Friday, February 28, 2014

ရခိုင်မတိုင်မီ MSF ၏ လုပ်ငန်းများ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း ရပ်ဆိုင်းခံခဲ့ရ




HIV ကူးစက်နိုင်သည့်အတွက် သွေးရည်ကြည်မှ ထုတ်သည့် ဘီပိုး ကာကွယ်ဆေးကို ပိတ်ပင်သင့်ဟုဆို

လူ့သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးများမှ တစ်ဆင့် အခြားရောဂါများအပြင် HIV ရောဂါများ ကူးစက်နိုင်သည့် အတွက် အဆိုပါဆေး ထုတ်လုပ်မှုကို ပိတ်ပင် ရပ်နားသင့်သည်ဟု ကုလသမဂ္ဂ အသိအမှတ်ပြု အတိုင်ပင်ခံ သမားတော်ကြီး ပါမောက္ခ ခင်မောင်ဝင်း(အသည်း) က ပြောကြားသည်။

ဖေဖော်ဝါရီလ နောက်ဆုံး ပတ်အတွင်းက UMFCCI ၌ ပြု လုပ်ခဲ့သည့် အသည်းရောင်အသား ၀ါရောဂါအကြောင်း သိကောင်းစရာ ဟောပြောပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုလိုက် ခြင်းဖြစ်သည်။ ဘီပိုး ကာကွယ်ဆေးကို ရောဂါရှိသူ၏ သွေးရည်ကြည်ဖြင့် ထုတ်လုပ်မိပါက အသည်းရောင် အသားဝါ ကာကွယ်ဆေးထိုးသူ များအားလုံး သွေးမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများ ကူးစက် နိုင်သည့်အတွက် ရပ်ဆိုင်းသင့် ခြင်းဖြစ်ကြောင်းကိုလည်း အဆိုပါ ပညာရှင်က ဆိုသည်။

၎င်းကိုယ်တိုင် အဆိုပါဆေး ကို ထုတ်လုပ်ခဲ့ဖူးကြောင်း၊ ထုတ်လုပ်ရန်အတွက် ကုလသမဂ်္ဂရန်ပုံ ငွေမှ ဒေါ်လာ တစ်သန်းဖြင့် ထုတ်လုပ်ခဲ့ကြောင်း၊ ရရှိလာသည့်သွေးများကို အမေရိကန်သို့ စစ်ဆေးရန် တင်ပို့ခဲ့ကြောင်း၊ စစ်ဆေးခ အဖြစ် ဒေါ်လာ ၂ သိန်း ကုန်ကျကြောင်း၊ ကုန်ကျစရိတ် ကြီးမြင့်သည့်အတွက် မစစ်ဆေးနိုင်ပါက ထိုဆေးကို မထုတ်လုပ်သင့်တော့ကြောင်း ၄င်းက ဆက်ပြောသည်။

“ဘီပိုး ကူးမှာစိုးလို့ ကြိုတင် ကာကွယ်ဆေးထိုးထားတယ်။ ထိုးသာထိုးရတယ် ဘယ်ကထုတ် လုပ်မှန်းမသိဘူး။ နောက်တော့ ဆရာကြီးကို မေးလိုက်တော့မှ လူ့သွေးရည်ကြည်က ထုတ်တဲ့ ဆေးဖြစ်နေမှန်း သိရတယ်” ဟု ဘီပိုး ကာကွယ်ဆေး ထိုးခဲ့သူတစ်ဦးက ပြောသည်။

ကာကွယ်ဆေးမှ ရောဂါပြန် လည်ကူးစက်တတ်သည်ကို ၄င်း အနေဖြင့် ယခင်က မသိရှိကြောင်း၊ ထိုသို့ ကာကွယ်ဆေးမှ အခြား ရောဂါများ ပြန်လည် ကူးစက်နိုင် သည်ဆိုပါက ဆေးအသုံးပြုသည့် ပြည်သူများကို သေချာနား လည်စေရန် အသိပညာပေး ဟောပြောမှုများ ပိုမိုလုပ်သင့်ကြောင်း ၄င်းကဆိုသည်။

“အုပ်ချုပ်သူတွေကတော့ ဘယ်သိမလဲ။ ပညာရှင်တွေက ပြောရမှာ။ သွေးရည်က ထုတ်တဲ့ဆေးက ဘယ်လိုမှ မထုတ်သင့်ဘူး၊ ပညာရှင်တွေက အုပ်ချုပ်သူ တွေကို ရဲရဲဝံ့ဝံ့ ပြောသင့်ပါတယ်” ဟု ပါမောက်္ခ ခင်မောင်ဝင်း (အသည်း) က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင် အသားဝါကာကွယ် ဆေးနှင့် တဆေးမှတစ်ဆင့် မျိုးရိုး ဗီဇနည်းပညာသုံး၍ ထုတ်လုပ် ထားသည့် အသည်းရောင် အသားဝါ ဘီကာကွယ်ဆေး နှစ်မျိုး ရှိပြီး သွေးရည်ကြည်မှ ထုတ်လုပ်သည့် ကာကွယ်ဆေးကို ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က ထုတ်လုပ်လျက်ရှိပြီး တဆေးမှ ထုတ်လုပ်သည့် ကာကွယ်ဆေးကို စက်မှု (၁) ၀န်ကြီးဌာနက ထုတ်လုပ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးကို ၁၉၉၂ ခုနှစ်မှ စတင်ကာ သုံးစွဲခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။ သွေးရည်ကြည်မှ ထုတ်လုပ်သည့် ကာကွယ်ဆေးနှင့် စပ်လျဉ်း၍ ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) ကို ဆက်သွယ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်းတော့ မရှိ သေးပေ။

ချမ်းငြိမ်း(မြစ်မခ)
Myanmar Online News - HIV ကူးစက်နိုင်သည့်အတွက် သွေးရည်ကြည်မှ ထုတ်သည့် ဘီပိုး ကာကွယ်ဆေးကို ပိတ်ပင်သင့်ဟုဆို 

ကျောက်စိမ်းမဟုတ်သည့် ကျောက်တုံးကြီး နေပြည်တော်သို့ ပို့ရန် စီစဉ်နေ

ဖားကန့်ဒေသတွင် တွေ့ရှိခဲ့သည့် ကျောက်စိမ်းတုံးကြီးမဟုတ်ဘဲ ကျောက်တုံးကြီးအဆင့်သာရှိသည့် ကျောက်တုံးကြီးကို သတ္တုတွင်းဝန်ကြီးဌာန လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာနမှ ခေတ္တထိန်းသိမ်းထားပြီး နေပြည်တော်သို့ ပို့ရန် စီစဉ်နေကြောင်း အထက်ပါဌာနမှ သတင်းရရှိသည်။

‘‘ပြည်နယ်အစိုးရက ဖွဲ့ထားတဲ့ ကျောက်စိမ်းတုံးသယ်ယူပို့ဆောင်ရေးအဖွဲ့ရှေ့မှာ ချိတ်ပိတ်ပြီး ဝေခါကျောက်မှော်ကနေ အခု လုံးခင်းကို ရောက်နေပါပြီ’’ဟု လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ခန့်မှန်းပြောဆိုမှုများအရ အဆိုပါကျောက်တုံးကြီးမှာ ကျောက်စိမ်းအဖြစ်သို့ မပြောင်းလဲမီ မောက်တုံးအဆင့်သာရှိပြီး ခန့်မှန်းတန်ချိန် ၃၀ မှ တန် ၅၀ အထိ ရှိသည်ဟု အမျိုးမျိုး ထင်ကြေးပေး ပြောဆိုကြလျက်ရှိသည်။

အဆိုပါကျောက်တုံးကြီးမှာ သယ်ယူစဉ်ကွဲထွက်သွားသည်မဟုတ်ဘဲ တူးယူနေစဉ် မြေသားများနှင့် တောင်မြေစာများ ပြိုကျခြင်းများကြောင့်သာဖြစ်ပြီး ကျောက်တုံးကြီး၏ အစိတ်အပိုင်းအချို့သာ ကွဲခြင်းတွင် ပါဝင်ကြောင်း လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

၎င်းကျောက်တုံးကြီးအား နေပြည်တော်သို့ ပို့ရမည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးအား 7 Day Daily က မေးမြန်းသော်လည်း တွေ့ဆုံမေးမြန်းခွင့်မရခဲ့ပေ။

သတ္တုတွင်းဝန်ကြီးဌာနမှ ၎င်းတို့ဌာနသို့ တင်ပြလာသည့် အစီရင်ခံစာအရ ယင်းကျောက်တုံးကြီးကို သုံးခြမ်းပုံစံဖြင့် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ကျောက်စိမ်းသက်တမ်းနု ငါးတန်နီးပါး ပါဝင်သည်ကို တွေ့ရှိရပြီး ကျောက်စိမ်းအဆင့်မမီသေးကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း နေပြည်တော်မှ ညွှန်ကြားရေးမှူးကပြောသည်။
အဆိုပါကျောက်စိမ်းအမျိုးအစားမှာ ပလွမ်အမျိုးအစားဖြစ်ပြီး ဈေးကွက်တွင် အရည်အသွေးနိမ့်ကျောက်စိမ်းအမျိုးအစားဖြစ်ကြောင်း ဖားကန့်မှ ကျောက်မျက်ရတနာလုပ်ငန်းရှင် ဦးစိုးနိုင်ကရှင်းပြသည်။

၎င်းကျောက်တုံးကြီးကို ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဝေခါကျောက်မှော်တွင် တစ်နိုင်တစ်ပိုင်ကျောက်စိမ်းတူးဖော်သူများက စတင်တွေ့ရှိခဲ့ပြီး အာဏာပိုင်များက လုံခြုံရေးအပြည့်ဖြင့် ထိန်းသိမ်းထားစဉ် ဖေဖော်ဝါရီ ၂၄ ရက်က သယ်ယူရာ၌ ကျောက်စိမ်းတုံးမဟုတ်ဘဲ မောက်တုံးကျောက်တုံးအဆင့်သာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

Author: အောင်ခိုင် / မိုးညို
7day Daily

ရခိုင်မတိုင်မီ MSF ၏ လုပ်ငန်းများ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း ရပ်ဆိုင်းခံခဲ့ရ

နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF (AZG) ရဲ့ လုပ်ငန်းများ ရခိုင်တွင် ရပ်ဆိုင်း မခံရမှီ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က စပြီး ရပ်ဆိုင်းခံခဲ့ရသည်ဟု ဘင်္ဂလာဒေခ်ျ့ရှိ နိရဉ္စရာ သတင်းထောက်မှ ပြောကြားသည်။

“ MSF ကို တစ်ခြား နိုင်ငံတကာ အန်ဂျီအို (၂) ခု နဲ့ အတူ ၂၀၁၂ ခုနှစ် သြဂတ်စ်လမှ စတင်ပြီး ဘင်္ဂလာဒေခ်ျ့ အစိုးရက ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ အဓိကတော့ မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်အတွင်း လုပ်ငန်းများ ရပ်ဆိုင်းခံခဲ့ရပါတယ်” ဟု သူက ပြောသည်။

MSF နှင့် အတူ ရပ်ဆိုင်းခံခဲ့ရသော အခြား နိုင်ငံတကာ အန်ဂျီအို (၂) ခုမှာ AFC ဟု အတိုကောက်ခေါ်သော Action Against Hunger နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် Muslim Aid တို့ဖြစ်ကြသည်။

ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းမှာ ၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်တွင် ပါရှိသော သဘောတူညီမူများကို ချိုးဖေါက်ကာ လုပ်ပိုင်ခွင့်ကို ကျော်လွန်ကာ လုပ်ကိုင်၍ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက ထုတ်ဖေါ်ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခကြောင့် မြန်မာဘက်မှ ထွက်ပြေးလာသော မွတ်ဆလင် ဘင်္ဂလီများအား လက်ခံခြင်းဖြင့် သူ့နိုင်ငံအတွင်း ထိန်းနိုင်သိမ်းမရ ဖြစ်မည်ကို စိုးရိမ်၍ ထွက်ပြေးလာသူများကို လက်မခံရန်နှင့် အကူအညီများမှ မပေးရန် အမိန့်ထုတ်ပြန်ထားခဲ့သည်။

၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရမှ  တားမြစ်ထားချက်ကို လိုက်နာခြင်းမရှိဘဲ  ချိုးဖေါက်ကာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ မွတ်ဆလင်များကို အကူအညီနှင့် ဆေးဝါးများကုသပေးသခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုကာ ချုပ်ဆိုထားသော MoU ကို ဖျက်သိမ်းကာ သူတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်ဟု သိရသည်။

အလားတူ MSF အား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က သူတို့နှင့် ချုပ်ဆိုထားသော MoU ကို ပြည်ထောင်စု အစိုးရမှ ဖျက်သိမ်းပြီး လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်။

ရပ်ဆိုင်းရသည့် အကြောင်း အရင်းမှာ ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍  MSF Holland ( MEDECINA SANS FRONTIERS- HOLLAND) အဖွဲ့သည် ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်း လူံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခ မဖြစ် ဖြစ်အောင် သွေးတိုးစမ်းဖန်တီးမူများ ပြုလုပ်၍ ဖြစ်ကြောင်း သိရသည်။

သို့အတွက် MSF အား INGO အဖြစ် မှတ်ပုံတင် ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MoU သက်တမ်း ထပ်မံတိုးမြင့်ခြင်းအား ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ် အတွင်း ၀င်ရောက် လူပ်ရှားမူများအား ပြည်နယ် အစိုးရမှ လက်ခံခြင်း မပြုလုပ်ရန် အစိုးရ၏ ညွှန်ကြားချက်တွင် ပါရှိသည်ဟု သိရသည်။

(နိရဉ္စရာ- ၂၈ ဖေဖေါ်ဝါရီလ ၂၀၁၄)

No comments: