Wednesday, October 4, 2017

တရုတ်ရိုးရာ လမုန့်ပွဲတော် 中秋节



ယခုလ အောက်တိုဘာ ၄ ရက်နေ့ဟာ တရုတ်ရိုးရာ လမုန့်ပွဲတော်နေ့ပဲ ဖြစ်ပါတယ်။

#တရုတ်ရိုးရာလမုန့်ပွဲတော်ဟာ တရုတ်ရိုးရာ ပွဲတော်ကြီး ၄ ခု (နွေဦးပွဲတော် နှစ်သစ်ကူး၊ တရုတ်ရိုးရာ သင်္ချိုင်းကန်တော့ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ လမုန့်ပွဲတော်) ထဲတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ တရုတ်ရိုးရာ လမုန့်ပွဲတော်ကို တရုတ်လ ၈ လပိုင်း ၁၅ ရက်နေ့မှာ ပြုလုပ်လေ့ ရှိပါတယ်။

တရုတ်ပြက္ခဒိန်အရ ၇ ၊ ၈ ၊ ၉ လ ဒီ 3 လ အချိန်အခါက ဆောင်ဦးရာသီထဲမှာ ပါဝင်ပါတယ်။ 8 လပိုင်းက ဆောင်းဦးရာသီရဲ့ အလယ်မှာရှိတဲ့ လတစ်လ ဖြစ်ပြီး ၈ လ ပိုင်း ၁၅ ရက် ကလည်း ၈ လပိုင်းရဲ့ အလယ်မှာရှိတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပွဲတော်ကို “ဆောင်းဦးရာသီ-လလယ်ပွဲတော်” 中秋节 လို့လည်း ခေါ်ဆိုပါတယ်။ အဲဒီရက်မှာ တရုတ်လူမျိုးတွေဟာ လကိုရှုစားပြီး လမုန့်စားတဲ့ အလေ့အကျင့်တွေ ရှိပါတယ်။ ပွဲတော်ရက်မှာ လက ၀ိုင်းစက်ပြီး နေပါတယ်၊ ပြည့်စုံခြင်း စုံညီခြင်း နမိတ်ကို ယူပြီး "စုံညီပွဲတော်" လို့လည်း ခေါ်ဆိုပါသေးတယ်။

ရှေးယခင်ထဲက လ နှင့် ပတ်သတ်၍ ဒဏ္ဍာရီပုံပြင် မြောက်မြားစွာရှိပါတယ်။ ဒီအထဲမှာ ”ချန်အော် လ ထံသို့ ပျံသန်းခြင်း“ က နာမည် အကျော်ကြားဆုံးပါပဲ။ ချန်အော်ဟာ တရုတ် ရှေးဟောင်း ဒဏ္ဍာရီ ပုံပြင်ထဲမှ နေကို ခွင်းတဲ့ သူရဲကောင်း ဟုတ်ရီရဲ့ ဇနီး ဖြစ်ပါတယ်။

ရှေးအခါက ကောင်းကင်ပေါ်မှာ နေဆယ်စင်းက တပြိုင်နက် ထွက်ပေါ်လာခဲ့ပါတယ်။ ပူပြင်းလှတာကြောင့် ကောက်ပဲသီးနှံတွေဟာ ခြောက်သွေ့ပြီး သေကုန်ပါတယ်။ လူသားတွေဟာ နေထိုင်ရတာ ပူပြင်းလွန်း ခက်ခဲလွန်းလှပါတယ်။ သူရဲကောင်း ဟုတ်ရီက အတိဒုက္ခရောက်နေသော ပြည်သူတွေကို မကြည့်ရက်တာကြောင့် ခွန်းလွန်တောင်ပေါ်သို့ တတ်ပြီး နေတစ်စင်းကိုသာ ချန်ထားပြီး ကျန် နေ ၉ စင်းကို ပြစ်ချခဲ့ပြီးနောက် ကျန်တဲ့ နေတစင်းကိုလည်း အချိန်မှန် နေ၀င် နေထွက် ပြုလုပ်ဖို့ တာဝန်ပေးခဲ့ပါသည်။

အနောက်မယ်တော်ဟာ သူရဲကောင်း ဟုတ်ရီကို မအိုမသေဆေး ချီးမြှင့် ခဲ့ပါသည်။ ဤဆေးကို သောက်ပြီးရင် ကောင်းကင်ပေါ်ကို ချက်ချင်း ပျံတတ်သွားပြီး နတ်ဖြစ်သွားမယ်လို့ ဆိုပါတယ်။ သူရဲကောင်း ဟုတ်ရီသည် ဇနီးသည်ကို မချန်ထားခဲ့ရက်တာမို့ သိမ်းထားဖို့ အပ်ထားခဲ့ပါတယ်။ ချန်အော်ဟာ ဗူးထဲမှာထည့်ပြီး မှန်တင်ခုံထဲမှာ သိမ်းထားလိုက်ပါတယ်။ ဒါကို ဖန်းမန်လို့ခေါ်သော လူကတွေ့သွားပြီး ခိုးစားဖို့ ချောင်းနေပါတယ်။

နောက် ၃ရက်လောက် နေသောအခါ ဟုတ်ရီက အမဲလိုက် သွားခဲ့ပါတယ်။ ဖန်းမန်က နေမကောင်းချင်ဟန်ဆောင်ပြီး လိုက်မသွားခဲ့ပါဘူး။ ဟုတ်ရီတို့ ထွက်သွားပြီးသွားနောက်မှာ ဖန်းမန်က ဟုတ်ရီ အိမ်ကို ဓားနဲ့ ၀င်သွားပြီး ချန်အော်ကို ဆေးထုတ် ပေးဖို့တောင်းပါတယ်။ ချန်အော်ဟာ ဖန်းမန်ကို ဘယ်လိုမှ မယှဉ်နိုင်တဲ့အတွက် ဗူးကို ဖွင့်ပြီး တခါထည်း မြိုချခဲ့ပါတယ်။ ချန်အော် ဆေးကို မြိုချလိုက်တာနဲ့ ချက်ချင်းပဲ မြေပြင်မှ တဖြည်းဖြည်း ဝေးကွာပြီး ကောင်းကင် ပေါ်ကို တတ်သွားပြီး လဗိမာန် ဆီကို ရောက်ရှိ သွားပါတယ်။

ချန်အော် လပေါ်ကို ရောက်ရှိသွားပြီးနောက်မှာ အိမ်နောက်ဖက်က ပန်းခြံထဲမှာ ချန်အော် ကြိုက်နှစ်သက်တဲ့ မှုန့်ချိုများ၊ သစ်သီးများနဲ့ ခင်းကျင်းပြီး ဇနီးသည်ကို သတိရ အောင်းမေ့ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများကလည်း လရောင်အောက်မှာ ခင်းကျင်းပြီး စိတ်ရင်းကောင်းလှတဲ့ ချန်အော် ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သကြပါသည်။ တဖြည်းဖြည်းခြင်းဖြင့် ဓလေ့ထုံးစံ တစ်ခုဖြစ်လာခဲ့ပါသည်။

လမုန့်ပွဲတော်ကျင်းပတာကို ထန်ခေတ်မှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။ ထန်မင်းဆက် ဘုရင်ထိုက်ကျူံး (လီရှီမင်း) လက်ထက်မှာ ချူံးနု (မွန်ဂို) တွေကို အောင်မြင်ပြီး ၈ လပိုင်း ၁၅ ရက်နေ့ လပြည့်နေ့မှာ သူဟာ အောင်ပွဲခံနေချိန် အနောက်အရပ်က ကုန်သည်တစ်ယောက်ဟာ လမုန့်ကို ဆက်သခဲ့ပါတယ်။ ဘုရင်ကြီးလည်း စားသုံးပြီးသည့်အခါ နှစ်သက်သဖြင့် သူ့ရဲ့ ဝန်ကြီးများကို ခွဲဝေကျွေးပေးပြီး လပြည့်နေ့မှာ လမုန့်စားခြင်း ဓလေ့ဟာ နိုင်ငံတဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။

နောက်ထပ်ပုံပြင်တစ်ခုက ထန်ခေတ်မှာပဲ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ။ ထန်မင်းဆက်ခေတ်မှာ ဝေကုဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ လပြည့်နေ့ညမှာ ထူးဆန်းတဲ့ အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ပါတယ်။ သူ့နဲ့အတူ ဘေးမှာလဲ အိတ်တစ်လုံးကို တွေ့တဲ့အခါ ဝေကုက သိလိုစိတ်ဖြင့် အဖိုးအိုကို မေးမြန်းကြည့်ပါတယ်။ ထိုအခါ အဖိုးအိုက စာအုပ်ကိုကြည့်ပြီး "ကျွန်ပ်သည် လောက၌ရှိသော ချစ်သူတို့၏ ဖူးစာရေးကို တိုက်ဆိုင်ခြင်းနှင့် စစ်ဆေးခြင်းကို ပြုလုပ်နေတာပါ။ စကားပုံအရ ဖူးစာမှန်လျှင် မိုင်ပေါင်းတစ်ထောင်ဝေးသည့်တိုင် ပေါင်းဖက်ရပါလိမ့်မယ်။" လို့ ဖြေလိုက်ပါတယ်။

ဝေကုလဲ အဖိုးအိုဖြေတာကို နားထောင်ပြီးနောက် အဖိုးအိုအား သူ၏ ဖူးစာရှင်ဇနီးဟာ ဘယ်အရပ်မှာ ရှိနေပါသလဲဟု မေးတဲ့အခါ အဖိုးအိုက "သင့်ရဲ့ ဇနီးသည်ဟာ မြောက်ဘက်အရပ်တွင် နေထိုင်သော ချန်အမျိုးနွယ်ဝင် မိန်းမပျိုလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့မျက်နှာလေးမှာ အမာရွတ်လေးတစ်ခု ပါလိမ့်မယ်" ဟု ဖြေကြားလိုက်ပါတယ်။ ထိုအခါ ဝေကုက မြောက်အရပ်သို့ သွားရောက်ရှာဖွေရာ ဇနီးလောင်းဟာ ယခုအချိန်မှာ  ၃ နှစ်သာ ရှိသေးကြောင်း သိရပါတယ်။ ဝေကုက လူသတ်သမားကို ကလေးငယ်အား သတ်ရန် စေလွှတ်ခဲ့ပါတယ်။ လူသတ်သမားသည် မိန်းကလေးငယ်အား မြင်သည်နှင့်  သနားစိတ်ဝင်လာသဖြင့် မသတ်ပဲ မျက်ခုံးအလယ်တွင် ဒဏ်ရာအနည်းငယ် ဖြစ်စေပြီး ပြန်သွားခဲ့ပါတယ်။  ၁၄ နှစ်ခန့် ကြာသောအခါ ဝေကုဟာ စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။  သူရဲ့ အထက်အရာရှိ ဝမ်ထိုက်က ဝေကုအား သဘောကျသဖြင့် သူ့သမီးနှင့် လွန်စွာသဘောတူပါတယ်။  ဝမ်ထိုက်ရဲ့ သမီးဟာ အလွန်ချောမောလှပတယ်။ ဒါပေမယ့် မျက်ခုံးအလယ်မှာ ဒဏ်ရာအသေး တစ်ခုရှိပါတယ်။ ထိုဒဏ်ရာကို ပန်းပွင့်ဖြင့် ကပ်ပြီး ဖုံးကွယ်ထားပါတယ်။ ဝေကုက ဒဏ်ရာအကြောင်းကို စုံစမ်းမေးမြန်းရာမှ လွန်ခဲ့သော ၁၄ နှစ်ခန့်က  သူကိုယ်တိုင် သတ်ခိုင်းခဲ့သော မိန်းကလေးငယ်ဖြစ်ကြောင်းကို သိလိုက်ရပါတယ်။ သူမကို ဝမ်ထိုက်က မွေးစားလိုက်သဖြင့် ယခုအခါ ဝမ်ထိုက်၏ သမီးဖြစ်လာပါတယ်။ ထိုအခါ ဝေကုက အံ့သြသွားပြီး ဖူးစာမှန်သဖြင့် ဝေးကွာနေသည့်တိုင် ထိုမိန်းကလေးဖြင့် ပြန်လည်ပေါင်းဖက်ရလေပါတယ်။ လူတွေကလည်း ၎င်းသတင်းကြောင့် ဖူးစာရေးနတ်ကို ယုံကြည်ကြပြီး လရိပ်အောက်က ဖူးစာရေးနတ်အဖိုးအိုဟု ခေါ်ဆိုကြပါတယ်။

ဖူးစာရေးနတ်ရဲ့ မွေးနေ့ပူဇော်ခြင်းကို ဝေကုနှင့် တွေ့ဆုံသော တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့  လပြည့်နေ့ဟု သတ်မှတ်ကာ ကိုးကွယ်ကြပါတယ်။ ထိုနေ့ရောက်တိုင်း အဖိုးအိုအား အိမ်ထောင်ဘက်ရရှိရန် သွားရောက် ဆုတောင်းကြပါတယ်။ ဒါကတော့ နောက်ထပ် လမုန့်ပွဲတော်ရဲ့ ဒဏ္ဍာရီတွေထဲက တစ်ခုပေါ့နော်။

လမုန့်ပွဲတော်ကို ပွဲတော်အဖြစ် ကျင်းပတာကိုတော့ သစုန့်ခေတ်မှာ စတင်တွေ့ခဲ့ရပါတယ်။ လမုန့်ပွဲတော်မှာ ထင်ရှားတဲ့ သမိုင်းဖြစ်ရပ်တစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ မွန်ဂိုမင်းဆက်အုပ်စိုးချိန် ယွမ်ခေတ်၌ ဖြစ်ပျက်ခဲ့တာပါ။

ယွမ်ခေတ်နှောင်းပိုင်းလောက်က မွန်ဂိုလူမျိုးတွေ တရုတ်ပြည်မကို အုပ်စိုးချိန်ဖြစ်ပါတယ်။ ထိုအချိန်အခါက ပုန်ကန်မှာ စိုးတဲ့အတွက် မွန်ဂိုတွေဟာ လူစုလူဝေးပြုလုပ်ခြင်းကို တာမြစ်ထားသောကြောင့် တရုတ် ဟန်လူမျိုးတွေဟာ မွန်ဂိုမင်းဆက်တွေကို ပုန်ကန်ဖို့ အခွင့်မသာခဲ့ကြဘူး။ ဒါအပြင် ပုန်ကန်မယ့်သူတွေကလည်း နယ်အရပ်ရပ်မှာ တကွဲတပြားစီ ဖြစ်နေတဲ့အတွက် သူတို့ကို အချိန်မှီစုစည်းနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒါနဲ့ သူတို့က ပုန်ကန်ရမယ့်အချိန်ကို စဉ်းစားကြရင်း မွန်ဂိုတွေ လမုန့်မစားဖူးတာကို သတိသွားရမိပါတယ်။ ဒီအကြံကို ကျူယွင်ကျန်းနဲ့ သူ့ရဲ့ အတိုင်ပင်ခံ လျိုပေါဝမ်တို့က ရခဲ့ပါတယ်။

ထိုလမုန့်ပွဲတော်ကို အကြောင်းပြုပြီး Zhu Yuan Zhang 朱元璋 ကျူယွင်ကျန်း (မင်မင်းဆက်ကို တည်ထောင်သူ) (ဘုရင်အမည်- 洪武帝 ဟုန်ဝူသိ Hong Wu Di) ဟာ မွန်ဂိုဘုရင်ကို ဆုတောင်းပေးဖို့အတွက် လပြည့်နေ့မှာ  တရုတ်လူမျိုးတွေက လမုန့်များ ဝေပါရစေလို့ မွန်ဂိုတွေကို ခွင့်တောင်းပြီး လမုန့်တွေကို တရုတ် ဟန်လူမျိုးတွေရဲ့ အိမ်တိုင်းစေ့ ဝေပေးခဲ့ပါတယ်။ အမှန်မှာတော့ လမုန့်ထဲမှာ မွန်ဂိုတွေကို ၈ လပိုင်း ၁၅ ရက်နေ့မှာ ပုန်ကန်မယ်ဆိုတဲ့ စာတိုလေးကို ထည့်ပေးခဲ့ပါတယ်။ အဲဒီ ၈ လပိုင်း ၁၅ ရက် လပြည့်ညမှာတော့ တရုတ်တွေက ၁၀ အိမ်ထောင်စုကို ဓားကိုင်တစ်ယောက်က စောင့်ရှောက်ပေးပြီး မြို့တွင်းရှိ မွန်ဂိုအစောင့်တွေကို တိတ်တဆိတ် လုပ်ကြံကာ မွန်ဂိုတွေကို အောင်မြင်စွာ တော်လှန် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ထို့ပွဲတော်ကို အစပြုကာ ယွမ်ခေတ် ကုန်ဆုံးခဲ့ပြီး မွန်ဂိုများ ပြည်မမှ ထွက်ခွာခဲ့ရကာ ဟန်လူမျိုးတွေ အုပ်စိုးသော မင်ခေတ်ကို စတင်နိုင်ခဲ့ပါတယ်။ ထိုအကြောင်းကို အစွဲပြုပြီး တရုတ်လူမျိုးများသည် တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့မှာ လမုန့်ပွဲတော်ကို ကျင်းပပြီး လမုန့်ကို အမှတ်တရအနေနဲ့ စားသုံးကြခြင်း ဖြစ်ပါတယ်။

လမုန့်စားသုံးနည်း

ထုံးစံအတိုင်းပေါ့ တရုတ်မုန့်တွေ အစားအစာတွေ အစားအသောက်တွေအများစုဟာ သူ့စားသုံးနည်းနဲ့သူ ရှိကြပါတယ်။ လမုန့်ဟာ ကျွန်တော်တို့ မြန်မာက လမုန့်တွေထက် ပိုအီပါတယ်။ တစ်ခုတည်းလဲ မစားနိုင်ပါဘူး။ အရင်ဆုံး ရေနွေးကြမ်းလေးကို အနေတော် သောက်သုံးရန် ပြင်ဆင်ထားပါ။ ပြီးနောက် ဒီသမိုင်းလေးကို ထပ်ဖတ်ကြည့်ပါ။ အဲ့ဒါကတော့ ကျူးယွင်ကျန်းသမိုင်းမှာ လမုန့်ပေါ် စာလုံးလေးတွေ ရေးထွင်းထားပြီး လမုန့်ကို လေးခြမ်း ခြမ်း ၈ ခြမ်း ခြမ်း စသည်ဖြင့် ခြမ်းပြီးမှ စာတလုံးချင်းစီ ရရှိလာပါတယ်။ ထိုစာတွေကို ဆက်လိုက်မှ တော်လှန်ရေးလုပ်မယ်ဆိုတဲ့ စာသားတစ်ကြောင်း ဖြစ်လာပါတယ်တဲ့။ အရင်ဆုံး အလယ်ကနေ ၂ ခြမ်း ခြမ်းပါ။ ပြီးတာနဲ့ တခြမ်းစီကို အလယ်ကနေ ထပ်ပိုင်းလိုက်ပါ။ မကုန်လောက်ဖူးထင်ရင် နောက်ထပ် အစိပ်အသေးလေး ထပ်ခြမ်းလိုက်ပါ။ ကုန်နိုင်သလောက်ပဲ စားသုံးပါ။ အရမ်းစားရင် အီလည်လည်ဖြစ်ပြီး နေထိုင်မရ ဖြစ်တတ်ပါတယ်။ လပြည့်နေ့မှာ လမုန့်စားရင်း ရေနွေးကြမ်းသောက်ကာ တိန့်လိကျွင်းရဲ့ 月亮代表我的心 သီချင်းကို ခံစားနားဆင်ရင်းနဲ့ ဘဝအမောတွေကို ဖြေဖျောက်နိုင်ကြပါစေ။

祝你们中秋节日快乐!!!!!

#SwanHtet(天下第一)

No comments: