Saturday, October 28, 2017

နယ်က ဟင်းလေး သုံးခွက်

တောင်သူလေးရဲ့  ပဲတောင့်ရှည်ဘောကျိတ်ပုစွန်ဟင်း
(The Famer Long Green Bean with Shrimp)
.........................................


 တောင်ပေါ်ယာခင်းတွေမှာ စိုက်ပျိုးထားတဲ့ ပဲတောင့်ရှည် လတ်လတ်ဆတ်ဆတ်ခူးလာပြီး အပြန် ချောင်းထဲက သယ်လာတဲ့ ဘောကျိတ် ပုစွန် လတ်လတ်ဆတ်ဆတ်နဲ့အတူ ချက်စားတဲ့ ဟင်းဖြစ်ပါတယ်။ လတ်ဆတ်တာဆိုတော့ အရသာက သဘာဝအချိုကို ရရှိစေပြီး အချိန်တိုတို  စားချင် ဖွယ်ရာကောင်းသော ဟင်းလျာတစ်ခွက်ဖြစ်ပါတယ်။  စည်အကြိုက် ပြန်လည်ပြုပြင်ပြီး အားလုံးလည်း ပြန်ချက်စားကြည့်လို့ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
- ဘောကျိတ်ပုစွန် - ၁၀ ကျပ်သား
 (ရေစင်အောင် ဆေးထားပါ)
- ပဲတောင့်ရှည်(ပဲသီး) - ၃ စည်း
 (အနေတော် အရှည်လေးများ ပိုင်းထားပါ)
- ငရုတ်သီးစိမ်း - ၁၀ တောင့်
 (ခပ်သေးသေးလေးများ ညှပ်ထားပါ)
- ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ဆား - အနည်းငယ်
- နနွင်းမှုန့် - အနည်းငယ်
- နံနံပင် - ၃ ပင်
 (ခပ်ကြမ်းကြမ်းလေး ဖြတ်ထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဟင်းအိုးထဲ ရေကို ပဲတောင့်ရှည် မြုပ်ရုံထည့်ကာ ပါဝင်ပစ္စည်း များအားလုံးထည့်ပြီး တည်ပါ။
၂။ ပဲတောင့်ရှည်အရမ်းနူးအိသည်အထိ မတည်ပါနှင့်။
၃။ ရေခန်းသွားလျှင် ဆားအပေါ့၊ အငန်မြည်းပြီး လိုတာထပ် ဖြည့်ပါ။ မီးဖိုပေါ်မှ ချပြီး နံနံပင်အုပ်ပါ။ ဗိုက်ဆာဖွယ်ရာ  ဆွဲဆောင်မှုအနံ့လေးနှင့် ဟင်းတစ်ခွက်ရလာမှာပါ။
..............................
Syi Lwin Foods Garden

သထုံမျှစ်ငါးပေါင်းထုပ်
.......................


 အာရှနိုင်ငံတော်တော်များများမှာ ငါးပေါင်းထုပ်အမျိုးအစားပေါင်း များစွာရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဒေသတွေမှာလည်း တစ်နေရာ နဲ့တစ်နေရာ မတူညီတဲ့ ငါးပေါင်းထုပ်တွေရှိပါတယ်။ အဲဒီထဲမှ လူအများစု မသိသေးတဲ့ သထုံမျှစ်ငါးပေါင်းထုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သထုံ ငါးပေါင်းထုပ်ကို တောင်ဇင်းရွက်နဲ့ ထုပ်လေ့ရှိပါတယ်။ ရဲယိုရွက်နဲ့ ထုပ်နိုင် သလို ငှက်ပျောရွက်နဲ့လည်း ထုပ်ပြီး ပေါင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ အမြင်မှာ ဆန်းပြီးလှနေဖို့အတွက် ခွက်ထဲမှာ ငှက်ပျောရွက်ခင်းပြီး ပေါင်း ထားပါတယ်။ အရသာကိုလည်း စပ်စပ်လေးဖြစ်နေဖို့အတွက် ငရုတ်သီး စိမ်းထည့်ပြီး ပေါင်းပါတယ်။

ပါဝင်ပစ္စည်းများ
- ငါးကြင်း - ၃၃၀ ဂရမ်
- နနွင်းမှုန့် - အနည်းငယ်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - စားပွဲဇွန်း ၂ ဇွန်း
- မျှစ် - ၂၀ဝ ဂရမ် (ပြုတ်ပြီးထားပါ)
- ကြက်သွန်နီ - ၉၅ ဂရမ် (ပါးပါးလှီးထားပါ)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆန်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
- ငရုတ်သီးစိမ်း - ၅ တောင့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ငါးကို အနေတော်အရွယ်တုံးကာ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ နနွင်းမှုန့် အနည်းငယ်နှင့် ရောပြီး နယ်ထားပါ။
၂။ ပြီးလျှင် ဒယ်အိုးအသေးတစ်လုံးထဲ ဆီထည့်ပြီး ဆီပူသည်နှင့် ငါးထည့်ကာ ဆီသတ် ပေးပါ။ ပြီးလျှင် ဆယ်ယူထားပါ။
၃။ မျှစ်ကို ပြုတ်ပြီး ဆယ်ယူထားပါ။
၎။ ပြီးလျှင် ဇလုံတစ်လုံးထဲ မျှစ်ထည့်ပါ။ ပြီးလျှင် လှီးထားသော ကြက်သွန်နီ၊ ဆန်မှုန့်၊ အသားမှုန့်၊ နနွန်းမှုန့်နှင့် ငရုတ်သီးစိမ်းထည့်ပြီး နယ်ပါ။
၅။ ပြီးလျှင် ငှက်ပျောရွက်၊ ဒါမှမဟုတ် တောင်ဇင်းရွက်ထဲ နယ်ထားသော မျှစ်နှင့် ဆီသတ်ထားတဲ့ ငါးထည့်ပြီးထုပ်ပါ။
၆။ ပြီးလျှင် ပေါင်းအိုးထဲထည့်ပြီး မိနစ် ၃၀ ခန့် ပေါင်းပါ။
** (ပုံထဲမှာ ပါတဲ့အတိုင်း ခွက်ပုံစံအတိုင်း ပေါင်းမည်ဆိုလျှင် ခွက်တစ်ခွက်ထဲ ငှက်ပျောရွက် ၃-၄ ထပ်ခင်းပြီး အပေါ်မှာ ရှည်ထွက်နေတဲ့ ငှက်ပျောရွက်ကို လှန်ချပြီး သားရေပင်နှင့် စည်းထားပါ။ ပြီးလျှင် နယ်ထားတဲ့ မျှစ် အနည်း ငယ်နှင့် ဆီသတ်ထားတဲ့ ငါး ၃-၄ တုံးထည့်ပြီး ပေါင်းအိုးမှာ မိနစ် ၃၀ ခန့် ပေါင်းပါ။ ပြီးလျှင် ပေါင်းအိုးမှထုတ်ယူပြီး ငှက်ပျော ရွက်ခွက်နှင့် တည်ခင်းနိုင်သလို ငှက်ပျောခွက်ထဲမှ မျှစ်ငါးပေါင်း ထုပ်ကို ထုတ်ယူပြီးလည်း တည် ခင်းနိုင်ပါတယ်။
.....................................
MyintOoTha

သက်သတ်လွတ် ပုံလုံသီးအဆာသွတ်ဟင်းလျာ
...................................



ပါဝင်ပစ္စည်းများ
- ပဲပြား - ၁ တုံး
- အသားတု - ၁၀ ဥခန့် (ရေစိမ်ပြီး)
- ကြက်သွန်မြိတ် - အနည်းငယ်
- ကြက်သွန်ဖြူ - ၃ မြွှာ
- ကြက်သွန်နီ - ၁ လုံး
- ပဲငံပြာရည် (အနောက်) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သက်သတ်လွတ်ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပုံလုံသီး - ၁ လုံးခန့်
- ဆီ - စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပဲပြား၊ အသားတုနှင့် ကြက်သွန်မြိတ်ကို နုပ်နုပ်စဉ်းပြီး  ပုံလုံသီး (အနေတော်လှီးပြီး) ထဲ အဆာသွတ်ပေးပါ။
၂။ ကြက်သွန်ဖြူ/နီကို ကြိတ်ပြီး ဆီသတ်ပေးပါ။ အနံ့မွှေးလာပြီဆိုလျှင် ပဲငံပြာရည် (အနောက်)နှင့် အရသာများထည့်ပေးပါ။
၃။ ရေထည့်ပေးပါ။ ပြီးလျှင် အဆာသွတ်ထားသော ပုံလုံသီးများ ထည့်ပေးပါ။
၎။ အနံ့အရသာလည်း ပြည့်စုံလာပြီ၊ ပုံလုံသီးလည်းနူးလာပြီဆိုလျှင် ပန်းကန်ဖြင့် ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
..........................
အံ့ဝင့်ထွဋ် (MRTV-4)

Credit: Food Magazine (Myanmar) 

No comments: