" ရေစင်ကြေး "
===========
#နေဝင်းမြင့်
📖📖📖📖📖
၁။
သူကြီးကတော် မကောက်ကျစ်က မနက်တိုင်း လင်သူကြီး ထိုင်နေကျ ဂျွတ်တက်နေတဲ့ ကျွန်းစားပွဲပေါ် နှီးတောင်းကန်တော့ပွဲတင်တယ်။စားပွဲပေါ် ဒန်ပန်းကန်တစ်ချပ်တင်ပြီး ဖယောင်းတိုင်သုံးတိုင် ထွန်းတယ်။စားပွဲကို လင်သုံးချက် မယားသုံးချက် ခပ်ပြင်းပြင်းပုတ်တယ်။ဘယ်နတ်ကို တိုင်တည်မှန်းမသိရပေမယ့်ပါးစပ်က တတွတ်တွတ်ရွတ်တယ်။"ညောင်ပုစစ်ရွာမှာ အမှုအခင်းနည်းလွန်းလို့ များများကြီးပေါ်ပေါက်အောင် မွှေတော်မူပါ။အမှုကြီးကြီး ဒီးတိုက်အောင် ခလောက်ဆန်တော်မူပါ။ပြသနာကြီးကြီး ဗျည်းစဉ်ခတ်အော် ဖွတော်မူပါ "
📖📖📖📖📖
၂။
ရွာနာမည်က ညောင်ပုတစ်တုပ်။သူကြီးနာမည်က ကိုဂျာရစ်။သူကြီးကတော်က မကောက်ကျစ်။ရွာကစာချိုးတယ်။သူကြီးဂျာရစ် ညောင်ပုဆစ် ကောက်ကျစ်ကိုလည်း "စ"သတ်မည် တဲ့။
လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က ရွာသူကြီးဟောင်း ကိုတရော် မရှိကတည်းက တက်လာတဲ့ သူကြီးကို သူကြီးသက်ရှည်လွန်းလို့ ရွာက ဗကဗြဟ္မာ ခေါ်ကြတယ်။ဗကဗြဟ္မာက ဗြဟ္မာသက် နှစ်ကမ္ဘာ ကပ်နဲ့ ချီပြီးရှည်တာကိုး။ကိုဂျာရစ်က သူကြီးဂိုက်ကဖမ်းသေးတာပါ။ရှေးမြန်မာမင်းများလက်ထပ်တွေတုန်းက သူကြီးတွေလို ဖျင်တိုက်ပုံ ရင်ဖုံးကြယ်သီးတံတပ်နဲ့ ဆယ်တောင်ကွက်တုံးပုဆိုးကြီးနဲ့ကိုး။သူကြီးကတော် မကောက်ကျစ်ကလည်းမထူးပါဘူး။သက်ငယ်ပျစ်စားရတဲ့ဘဝက လာသူဆိုပေမဲ့ သူကြီးကတော်ဖြစ်ပါပြီဆိုကတည်းက ရွှေနှင်းဆီ ကြယ်သီးတပ်ရင်ဖုံးနဲ့ နာနတ်လျှော်ထမီပတ်လည်စင်းနဲ့ ခပ်တင်းတင်းနေတော့တာပါ။သူကြီး ကိုဂျာရစ်က မက်ခွံပိတ်ကြီးနဲ့ သင်းခွေချပ်တစ်ကောင်နဲ့တူသလို မကောက်ကျစ်ကလည်း မျက်ပိုးကျကြီးနဲ့ နှံကောင်နဲ့တူလေရဲ့။သူကြီးကိုဂျာရစ် သူကြီးသက်ရှည်တာလည်းမပြောနဲ့ မကောက်ကျစ်ကပဲ ပတ်မလုံးစုံ စီစဉ်သွားတာဆိုတော့ သူကြီးရွေးပွဲတိုင်း ကိုဂျာရစ်နိုင်တာချည်းပဲ။
"ကိုဂျာရစ်......သူကြီးရွေးပွဲတော့နီးပြန်ပြီ။ရွာမှာ ပွဲနှစ်ညထည့်မယ်။တစ်ရွာလုံး ထမင်းရုံထိုးပြီး ထမင်းကျွေးမယ်။တစ်အိမ်ထောင် ငွေတစ်ဆယ်ချေးမယ်။မနှမြောနဲ့ အဲဒီလောက်ရင်းထားရင် လေးနှစ်လောက် သူကြီးကြေးထိုင်စားရုံပဲ"
ဟုတ်လည်းဟုတ်ပါရဲ့။သူကြီးရွေးပွဲတိုင်း ကိုဂျာရစ်ပဲ သူကြီးပြန်ဖြစ်တယ်။ချေးထားတဲ့ ငွေတစ်ဆယ်ကလည်း သူ့ခေတ်နဲ့ သူ့အခါ များတဲ့ငွေဆိုတော့ မဆပ်ချင်သူက သူကြီးမဲတစ်မဲထည့်ပေးရုံပဲ။မဲသာထည့် အကြွေးတစ်ဆယ်ကြေတယ်။အဲဒီလိုနဲ့ သူကြီးမြဲနေတော့ ရွာကတော့ပြောကြတာပေါ့။
"သူကြီးတို့များ ရာထူးမြဲလိုက်ပုံ စဥ့်အိုးထဲ ဖားပြုတ်ထည့်ပြီး အပေါ်က ကျောက်ပြားဖုံးထာသာကျလို့"
"ဖားပြုတ်က ထွက်နိုင်ပါသေးကွာ ငါးရှဥ့်မြှုံးနဲ့ တူတာမောင်ရ ဝင်ပြီးထွက်မရတော့ဘူး"
ပြောလေ ဘာဖြစ်လိမ့်မတုံး ။ဒီလိုမြဲအောင် လုပ်ရတာလွယ်မှတ်လို့။ဒါမျိုးများကြားရင် မက်နှာကြီး ဆူပုပ်နေတော့တာ။
"ငါ့များ ဖဝါးတိုချင်လို့။မွေးကတည်း အချင်းစလွယ် ၉ ချက်နဲ့ မွေးတဲ့ကောင် အာ ၉စက် လျှာ ၉စက်နဲ့ မွေးတဲ့ကောင် ငါများကောင်းကင်မော့ကြည့်ရင် ငှက်တွေတောင်ငါ့ရွာပေါ်ကအုပ်လိုက်မပျံဝင့်ကြဘူး "
သူကြီး ကိုဂျရစ်က အပေးအကမ်းမရှိဘူး။အတောင်းအရမ်းပဲရှိတာ သိကြတော့ ရွာက အမှုအခင်း မဖြစ်အောင်တော့နေကြတာပါပဲ။မနေလို့လည်းမဖြစ်ဘူး။သူကြီးလင်မယားက သေးတဲ့အမှုကြီးအောင် ကြီးတဲ့အမှု သောက်ကျိုးနည်းအောင် လုပ်တတ်မှန်းသိကြလေတော့ ငွေများမှတရားနိုင်မယ်ဆိုတာလည်း သိကြရဲ့။ငွေနည်းရင် တရားရှုံးမယ်ဆိုတာလည်းသိကြရဲ့။ခရမ်းခင်းထဲက ခရမ်းသီး ပျောက်မှုကပေမယ့် နိုင်ငံတော်ပုန်ကန်မှုလောက် ကြီးချင်လည်းကြီးသွားနိုင်တာမဟုတ်လား။အမှုတောင် ကောင်းကောင်းမတည်ဆောက်ရသေးဘူး။တိုက်သူရောက်လာရင်။သူကြီးကတော်က တစ်ခွန်းထဲမေးတယ်။
"သူကြီးရေစင်ကြေး ဘယ်လောက်တတ်နိုင်သလဲ " တဲ့။
"ဘာတတ်နိုင်ရမှာတုန်း သူကြီးကတော်ရဲ့။အိမ်က နွားကန်ကြိုးပျောက်လို့တိုင်တာ ။ခိုးတဲ့ကောင်ကို မေးလေဗျာ။ဟုတ်ရင် လျော်ဖို့ရှိတာပဲ "
ဟုတ်သားပဲ။အခိုးခံရသူကတိုင်မယ်။ခိုးသူလို့ စွပ်စွဲခံရသူကို ခေါ်စစ်မယ်။ဟုတ်ရင် သူကြီးလုပ်ပိုင်ခွင့်နဲ့ စီရင်မယ်။သူကြီးရေစင်ကြေး နည်းနည်းပါးပါးတောင်းမယ်။ဒါဆို ပြီးပြီမဟုတ်လား။အဲသလိုမဟုတ်ဘူး။သူကြီးကတော်ကို များများပေးနိုင်ရင် အမှုက ပြောင်းပြန်ဖြစ်ချင်လည်းဖြစ်နိုင်တယ်။
"မင်း ခရမ်းခင်းက လမ်းဘေးမှာ စည်းမကာ ဝါးမတား ပစ်ထားတာက တစ်ချက် လူ့တကာနွားဝင်စားတာက တစ်ချက် ကြွေကျနေတဲ့ ခရမ်းသီးလေးဝင်ကောက်မိတာနဲ့ သူခိုးစွဲတယ်ဆိုတော့ တစ်ဖက်သားသိက္ခာ ကျရချေရဲ့။မင်းလုပ်မှ သူတော်ကောင်း သူခိုးဖြစ်ရမယ်လို့ လူနတ်နားမချမ်းသာ "
"အဲသည်တော့ ကျုပ်က ဘာလုပ်ရမှာတုံး "
"ဟိုခမျာ မင်းက မတရား စွပ်စွဲလို့ နစ်နာကြေးပေးရမှာပေါ့ "
အမှုက မှန်ပါလျက်ကနဲ့ လျော်ရတာများပြီ။ဘယ်သူမဆို ငွေထုပ်နဲ့ လက်ဆောင်သာပါပစေ တရားလိုက တရားခံဖြစ်ရတာများပြီ။တစ်ဖက်နဲ့ တစ်ဖက် ငွေဆောင်းပေးရတာတွေကို စောင့်ရင်း အမှုကြာတာများပြီ။သည်ကြားထဲ ငါနဲ့ ပြီးချင်သလား သူကြီးနဲ့ ပြီးချင်သလားလို့မေးရင် ဘယ်သူမှ သူကြီးဆီမရောက်ချင်ဘူး။သူကြီးကတော်နဲ့က ရေစင်ကြေးတင်ပြီးပေမယ့် သူကြီးနဲ့က ရေစင်ကြေးတင်မရတော့ဘူး။သူကြီးဝတ်တဲ့ ပုဆိုးကွက်တုံးဆယ်တောင် ပါရသေးတာမဟုတ်လား။သည်တော့ တိုင်သူခမျာ ကိုယ်ကလည်း နစ်နာသေး ကိုယ်ကလည်း ပိုက်ဆံပေးရသေးတယ်လို့ အတွန့်မတက်ဝံ့ကြဘူး။
"သူကြီးကတော်နဲ့ ပြီးရုံပဗျာ လောကထဲမလဲ တရားရယ်လို့ မရှိတော့ပါလား သူကြီးကတော်ရယ် တရားလည်း ချိန်ခွင်ကြိုးပြတ်ပြီထင်ပါရဲ့ "
"မင်းနှယ်ကွယ် ဖြစ်ရလေ သည်ခေတ်ထဲတရားကို လိုက်ရှာနေတာ အံ့ပါရဲ့။သည်ခေတ်များ မဟာသမ္မတမင်း အုပ်ချုပ်တဲ့ ကမ္ဘာဦးကာလ မှတ်နေသလား "
