Friday, October 13, 2017

ပုဇွန်ကင် - ၀တ်ဆီဖတ်ကြော်သုပ် - ကြက်သားအချောင်းကြော်ကြွပ်ကြွပ်

နံနံ ပဲငံပြာရည်ဆော့စ် ပုစွန်ကင် 
(Prawn & Coriander Soy Sauce Grill)
..........................


 အချိန်ခဏအတွင်း အရသာရှိရှိ ကင်စားလို့ရမယ့် ပုစွန်ကင်ကို အားလပ်ရက်တွေမှာ ကင်စားလို့ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
- ပုစွန် - ၃၀ သား

ဆော့စ်လုပ်ရန်ပစ္စည်းများ
- နံနံပင် - ၃ ပင် (နုပ်နုပ်စဉ်းထားပါ)
- ရှောက်ရွက် - ၂ ရွက် (နုပ်နုပ်စဉ်းထားပါ)
- ဆား - အနည်းငယ်
- နေကြာဆီ - စားပွဲဇွန်း ၃ ဇွန်း
- ငရုတ်သီးစိမ်း - ၂ တောင့် (နုပ်နုပ်စဉ်းထားပါ)
- ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
- ကြက်သွန်ဖြူ - ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
- သံပရာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ

ပြုလုပ်နည်းအဆင့်ဆင့်
၁။ အာဗင်ကို ၂၀ဝ ဒီဂရီ အပူပေးထားပါ။
၂။ ဖန်ဇလုံအကြီးထဲ ဆော့စ်လုပ်ရန် ပါဝင်ပစ္စည်းများထည့်ပြီး သေချာခလောက် ထားပါ။ ပြီးလျှင် ပုစွန်ကောင်များ ဆော့စ်ထဲထည့်ပြီး သေချာ အရသာနှံ့အောင် နယ်ကာ ၁၅-၂၀ မိနစ်ခန့် ရေခဲသေတ္တာထဲ နှပ်ထားပါ။
၃။ အပူပေးထားသော အာဗင်ထဲ သေချာစီတင်ပြီး တစ်ဖက်ကို ၂ မိနစ်ခွဲခန့် ကင်ပါ။  ပူပူလေး ကြိုက်နှစ်သက်ရာဆော့စ်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။
..............................
Syi Lwin Foods Garden


"ဝက်ဆီဖတ် ချဉ်စပ်သုပ် – ၂ ပွဲစာ"



***... အချဉ်ရည်လုပ်ရန် လိုအပ်တာလေးတွေ …

1.    ငရုတ်ဆီ – 1/4 cup(60 ml)
2.    ပဲငံပြာရည် အကျဲ (thin soy sauce) – 1/4 cup(60 ml)
3.    မန်ကျည်းသီးအနှစ်ပျစ်ပျစ် – ထမင်းစားဇွန်း ၂ ဇွန်း (30 ml)

4.    ငရုတ်သီးအလှော်မှုန့် – ထမင်းစားဇွန်း ၁ ဇွန်း (15 ml)
5.    သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (10 ml)



    လိုအပ်သော ပါဝင်ပ္စည်များအားလုံး ရောဖျော်လိုက်လျှင် လိုအပ်သောအချဉ်ရည်ရပါပြီ။



****... ဝက်ဆီဖတ် ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ …

1.    နှစ်သက်သလိုလှီးထားသော ဝက်ဆီဖတ် – 2 cups (500 ml)ခန့်
2.    ပါးပါးလှီးကာရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml)ခန့်
3.    လှီးထားသော သခွါးသီး – 1 cup (250 ml)ခန့်
4.    လှီးထားသော ခရမ်းချဉ်သီး – 1 cup (250 ml)ခန့်
5.    လှီးထားသော ပူစီနံ (mint) – 1/3 cup (80 ml)ခန့်
6.    အချဉ်ရည်


    အားလုံး ဇလုံထဲထည့်ကာ ဖွဖွနယ်သုပ်ပြီးနောက် ဝက်ဆီဖတ် ချဉ်စပ်သုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Chaw Su

ကြက်သားအချောင်းကြော်ကြွပ်ကြွပ်လေး



ဒီကြက်သားကြော်ကတော့ ကလေးကောလူကြီးတွေပါ ကြိုက်ကြတာပါ။ အိမ်မှာ တော့ အဲတာကြော်ထားရင် ခဏလေးနဲ့ ကုန်သွားတတ်တယ်။ ဒီနည်းကို အိစံ ရန်ကုန်ကို သွားလည်တုံးကအန်တီတယောက်က ကြော်ကျွေးလို့ စားကောင်းလို့ နည်းမေးကြည့်တော့ ပါဝင်တဲ့ ပစ္စည်းက ၄ မျိုးထဲပါ။ လုပ်နည်းလွယ်ကူပြီး အရမ်းစားကောင်းလို့ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်သား အသားချည်း -၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည် ဇွန်း ၁ ဇွန်း
၃။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၎။ အကြော်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း မောက်မောက်

ပြုလုပ်နည်း
၁။ ကြက်သားကိုရေဆေးပြီးလျှင် ရေစင်အောင်စစ်ထားပါ။ (သို့ ) ရေပြောင်အောင် စက္ကူ နှင့့်သုတ်ပါ။

၂။ ကြက်သားကို အချောင်းလိုက်ကလေးတွေလှီးပြီး သကြားနှင့် ပဲငံပြာရည်တို့ ဖြင့် မိနစ် ၃၀ ခန့် နှပ်ထားပါ။ (မနှပ်ပဲကြော်လို့ လဲရပါတယ်။ ကြာကြာနှပ်ထားရင်တော့ ပိုစားကောင်းပါတယ်။)

၃။ ကြော်ခါနီးတွင် အကြော်မှုန့် အကုန်လုံးကို ထည့်ပြီး ကြက်သား အချောင်းတွေ တွဲမနေပဲ တချောင်းချင်းစီမှာ အကြော်မှုန့် များများကပ်နေအောင် နယ်ပေးပါ။ (အကြော်မှုန့် များအနည်းငယ် ပိုနေတတ်ပါသည်။ ရေလုံးဝမထည့်ရပါ။)

၎။ ဒယ်အိုးထဲတွင် ကြော်ရန် ဆီထည့်ပြီး ဆီအ၇မ်းပူလာမှ ထည့်ကြော်ပါ။  အညိုရောင် သန်းလာလျှင် ဆီအိုးထဲမှ ဆယ်ပြီး ဆီစစ်ထားပါ။ ကြက်သားကြော် ကြွပ်ကြွပ်ပူပူလေးကို သုံးဆောင်နိုင်ပါသည်။

Ei San 

No comments: