အဆိုးတွေကို မြင်တတ်တဲ့ သဘာဝဟာ တခါတရံမှာ လောကကို ကောင်းကျိုးတွေ ဖြစ်စေတဲ့ အထဲက အခြေခံအချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။
တချို့အဆိုးတွေကို တော်တော်မြင်တတ်တဲ့သူတွေကို ကြုံဖူးပါတယ်။ တစ်ဖက်သားရဲ့ ချို့ယွင်းချက်တွေ၊ လွဲတာ မှားတာတွေ ကို တော်တော်လေး မြင်တတ်တဲ့ သူတွေရှိပါတယ်။ လူတစ်ယောက်နဲ့ ဆွေးနွေးစကားပြောတဲ့အခါ သူ့စကားရဲ့ အားနည်းချက်က ဘယ်နေရာမှာရှိသလဲ ဆိုတာကို သေချာမြင်အောင်ကြည့်ပြီးတော့ ထောက်နိုင်တဲ့ အရည်အချင်းတွေ နဲ့လည်း ပြည့်စုံကြပါတယ်။ သူတို့တွေရဲ့ ပင်ကိုယ်သဘာဝက debate လုပ်ရတာကိုလည်း သိပ်ဝါသနာပါတယ်။
အတွေးအခေါ် အယူအဆ တစ်ခုကို ကြားရတဲ့အခါ၊ ဒီအတွေးအခေါ် အယူအဆရဲ့ အားနည်းချက်က ဘယ်နေရာမှာ ရှိနေသလဲ၊ သဘာဝကျရဲ့လားဆိုတာကို အမြဲတမ်းမြင်တတ်တယ်။ ဘယ်နေရာမှားနေသလဲ။ လွဲတာ မှားတာကို ရှာတယ်။ ရှာလည်းရှာသင့်တယ်။ မြင်အောင်လည်း ကြည့်သင့်တယ်။ ဒါဟာ အားသာချက် တစ်ခုပါပဲ။ လွဲနေတာ၊ မှားနေတာ ကိုမြင်တတ်တာ။ အဆိုးနဲ့အပြစ်ကို မြင်တတ်တာ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီလို ပြောလို့ အဆိုးမြင်ရမယ်၊ မကောင်းမြင်ရမယ်လို့ ဆိုလိုချင်တာပဲ မဟုတ်ပါဘူး။ မကောင်းကို မြင်မှ ကောင်းအောင် ပြင်နိုင်မယ်။ မြင်နိုင်မှ ပြင်နိုင်မယ် မဟုတ်လား။
လောကကြီး ၊ လူ့အသိုင်းအဝိုင်းကြီးကို ကြည့်လိုက်ရင်လည်း ဒီလိုပါပဲ။ ဘာတွေဖြစ်နေလဲ၊ ဘာတွေ လုပ်နေကြသလဲ၊ ဘယ်လို စနစ်နဲ့ လုပ်နေကြသလဲ၊ ဘယ်နေရာတွေ ကောင်းတယ်၊ ဘယ်နေရာတွေ မကောင်းဘူးဆိုတာ ရှုမြင်ရပါမယ်။ ဒီလို ကြည့်တဲ့အခါ ကောင်းတာတွေကိုလည်း ချန်မထားသင့်ပါဘူး။ ကောင်းတာတွေကိုလည်း မြင်အောင်ကြည့်သင့်ပါတယ်။ အဆိုးတွေကိုလည်း မြင်အောင်ကြည့်သင့်ပါတယ်။
အဆိုးတွေကို မြင်တဲ့အခါမှာ ထားရှိရမယ့် စေတနာက ပြုပြင်စေချင်တယ်ဆိုတဲ့ စေတနာဖြစ်ရပါမယ်။ မကောင်းတာတွေ မြင်တဲ့အခါ ကောင်းစေချင်တယ်ဆိုတဲ့ စိတ်စေတနာပါရပါတယ်။ ဒါမှာလည်း အဆိုးမြင်ရတာ၊ မကောင်းမြင်ရတာ က တန်ဖိုးရှိမှာဖြစ်ပါတယ်။ အဆိုးကိုမြင်တဲ့ အခါ ပြုပြင်စေချင်တယ်။ အဆိုးကို အကောင်းဘက်ရောက်အောင် ပြောင်းစေချင်တယ် ဆိုတဲ့ စိတ်ထားဟာ မှန်ကန်တဲ့ စိတ်ထားတစ်ခု ဖြစ်ပါတယ်။
ပြုပြင်စေချင်တဲ့အခါမှာလည်း တစ်ခါတလေ သူတစ်ပါးကို ပြုပြင်စေချင်တယ်ဆိုတဲ့ စိတ်ရဲ့ နောက်ကွယ်မှာ ငါသိ၊ ငါတတ် ဆရာလုပ်ချင်တယ်ဆိုတဲ့ စိတ်က ပါနေတတ်ပြန်ပါတယ်။ အမှားကို ထောက်ပြရတာကိုပဲ အရသာ တွေ့နေတတ်ပါတယ်။ အဲ့လိုကျတော့ ဘယ်လို စိတ်ထားမျိုးဖြစ်သွားပြီလဲ။ ဒီလို စိတ်ရဲ့ နောက်မှာ ပါလာတဲ့ သဘောက မာနဆိုတဲ့ သဘောမျိုးပါသွားပါတယ်။ ဒါဟာ အလွန်သိမ်မွေ့တယ်။ ကိုယ့်စိတ်ကို ကိုယ်ရှုမြင်နိုင်မှ တော်ကာကြတယ်။
မင်းတို့မှားနေတယ်၊ မင်းတို့ လွဲနေတယ်၊ ငါသိတယ်၊ ငါတတ်တယ်။ ငါပြောသလို လုပ်ကြ၊ ပြင်လိုက်ကြ။ ပြင်လိုက်ကြလို့ မပြောရင်လည်း အဲ့လို သူများလွဲတာ မှားတာတွေကို ထောက်ပြ၊ ပြောပြနေရတာကိုပဲ ကိုယ့်ရဲ့ Power တစ်ခုလိုပဲ ခံစားထင်မြင်နေတတ်တယ်။
ဒါကိုလည်း ကျောင်းသားတစ်ယောက်ပြောတာရှိတယ်။ သူကလည်း သူတစ်ပါးရဲ့ အပြစ်ကို တော်တော်မြင်တတ်တယ်။ ဒါပေမယ့် တစ်ခုဆိုးတာက သူက ကောင်းတာကို ရှာမကြည့်တော့ဘူး။ အပြစ်ကိုပဲ ရှာကြည့်ပြီး စိတ်ဆိုး ဒေါသတွေ ထွက်နေတတ်တယ်။ ကောင်းတာလေးတွေလည်း ရှာပြီးတွေးပါဦးလို့ သတိပေးရတယ်။ အဲ့ဒါဆိုရင် ကိုယ့်ရဲ့ စိတ်က balance ဖြစ်တယ်။ မဟုတ်ရင် အစွန်းတွေရောက်ကုန်ရော။ သူက ဘာပြောလဲဆိုရင် ရှာမတွေးချင်ဘူး။ ကောင်းတာတွေ တစ်ကွက်မှကို မရှိဘူး။ အကုန်ဆိုးကျိုးတွေချည်းပဲ လို့ ပိတ်ပြောတယ်။ နောက်ပြီး သူဒီလို ဖြစ်ရတာကိုပဲ သူ့ကိုယ်သူ ကျေနပ်နေတယ်။ အဲ့လို မကောင်းမြင်ပြီး စိတ်ဆိုး ဒေါသဖြစ်နေရတာကိုပဲ power ကြီးတာတဲ့။ တစ်ဖက်သား အကြောင်း မကောင်းပြောနေရတာပဲ power တော်တော်ဖြစ်တယ်တဲ့။ ခွင့်လွှတ်ပေးလိုက်ရင် ၊ သည်းခံပေးလိုက်ရင် စိတ်ဆိုးလို့ မရတော့ဘူး၊ power မရှိတော့ဘူးတဲ့။
ဒီတော့ စဉ်းစားကြည့်တယ်။ အော် .. တချို့လူတွေဟာ အပြစ်ရှာနေရတာ စိတ်ဆိုးနေရတာကိုပဲ သူတို့ရဲ့ power လို့ သူတို့ ယူဆကြတာကိုး။ ဒါဟာ power မဟုတ်ဘူးလားဆိုတော့ ၊ ဟုတ်ပါတယ်။ ဒါပေမယ့် negative power ဖြစ်နေတယ်။ ကောင်းတာရော ဆိုးတာပါ မြင်အောင်ကြည့်ရင် မျှတတဲ့ အမြင် ရမယ်။ အဲ့သလိုဆိုရင် စိတ်ဆိုးရခက်သွားတော့မှာ။
အဆိုးကို အပြစ်ရှာချင်လို့ ပြောတာမဟုတ်ဘဲနဲ့ ကောင်းစေချင်လို့၊ ပြုပြင်စေချင်လို့ ပြောတာဆိုရင်တော့ သဘောထားက မှန်နေတယ်။ သဘောထားမှန်နေတဲ့ အတွက်ကြောင့် positive power လို့ ပြောလို့ရတယ်။
ဥပမာ - လူတစ်ယောက် နေမကောင်းဖြစ်နေရင် နေမကောင်းတာကို ထောက်ပြပြီးတော့ ဘယ်လိုလုပ်ရင် နေကောင်းသွားမယ်၊ ရောဂါပျောက်သွားမယ်လို့ ရှင်းပြ၊ ကုသပေးလိုက်ရင် ဒါဟာ သူ့ကို အကျိုးပြုလိုက်တာပါပဲ။ Postive ဖြစ်သွားတယ်နော်။
လောကမှာ အကောင်းအဆိုးက အမြဲတမ်း ဒွန်တွဲနေတာပါ။ ပြုပြင်ဖို့ကလည်း လိုပါတယ်။ မပြုပြင်လို့ မဖြစ်ပါတယ်။ ကျွန်တော့် သင်တန်းတွေ၊ ဟောပြောပွဲတွေတိုင်းမှာ အမြဲထည့်ပြောလေ့ရှိပါတယ်။ ပြုပြင် မှ ပြောင်းလဲ မယ်လို့၊ မပြုပြင် သရွေ့ ဘယ်တော့မှ မပြောင်းလဲ ပါဘူး။ ပြောင်းလဲချင်ရင်လည်း ထိုင်အော် နေလို့ ဘာမှ ဖြစ်မလားပါဘူး။ ပြုပြင်မှာသာ ပြောင်းလဲ မှာပါ။ ပြုပြင်ရမယ်ဆိုရင်လည်း ဘယ်နေရာ လွဲနေတယ်၊ မှားတယ်၊ ဘယ်လို ပြုပြင်ရမယ်၊ ဘယ်လို ပြုပြင်သင့်တယ်ဆိုတာတွေ နည်းလမ်းရှာ၊ အပြုသဘော ဆွေးနွေး တိုင်ပင်၊ ညှိနှိုင်း ဒါမျိုးတွေ လုပ်ရမှာပါ။
အပြစ်ကို ထောက်ပြနေရုံနဲ့ မပြီးသေးပါဘူး။ မကောင်းတာကိုပဲ ရှာဖွေပြီး အဲ့မကောင်းတာကိုပဲ ဖိပြောနေလို့ ခရီးမတွင်ပါဘူး။ ဘယ်လိုပြုပြင်ရမယ်ဆိုတဲ့ နည်းလမ်းကို ရှာရပါမယ်။ ပြဿနာရှိရင် အဖြေဆိုတာ ရှိပါတယ်။ ပြဿနာ တွေ့ရင် အဖြေတွေ့အောင်ရှာရပါမယ်။ တွေ့နေပြီးသား ပြဿနာကိုပဲ ထပ်ထပ်ရှာနေရင်တော့ ပြဿနာတွေပဲ တွေ့တွေ့နေပြီး အဖြေနဲ့တော့ ဝေးနေဦးမှာ အသေအချာပါပဲ။ နည်းလမ်းကို သိဖို့ဆိုရင် အသိဉာဏ် အများကြီးရှိမှာ ဖြစ်ပါမယ်။ ဉာဏ်ပညာ နဲ့ အလုပ်လုပ်ရပါမယ်။ ဉာဏ်ဦးစီးပြီး လုပ်မှ မှန်ကန်တဲ့ လမ်းကြောင်းကို တွေ့မြင်မယ်။ အတ္တစွဲ ၊ မာနစွဲ နဲ့ ဒေါသအစွဲတွေနဲ့ လုပ်လို့ လုံးဝကို မရပါဘူး။
နောက်တစ်ခုက တရားမျှတ တဲ့ အမြင်ဆိုတာ အရေးကြီးပါတယ်။ သူတစ်ပါးကို အပြစ်မြင်ချင်ပြီဆိုရင် အဲဒီ အပြစ်မျိုး၊ ချို့ယွင်းချက်မျိုး ငါ့မှာရော မရှိဘူးလား ဆိုပြီးတော့ ပြန်စဉ်းစားဖို့ လိုပါတယ်။ အဲ့လို စဉ်းစားလိုက် ရင် တရားမျှတတဲ့ သဘောထား ဖြစ်ပါတယ်။ ကိုယ့်မှာလည်း ချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။ ရှိဖို့လည်း များပါတယ်။ လောကမှာ အမြဲမှန်နေတဲ့ သူဆိုတာ မရှိဘူးဆိုတဲ့ သတိလေးလည်း ထားစေချင်ပါတယ်။
သူတစ်ပါး ချို့ယွင်းချက်ကို သတိထားမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်မှန်ထဲ ပြန်ကြည့်နေရသလို သဘောထားပြီး ငါ့မှာလည်း အဲ့သလို ချို့ယွင်းချက်မျိုးရှိနေတတ်တယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ရပါမယ်။ သူ့ကို ပြင်စေချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ပြင်ပါ။ ကိုယ်တိုင်တော့ မပြင်ဘဲ သူများကိုပဲ ပြင်စေချင်နေရင် ဒါဟာ ကောင်းစေချင်တဲ့ သဘောထားမဟုတ်ပါဘူး။ အနိုင်ယူချင်တဲံ သဘောထားဖြစ်ပါတယ်။
အတ္တစွဲ၊ မာနစွဲ၊ ပုဂ္ဂိုလ်စွဲ ဟာ မှန်ကန်တဲ့ အမြင် (သမ္မာဒိဌိအမြင်) ကို မဖြစ်စေပါဘူး။ လူတစ်ယောက်ရဲ့ အမှားတစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့ အမှားတစ်ခုကို ထောက်ပြချင်တယ်ဆိုရင် သူတို့က ဆိုတဲ့ ပုဂ္ဂိုလ်အတ္တအစွဲကြီး နဲ့ နှိမ်ချင်တဲ့စိတ် ၊ နိုင်ချင်တဲ့ စိတ်ရှိနေရင် ခက်သွားမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ငါပဲ သိတယ်၊ ငါတတ်တယ်၊ ငါတို့က အမှန်၊ ငါပြောတာ အဟုတ်၊ ငါ တို့က မြတ်တယ်၊ ငါ့လုပ်ရပ်မှန်တယ် စတဲ့ ငါ ၊ ငါ ၊ ငါ ဆိုတဲ့ အတ္တစွဲကြီးနဲ့ ပြောနေရင် လုံးဝ အဆင်ပြေမှာ မဟုတ်ပါဘူး။
သူတစ်ပါးက အမှန်တကယ်ပဲ မှားလို့၊ မကောင်းလို့ ပြင်ချင်တဲ့အခါတောင်မှ သူ့ကို နှိမ်ချင်တဲ့စိတ်၊ အနိုင်ယူချင်တဲ့ စိတ် မရှိမှ ရမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ငါဆိုတဲ့ မာနကြီးနဲ့ ငါဆိုတဲ့ အတ္တကြီးနဲ့ ငါပြင်တာ၊ ငါပြောတာ၊ ငါထောက်ပြတာ လက်ခံရမယ်၊ ငါ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး၊ ငါသာ ဆရာကြီးဆိုတဲ့ အထက်စီး ကနေ ပြောချင်တဲ့စိတ်နဲ့ သွားလုပ်လို့ မရဘူး။ ဘာလို့လည်းဆိုတော့ လူတိုင်းမှာ သူ့အတ္တ၊ သူ့မာနတွေ ကိုယ်စီ တင်းခံနေကြတယ်။ ကိုယ့်ကလည်း ကိုယ့်အတ္တ၊ ကိုယ့်မာန နဲ့ သွားပြုပြင်ရင် အဆင်မပြေဘူး။ အဓိက ကတော့ အတ္တလေးတွေ လျော့ရမယ်။ မာနလေးတွေလျော့ရမယ်။ အစွဲတွေ ဖြုတ်ရမယ်ပေါ့။ ဒါမှ လည်း အေးချမ်းမယ်၊ သာယာမယ်။
ဒီတော့ တစ်ဖက်သားကို မပြုပြင်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပြုပြင်ပါ။ သူတစ်ပါးကို မဆုံးမခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ဆုံးမပါ။ တခြားသူရဲ့ အပြစ်ကို မြင်အောင် ကြည့်နိုင်တာထက် ကိုယ့် အပြစ်ကို ကိုယ်မြင်အောင်ကြည့်နိုင်ခြင်းက ပညာရှိ ပိုပီသပါတယ်။ တရားရှိတယ်ဆိုတာ ကိုယ့် အပြစ်ကိုယ်မြင်တာပါ။ ကိုယ့်စိတ်ထဲကို ကိုယ်ကြည့်တဲ့ အခါမှာ ကိုယ့်စိတ်ထဲမှာကိုပဲ လောဘတွေ၊ ဒေါသတွေ၊ မာနတွေ ဖြစ်နေတာ တွေ့နေရပါလိမ့်မယ်။
သူများ လောဘကြီးတာ၊ ဒေါသကြီးတာ ၊ မာနကြီးတာတွေကို အပြစ်ဆိုမနေပါနဲ့ဦး။ အရင်ဆုံး ကိုယ့်ရင်ထဲက လောဘ၊ ဒေါသ၊ မာန တရားဆိုးတွေကို အရင်ဆုံး အပြစ်မြင်ပါ။ လူတွေရဲ့ မကောင်းတဲ့ သဘာဝကိုယ်က ကိုယ့်စိတ်ထဲက ကိုယ့်ချို့ယွင်းချက်ဆိုရင်တော့ မသိမသာလေး ဖုံးလိုက်ချင်ကြတယ်။ သူများချို့ယွင်းချက်ဆိုရင်တော့ မြင်သာအောင် ဖော်ပြလိုက်ချင်ကြတယ်။ လူတစ်ကာကို လိုက်ပြောချင်ကြတယ်။ Social Media တွေမှာ ရေးသားကြတယ်။ Share လုပ်ကြတယ်။ ဒီလို စိတ်ကလေးတွေ ရှိကြတာကို တွေ့ရတယ်။
ကိုယ့်စိတ်ကလည်း ဒီလို ဖြစ်နေပါလားဆိုတာကို ရိုးရိုးသားသား လက်ခံနိုင်တဲ့အခါ သူများစိတ်ထဲမှာ လောဘကြီးနေတာကို မြင်ရလို့ရှိရင်လည်း ဒီလူက လောဘကြီးလိုက်တာလို့ အပြစ်မတင်တော့ဘူး။ လောဘ မကြီးဘူးလား ဆိုတော့ ကြီးပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် သူ့ကို လောဘကြီးတယ်ဆိုပြီးတော့ အပြစ်တင်၊ ပြောဆို၊ ရှုတ်ချ ပြီး အကုသိုလ်မယူတော့ဘူး။ သူ့လောဘနဲ့ သူ ဒုက္ခရောက်နေတာ မြင်ရတယ်။ သူ့ကို ကြည့်ရတာ ပူလောင်လိုက်တာ။ ဆင်းရဲလိုက်တာ။ အဲ့လောဘလေး နည်းနည်းများ လျှော့နိုင်ရင် ကောင်းမှာပဲ ဆိုပြီး ဆင်ခြင်တုံတရား၊ သံဝေဂ ဝင်မိရင် ကိုယ့်စိတ်ထဲမှာ ကုသိုလ်တရားတွေ ဖြစ်ပါတယ်။ သူ့ကိုလည်း အပြစ်တင်နေမယ့်အစား သူ့ရင်ထဲက လောဘမီးကို ကိုယ်က ငြိမ်းပေးနိုင်ဖို့ ၊ ပြုပြင်ပေးနိုင်ဖို့ အဖြေရှာပေးရင် သူလည်း အေးချမ်းသွားမှာပါ။ မှန်ကန်တဲ့ စိတ်ထား ၊ အသိဉာဏ်နဲ့ လောကကြီးမှာ နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Let’s Fly Together!
#ဖူးကျော်ဇင် (Future Wave)
Author & Motivational Speaker
FUTURE WAVE
SUCCESS & MOTIVATION TRAINING CO.,LTD
Article on Job Seekers Journal
ကျမ်းကိုး ; ဆရာတော်ဦးဇောတိက (သူ့ကိုပြင်ချင်ရင် ကိုယ့်ကိုကိုယ်အရင်ပြင်)
Credit: ဆရာ ဖူးကျော်ဇင်ရဲ့ Page
No comments:
Post a Comment