အဲသလို ငါးကျပ်တန် အမှုက ငွေငါးဆယ်မကုန်ပဲ တရားရှင် တရားသေ မလွတ်ဘူး။နှစ်ဖက်အမှုသည်တွေခမျာ ကိုယ့်အမှုကိုယ် ပိုက်ဆံများများနဲ့ လေလံဆွဲရသလို ဖြစ်ရတာမိားပြီ။သည်တော့ အမှုမပြီးပြတ်သူတွေအချင်းချင်း ညှိကြရပြီ။
"မင်းက သူကြီးကတော် ဘယ်လောက်ပေးပြီးပတုံး"
"အစိတ်"
"ငါက သုံးဆယ်။တစ်ခါ မင်းက သုံးဆယ့်ငါးကျပ် တိုးပေးတော့ ငါက ၄၀ ဖြစ်ကရော့။သည်တော့ သည်မှာတင်ရပ်ကြစို့ "
ရပ်ကြစို့ ဆိုသော်လည်း သူကြီးကတော်ရပ်မှပြီးရတာပါ။ရေစင်ကြေး ငါးကျပ်ပေးမှ ပြတ်တာဆိုတော့ တစ်ယောက် နှစ်ကျပ်ခွဲ ခံကြရသေးတာလေ။
အဲသလို သူကြီးလင်မယားနဲ့ဆိုတော့ သူကြီးသက်ဆိုးရှည်သလောက် ရွာကလည်း ရှားမီးထဲ ကျနေခဲ့တာ ကြာပြီပြောပါတော့။
📖📖📖📖📖
၃။
တစ်ခါတော့ ညောင်ပုဆစ်မှာ လူတစ်ယောက်သေတယ်။သေသူက ကိုစီဖောင်းတဲ့။ကိုစီဖောင်းက သူလိုကိုယ်လိုထဲကတော့မဟုတ်ဘူး။တစ်ရွာလုံးမပြောနဲ့ တစ်နယ်လုံးမှာမရှိတဲ့ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ စီးပွါးရှာတဲ့လူ။၁၉၅၀ တဝိုက် သူကြီးခေတ်ဆိုတော့ သည်ခေတ်လို မော်တော်ဆိုင်ကယ် ဒလိန်းထိုးနိုင်ဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲ။ကိုစီဖောင်းက ဂျပန်ခေတ် စစ်လက်ကျန် မော်တော်ဆိုင်ကယ်တစ်စီး ရထားသူဖြစ်လေတော့ တစ်ခါတစ်လေ သူကြီးမြို့သွားချင်ရင်တောင် သူ့အားကိုးရတာပါ။ဆိုင်ကယ်က စစ်လက်ကျန်ဆိုတော့ ပျက်တာက ခပ်များများရယ်။ကိုစီဖောင်းက မြို့နဲ့အကူးအလူးရှိသူဆိုတော့ မြို့မိတ်ဆွေတွေကပေးတဲ့ ဟာဝေယံရှပ်လက်တို နဲ့ အင်္ဂလိပ်စစ်ပုလိပ်တွေဝတ်တဲ့ ကာကီဘောင်းဘီတို အမြဲဝတ်တတ်သူကိုး။ရွာကလူတွေနဲ့ ဂိုက်ချင်းကွာပြီပေါ့။ဖယောင်းတောင့်နဲ့ဖိထားတဲ့အမောက်ကြီးက ခေါင်းပေါ်မှာ ကနားဖျင်းထိုးထားတဲ့အတိုင်းပဲ။မျက်နှာမည်းပြောက်ထိုးကို မိုးပွင့်တွေပြာနေအောင်လိမ်းထားတတ်တာကလည်း သူ့ဟန်ပေါ့လေ။လူတွေက ကိုစီဖောင်းကို နဂိုကတည်းက အထင်မကြီးဘူး။တစ်ခါတော့ ရွာကို ပိတ်ကားထောင် ဘိုင်စကုပ်လာပြတော့မှ မင်းသားတင်ငွေက ခေါင်းပေါ်မှာ အမောက်ကြီးနဲ့ ဆိုင်ကယ်စီးတာတွေ့ကြတာကိုး။သည်တော့မှ တို့ရွာက စီဖောင်းလို လူ လောကထဲရှိသေးသကိုးလို့ သဘောပေါက်ကြတယ်။ကာလသားတွေကလည်း ကိုစီဖောင်းစတိုင်လ်ကို သျဘာကျကြ ခက်တာက သူတို့မှာ မော်တော်ဆိုင်ကယ်မရှိဘူး။ခေါင်းပေါ်အမောက်မထားနိုင်ဘူး။အင်္ဂလိပ်စစ်ပုလိပ် ဘောင်းဘီတိုမရှိကြဘူး။
ကိုစီဖောင်းက သူတကာရွာသားတွေလို ပင်ပင်ပန်းပန်းလုပ်မစားရတာက တစ်ဖူသာတာပါပဲ။ဒါဖြင့် ဘာလုပ်စားသလဲမေးစရာရှိတယ်။သူ့မေးရင် ပွဲစားလို့ ပြောလေ့ရှိတယ်။တောက တောသီးနှံကို မြို့က ပွဲရုံနဲ့ချိတ်ပေးတာမျိုး အမှုအခင်းကြီးရင် မြို့ကရှေ့နေငှားပေးတာမျိုး မြေရောင်းမြေဝယ်ရှိတော့လည်း စာချုပ်ချုပ်ပေးတာမျိုး တောကုန်နဲ့ မြို့ကုန် ဖလှယ်ရောင်းတာမျိုးပေါ့လေ။ကိုစီဖောင်းက ရွာမှာနေခဲတယ်။ရွာတွေက ခေါ်ရင် ရောက်အောင်သွားတယ်။အလုပ်ဖြစ်မယ့်ရွာမှာကျောက်ချနေတယ်။ရွာက မယားကိုလည်းမပူဘူး။သမီးနှစ်ယောက်ကိုလည်းမပူဘူး။ကိုစီဖောင်းမယား မတောပုက ရိုးလွန်းတာလည်းပါပါတယ်။အချိန်တန် လင်ပြန်လာရင်ပြီးရော။ပိုက်ဆံတစ်ဆုပ်တစ်ကြဲပေးရင် ပြီးရောဆိုတဲ့ မိန်းမမျိုး။လင်က တစ်နှစ်တစ်ဝါ ပေါ်မလာတော့လည်းမျှော်မနေပါဘူး။သည်လိုနေတာပါပဲ။တစ်ခါတစ်လေ ကိုစီဖောင်း ရွာပြန်လာလို့ စစ်ဘောင်းဘီတို အိတ်ထဲက မိန်းမသားဓာတ်ပုံတွေတွေ့တော့လည်း ဘယ်က မိန်းမလည်း ဘယ်လိုပက်သပ်တာလည်း တစ်ခွန်းမမေးဘူး။သည်မိန်းမ သည်ဓာတ်ပုံ ဘယ်မှာ ရိုက်တာပါလိမ့်။ကျုပ်တောင် ဓာတ်ပုံရိုက်ချင်သေး ဆိုတာလောက် ပြောတာပါ။
တစ်ရက်တော့ လတွေတော်တော်ခြားပြီးမှ ကိုစီဖောင်းရွာကိုပြန်ရောက်လာတယ်။ခါတိုင်းလို မော်တော်ဆိုင်ကယ်စီးလာတာ မဟုတ်ပါဘူး။လှည်းတစ်စီးပေါ် မော်တော်ဆိုင်ကယ်ကျိုးတင်ပြီး ကယောင်ကတမ်းနဲ့မေးချင်းရိုက်ပြီးပြန်လာတာပါ။အိမ်ရောက်တော့မှ မယားမတောပုက လှည်းခတောင်စီးပေးလိုက်ရသေး။ကိုစီဖောင်းကို သမီးနှစ်ယောက်နဲ့ လှည်းပေါ်က ပွေ့ချတော့ စကားမေးမရဘူး။တစ်ရက်နှစ်ရက်ခံပါရဲ့။တစ်ညမှာဆုံးတယ်။လင်ဆုံးသကောရယ်လို့လည်း မတောပုက မငိုဘူး။ဘေးကပြောလို့ သူကြီးတိုင်ရတယ်။သူကြီးကသေစာရင်းပေးလိမ့်မယ်။သင်္ချိုင်းလက်မှတ်ပေးလိမ့်မယ်ဆိုမှ သူကြီးအိမ်ထလာခဲ့တယ်။လက်က မှန်အိမ်ကလေးဆွဲလို့။
"နင့်ယောက်ျား ဘယ်လိုသေတာလဲ"
"သည်လိုသေတာပဲ"
"အခုဘာလုပ်ထားတုံး"
"ပက်လက်ကြီးပဲ"
"ခက်တော့တာပဲ။သေမှတော့ပက်လက်ကြီးပေါ့ ။ဘာမှန်းမသိပဲ ရုတ်တရက်ကြီး သေတယ်ဆိုလို့ ပြီးရရောလား။မြို့ဂတ်တဲက ပုလိပ်ခေါ်ရမယ်။ဒဏ်ရာ ဒဏ်ချက် ရှိမရှိ စစ်ရမယ်။ရိုးရိုးသေသလား ဆန်းဆန်းသေသလား စစ်ဆေးပြီးမှ အသုဘချလို့ဖြစ်မှာပေါ့။အခု ဘယ်ရွာက ပြန်လာတာတဲ့တုံး"
"မပြောတတ်ဘူး"
"လှည်းသမားကို မမေးဘူးလား"
"မမေးမိဘူး"
သူကြီးက ရစ်ပြီဆိုတာကို သူကြီးကတော် မကောက်ကျစ်က သဘောပေါက်ပြီ။သည်အချိန်ဝင်လိုက်ရင် မသာရှင်ဆီက ငွေပေါ်ပြီဆိုတာသိပြီ။လင်သူကြီးကို ဝင်ငေါက်တယ်။သူကြီးကတော့ မထုံတတ်သေးမျက်နှာခံထားရုံ။
"မောင်သူကြီးရယ် ကိုယ့်ရွာနဲ့ ကိုယ့်မသာ မြို့က ပုလိပ်ခေါ်ရင် ခမျာများ လင်သေကြွေးတင် ဖြစ်ကရော့မယ်။ကြားထဲက ရုံး ဂတ် ကောင်းစားအောင် မလုပ်ပါနဲ့။ကိုင်းပါအေ ...... ညည်းကိစ္စရွာတင်ပြီးလောက်ပါတယ်။မသကာကုန်လှ သုံးဆယ်ပေါ့။သုံးဆယ်ပေးပြီးရင် အသုဘချတော့ရပြီ"
မတောပုက ချွေးခံထဲက ငွေသုံးဆယ်ထုတ်တယ်။သူကြီးကတော် လက်ရောက်ပေးရတော့မှ မျက်ရည်တွေကျလာတယ်။မျက်ရည်တွေကျရင်းက ကြုံးအော်ငိုတော့တာပါပဲ။
"အလို .... ကိုစီဖောင်းရဲ့ တော်သေတာ ကျုပ်ဘယ့်နှယ့်မှမနေဘူးနော်။သူကြီးကတော် ငွေသုံးဆယ် ပေးရတာ နှမြောလှတော်။လှည်းခတောင် ကျုပ်က ဆီးပေးရသေး။အခုလည်း မသာကြေးတဲ့ ဖြစ်ရလေ ......။တစ်ရွာမှာ အပင်းအဆိပ်များ မိခဲ့ရော့သလား ဓားပြများရိုက်ရော့လား လူပဲပြုစားရော့လား တော့ဟာတော် တစ်ရွာမှာ အေးအေးသက်သာ သေခဲ့ပါရော့လား ..... တော့် မနှမြောဘူး သုံးဆယ် နှမြောချက်တော်ရေ့ ....."
သူကြီး အိမ်ရှေ့မှာပဲ ဖွဲ့ဖွဲ့နွဲ့နွဲ့ တအီအီငိုနေလို့ သူကြီးကတော်က ချော့ မော့ပြီး ပြန်လွှတ်တယ်။သည်အချိန်မှာပဲ သူကြီး ဝိုင်းထဲ လှည်းတစ်စီးစိုက်တယ်။လှည်းပေါ်မှာ မိန်းမနှစ်ယောက် တစ်ယောက်က မျက်လုံးတွေများရဲလို့ ငိုထားပုံရရဲ့။တစ်ယောက်ကတော့ အဖော်ဖြစ်ပုံရတယ်။လှည်းသမားက သူကြီးဝိုင်းထဲလှည်းချွတ်နေတော့ သူကြီးကမေးတယ်။
"ဟဲ့ နင်တို့က ဘာတွေတုံး ဘယ်ကတုံး"
"ဟိုတောင်ခြေ နေ့ဝက်ခရီးလောက်က လာရတာပါ သူကြီးရယ်။ကျုပ်က ရွာနတ်ကတော်ရယ်။သည်ရွာမှာ ကျုပ်လင်သေတယ်ကြားလို့ လှည်းငှားလာခဲ့တာ။တခြားမဟုတ်ပါဘူး။လင်သေတာ မငိုဘူး မဖြစ်ရအောင် တစ်နာရီစာလောက် လာငိုတာပါ "
"နင့်လင်က ဘယ်သူတုံး "
"ကိုစီဖောင်းတဲ့။ကျုပ်တို့ ရွာကို စွတ်ကယ်စွတ်ကယ် ရောက်လာရင်း ညားရသူပါ။သည်ရွာမှာ မယားကြီးရှိမှန်းလည်း သိပါရဲ့။မယားကြီးတောင်းပန်ပြီး ခဏတဖြုတ်ငိုချင်လို့ပါ။ပိုက်ဆံပေးရပေးရ"
ပိုက်ဆံပေးရ ပေးရ လို့ ကြားတော့ သူကြီးကတော်နဲ့ ကိုစီဖောင်းမယား မတောပုတို့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တယ်။တစ်ရွာက လိုက်လာတဲ့ မယားငယ်က ငိုချင်တယ် ဆိုတော့ ငိုလေ ငိုကြေးရဖို့ အဓိက ပဲဟာ။ငိုခွင့်ရရင် ပိုက်ဆံတောင် ပေးပါမယ်ဆိုမှတော့ သူကြီးကတော်က ဒီအခွင့်အရေး လက်လွှတ်မခံတော့ဘူး။နတ်ကတော်ကို ခဏထိုင်ခိုင်းပြီး မတောပုကို နောက်ဖေးဘက် ခေါ်ထုတ်လာခဲ့တယ်။
"ကိုင်းး ညည်းလင်သေမှတော့ လိုက်လာတဲ့ မယားငယ် ရန်လုပ်မနေနဲ့တော့။မသာတစ်ခု အရင်းပြု တစ်နာရီစာ ငိုချင်တယ်ဆိုတော့ ငါ ငါးဆယ်တောင်းမယ်။ညည်းအစိတ် ငါအစိတ် ဘယ့်နှယ်တုံး"
မတောပုကလည်း သဘောတူတယ်။တစ်နာရီ ငိုခ ငါးဆယ်။ဒီအထဲက တစ်ဝက်ကိုရမယ်။ပစ်လိုက်ရတော့မယ့် လင်အတွက် ငွေအစိတ်ရတော့ကော နည်းရော့လား။နို့ နေပါဦး ဘာမဆိုင် ညာမဆိုင် သူကြီးကတော်က ကြားထဲက ငွေအစိတ်ဖြတ်ယူတာပါလိမ့်။သေချာအောင် မေးကြည့်တော့ အာဏာကြေးယူတာတဲ့။အာဏာကြေးဆိုတာ ဘာမှန်းမသိတော့ ထပ်လည်းမေးမနေတော့ပါဘူး။ခွင့်ပြုလိုက်တယ်။မတောပုလည်း သူကြီးအိမ်က ပြန်ခဲ့တယ်။မတောပု ပြန်တော့ သူကြီးကတော်က နတ်ကတော်နဲ့ညှိတယ်။သဘောတူတယ်။အသုဘအိမ်ကို သူကြီးကတော် ကိုယ်တိုင်လိုက်ပို့တယ်။နတ်ကတော်က ရင်ဘတ်ရှားပန်းထည် စုစည်းပြီးတော့ ငိုတော့တာပါပဲ။နတ်သံပစ်လိုက် စကားဖန်ပြောလိုက် တစ်ကျော့ငိုလိုက် မတောပုကတော့ လွတ်လွတ်လပ်လပ် ငိုလို့ရအောင် ခဏရှောင်ပေးတယ်။
"အလို ကိုစီဖောင်းရဲ့ အင်္ဂါသားကြီးရဲ့ ကျုပ်တို့ရွာ မော်တော်ဆိုင်ကယ် တဖုန်းဖုန်းအသံနဲ့ မလာနိုင်တော့ဘူးနော် ဖြစ်ရလေခြင်း ။ကျုပ်ပြောတယ်နော် တော် လက်မခံဘူး။ကျုပ်ကိုစွဲတဲ့နတ်က သတိပေးရတာလေ။နင့်ယောက်ျားရိုးရာပျောက်နေတယ်ဆိုတုန်းက တော်ပြောတာမှတ်မိလား။ရိုးရာပျောက်တော့ ပုလိပ်ငှားပြီး ရှာရမှာလားတဲ့။တရားတပေါင်ချည်နှောင်တွေ့လို့ ယတြာချေပါဆိုတော့ ကော ဖဲဝိုင်းဖမ်းလို့ပြေးရတာမှတ်မိလား။အခု ကံနိမ့်တော့ခံရပြီ။တစ္ဆေနတ်ဆိုး ရုက္ခဆိုးတို့ မျက်ငြိုးဝေအောင် ရွာရှေ့တောင် ညောင်ပင်အောက် သေးများပေါက်ခဲ့ရော့လား။နတ်တွေများတော့ မော်တော်ဆိုင်ကယ်လောက်တောင် မလေးစားသူကြီး။တကယ်သေတော့ ငွေငါးဆယ် ကုန်ရတာက ကျုပ်...."
သူကြီးကတေည်က သူကြီးပတ်တဲ့လက်ပက်နာရီကို တစ်ပါတည်းယူလာတာဆိုတော့ ငိုနေတဲ့ နတ်ကတော်ကို သတိပေးတယ်။
"နတ်ကတော်မရဲ့ ......ငွေငါးဆယ်ကိစ္စ ထည့်မငိုနဲ့ လိုရင်းလောက်ပြောငိုလေ။နာရီဝက်စာရှိပြီနော်"
"အင်းပါ.....အမယ်မင်း ပြောရတော့မယ်။ဟိုအရင်အစ ပထမက လူလှအမောက်ထောင် စစ်ပုလိပ် ဘောင်းဘီနဲ့ လူပျိုယောင်ဆောင် ကျုပ်ကမသိတော့ အူတိအူကြောင် ဆိုင်ကယ်ကိုနမိတ်ကောက်တော့ ဆိုင်ရာက ကယ်လိမ့်မယ် အဟောထွက်လို့ ယူခဲ့ရ ယောင်တောင်ပေါင်တောင်.......တော်လေ ကျုပ်အိမ်ကို ဝင်ချည်ထွက်ချည်နဲ့ ကျွမ်းပစ်ပြီးရောက်လာတော့ .......သြော် လင်သားရယ်လို့ ထမင်းမနော အုန်းငှက်ပျော နဲ့ သဘောဖြူစင် ကျွန်ုပ်ကယ်တင် စည်ပင်ထွန်းကား မ ပါ လားဟု သနားရယ်ခံ နန်းစံတဲ့ သခင် ......."
"နတ်ကတော်မ ဆယ်မိနစ်ပဲကျန်တော့တယ်"
"ဖြစ်ရလေ.....ငိုတာတောင် နာရီမှတ်ပြီး ဧယင်ကျူးရသလိုပါကော တော်ရဲ့။၁၀ မိနစ်ကျန်တော့သတဲ့။ဆောင်းငွေ့အကြွယ် အောက်မေ့တယ်ဆိုလို့မှ သည်တစ်ဆောင်း ဘယ်လင်နဲ့ပေါင်းရပါ့....."
"၅မိနစ် ရသေးတယ်။မြန်မြန်နှုတ်ခမ်းသတ်တော့"
သည်လိုနဲ့ တစ်နာရီပြည့်တော့ သူကြီးကတော်က နတ်ကတော်ကို ခါးတို့တယ်။နတ်ကတော်ကလည်း ၂မိနစ်လောက် အဆစ်တောင်းပြီးငိုသေးတာပါ။ပြီးမှသူကြီးကတော်နဲ့ ပြန်လိုက်လာပြီး စောင့်နေတဲ့လှည်းနဲ့ပြန်ရော။ဟန်ကျချက်တော့။သူကြီးကတော် အစိတ် မတောပု အစိတ်။မကြာပါဘူး သူကြီးအိမ်ဝလှည်းတစ်စီးဆိုက်ပြန်တယ်။လှည်းပေါ်မှာ မိန်းမတစ်ယောက်။
📖📖📖📖📖
၎။
တိုတိုပြောကြပါစို့၊ဒီတစ်ခါရောက်လာတဲ့ မိန်းမက တော်တော်လှမ်းတဲ့ တောင်ဖျားရွာက မင်းသမီးဟောင်းတဲ့။ဘာကိစ္စဆိုတော့ သည်ရွာမှာသူ့လင် သေတယ်ကြားလို့တဲ့။နာမည်က ဘယ်သူတုန်းဆိုတော့ ကိုစီဖောင်းပါတဲ့။ဒါပါပဲ။သူကြီးကတော်က စောစောက နတ်ကတော် ပေးသွားတဲ့ ငွေစက္ကူ တွေသေတ္တာထဲထည့်ရင်း မင်းသမီးဟောင်းကို အကဲခတ်တယ်။သည်မိန်းမတော့ ငွေငါးဆယ် ပါလောက်မယ့်ပုံမပေါ်ဘူးဆိုတာသိတယ်။အတွေ့အကြုံများပြီကိုး။ထားပါတော့ မင်းသမီးကို မေးစရာမေး မြန်းစရာရှိတာမြန်းပြီး ဈေးညှိကြတော့ ငွေသုံးဆယ်နဲ့ ဈေးတည့်တယ်။သူကြီးကတော်က ဆယ့်ငါးကျပ် မသာရှင်က ဆယ့်ငါးကျပ်။နတ်ကတော်တုန်းကလိုပါပဲ။တစ်နာရီငိုခွင့်ရရုံပါ။အသုဘအိမမ်ရောက်တော့ မတောပုက သူကြီးကတော်နဲ့ ပါလာတဲ့မန်းမ လွတ်လွတ်လပ်လပ် ငိုပါစေတော့ရယ်လို့ ရှောင်ပေးတယ်။သူကြီးကတော်ကလည်း နာရီနဲ့။
"ကိုင်း .....ငိုတော့"
"အိုး .....ကိုသုမနရဲ့ ....အဲလေ ....ကိုစီဖောင်းရဲ့။ဖြစ်ရလေခြင်းနော်။အိုခြင်း နာခြင်း သေခြင်း တဲ့၊ကုန်ခမ်းခြင်း ပျက်စီးခြင်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သရွေ့ မလွတ်နိုင်တဲ့ တရားမှန်းလည်းသိပါရဲ့။တရားတော်မှာလာသားပဲလေ။ဘာတဲ့....မရဏသတိ သေခြင်းတရားကိုအောက်မေ့ခြင်း သတိသာလျင် မဟပ္ဖ ကြီးသောအကျိုး မဟာနိသံသာ ကြီးသောအာနိသင် ရှိသတဲ့။ကျုပ်မသိပဲလား သိပေသော်လည်း တော်ဖူးတဲ့လင်ဆိုတော့ တရားမရနိုင်ဘူးနော်။
"အဝိဇ္ဇာနဲ့ တဏှာဆိုတဲ့ အရင်းမူလနှစ်ပါး အရဟတ္တမဂ်ဉာဏ်နဲ့ အကြွင်းမဲ့ မဖြတ်ရသေးသမျှတော့ ဥပ္ပာဒေါဒုက္ခံ အနုပ္ပာဒေါသုခံ တဲ့။ခန္ဓာအသစ်ဖြစ်ရခြင်းသည် ဒုက္ခ ခန္ဓာအသစ်မဖြစ်ရခြင်းသည် သုခ ဆိုတဲ့အတိုင်း ....."
သူကြီးကတော်က မင်းသမီးကို ခါးတို့တယ်။မင်းသမီးက မျက်ရည်တွေနဲ့ လှည့်ကြည့်တော့ ညည်းဟာပ ဧယင်ကျူးတာလား လင်သေလို့ ငိုမှာလားတဲ့။တရားသဘောလျော့ လိုရင်းကို ပြောငို ဆိုငိုလေလို့ သတိပေးတယ်။
"သြော် .....နှမထိပ်ပန် မျက်မှန်လို့ ရှူပါတဲ့ ကမ္ဗုစံငယ်.....လျင်မြန်အသော့ မင်ပိတုန်းရောင် ဆင်ထုံးနှောင်တဲ့ သျှောင်ကေကျော့နဲ့ တစ်ရွာတစ်ပါးချီတော့မတဲ့လား .....အမယ်မင်း ....သွားတော့မယ်တဲ့ ......မောင်ပြင်ဆင် .....ရွှေကတောင်ဆင်တဲ့ မြင်းတွေနဲ့ လွမ်းဖွဲ့ဆင် .....ကျွန်မတို့ ဇာတ်သဘင်မှာတော့ ဒီနေရာက ဗုံထောက်သံလေးကိုး .....ကိုစီဖောင်းရဲ့ "
"အိုအေ....အရေးထဲ ဇာတ်ထွက်နေသေး မြန်မြန်လုပ်အေ နာရီတစ်မတ် ကျန်တော့တယ်"
"ငိုချင်းလေးတော့ ချပါရစေဦး သူကြီးကတော်ရဲ့။တစ်အောင့်ပါတော် သည်းခံပါ။ဖေ ဆုံးတယ် ငွေသုံးဆယ် အရင်ကုန်ရတာကြောင့် ဘဝင်တုန်ညောင်း တစ်နည်းသော် သူကြီးကတော် မဟန်လှတာကြောင့် မေကညာပါ သေရွာပြောင်းချင်ပေါ့....ကိုရာဇာရေ ....အဲလေ ကိုစီဖောင်းရေ ...အဲ....ဟဲ....ဗြုတ်စဗျင်းတောင်း ....."
ထားတော့။အဲသည်နေ့က နေမကုန်ခင် နတ်ကတော်က အစိတ် ဇာတ်မင်းသမီးက ဆယ့်ငါးကျပ်ဆိုတော့ ငွေလေးဆယ်ရပြီ။သူကြီးကတော် ငွေလေးဆယ်ရသလို မတောပုလည်း ငွေလေးဆယ် ပက်ကနဲရလိုက်တာပါပဲ။သူကြီး ကိုဂျာရစ်လည်း သဘောကျတယ်။မယားသူကြီးကတော်က စီဖောင်းအသုဘရင်းပြီး ငွေဝင်နေတာတွေ့တော့ မကောက်ကျစ် လုပ်ရည် ကိုင်ရည်ကို သဘောကျတာပါ။ရွာမှာ ဟိုတုန်းကလို ထစ်ကနဲရှိ သူကြီးလာတိုင်တာတွေနည်းသွားတော့ ပိုက်ဆံ သိပ်မရဘူးကိုး။မယားတောင်ပြောနေသေးတာပါ။ကောက်ကျစ်ရေ....အသုဘ သုံးရက်မလည်ခင် နောက်ထပ်မိန်းမတွေလာနိုင်သေးသတဲ့။စီဖောင်းက ဒီလောက်နဲ့ မပြီးလောက်ဘူးတဲ့။သူကြီးပြောလည်းပြောစရာ စကားတောင်မဆုံးသေးဘူး လှည်းတစ်စီးရောက်လာပြန်တယ်။အကျိုးအကြောင်းမေးကြည့်တော့ ခပ်ဝေးဝေးမြောက်ရွာဘက်က ရွာအထိုင် ပဲဒိုင်လုပ်တဲ့ မဝက်မတဲ့။ကိုစီဖောင်း နဲ့ မြို့ပွဲရုံအဆက် အသွယ်လုပ်ပေးရာက အနေနီးခဲ့ကြသတဲ့။မဝက်မက လက်ကောက်တစ်ရန်နဲ့ ဆွဲကြိုးတစ်ကုံး တင်းတင်းကြီးဆွဲထားတော့ သူကြီးကတော်က ငိုကြေးတွက်နေပြီ။မဝက်မလည်း ငိုချင်လို့ လိုက်လာတယ်ဆိုသကိုးး။မကောက်ကျစ်က ဂရုဏာသက်တဲ့ပုံစံနဲ့ဝင်တယ်။
"တစ်ခုတော့ ရှိတာပေါ့အေ သူ့မယားခမျာ ပူဆွေးနေတဲ့အခိုက် ညည်းတို့ချင်း ဘာဖြစ်ခဲ့ ဖြစ်ခဲ့ လောပလူ့ထုံးစံက ရှိသေးတာကိုးအေ့။သို့ပေသော်လည်း ...."
သည်လိုနဲ့ တစ်နာရီစာ ငိုခွင့် ရှစ်ဆယ်နဲ့ ဈေးတည့်တယ်။သေချာပြီလေ။သူကြီးကတော်က လေးဆယ်။မတောပုက လေးဆယ်။
📖📖📖📖📖
၅။
ညကြီးမိုးချုပ်တော့မှ သူကြီးကတော်က မတောပုကို လူလွှတ်ပြီး အခေါ်ခိုင်းလိုက်တယ်။မတောပုရောက်လာတော့ ညည်းလင် အသုဘ ဘယ်နေ့ချမှာတုံးလို့မေးတယ်။မတောပုက ရောက်လာတဲ့နေ့က ညဆယ်နာရီမကျော်လို့ တစ်ရက်ယူကြောင်း သည်ကနေ့ တစ်ရက်ဆိုတော့ နှစ်ရက် မနက်ဖြန် သုံးရက်လည်မှာ အသုဘ ချမလားလို့တဲ့။
"ညည်းနှယ်အေ....ငွေဝင်နေတဲ့လင်များ ကသုတ်ကရက် အသုဘချရမယ်လို့ ထားရောပေါ့ ငါးရက် ....ခုနှစ်ရက်။ဒါတော့ ညည်းက ကာယကံရှင်ဆိုတော့ ညည်းသဘောပါ"
"သူကြီးကတော် ပြောတာဟုတ်ပါရဲ့။သမီးတွေက အဖေတစ်ရွာမှာ မယားများတာ ဖော်သလိုဖြစ်နေတော့ ရှက်ကြသတဲ့ မနက်ဖြန်တော့ ချမှဖြစ်မှာပါ သူကြီးကတော်က ဘာလုပ်ချင်လို့တုံး "
သူကြီးကတော်က ပြောသင့်မပြောသင့်ခဏတွေးတယ်။သူကြီးပြောသလို ကိုစီဖောင်းနဲ့ ပက်သက်လို့ သည်ကနေ့လာကြတဲ့ မိန်းမသုံးယောက်နဲ့ မပြီးလောက်သေးဘူးလို့တွက်တယ်။အမောက်ကြီး ထော်ထော် ဆိုင်ကယ် တထုန်းထုန်းနဲ့ရွာစဉ်ရောက်နေတဲ့ ကိုစီဖောင်း ရှိမယ်ဆို မယားတွေရှိနိုင်သေးတယ်လို့ စဉ်းစားတယ်။
"သည်လိုအေ ညည်းနဲ့ငါ ကံတိုက်ပေါ့အေ။မနက်ဖြန်ညနေ ညည်းလင် အသုဘချမှာဆိုတော့ မနက်ဖြန်တစ်နေ့လည်စာ မသာပုတ်ပြတ်လေလံ ငါ ဆွဲမယ်။ညည်းက အဲဒီအတွက် သုံးဆယ်ယူ ကျန်တာ လာငိုသူရှိတော့ ငါ့ကံ မရှိတော့လည်း ငါ့ကံ ဘယ့်နှယ်တုံး "
မတောပုက စဉ်းစားတယ်။တစ်ရက်နဲ့တော့ မထူးတော့ပါဘူးပေါ့လေ။ဒါပေမယ့် ပိုက်ဆံမယူဖြစ်ခဲ့ပါဘူး။ရွာကြားလို့လည်း မကောင်းတဲ့အပြင် သမီးတွေကလည်း ပြောကြဆိုကြဦးမှာကိုး။
"တော်ပါပြီတော် ကျုပ်လင်နဲ့ကျုပ် နက်ဖြန်တစ်ရက်တော့ အတူနေဦးမှပါ။ရှင်တုန်းကမှ ရှာမကျွေးတဲ့လင် သေမှတော့ ပိုက်ဆံမရရင်လည်းရှိပါစေတော့ "
ဒါတောင် သူကြီးကတော်မကောက်ကျစ်က မလျော့သေးဘူး။ညည်းလင်မြေကြီးထဲရောက်မှ မြေပုံနားသွားငိုချင်ပါတယ်ဆိုတဲ့မိန်းမပေါ်လာရင် ညည်းနဲ့ မဆိုင်တော့ဘူးနော်တဲ့။ရွာကတော့ သူကြီးလင်မယားကို တော်တော်ကြောက်သွားကြတယ်။ဘယ်ကမှ ငွေဝင်စရာမရှိရင် ရွာဖဲ့ရောင်းတော့မှာမဟုတ်လား။ကြောက်ချင်ကြောက် မကြောက်ချင်နေလေ သူကြီး ကိုဂျာရစ်နဲ့ သူကြီးကတော် မကောက်ကျစ်တို့ကတော့ မနက်တိုင်း စားပွဲကို ပုတ်ကြတုန်း။
"ညောင်ပုဆစ်မှာ အမှုအခင်း နည်းလွန်းလို့ များများကြီး ပေါ်ပေါက်အောင် မွှေတော်မူပါ။အမှုကြီးကြီး ဒီးတိုက်အောင် ခလောက်ဆန်တော်မူပါ ပြသနာကြီးကြီး ဗျဉ်းစဉ်ခတ်အောင် ဖွတော်မူပါ............"
နေဝင်းမြင့်
ရွှေအမြူတေ ရုပ်စုံမဂ္ဂဇင်း
နိုဝင်ဘာ ၂၀၁၅