Tuesday, April 5, 2011

နွေမှာတပ်ရန် နေကာမျက်မှန်

ဒီနှစ်နွေမှာ နွေနေပူဒဏ်ကာကွယ်ဖို့ နေကာမျက်မှန် ကောင်းကောင်း တစ်လက်တော့ လိုမယ်နော်။ နေကာမျက်မှန်က နေပူဒဏ် ကာကွယ်ပေး ရုံမျှမက ဖက်ရှင်အသုံးအဆောင်ပစ္စည်း အဖြစ်လည်း အသုံးဝင်ပါတယ်။

ကိုယ်နဲ့လိုက်ဖက်တဲ့ အမိုက်စား နေကာ မျက်မှန် တစ်လက်ကို အပြင်သွားတိုင်း ဆောင်သွားရင်တော့ နေပူလည်းကာ ဖက်ရှင်လည်းကျ တစ်ချက်ခုတ် နှစ်ချက် ပြတ်ပဲပေါ့။

ကိုယ်နဲ့လိုက်ဖက်တဲ့ နေကာမျက်မှန်ကို ရွေးချယ်ရာမှာ ကိုယ့်မျက်နှာကျကို သိဖို့ အရေးကြီးပါတယ်။ လေးထောင့်ကျတဲ့ မျက်မှန်ကိုင်းက မျက်နှာဝိုင်းတွေနဲ့ လိုက်ဖက်သလို မျက်နှာလေးထောင့် သမားတွေက လေယာဉ်မောင်းသူတွေ တပ်တဲ့မျက်မှန်မျိုး မျက်မှန်ခပ်ကြီးကြီးနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာရှည်သူတွေက ဘဲဥပုံမျက်မှန်ကိုင်းတပ်သင့်ပြီး အသည်းပုံ မျက်နှာကျက ဘယ်ကိုင်းနဲ့မဆို လှပါတယ်။

အခုခေတ်စားနေတဲ့ စတိုင်ကတော့ မျက်မှန် ကိုင်းအကြီးကြီးတွေပါပဲ။ ဘယ်အသက် အရွယ်နဲ့မဆို လိုက်ဖက်ပေမယ့် မျက်နှာက သေးသေးနဲ့ မျက်မှန်ကိုင်း ဧရာမကြီး ဖြစ်နေရင် ဇီးကွက်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ခေတ်စားတိုင်းလည်း မဝယ်ပါနဲ့။ မဝယ်ခင် အရင်တပ်ကြည့်ပြီး လိုက်မှဝယ်ပါ။

မျက်မှန်ရွေးရာမှာ ကိုင်းတင်မဟုတ်ဘဲ မှန်အရောင်ကိုလည်း ရွေးသင့်ပါတယ်။ မျက်မှန်အညိုရောင်ကတော့ အာရှ အသားအရေ ဝါဝင်းဝင်းနဲ့ အလိုက်ဖက် ဆုံးပါ။ အမည်းရောင်နဲ့ ဆီးရောင်လည်း မဆိုးပါဘူး။

မျက်မှန်ကိုင်းက ကိုယ်နဲ့လိုက်ကာ မိုက်နေပေမယ့် ဖန်စီသက်သက်သာဖြစ်ပြီး နေကာမှန် မစစ်ရင် အလကားပါပဲ။ အလှဓာတ်ပုံရိုက်ဖို့ပဲ အသုံးဝင်ပါလိမ့်မယ်။ နေရောင်ခြည်နဲ့ ခရမ်း လွန်ရောင်ခြည် (UV) တို့ကို အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်ဖြစ်ဖို့ အရေး ကြီးပါတယ်။ ဒါမှ မျက်လုံးကို နေပူဒဏ်မခံရအောင် ကာကွယ်ပေးနိုင်မှာပါ။

Ref : Good Health

No comments: