Thursday, October 19, 2017

“၀န်ဆောင်မှုဆိုတာ”


ဝန်ဆောင်မှုဆိုတာ ဘာလဲ (What is service?)

A service is any act or performance that one party can offer to another that is essentially intangible and does not result in the ownership of anything. Providing services aim to provide better lives.

ဝန်ဆောင်မှုဆိုတာ ထိတွေ့ကိုင်တွယ်လို့ မရသလို၊ ဘာကိုမှလည်း မြင်မြင်ထင်ထင် ပေးလိုက်နိုင်တာ မရှိပါဘူး၊ တစ်ဖက်သား ပိုမိုအဆင်ပြေစွာ နေနိုင်ရေးအတွက်သာ ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။

ထမင်းကြော်မှာတယ်ဆို ထမင်းကြော် ချပေးလိုက်ရုံနဲ့ ၀န်ဆောင်မှုမဖြစ်ဘူး။ နေမကောင်းလို့ ဆေးခန်းလာပြတယ်ဆို ဆေးတွေ ပေးလိုက်ရုံနဲ့ ၀န်ဆောင်မှုမဖြစ်ပါဘူး။ သူ့ရဲ့ စိတ်ချမ်းသာမှု၊ ကျေနပ်မှု၊ သက်သောင့်သက်သာရှိမှုတွေကို အလေးထားဆောင်ရွက်ပေးတာဟာ ၀န်ဆောင်မှုပါပဲ။
- - - - - - - - - - -
ဝန်ဆောင်မှု၏ ၀ိသေသလက္ခဏာများ (Characteristic of services)

၁။ ထိတွေ့ကိုင်တွယ်၍ မရခြင်း (Intangibility)
ဝန်ဆောင်မှုဆိုတာ ထိတွေ့ကိုင်တွယ်လို့ မရပါဘူး၊ မျက်စိနဲ့ မြင်မယ်၊ နားနဲ့ကြားမယ် စသဖြင့် အာရုံနဲ့ပဲ ခံစားလို့ရတဲ့ အရာတစ်ခုပါ။

၂။ ရောနှောနေခြင်း (Heterogeneity)
ရောနှောနေတဲ့ အနေအထားရှိပါတယ်။ ဆရာဝန်၊ ဆရာမတွေက သဘောကောင်းကြပေမဲ့ ဆေးရုံက အရမ်းညစ်ပတ်နေတာ၊ စားပွဲထိုးက အဆင်ပြေပေမယ့် ပိုင်ရှင်က မျက်နှာစူပုပ်ပုပ်၊ အပေါက်ဆိုးဆိုးနဲ့ဖြစ်နေတာ စသဖြင့် ရှိနေနိုင်ပါတယ်။ ဆိုလိုတာက ၀န်ဆောင်မှုကောင်းတဲ့နေရာတစ်နေရာဖြစ်ဖို့ အားလုံးပါဝင်လုပ်ဆောင်ကြဖို့ လိုတယ် ဆိုတာပါပဲ။

၃။ တစ်ပြိုင်နက်တည်းဖြစ်ခြင်း (Simultaneous production and consumption)
ဝန်ဆောင်မှုဟာ ကုန်ထုတ်ပစ္စည်း မဟုတ်တဲ့အတွက် ထုတ်လုပ်ပြီးမှ အရည်အသွေးညံ့သွားတယ်ဆိုပြီး ပြန်လိုက်သိမ်းလို့ မရပါဘူး။ ၀န်ထမ်းတွေရဲ့ ပြုမူပုံ၊ ပြောဆိုဆက်ဆံပုံ၊ ဒါတွေအားလုံးကို ၀ယ်သူက တစ်ချိန်တည်းမှာ မှတ်ယူသွားတာ ဖြစ်ပါတယ်။

၎။ ပျက်စီးလွယ်ခြင်း (Perishability)
အင်မတန်မှကို ပျက်ဆီးလွယ်ပါတယ်။ အစစအရာရာ အဆင်ပြေနေပေမယ့် ချပေးတဲ့ခွက်က ညစ်ပတ်နေတာ၊ ပိုက်ဆံရှင်းတဲ့အချိန်မှာ အကြာကြီး စောင့်နေရတာ၊ ဒါလေးတွေနဲ့တင်လည်း အကုန်လုပ်လာခဲ့သမျှက ပျက်စီးသွားတတ်ပါတယ်။
- - - - - - - - - - -
ဝန်ဆောင်မှုအရည်အသွေးကောင်းများ (Service Quality)

1) ယုံကြည်အားကိုးလောက်ခြင်း (Reliability)

လူတစ်ဖက်သားရဲ့ ယုံကြည်မှုကို ရယူနိုင်ဖို့က ဘယ်အလုပ်မှာမဆို လိုအပ်ပါတယ်။ ရိုးသားဖို့၊ အရည်အချင်း ရှိဖို့၊ ပြောထားတဲ့စကားကို တည်ဖို့၊ တာဝန်ယူတတ်၊ တာဝန်ခံတတ်ဖို့၊ ဒါတွေဟာ ယုံကြည်လောက်တဲ့သူ ဖြစ်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရည်အချင်းတွေပါပဲ။ ဖုန်းလို၊ လက်ပ်တော့ပ်လို တန်ဖိုးကြီးပစ္စည်းတွေ ၀ယ်တဲ့အခါ အဲဒီယုံကြည်စိတ်ချရမှုက သိပ်အရေးကြီးပါတယ်။

2) လက်ဆုပ်လက်ကိုင် ပြနိုင်သော အရာများ (Tangible)

ဝန်ဆောင်မှုဟာ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူးဆိုပေမဲ့ အဲဒီဝန်ဆောင်မှုကို ပေးစွမ်းတဲ့နေရာမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး။ အလွယ်တကူ အကဲခတ်လို့ ရတဲ့အတွက် ဒါတွေကလည်း ၀န်ဆောင်မှုရဲ့ အရည်အသွေးကို အဓိက အဆုံးအဖြတ်ပေးပါတယ်။ ၀န်ထမ်းရဲ့ ဆက်ဆံပုံက အဆင်မပြေရင်၊ ၀တ်ပုံစားပုံ မသပ်ရပ်ရင်၊ ပန်းကန်ခွက်ယောက်တွေက ညစ်ပတ်နေရင်၊ အနံ့အသက် မကောင်းရင်၊ ဆူညံသံတွေက နားမခံနိုင်အောင် ကြားနေရရင်၊ ဒါတွေဟာ ၀န်ဆောင်မှုအပေါ် သက်ရောက်မှုရှိုလို့ ဂရုစိုက်ဖို့ လိုပါတယ်။

3) ကိုယ်ချင်းစာ မျှဝေခံစားတတ်ခြင်း (Empathy)

ဝန်ဆောင်မှုကို စကားလုံးတစ်လုံးတည်းပြောပါဆို အဲဒါ ကိုယ်ချင်းစာစိတ်ပါပဲ။ ကိုယ်တိုင် Customer အနေနဲ့ ဆိုင်တစ်ဆိုင်ကို သွားတဲ့အခါ ဆက်ဆံစေချင်တဲ့ပုံစံအတိုင်း ဒီမှာ ဆက်ဆံပေးမယ်၊ ကိုယ့်ကို မလုပ်စေချင်တဲ့ပုံစံတွေကို ရှောင်ရှားပေးမယ်ဆို အဲဒါ ၀န်ဆောင်မှုအရည်အသွေး ကောင်းတာပါပဲ။

4) မဆိုင်းမတွ တုန့်ပြန်ဆောင်ရွက်တတ်ခြင်း (Responsiveness)

ဆိုင်ထဲ လူဝင်လာရင် မသိသလိုနဲ့ ကြည့်နေတာ၊ တော်တော်ကြီးခေါ်မှ ရောက်လာတာမျိုးဆို အဆင်မပြေပါဘူး။ တချို့ဆိုင်တွေ သတိထားကြည့်ပါ၊ ၀င်လိုက်တာနဲ့ ရှိတဲ့ဝန်ထမ်း၊ ကြုံတဲ့ဝန်ထမ်းက နှုတ်ဆက်တယ်၊ ချက်ချင်းရောက်လာတယ်၊ ဘာမှာမလဲမေးတယ်၊ ဒီတော့ ကျွန်တော်တို့တွေ သိပ်သဘောကျကြတာပေါ့။ စားသောက်ဆိုင်လို ပျော်ပျော်ပါးပါး ရောက်လာကြတဲ့နေရာမဟုတ်ဘဲ ဆေးရုံလို လူနာက အသည်းအသန်ဖြစ်ပြီး ရောက်လာတတ်တဲ့ နေရာမျိုးတွေမှာတော့ တာဝန်ကျဝန်ထမ်းက အဲ့လို Responsive မဖြစ်ရင် လူနာရှင်တွေက တအားစိတ်ဆိုးပြီး တိုင်ကြတန်းကြတဲ့ အဆင့်ထိ ရောက်သွားနိုင်တာပေါ့။ ဒါကြောင့် ၀န်ထမ်းတွေဟာ အမြဲတမ်းတက်ကြွနေဖို့ လိုပါတယ်။

ဒါတွေကတော့ ၀န်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတိုင်း၊ ၀န်ထမ်းတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ မနက်ဖြန်တင်မယ့် နောက်ဆောင်းပါးမှာတော့ Service marketing triangle အကြောင်းကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ
၁၈.၁၀.၂၀၁၇
- - - - - - - - - -
Credit: Power of Passion´s Page

No comments: