Thursday, April 21, 2011

ချောတိုင်ထိပ်က လူ

ပထမတစ်ယောက်

ပခုံးပေါ်ရောက်လာတယ်။

 

နောက်တစ်ယောက်

ပထမရောက်တဲ့လူရဲ့ ပခုံးပေါ် တက်လာပြန်တယ်။

 

ဒါနဲ့

ငါ့ရဲ့ ပခုံးပေါ်မှာ

တက်လာတာ နှစ်ယောက်ဖြစ်သွားရော။

 

ဟော ပြောရင်းဆိုရင်း

ငါ့ကိုတွယ်လျက်

တစ်ယောက်တက်ပြန်ပြီ

ဒုတိယလူကိုကျော်

ပထမလူပခုံးပေါ် သူရောက်သွားပြီ။

 

သူဟာ ကွာဝေးခြင်းမရှိတဲ့ လက်တကမ်းက

အောင်ပန်းကို ဆွတ်ခူးယူလိုက်တယ်။

 

သူဟာ ပြုံးကာ ရယ်ကာ

ကြာမြင့်စွာပဲ၊ မဟာအောင်ပွဲခံ သူရဲကောင်းလို

ငါတို့ကိုယ်ပေါ်၊ ပခုံးပေါ်မှာ ရပ်နေတယ်

အောက်ခြေက တို့ကို

အလိုလို သူမေ့သွားပြီ။

 

အောက်ဆုံးက ငါ

ကြာမြင့်စွာရပ်

ခြေဆတ်ဆတ်တုန်

လှုပ်ရှားရုံနှင့် ပုံစံရွေ့ပျက်

ငါ့ကိုယ်ထက်က ခွေးကျကျပြီး

သေရော့မယ် ။   

 

မောင်စိမ်းနီ (ကေသီပန်)

(ပြည်သူ့ကြယ် ဂျာနယ်၊ အမှတ် ၃၃၊၁၉၇၂)

 

- နွယ်နီမဂ္ဂဇင်း ၊ မတ်လ ၂၀၁၁ စာမျက်နှာနံပါတ် ၁၇၀တွင် ပြန်လည်ဖော်ပြထားခြင်းမှ

No comments: