Tuesday, April 5, 2011

နေလောင်ဒဏ်ခံရလျှင်

နေလောင်ဒဏ်ဆိုသည်မှာ

နေလောင်ခြင်းဆိုတာ နေရောင်ခြည်ရဲ့ UV အလင်းတန်းတွေကြောင့် အရေပြားထိခိုက် ပျက်စီးတာပဲ ဖြစ်ပါတယ်။ နေလောင်ဒဏ်ရာ အများစုဟာ အရေပြားနီမြန်းခြင်းနဲ့ အသေးစား နာကျင်မှု ဖြစ်ပေါ်စေပေမယ့် အရေပြားရဲ့ အပြင်ဆုံးအလွှာမှာသာ ထိခိုက်တာ ဖြစ်ပါတယ်။

နေလောင်ဒဏ်ခံထားရတဲ့ အရေပြားကို ကိုင်တွယ်လိုက်ရင် နာကျင်နေတတ်ပါတယ်။ ဒီအသေးစား နေလောင်ခြင်းကိုတော့ အိမ်မှာအလွယ်တကူ ကုသပျောက်ကင်းနိုင်ပါတယ်။

အရေပြားက နီမြန်းနာကျင်ရုံသာမက ရောင်ရမ်းပြီး အရည်ကြည်ဖုတွေ ပေါက်လာပြီ ဆိုရင်တော့ အတွင်းပိုင်း အရေပြားအလွှာနဲ့ အာရုံကြောကို ထိခိုက်နေပြီလို့ ဆိုရမှာပါ။ အဲဒီနေလောင်ဒဏ်ကိုတော့ ဒုတိယအဆင့် နေလောင်ခြင်းလို့ ခေါ်ပြီး အနာကျက်ဖို့ အချိန်ကြာတတ်ပါတယ်။

နေလောင်ခြင်းနှင့် အရေပြားအမျိုးအစား

တချို့လူတွေမှာ အလွယ်တကူ နေလောင်ဒဏ်ခံရတတ်ပေမယ့် တချို့လူတွေမှာတော့ နေလောင်ဒဏ်ခံရနိုင်ခြေနည်းပါတယ်။ အသားဖြူတဲ့သူတွေမှာ အလွယ်တကူ နေလောင် ဒဏ် ခံရတတ်ပါတယ်။ ဒါ့အပြင် အသက် ခြောက်နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေဟာ နေရောင်ခြည်ကို အာရုံခံစားလွယ်တဲ့အတွက် နေလောင်ဒဏ် ခံရနိုင်ခြေများပါတယ်။

နေလောင်ဒဏ်ခံရခြင်း ဖြစ်စေသော အခြေအနေများ

၁။ အချိန် - နေရောင်ခြည်အပြင်းထန်ဆုံးဖြစ်တဲ့ နံနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြား အချိန်မှာ နေလောင်ဒဏ်ခံရနိုင်ခြေများပါတယ်။ တိမ်ထူတဲ့နေ့တွေမှာ နေလောင်ဒဏ်ခံရ နိုင်ခြေနည်းတယ်လို့ ယူဆနေကြပေမယ့် အရေပြားထိခိုက်စေတဲ့ UV ရောင်ခြည်ဟာ တိမ်တွေကိုဖြတ်ပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

၂။ အလင်းပြန်နိုင်သော မျက်နှာပြင်

- ရေ၊ သဲဖြူ၊ နှင်းနဲ့ ရေခဲပြင်စတဲ့ အလင်းပြန်နိုင်တဲ့ မျက်နှာပြင်နားမှာ နေထိုင်ရင် နေရောင်ခြည်ဒဏ်ခံရပြီး နေလောင်ခြင်း ဖြစ်စေနိုင်ပါတယ်။

၃။ ရာသီဥတု -

နွေရာသီမှာ နေပူရှိန်မြင့်မားမှုကြောင့် နေလောင်ဒဏ်ခံရနိုင်ခြေပိုများပါတယ်။

၎။ အီကွေတာနှင့် နီးခြင်း - အီကွေတာနဲ့ ပိုနီးလေလေ လေထုဖိအားက တစ်ဆင့်ဖြတ်သန်းလာတဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများလေလေပါပဲ။

၅။ ပင်လယ်ပြင်ထက်အမြင့် - နေထိုင်တဲ့နေရာက ပင်လယ်ပြင်ထက် ပိုမြင့်လေလေ နေလောင်ဒဏ်ကို ခံရလေလေ ဖြစ်ပါတယ်။ နေရောင်ခြည်ကို တားဆီးနိုင်တဲ့ ကမ္ဘာမြေကြီး ရဲ့ လေထုဖိအားက ပိုမိုနည်းပါးသွားတာကြောင့် ဖြစ်ပါတယ်။

နေလောင်ခြင်းနှင့်အတူ တွဲဖြစ်တတ်သော ကျန်းမာရေးပြဿနာများ

အခုလို နွေရက်တွေမှာ နေလောင်ဒဏ်ခံရခြင်းနဲ့အတူ တွဲဖက်ဖြစ်တတ်တဲ့ ပြဿနာတွေကတော့-

- နေရောင်ခြည်အလွန်အမင်း ထိတွေ့မှုကြောင့် အပူလျှပ်ခြင်း။

- နေရောင်ခြည်ထိတွေ့မှုကြောင့် ဓာတ်မတည့်မှု ခံစားရခြင်း။

- မျက်စိကျိန်းစပ်ခြင်း၊ အမြင်အားနည်းခြင်းစတဲ့ အမြင်အာရုံပြဿနာများ။

- နေရောင်ခြည် ကြာရှည်ထိတွေ့ပါက အရေပြားကင်ဆာဖြစ်ပေါ်ခြင်းနဲ့ အတွင်းတိမ်ရောဂါဖြစ်ပေါ်ခြင်း။

- မျက်နှာတွင် အညိုရောင် အစက်အပြောက်ထင်ခြင်းနဲ့ အရေးကြောင်း ထင်ခြင်း။ နေလောင်ခြင်းအား ကာကွယ်ကုသမှု

- နေပူဒဏ် ပြင်းထန်လွန်းတဲ့ အချိန်တွေမှာ တတ်နိုင်သမျှ အရိပ်ထဲမှာပဲနေပါ။

- နေရောင်ကာခရင်မ်ကို အပြင်မထွက်ခင် မိနစ် ၂၀ ကြိုလိမ်းပါ။

- နေပူထဲမှာ အကြာကြီး မနေပါနဲ့။

- အရေပြားကို အကာအကွယ်ပေးနိုင်တဲ့ ချည်ထည်ဝတ်စုံအရောင်နုနုကို ဝတ်ဆင်ပါ။

- နေလောင်ဒဏ်ခံရရင် ယင်းအရေပြားကို ရေခဲဝတ်ကပ်ပေးပါ။ နာကျင်မှု ခံစားရရင် အကိုက်အခဲပျောက်ဆေး သောက်ပေးနိုင်ပါတယ်။

- ရေနဲ့သစ်သီးဖျော်ရည်များများသောက်ပါ။

Ref: Good Health

No comments: