်ရွယ်ဘဲ ဖြစ်သွားတာမျိုး မဟုတ်ဘဲ ရည်ရွယ်ပြီးမှတော့ နေကြတာ ဆိုပေမဲ့ ၃လမှ တစ်ခါလောက်၊ ၂လမှ တစ်ခါလောက် ဖြစ်တာမို့ နေပြီးတာနဲ့ သောက်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။ ဒါမှမဟုတ် အပေါ်က နည်းတွေကို သုံးရင်းနဲ့ တခုခု လွဲချော်သွားတာမျိုး (ဥပမာ သုက်ရည်ကို အထဲမှာ စွန့်မိလိုက်တာ၊ ကွန်ဒုံးပေါက်သွားတာ) တွေမှာလည်း သုံးလို့ရတယ်။

တချို့ကျလည်း တစ်ညတည်းမှာပဲ ၂ ခါလောက် နေကြတယ်။ ဒီတော့ အားလုံးပြီးသွားမှပဲ သောက်ပါ။ သောက်ပြီးမှ ထပ်ဖြစ်တယ်ဆို ထပ်သောက်ရမှာလိုလို မသောက်ရမှာလိုလို ဖြစ်တတ်လို့။ အတူနေပြီး နာရီ ၁၂၀ အတွင်း သောက်ရတယ်။ စောသောက်လေလေ ကောင်းလေလေပဲ။

သူ့ရဲ့ အားနည်းချက်ကတော့ ထိရောက်မှုအားဖြင့် ၈၇ % ပဲ ရှိတယ်။ ဒီတော့ အရေးပေါ်ဆေး သောက်လိုက်ပေမဲ့လည်း ရသွားနိုင်တယ်ပေါ့။ နောက်တစ်ခုက ဒီဆေးက ကိုယ်ဝန်ပဲ တားပေးနိုင်တယ်။ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေတော့ ကာကွယ်မပေးနိုင်ဘူး။ ဒါကြောင့်လည်း နောက်ဆုံးနည်းအဖြစ်နဲ့ပဲ ရွေးစေချင်တာ။

ဒီ ၄ နည်းကတော့ LDRS တွေအနေနဲ့ ရွေးလို့ရတဲ့ နည်းတချို့ ဖြစ်ပါတယ်။ တခြားနည်းတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ အသုံးပြုလို့ အဆင်ပြေနိုင်ဆုံးကတော့ စဉ်းစားမိသလောက် ဒါတွေပါပဲ။ ပြောခဲ့ပြီးသလိုပဲ၊ ဘယ်နည်းကတော့ အကောင်းဆုံးရယ် မဟုတ်ဘဲ ကိုယ့်ဟာကိုယ် ချိန်ဆကြည့်ပါ။ မရလောက်ပါဘူးအထင်နဲ့ ဒီအတိုင်း နေလိုက်မိပြီး ကိုယ်ဝန်ရသွားမှ မလိုချင်လို့ ဘာလုပ်ရမလဲ လိုက်မေးနေရတာထက်စာရင်တော့ ဘာနည်းပဲသုံးသုံး အဆင်ပြေပါတယ်။

ဒေါက်တာ ဖြိုးသီဟ
(၂.၉.၂၀၁၉ ထုတ် Good Health ဂျာနယ်ပါ ဆောင်းပါး)

No comments: