Sunday, April 24, 2011

ဝက်ကလီစာချိုချဉ်ဟင်း၊ မန်ကျည်းသီးစိမ်းပုစွန်ငါးပိချက် နှင့် ပဲကုလားဟင်း

-->
ဒီတစ်ခါလည်း အိမ်ရှင်မလက်ရာဆိုတဲ့ ကဏ္ဍမှ ပြန်လည်ကူးယူဖော်ပြမယ့် ဟင်းအမယ်သုံးမျိုး ကတော့ ၀က်ကလီစာချိုချဉ်ဟင်း၊ မန်ကျည်းသီးစိမ်းပုစွန်ငါးပိချက် နှင့် ပဲကုလားဟင်း တို့ပဲဖြစ်ပါတယ်။
လက်ရာရှင်ကတော့ စာရေးဆရာမ လမင်းမိုမိုပဲဖြစ်ကြောင်းပါ။

ဝက်ကလီစာချိုချဉ်ဟင်း
လိုအပ်သောပစ္စည်းများ
ဝက်ကလီစာအစုံ - ၃၀ကျပ်သား၊ ဆီ- နှစ်ကျပ်ခွဲသား၊
ကြက်သွန်ဥနီ - နှစ်မြွှာ၊ ကြက်သွန်ဖြူ - သုံးမွှာ၊
ချင်း - လက်နှစ်ဆစ်၊ ငရုတ်ပွ - တစ်တောင့်၊
ကြက်သွန်မြိတ် - နှစ်ပင်၊ ခရုဆီ - စားပွဲတင်ဇွန်း တစ်ဇွန်း၊
ပဲငံပြာရည်အပြစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊
ချီတို ခရမ်းချဉ်သီးဆော့စ် - စားပွဲတင်ဇွန်း နှစ်ဇွန်း၊
ငရုတ်ကောင်းမှုန့် - အနည်းငယ်စီ
ချက်ရန် ကြာမြင့်ချိန် - ရှစ်မိနစ်
- ၀က်ကလီစာအစုံကို ချင်း၊ဆားအနည်းငယ်နှင့် အချိန်ယူပြီး နူးအောင်ပြုတ်ပါ။
- အသည်းက ကျက်လွယ်တဲ့အတွက် ခဏအကြာမှာ အရင်ကြိုထုတ်ထားရပါမယ်။ ကလီစာတွေနူးရင် မိမိကြိုက်နှစ်သက်ရာ အရွယ်ပုံစံ လှီးဖြတ်ပါ။
- ဆီကို ဒယ်အိုးမှာအပူပေးပြီး ဆူလာရင် ကြက်သွန်ဖြူကို အနည်းငယ်ထုပြီး ဆီသတ်ပါ။ ကြက်သွန်ဥနီကို ထက်ခြမ်းခြမ်း အဖတ်ခွာပြီး ထည့်ပါ။ ခရုဆီထည့်ပါ။
- ကြက်သွန်နီမနွမ်းခင် လှီးထားတဲ့ ကလီစာတွေထည့်ပါ။ ပဲငံပြာရည်အပျစ်ထည့်မွှေပါ။ ဆား...ဟင်းချိုမှုန့်...သကြားတို့ကို နှံ့အောင်ဖြူး ထည့်ပါ။
- ကလီစာနူးပြီးဖြစ်တဲ့အတွက် အရသာနှံ့ရုံရေလေး နှစ်ဇွန်းလောက်ထည့်လုံးပါ။ ရေပြန်ခြောက်ရင် ငရုတ်ပွလှီးစိတ်ထားတာ ထည့်မွှေ ပေးပါ။ ခရမ်းချဉ်သီးဆော့စ်နဲ့ ငရုတ်ကောင်းမှုန့် ထည့်ပြီးနှံ့အောင် မွှေပေးပါ။
- ငရုတ်ပွ ခပ်စိမ်းစိမ်းမှာပဲချပြီး အပေါ်ယံက ကြက်သွန်မြိတ်လေးဖြူးပါ။ မွှေးပျံ့ပြီး ချိုချဉ်အရသာရှိတဲ့ ၀က်ကလီစာဟင်းပွဲလေး ဖြစ်ပါ တယ်။

မန်းကျည်းသီးစိမ်းပုစွန်ငါးပိချက်
လိုအပ်သောပစ္စည်းများ
မန်းကျည်းသီးစိမ်း - ငါးကျပ်သား၊ ပုစွန်ဖော့ချိတ် - ငါးကျပ်သား၊
ဆီ - သုံးကျပ်သား၊ ကြက်သွန်ဖြူ - သုံးမွှာ၊ ကြက်သွန်နီ - နှစ်ဥ၊
ငရုတ်ပွခြောက် - နှစ်တောင့်၊ ပုစွန်ငံပြာရည် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊
ငါးပိစိမ်းစား - အနည်းငယ်၊ နံနံပင် - အနည်းငယ်၊
ငရုတ်သီးစိမ်း - ခုနှစ်၊ရှစ်တောင့်၊ ဆား၊ဟင်းချိုမှုန့်၊နနွင်းမှုန့် - အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် - ၁၅ မိနစ်
- မန်ကျည်းသီးစိမ်းကို ရေဆေးပြီး ဒယ်အိုးခြောက်မှာ ခဏလှော်ပေးပါ။ ပူပြီးအနံ့လေးကြွလာရင်ချပြီး ငရုတ်ဆုံမှာ ဆားအနည်းငယ်နဲ့ ထောင်းထားပါ။
- ပုစွန်ကိုအခွံခွာ တောက်တောက်စဉ်းပြီး ဆားသင့်ရုံ၊ ဟင်းချိုမှုန့်အနည်းငယ်တို့နဲ့နယ်ထားပါ။ ငရုတ်ခြောက်ရေစိမ် အစေ့ဖယ်ပြီး ကြက်သွန်ဖြူ၊နီတို့နဲ့ ညက်ညက်ထောင်းထားပါ။
- ငရုတ်သီးစိမ်းတောင့်တွေကို လေးစိတ်ကွဲထုထားပါ။ ဆီအပူပေးပြီး ငရုတ်သီးကြက်သွန်ထောင်းထားတာကို နနွင်းမှုန့်လေးနဲ့ဆီ သတ်ပါ။
- ငါးပိစိမ်းစားရေဖျော်ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။ မွှန်ပြီးမွှေးလာပါမယ်။ မန်ကျည်းသီးစိမ်းဆီသတ်ပါ။ ရေနည်းနည်းချင်းထည့်ပေးပါ။ ပုစွန်ငံပြာရည်ထည့်ပါ။ မန်ကျည်းသီးအနေတော်ရင် ပုစွန်ထည့်ပါ။ ဆီပြန်ရင် နံနံပင်လေးအုပ်ပြီးချနိုင်ပါပြီ။

ပဲကုလားဟင်း
လိုအပ်သောပစ္စည်းများ
ကုလားပဲ - တစ်ဆယ်ကျပ်သား၊ ဆီ - နှစ်ကျပ်သား၊ ကြက်သွန်နီ - နှစ်ဥ၊
ကြက်သွန်ဖြူ - လေးမြွှာ၊ ငရုတ်ပွခြောက် - နှစ်တောင့်၊ ပျဉ်းတော်သိမ်ရွက် - အနည်းငယ်၊
မဆလာ - စားပွဲတင်ဇွန်း တစ်ဇွန်း၊ ဆား၊ဟင်းချိုမှုန့်၊နနွင်းမှုန့် - အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် - ၁၅မိနစ်
- ကုလားပဲကို သုံးနာရီခန့် ရေကြိုတင်စိမ်ထားပြီး ဆားအနည်းငယ်နှင့် ခဏပြုတ်ပါ။
- ပဲနူးလျှင် ငရုတ်ဆုံတွင် အစေ့ကွဲအောင် ထောင်းပါ။ ငရုတ်ခြောက်ရေစိမ် အစေ့ဖယ်ပြီး ကြက်သွန်ဖြူ/နီ တို့နဲ့ညက်ညက်ထောင်း ထားပါ။
- ဆီကိုအပူပေးပြီး ဆူလာလျှင် ငရုတ်သီးကြက်သွန်ထောင်းထားတာကို နနွင်းမှုန့်ထည့်ပြီး ဆီသတ်ပါ။ ကျွမ်းကျွမ်းခြောက်ခြောက်ဖြစ် တဲ့အထိ ဆီသေလျှင် မဆလာတစ်ဝက်ထည့်ပြီး ကုလားပဲကြေများထည့်ပါ။
- ကုလားပဲဆီသတ်ပြီးလျှင် ပျဉ်းတော်သိမ်ရွက်ပါထည့်လုံးပါ။ ရေလိုသလောက်ထည့်ပြီးချက်ပါ။ ဆား၊ ဟင်းချိုမှုန့်ထည့်ပါ။ ပွက်ပွက်ဆူ လျှင်မြည်းပါ။ အရသာအနေတော်လျှင် မဆလာတစ်ဝက်ထပ်ထည့်ပြီး အဖုံးပိတ်ချပါ။ ခဏအကြာတွင် ပူပူနွေးနွေးသုံးဆောင်ပါ။

No comments: