Friday, April 1, 2011

ထမင်းသုပ်လေးနဲ့ ဂဏန်းပျော့ကြော်စားရအောင်

-->
နွေရာသီကိုရောက်လာပြီနော် ရာသီဥတုပူလာပြီဆိုရင် အစားအသောက်ပျက်တတ်ကြတဲ့ သဘာဝကလည်းရှိနေတော့ အချိန်တိုင်းမှာ စားမြိန်ပြီး အလွယ်တကူကြော်လှော်ချက်ပြုတ်နိုင်မယ့် စားဖွယ်မျိုးလေးကိုပဲ အကြံပြုတင်ဆက်လိုက်ချင်ပါတယ်။

လွယ်လွယ်ကူကူနဲ့ စတိုင်လ်ကျကျ ပြင်ဆင်သုံးဆောင်နိုင်မယ့် Happy ထမင်းသုပ်နဲ့ ကဏန်းပျော့ကြော်ကိုရွေးချယ်လိုက်ပါတယ်။ ဒီစားဖွယ်တွေရဲ့ရှေ့မှာ Happy ဆိုတာလေးပါနေတာကတော့ မြေနီကုန်း City Mart Supermarket ရဲ့အောက်ထပ်မှာရှိတဲ့ Happy Cafe & Noodles ရဲ့စတိုင်လ်တွေမို့ပါ။

ထမင်းသုပ်ဆိုတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ အဲဒီထမင်းသုပ်လွယ်လွယ်လေးကိုပဲ ကိုယ်တိုင်သုပ်စားရုံသာမက ဧည့်သည်တွေကိုပါ ဖွယ်ဖွယ်ရာရာဧည့်ခံကျွေးမွေးနိုင်ဖို့ မျက်နှာပန်းလှလှ ပွဲဝင်ထမင်းသုပ်စတိုင်လ်လေးကို ဖန်တီးပြပါမယ်။
Happy ထမင်းသုပ်
လိုအပ်သောပစ္စည်းများ

ကြက်ပေါင် - ၁ပေါင်
ထမင်းဖြူ - ပန်းကန်လုံးတစ်လုံး
ကြက်သွန်ဖြူ - ၃မွှာ
ခရမ်းချဉ်သီး၊ ကြက်သွန်နီ - ၁ခြမ်း
ကြက်သွန်နီဆီချက် - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပဲမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပုစွန်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
မန်ကျည်းရည် - ဟင်းခပ်ဇွန်း ၁ဇွန်း
နံနံပင် - သင့်ရုံ

ပြုလုပ်နည်း
- ကြက်ပေါင်ကို ငရုတ်ကောင်းနဲ့ ဆားနယ်ပြီး ကြော်ထားပါ။
- ခရမ်းချဉ်သီး၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူများကို ပါးပါးလှီးထားပါ။
- ကြက်သွန်နီဆီချက်ချက်ထားပါ။
- မန်ကျည်းသီးကို ရေဖျော်ထားပါ။
- ထမင်းဖြူကို ကြက်သွန်နီဆီချက်၊ ပဲမှုန့်၊ မန်ကျည်းရည်၊ ငရုတ်သီးမှုန့်၊ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့နဲ့ ရောနယ်ပြီး ပန်းကန်လုံးလေးထဲမှာ အနည်းငယ်ဖိသိပ်ထည့်ပါ။ ပြီးတဲ့အခါ ပန်းကန်လုံးလေးကို ပန်းကန်ပြားတစ်ချပ်ပေါ်မှာ မှောက်ချပြီးပြန်လည်ဖယ်ယူလိုက်ပါက ပန်းကန်ပြားပေါ်မှာ သပ်သပ်ရပ်ရပ်နဲ့ ပုံစံတကျရှိနေတဲ့ ထမင်းသုပ်ကို ရရှိပါပြီ။
- နောက်ဆုံးအဆင့်အနေနဲ့ ထမင်းသုပ်ပေါ်မှာ ပါးပါးလှီးထားတဲ့ နံနံပင်လေးတွေကို ဖြူးပြီးကြက်ပေါင်ကြော်ကို ထမင်းသုပ်ဘေးမှာ ခင်းကျင်းလိုက်မယ်ဆိုရင် စားချင်စဖွယ်စတိုင်လ်လေးနဲ့ အရသာရှိတဲ့ ထမင်းသုပ်တစ်ပန်းကန်ကို ရရှနိုင်ပြီဖြစ်ပါတယ်။

ကဏန်းပျော့ကြော်
လိုအပ်သောပစ္စည်းများ

ကဏန်းပျော့ - ၂ကောင်
တမ်ပူရာမှုန့် - ဟင်းခတ်ဇွန်း ၃ဇွန်း
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ဆီ - အနည်းငယ်
ဆလပ်ရွက် - သင့်ရုံ
မရောနစ် - သင့်ရုံ

ပြုလုပ်နည်း
- ပထမဆုံး ကဏန်းပျော့ကြော်နဲ့တွဲဖက်စားသုံးဖို့အတွက် မန်ကျည်းရည်ကို ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးစိမ်းထောင်း၊ နံနံပင်၊ ဟင်းခတ်မှုန့်နဲ့ ဆားအနည်းငယ်စီ အချိုးအဆမျှတစွာထည့်ပြီး အချဉ်ဆော့စ်ဖျော်လိုက်ပါတယ်။

- တမ်ပူရာမှုန့်ကို ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ ဆီတစ်စက်ခန့်ထည့်ပြီး ရေသန့်နဲ့ဖျော်ပါတယ်။ ဒီနေရာမှာ ဆီအနည်းငယ် ထည့် ပေးတာကတော့ တမ်ပူရာမှုန့်တွေ ကဏန်းမှာကပ်ခဲမနေစေဖို့နဲ့ ကြော်တဲ့အခါမှာ ပိုမိုကြွပ်ရွလှပနေစေဖို့ ဖြစ်ပါတယ်။

- တမ်ပူရာကပ်ပြီးတဲ့ ကဏန်းတွေကိုကြော်ရာမှာတော့ ကြွပ်ရွနေစေဖို့အတွက် ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး ကြော်ပေးရမှာ ဖြစ်ပါ တယ်။

- နီရဲကြွပ်ရွတဲ့ ကဏန်းကြော်တွေရလာတဲ့အခါ ပန်းကန်ပြားတစ်ချပ်ပေါ်မှာ လတ်လတ်ဆတ်ဆတ်ဆလပ်ရွက်လေးတွေခင်းပြီး မန်ကျည်း ဆော့စ်၊မရောနစ်တို့နဲ့တွဲဖက်ကာ လှလှပပပြင်ဆင်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

သတိပြုရန်အချက် ။  ။ ကဏန်းမှာ အငံဓာတ်ပါတဲ့အတွက်ဆားလုံးဝမထည့်မိဖို့ သတိပြုပါ။

(အထက်ပါအစားအစာတွေကို စားပွဲပေါ်ပြင်ဆင်ပြီးပြီဆိုရင် တို့ဟူးခြောက်ကြော်တစ်ပွဲ၊ ကြက်ရိုးဟင်းချိုကို ကြက်သွန်မြိတ်လေးခတ်ပြီး ထမင်းသုပ်နဲ့ ဂဏန်းပျော့ကြော်တို့နဲ့တွဲဖက်စားရင်ပို အဆင်ပြေမယ်ထင်ပါတယ်။ ဂဏန်းပျော့ကြော်ကို ပြင်ဆင်တဲ့အခါ ဆလပ်ရွက် တွေဘေးကရံပြီး လိုရမယ်ရ သံပရာသီးစိတ်ကို တင်ထားရင်လည်း ပိုပြည့်စုံတာပေါ့။)

No comments: