Wednesday, February 26, 2014

AIDS နှင့် မြန်မာ (၁)




AIDS ကို မြန်မာ စသိရပုံကတော့ အခြားခြားသော အာရှနိုင်ငံပုံစံနဲ့ အလားတူပါပဲ။ သတင်းစာတွေထဲမှာ ရောဂါဆန်း ရောဂါထူး အနောက်နိုင်ငံမှာ ပေါ်လာပြီဆိုတာ အချို့သော သတင်းစာဖတ်သူ လူတန်းစားတွေ စသိကြတယ်။ “ဂေး” ဆိုတဲ့ Homo sexual တွေမှာဖြစ်တဲ့ ရောဂါတဲ့၊ ပြီးတော့ ရော့(က)ဟပ်(ဒ)ဆင် လို ထင်ပေါ်ကျော်ကြားတဲ့ ရုပ်ရှင်မင်းသား ဒီရောဂါနဲ့ သေတယ်ဆိုတော့ စိတ်ဝင်စားမှု ပိုကြရပြန်တယ်။ ဒါပေမယ့် အဝေးကရောဂါပဲ၊ တို့နဲ့ မဆိုင်ပါဘူး၊ တို့ဆီ ရောက်မလာနိုင်ပါဘူး။ သူတို့ယဉ်ကျေးမှုမှာသာ ဖြစ်တဲ့ ရောဂါလို့ပဲ သာမန်ထင်ခံကြတယ်။
 
အခြား အာရှတိုင်းပြည်တွေလည်း ဒီလိုနှင်နှင်ပါပဲ။ ဒါပေမယ့် မကြာခင် အာရှကို AIDS ရောက်လာတော့တာပဲ။ ၁၉၈၄ ခုနှစ်မှာ ထိုင်းမှာ ပထမဆုံး AIDS ရောဂါရှင်ကို တွေ့တယ်။ ၁၉၈၅ မှာ ဂျပန်၊ တရုတ်ပြည် ဟောင်ကောင်နဲ့ ဖိလစ်ပိုင်မှာ AIDS ရှိနေပြီ၊ ၁၉၈၆ မှာ အိန္ဒိယ၊ စင်္ကာပူ၊ သီရိလင်္ကာ။ ၁၉၈၇ မှာ အင်ဒိုနီးရှား၊ တောင်ကိုးရီးယား၊ ပါကစ္စတန်မှာ ရှိပြီလို့ မှတ်တမ်းရှိတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြေညာတဲ့ မှတ်တမ်းမှာ ၁၉၈၆ ခုနှစ် AIDS ရှိတဲ့ တိုင်းပြည်စာရင်းမှာ မြန်မာ မပါခဲ့ဘူး။ ၁၉၈၈ ခုနှစ်မှာတော့ တစ်ယောက်၊ နှစ်ယောက်လောက်မှာ AIDS ပိုး ရှိနေပြီလို့ ပြောသံ ကြားရတယ်။

၁၉၉၀ ခုနှစ်လောက်မှာ ၃၅၆ ယောက် ရရှိပြီလို့ ဆိုတယ်။ ၁၉၈၅ ခုကနေ ၁၉၈၉ ခု၊ ဒီဇင်ဘာလ အတွင်း လူပေါင်း ၂၅၇၀၁ (ယောက်ျား ၂၀၅၅၃ နဲ့ မိန်းမ ၅၁၅၆) ကို သွေးစစ်ကြည့်တာ ယောက်ျား ၃၁၉ ယောက်နဲ့ မိန်းမ ၅ ယောက်မှာ ရောဂါပိုး တွေ့ခဲ့တယ်။ ၁၉၉၀ မှာ ကော့သောင်းမှာ စစ်တော့ ၂၃ ယောက်မှာ ပိုးတွေ့ပြီး မြိတ်အကျဉ်းထောင်ထဲမှာ အမျိုးသမီး ၁၁ ယောက် စစ်ကြည့်တာ ၉ ယောက်မှာ တွေ့နေပြီ။ ကော့သောင်းမှာဆိုရင် မူးယစ်ဆေး ထိုးသူ (အကြောထဲသွင်းသူ) ၃၆ ယောက် စစ်ကြည့်တော့ ၁၃ ယောက်မှာ တွေ့တယ်။ ၃၆ % ကျော်ကျော်မှာ တွေ့တယ်လို့ ဆိုရမယ်။

၁၉၈၅ ကနေ့ ၁၉၈၉ အထိ သွေးလှူရှင်တွေ စစ်ကြည့်တော့ (၇၀) မှာ တွေ့နေတယ်။ ဒီတော့ AIDS ပွားဖို့ရာ အလားအလာ သိပ်ပေးတဲ့ အုပ်စု သုံးစု (မူးယစ်ဆေး ထိုးသူ၊ ပြည့်တန်ဆာနဲ့ သွေးလှူရှင်) တွေမှာ AIDS ရောဂါပိုးဟာ တွယ်ကပ်ပြီး ဖြစ်နေပြီ။ ပွားရေးအတွက် အန္တရာယ် အရှိဆုံးလို့ ခေါ်ရမယ့် အုပ်စုဖြစ်တဲ့ မူးယစ်ဆေး ထိုးသူဟာ ၁၉၈၅-၈၉ အထိ စမ်းပြီးသား ပိုးတွေ့သူအားလုံးရဲ့ ၆၄.၅% ရှိတယ်။ ဒီသူတွေထဲမှာ ၉၀% ဟာ အိမ်ထောင်ရှိကြသူတွေ ဖြစ်တယ်။ ရောဂါ ပွားချင်စရာ ဘယ်လောက် ကောင်းနေသလဲ။

မူးယစ်ဆေး စွဲသူ အုပ်စုတစ်စုကို ပိုးစစ်ကြည့်တော့ ၇၀% ဟာ ပိုးရှိပြီး ဖြစ်တယ်။ ကျန်တဲ့လူ ၃၀% ထဲမှာလည်း ဆစ်ဖလစ်၊ ဂနိုရီးယား စတဲ့ လိင်စပ်ယှက်မှုမှ ဖြစ်တဲ့ ရောဂါတွေ တွေ့နေရပြန်တယ်။ ဒီ လိင်စပ်ယှက်ရောဂါရှိတဲ့ လူတွေဟာလည်း AIDS ရောဂါရဖို့ သိပ်များတော့ ဒီ မူးယစ်ဆေးထိုးသမားတွေမှာ AIDS အန္တရာယ် ဘယ်လောက်များလိုက်မလဲ။ ကြောက်စရာ အခြေအနေမှာ ရှိနေပါတယ်။ ဒီတော့ ၁၉၈၅ နောက်မှာ မြန်မာဟာ AIDS အခြေစိုက်ပြီး ဖြစ်နေပြီလို့ အတိအကျ ပြောလို့ရပါပြီ။ အခြေစိုက်ရုံတွင် မကသေးဘူး။ ပိုးတွေ ပွားနှုန်းအဟုန်ကလည်း အခြားအာရှ နိုင်ငံတွေနဲ့စာရင် မြန်နေတယ်။

ဥပမာ - ဂျပန်၊ စင်္ကပူ၊ မလေးရှား စသည့်တို့ထက် ပွားနှုန်းမြန်တယ်။ အရှေ့တောင် အာရှဒေသ ၁၁ နိုင်ငံထဲမှာ ထိုင်းနဲ့ အိန္ဒိယအပြီး တတိယနေရာမှာ မြန်မာလိုက်နေတယ်။ ပြင်ပက တစ်ဆင့် သယ်လာတဲ့ ရောဂါ မဟုတ်တော့ဘူး၊ “ပြည်တွင်းဖြစ် ရောဂါ” အဆင့် ရောက်နေပါပြီ။ ပြည်တွင်းရှိ မူးယစ်ဆေးထိုးသူ၊ ပြည့်တန်ဆာနဲ့ သွေးလှူရှင်တွေကနေ ပွားပေးနေပါပြီ။ ဒါက ဘာကို ညွှန်ပြနေသလဲ ဆိုတာတော့ နောက်နှစ် အနည်းငယ် အတွင်းမှာ (Heterosexual transmission) လိင်မတူ ဆက်ဆံမှုကြောင့် ပွားခြင်း (ဒါကတော့ သမရိုးကျ အိမ်ထောင်ရှင်များ ဆက်ဆံမှုမျိုး အပါအဝင်) မျိုး ဖြစ်လာမယ်။

သွေးလှူရှင်တွေ အုပ်စုကို ကြည့်ရင်လည်း အခု (၁၉၈၉ အထိ) မှာ ၀.၄၅% မှာပဲ AIDS ပိုး ရှိတယ်။ ဒါဟာ တကယ်ရှိတာထက် နည်းဖို့ရာ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ထားတဲ့ အုပ်စုရဲ့ အရေအတွက်ဟာ သိပ်မများဘူး။ ဒါထက် များများစစ်ကြည့်ရင် ပိုးတွေ့ဖို့ရာ ရှိတယ်။ သွေးလှူရှင်နဲ့ AIDS ပွားဖို့ ကိစ္စကတော့ အခြားကူးပုံနဲ့ စာရင် တားဆီးဖို့ သိပ်မခက်ဘူး၊ သွေးလှူရှင် အားလုံးကို AIDS ပိုး စစ်ကြည့်ပြီး တွေ့ရင် တားဆီးဖို့ သိပ်မခက်ဘူး။ သွေးလှူရှင်အားလုံးကို AIDS ပိုး စစ်ကြည့်ပြီး တွေ့ရင် ပယ်ရုံပဲပေါ့။ အခု အချိန်အထိတော့ ဒီလို စစ်ဖို့ရာဟာ ရန်ကုန်မြို့မှာပဲ လုပ်နိုင်သေးတယ်။ အခြား မြို့တွေမှာ မလုပ်နိုင်သေးဘူး။

မြန်မာ ပြည့်တန်ဆာတွေထဲမှာ AIDS ဘယ်လောက်ရှိနေပြီ ဆိုတာကိုတော့ ပြောဖို့ရာ မလွယ်ပါဘူး။ မြန်မာပြည်မှာ ပြည့်တန်ဆာဟာ တရားမဝင်ဆိုတော့ ပြည့်တန်ဆာလို့ ဘယ်သူကမှ ဖော်ထုတ်ပြောမှာ မဟုတ်ဘူး။ ဒီလို ဝန်ခံလိုက်ရင်လည်း ချက်ချင်း အပြစ်ပေးခံရမှာကိုး။ (မြန်မာလိုပဲ ပြည့်တန်ဆာ အလုပ်ဟာ တရားစွဲလို့ရတဲ့ တရားမဝင် အလုပ်လို့ ပညတ်ထားတဲ့ တိုင်းပြည်တွေ ရှိပါတယ်။) ဒီတော့ ရောဂါဖြစ်နှုန်း ရှာဖွေစုဆောင်းဖို့ အတွက် ကွင်းဆင်းလေ့လာရာမှာ အခက်ကြုံနေတယ်။ ဒီလို အုပ်စုကို ဘယ်လိုချဉ်းကပ်ပြီး စစ်ဆေးမှု လုပ်ရပါ့မလဲ။

ဒီကိစ္စဟာ အင်မတန် သိမ်မွေ့စွာ ကိုင်တွယ်ရမယ့် ကိစ္စဖြစ်နေတယ်။ ထင်ထင်ပေါ်ပေါ် လုပ်လို့ မရလို့ တိတ်တခိုးပဲ လုပ်ရမလို ဖြစ်နေတယ်။ တတ်တခိုး ဆိုတော့လည်း မှန်ကန်တဲ့ ကိန်ဂဏန်းရဖို့ရာ သိပ်မသေချာဘူး။ တကယ်ဆိုရင်တော့ ဒီလိုနေရာမှ မှတ်ကန်တဲ့ အခြေကို တစ်နည်းနည်းနဲ့ သိအောင် လုပ်ဖို့ လိုပါတယ်။ ဒီမှာ ပြတ်ပြတ်သားသား မလုပ်ရင် AIDS ရောဂါ တိုက်ဖျက်ရေးမှာ ထိရောက်တဲ့ တိုးတက်မှုရဖို့ မလွယ်တော့ဘူး။ နောက်ပွားနိုင်တဲ့ အကြောင်းတစ်ခုကတော့ သွေးသွင်းခြင်း၊ ဆေးထိုးအပ်နဲ့ အခြားခွဲစိတ်ပစ္စည်း ကိရိယာတွေဟာ လုံလောက်စွာ မရှိကြဘူး။ ဒီတော့ သုံးပြီး အပ်နဲ့ ကိရိယာတွေကို ပြန်ပြီး သုံးနေရတဲ့ အခြေအနေမှာ ရှိတယ်။ ဒီ အပ်/ကိရိယာတွေကိုလည်း သိပ္ပံနည်း ကျကျ ပိုးစင်တဲ့ အထိ ပြန်ပြီး မလုပ်ကြဘူး။

အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျများလို့ ဆေးခန်း ဆေးရုံတွေမှာရော၊ ပြင်ပမှာရော အလုပ်ကြဘူး။ ဒီကြားထဲမှာ မြန်မာပြည်သူ ပြည်သားတွေကလည်း လူတန်းစားမရွေး သိပ်ပြီးဆေးထိုး ချင်ကြတယ်။ မြန်မာပြည်က ဆရာဝန်တွေကလည်း ဆေးထိုးပေးဖို့ကို သိပ်ကြိုက်တယ်၊ အားပေးတယ်။ အခုအချိန်လို AIDS ရောဂါ ပိုးရှိနေသူတွေ တစ်နေ့တခြား များလာပြီဆိုတော့ ဒီလိုအပြုအမှု အလေ့အကျင့်တွေ ရှိနေရင် AIDS မပြန့်ပွားဘဲ နေရော့မလားလို့သာ ဆိုဖို့ကောင်းနေပါပြီ။

အလေးပေးပြီး စဉ်းစားစရာ တစ်ခုကတော့ လူတွေဟာ တစ်နေရာကနေ တစ်နေရာ ကူးလူးဆက်ဆံမှုများပြီး မြန်ဆန်လာတဲ့ အချက်ပဲ။ တစ်ကမ္ဘာလုံးမှာ ဒီလို ကူးလူးဆက်ဆံမှုဟာ အရင်ကနဲ့ စာရင် ပိုလာကြတာ အမှန်ပဲ။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာတဲ့ အခါမှာတော့ ဒီလို ကူးလူးသွားလာမှုဟာ အရင်တုန်းကထက် များလာတာပဲ။ ဒါဟာ ဈေးကွက်စီးပွားရေး စနစ်ကို အပြစ်ဆိုနေတာ မဟုတ်ပါဘူး။ ဘာမဆို အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲလာကြတာဟာ ဓမ္မတာပါ။

ကိုယ်ကနေသာ ဘာတွေမကောင်းဘူးဆိုတာ ကြိုတင်သိထား လေ့လာထားပြီး ဒီမကောင်းတာတွေကို ကာကွယ်ဟန့်တားဖို့ ပြင်ဆင်ထားရမယ်။ အလားတူပဲ အရင်ကကောင်းတယ်လို့ တပ်အပ်သေချာသိထားတဲ့ ဟာတွေကိုလည်း ဆက်လက်ထိန်းသိမ်းထားဖို့ အားပေးရမယ်။ ဒီလို အကူးအသန်းများလို့ AIDS ပြန့်ပွားမှုကို အားပေးတဲ့ ပုံပမာလေး တစ်ခုကို အာဖရိကမှာ ရှိခဲ့တယ်။ နိုင်ရိုဗီမြို့ရှိ ရပ်ကွက် တစ်နေရာမှာ ပြည့်တန်ဆာတွေနေတဲ့ အဆောက်အဦး ၂ ခု ရှိတယ်။ ဒီနေရာ လာကြတဲ့ ဖောက်သည်တွေကတော့ သင်္ဘောဆိပ်မြို့ဖြစ်တဲ့ မွန်ဗာဆာ ကနေ အတွင်းမှာရှိတဲ့  ယူဂန်ဒါ နိုင်ငံကို ခေါက်တုံ့ခေါက်ပြန် သွားနေတဲ့ ထရပ် ကားမောင်းနေတဲ့ ယာဉ်မောင်းတွေ ဖြစ်တယ်။

ဒီအဆောက် အဦးမှာရှိ ပြည့်တန်ဆာတွေကို AIDS ပိုး စစ်ကြည့်တော့ -
၁၉၈၀ မှာ    တစ်ယောက်မှ မတွေ့ဘူး။
၁၉၈၃ မှာ    ၅၃% မှာ တွေ့နေပြီ။
၁၉၈၇ မှာ ၈၀% မှာ တွေ့နေပြီ။


ဒီပွားနှုန်းဟာ ဘယ်လောက်မြန်သလဲ၊ သူတို့က ဆက်ပြီး ဘယ်လောက်မျှသော လူတွေကို ပွားဦးမလဲ၊ ယာဉ်မောင်းသူတွေကလည်း သူတို့ရောက်တဲ့ နေရာတိုင်းမှာ ဒီလိုပွားမှု “ဗဟိုဌာနကြီး” တွေ ဘယ်လောက်ဆက်ပြီး ထူထောင်နေကြမလဲ။ ဒီတော့ အဲဒီအပိုင်းမှာ AIDS ပွားမြန်တာ ဆန်းသလား။ ဒီပုံပြင်ကလေးနဲ့ မြန်မာအခြေနဲ့ ခြားတာကလေး တစ်ခုတော့ ရှိတယ်။ ဒါကတော့ အာဖရိကမှာတော့ ယာဉ်မောင်းတွေကနေ ပြည့်တန်ဆာတွေကို သူတို့ ရှိတဲ့ နေရာကို လာပြီး AIDS ပိုးကို ပေးတာ။

မြန်မာမှာကတော့ တချို့ ပြည့်တန်ဆာမတွေက ပြည်ပထွက်ပြီး AIDS ပိုးတွေကို အမှတ်မထင် ပြန်သယ်လာတာ။ AIDS ဗိုင်းရပ်စ်ကို သွင်းကုန်အဖြစ် လုပ်ကြတာ။ နောက်ဆက်ပြီး ထပ်ဆင့်ပွားတဲ့ ပုံစံကတော့ အတူတူ ဖြစ်မှာ ပါပဲ။ မြန်မာမှာ ပွားမှုကို အားပေးနေတဲ့ အချက်တစ်ခုကတော့ ဒီလူတွေထဲမှာ ကျန်းမာရေး ပညာပေးမှုကို တွင်တွင် ကျယ်ကျယ် မလုပ်နိုင်အောင် ဟန့်တားနေတဲ့ အခြေအနေတွေ ရှိနေခြင်းပဲ။

လူတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်မှ ဆင်းသက်လာတဲ့ လူနေမှု ဓလေ့ထုံးတမ်းတွေက သူတို့ရဲ့ နေ့စဉ်ပြောဆိုနေထိုင်မှု တွေ့ကြုံရတဲ့ ကိစ္စအဝဝပေါ်မှာ မြင်ပုံနဲ့ ခံယူချက်ထားတာတွေ အပေါ်မှာ လွှမ်းမိုးလျက်ရှိတယ်။ ဒါတွေဟာ ဘာသာရေးနဲ့လည်း ဆက်နွယ်နေတယ်။ စာရိတ္တနဲ့ ကိုယ်ကျင့်တရား အမှားအမှန်ကိုလည်း ဒီယဉ်ကျေးမှု အစဉ်အလာတွေကပဲ ပြဌာန်းနေတယ်။ ဒါကတော့ ဒုစရိုက်၊ ဒါကတော့ သုစရိုက်၊ ဒါတွေကတော့ လုပ်သင့်လုပ်ထိုက်တာတွေမို့ လူမှုပတ်ဝန်းကျင်က လက်ခံနိုင်တယ်။ ဒါတွေကိုတော့ လက်မခံနိုင်ဘူးလို့ အလိုလို သတ်မှတ်လာကြတယ်။

ပြဌာန်းဥပဒေ မဟုတ်ပေမယ့် မသိမသာ ဒီသတ်မှတ်ချက် ဘောင်အတွင်းမှာပဲ လူတွေကို ဘောင်ခတ်ပြီး ထိန်းချုပ်လျက်ရှိတယ်။ ဒါဟာ ကမ္ဘာရှိ လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်နေလျက် ရှိတာပါ။ ဒီလို ဆင်းသက်လာတဲ့ ဓလေ့စရိုက်တွေ ခံယူချက်တွေကြောင့် မြန်မာအပါအဝင် အာရှနိုင်ငံများနဲ့ အာဖရိက နိုင်ငံမှာ လိင်အကြောင်း ပွင့်လင်းစွာ ပြောလေ့ပြောထ မရှိကြဘူး။ ဒီမှာ ဒီဓလေ့ဟာ ကောင်းတယ် မကောင်းဘူးလို့ ဖြတ်ထုံးပေးနေတာ မဟုတ်ပါဘူး။ ဖြစ်နေတဲ့ ကိစ္စတစ်ခုကို တင်ပြနေတာပါ။ လိင်ကိစ္စဟာ မကြားဝံ့ မနာသာကိစ္စ ဆိုပြီး မပြောကြဘူး၊ မပြောတဲ့ အပြင် ပြောတဲ့လူကိုလည်း အများလက်ခံထားတဲ့ ဓလေ့ကို ဆန့်ကျင်တယ်ဆိုပြီး အပြစ်မြင်ကြတယ်။

စာအုပ်စာတမ်းတွေထဲ ရေးရင်တော့ လူတစ်ဦးစီ၊ တစ်ဦးစီကိုပဲ တင်ပြနေတာမို့ တော်သေးရဲ့၊ (ဒါတောင် ပွင့်လင်းလွန်းရင် လက်ခံမှာ မဟုတ်ဘူး) လူအများကို တစ်ပြိုင်နက်ထဲ တင်ပြရတဲ့ Electronic media လို့ ခေါ်တဲ့ ရုပ်မြင်သကြား၊ ရုပ်ရှင်၊ ဗွီဒီယိုတို့မှာ ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ AIDS ရောဂါကို တိုက်ဖျက်ရာမှာ အခုအချိန်မှာ ဆိုရင်တော့ ပညာပေးမှုသာလျှင် အစွမ်းထက်ဆုံးသော လက်နက်ဖြစ်တယ်။ ခက်တာက AIDS ဟာ လိင်နဲ့ ပတ်သက်ပြီးဖြစ်တဲ့ ရောဂါဆိုတော့ ပညာပေးရာမှာ လိင်ကိစ္စကို ခပ်ရှင်းရှင်း ပြောပြစရာလိုတဲ့ အခါတွေ ရှိတယ်။

နောက် ဒီပညာပေးမှုကို လူအများစုဆီကို အမြန်ဆုံးပေးပို့ဖို့ကလည်း အရေးကြီးပြန်တယ်။ သိကြတဲ့ အတိုင်း ဘာသတင်းမဆို မြန်မြန်နဲ့ ခရီးဝေးအထိ ရောက်နိုင်တာကတော့ ဒီရုပ်မြင်သကြား၊ ဗွီဒီယို စသည်တို့ပဲ။ ဒီလို တကယ်အစွမ်းထက်တဲ့ သတင်းဖြန့်လက်နက်တွေကို အထက်ကဆိုခဲ့သလို ယဉ်ကျေးမှုက လက်မခံလို့ မသုံးနိုင်ဖြစ်နေကြတယ်။ ဥပမာ “ကွန်ဒွန်” ကြက်ပေါင်နဲ့ လုပ်ထားတဲ့ ယောက်ျားသုံး ကာကွယ်အစွပ်သုံးခြင်းဟာ AIDS ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်တယ်ဆိုတာ အခုသိထားပြီ ဖြစ်တယ်။ (ရာနှုန်းပြည့်တော့ မကာကွယ်နိုင်ဘူး။)

ဒီတော့ ကမ္ဘာတစ်ဝန်းမှာ “ကွန်ဒွန်” သုံးဖို့ကို  ကျယ်ကျယ်ပြန့်ပြန့်ကြီး တီဗွီ၊ ဗွီဒီယို အပါအဝင်မှာ ပြခွင့်ရတဲ့ တိုင်းပြည်တွေမှာ ပြနေကြတယ်။ မြန်မာ မှာတော့ ဒီလို လုပ်ဖို့ရာ လားလားမှ မသင့်ဘူးလို့ ခံယူကြမှာ အမှန်ပဲ။ ဒါကတော့လည်း မတတ်နိုင်တဲ့ ကိစ္စ ဖြစ်နေတယ်။ လူတွေရဲ့ အတွေးအခေါ် ပြောင်းမှုဆိုတာလည်း ဘယ်တော့မှ မြန်မြန်ဆန်ဆန် ဖြစ်လာတာမျိုး မဟုတ်ဘူး။ စွဲမြဲစွာ ရှိနေပြီးဖြစ်တဲ့ အယူကို ပယ်ဖျောက်ဖို့ လုပ်ရန်ကလည်း အင်မတန်မှ ခက်ခဲတဲ့ ကိစ္စပါ။ ဒါပေမယ့်လည်း အရေးကြုံနေပြီ ဖြစ်တော့လည်း တစ်နည်းနည်းတော့ စဉ်းစားကြံစည်ဖို့ လိုလာပါပြီ။

အဓိကတာဝန်ကတော့ ကျန်းမာရေး ပညာပေးလုပ်သူတွေ အပေါ်မှာ ရှိတယ်။ AIDS ရောဂါအတွက် ပြောရရင်တော့ ကျန်းမာရေး ပညာပေးမှုဟာလည်း တာဝန်သိသူ လူတိုင်းရဲ့ တာဝန်ပါ။ အချို့နေရာ အချိန်ကာလမှာ ဆိုရင် ဆရာဝန် စသည့် ကျန်းမာရေးဝန်ထမ်များ မသုံးပါ။ ရိုးရိုးလူတန်စားထဲက လူတွေကို သုံးတာ ကျန်းမာရေး အသိပေးမှုမှာ ပိုထိရောက်ပါတယ်။ ကာယခံရှင်များဖြစ်တဲ့ AIDS ရောဂါရှိသူ HIV ပိုး ရှိပြီးသူများနဲ့ မူးယစ်ဆေး စွဲသူများကို ချဉ်းကပ်ပြီး အသိပေးရာမှာ ဘဝတူ သာမနလူတို့ရဲ့ တင်ပြချက်များကို ပိုမိုလက်ခံတာကို စိတ်ဓာတ်စစ်ဆင်းရေးဆိုင်ရာ လေ့လာစူးစမ်းမှုတွေမှာ တွေ့ထားရတယ်။
ဒီပညာပေးမှုဟာလည်း လူ၊ ငွေ၊ အချိန် အလွန်တရာမှ လိုမည်ဖြစ်တော့ အဘက်ဘက်က ဝိုင်းပြီးလုပ်ကြရမှာသာ များများလုပ်လေ ကောင်းလေပဲ။ AIDS အကြောင်း သိကောင်းစရာတေါကိုလည်း နည်းမျိုးစုံသုံးပြီး များများနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရမှာပဲ။ ကျန်းမာရေးဌာနမှ လုပ်ရမယ်ဆိုတဲ့ အယူဝါဒကို စွန့်ရလိမ့်မယ်။ ဒီတော့ အစိုးရပိုင်း ဆိုရာဌာနတွေကိုချည်း အားမကိုးဘဲ ပြင်ပ အဖွဲ့အစည်းများ၊ ပြင်ပ စေတနာ့ဝန်ထမ်း အသင်းအပင်းများရဲ့ ကူညီပံ့ပိုးမှုကို ရယူဖို့ သိပ်လိုပါတယ်။ ၁၉၉၃ မှာဆိုရင် မြန်မာမှာ AIDS ပြဿနာဟာ အလွန်တရာမှ ကြီးမားနေပါပြီ၊ ပေါ့သေးသေး မဟုတ်ပါ။ စုစည်း ဆွဲဆောင်လို့ရတဲ့ အင်အားစု အားလုံးကို သုံးရမယ့် အခြေအနေပါ။

မြန်မာမှာ AIDS ပြန့်ပွားမှုကတော့ အခုလောလောဆယ် “ပွင့်” ပြီး ဖွံ့ဖြိုးလာတဲ့ ကချင်ပြည်နယ်နဲ့ အခြားစီးပွားရေး မြို့များ (သပမာ မိုးကောင်း၊ မန္တလေး၊ မိုင်းရှူး) မှာ ပိုဆိးမှာ ဖြစ်တယ်။ ဒီနေရာတွေမှာ ပြည့်တန်ဆာဦးရေဟာ တိုးနေပါတယ်။ တိုးတာမှ ဒီရေလှိုင်းပမာလို့တောင် ဆိုရမှာ။ တည်းခိုခန်းတွေ ဝင်စီးလိုက်လို့ ပြည့်တန်ဆာ ဘယ်နှစ်ယောက်နဲ့ “ခေါင်း” ဘယ်နှစ်ယောက် ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေဟာ စိတ်ညစ်စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ခဏခဏ ပါနေပါတယ်။ ပြည်ပ အိမ်နီးချင်းနိုင်ငံ (ဥပမာ မလေးရှား) မှာဆိုလည်း ခိုးဝင်သူ မြန်မာ ပြည့်တန်ဆာ ဘယ်ရွေ့ဘယ်မျှတွေ့ပြီး၊ ဘယ်နှစ်ယောက် HIV ပိုး ရှိနေပြီဆိုတာ သူတို့ သတင်းစာတွေ ထဲမှာ ခေါင်းစဉ်စာလုံးမည်းကြီးတွေနဲ့ ပါနေပါပြီ။

အထက်တစ်နေရာမှာ ဖော်ပြတဲ့အတိုင်း မြန်မာဟာ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံကို အမီလိုက်နေတယ်လို့ ဆိုရမှာပါ။ မီလည်း မီလုမီခင် ဖြစ်နေပါပြီ။ ဒါပေမယ့် ကာကွယ်ရေး ပညာပေးကိစ္စရပ်မှာတော့ “ထိုင်း” နဲ့ မယှဉ်လောက်အောင် နှေးကွေး အားနည်းနေပါတယ်။ ဒီအတိုင်းသာဆိုရင် နောက် ၅ နှစ်နဲ့ ၁၀ နှစ်လောက်မှာ မြန်မာမှာ AIDS ရောဂါရှင်တွေ ထင်ရှားပေါ်လွင်စွာ များပြားပြီး ကုသမှု ဆိုင်ရာမှာပင် အကြပ်တွေ့ရပါလိမ့်မယ်။ လူညွန့်တုံး မျိုးဆက်ကို ညှိုးနွမ်းစေတဲ့ အန္တရာယ်ကြီးမို့ ယခု လုပ်နေကြတဲ့ ကြိုးပမ်းမှုထက် အဆများစွာ လုပ်ဖို့ လိုပါမယ်။ လူတိုင်းလူတိုင်းရဲ့ ကူညီမှုကိ မရအရ ယူရမယ့် အခြေအနေပါ။ လက်ပိုက်ပြီး ကြည့်နေမယ်၊ ခပ်ပေါ့ပေါ့ အရှိန်နှေးနှေးနဲ့ လုပ်နေရင်တော့ ကြေကွဲဝမ်းနည်း ယူကြုံးမရ ဖြစ်ရမှာပါ။ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး အခြေအနေ ဘယ်လောက် တိုးတက်လာပေမယ့် ဒီတိုးတက်မှုတွေကို AIDS က အဟောသိကံဖြစ်အောင် လုပ်သွားမှာပါ။
အခုဘယ်လို လုပ်နေကြလဲ၊ ပထမဦးဆုံး ဘယ်သူ ဘယ်အုပ်စုဟာ ဒီလို ပညာပေးသတင်းတွေ အလိုဆုံးလဲ၊ တစ်နည်းဆိုရင် AIDS ရနိုင်ဖို့ရာ အကောင်းဆုံးသော အုပ်စုဟာ ဘယ်သူတွေလဲ။ ဒီသူတွေကို ဦးစားပေးပြီး လိုအပ်တဲ့ ပညာကို ပေးရမယ်။ (ဥပမာ အကာအကွယ် ကွန်ဒွန် သုံးရန်) နောက်တစ်ဆင့်က ဘယ်နေရာမှာ ဘယ်နည်းကိုသုံးပြီး ပညာပေးမလဲ။ 

လူပုံလယ်မှာ ဆွေးနွေးလို့တော့ မရပေမယ့် AIDS ကာကွယ်မှုအတွက်တော့ အရေကြီးတဲ့ ကိစ္စတွေကို ပြောပြရအောင်အတွက် အုတ်အော်သောင်းတင်း မဖြစ်စေဘဲ ပြောပြနိုင်တဲ့ အချိန်အခါနဲ့ နေရာကို ရွေးရမယ်။
ဒါကြောင့် AIDS ရောဂါ ပညာပေးမှုကို ဦးစားပေးပြီး လုပ်ရမယ့် အုပ်စုကတော့ “ကာလသားရောဂါ ဌာန” က လူနာများနဲ့ မူးယစ်ဆေးထိုးသူများလို့ သတ်မှတ်လိုက်တယ်။ ဒါကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီး ၂ မြို့မှာ စလုပ်တယ်။ ကွန်ဒွန် သံးဖို့ရာ နှိုးဆော်အားပေးမှုကိုတော့ ကာလသားရောဂါဌာန လာသူတွေနဲ့ မူယစ်ဆေးထိုးသူများရဲ့ ပြန်လည်ထူထောင်ရေး စခန်းများမှာ လုပ်နေကြတယ်။

AIDS ကာကွယ်ရေး အတွက်တော့ မြန်မာမှာလည်း အခြားနိင်ငံများနည်းတူ AIDS အတွက် စီမံကိန်းတွေရေးဆွဲပြီး လုပ်ကိုင်နေကြပါတယ်။ ကမ္ဘာရှိ AIDS စီမံချက်တွေ အားလုံးရဲ့ ဦးတည်ချက်တွေကတော့ AIDS ရောဂါအကြောင်း သိသင့်စရာတွေကို သိစေပြီး ပညာပေးခြင်း၊ AIDS မရအောင် ကိုယ်ကိုယ်တိုင် ဘယ်လိုကာကွယ်ဆောင်ရွက်နိုင်တယ် ဆိုတာတွေနဲ့ အခြားသူများကို AIDS ဘယ်လို ကာကွယ်ရမယ်ဆိုတာတွေကို ထပ်ဆင့် ပညာပွားပေးဖို့ပဲ ဖြစ်တယ်။ အပြည်ပြည်ရှိ ဒီ AIDS စီမံချက်အားလုံးဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ “ကမ္ဘာလုံးဆိုင်ရာ AIDS ရောဂါစီမံချက်” (Golbal Programme on AIDS) နဲ့ ဆက်သွယ်ပြီး လုပ်ကြတယ်။

ဒီကမ္ဘာ့အဖွဲ့ကြီးကလည်း AIDS တိုက်ဖျက်ရေး စနစ်များ၊ နည်းပရိယာယ်များနဲ့ လမ်းညွှန်မှုများ ပေးပြီး တစ်ကမ္ဘာလုံးရှိ AIDS ကာကွယ်ရေး ကြိုပမ်းမှုများ ပြေလည် ချောမွေ့စေရန်အတွက် ညှိနှိုင်းမှုများ လုပ်ပေးတယ်။ ဒီလိုလုပ်ရတာကလည်း AIDS ဟာ ကမ္ဘာကြီး တစ်ခုလုံးရဲ့ ပြဿနာဖြစ်နေတာကြောင့်ပဲ။ AIDS ပပျောက်ဖို့ အတွက်က တိုင်းပြည်တစ်ပြည်ထဲမှာ ပျောက်သွားလို့ ပြီးတာမှ မဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးမှာ ပျောက်မှသာ ဖြစ်မှာ။

မြန်မာမှာ ၁၉၈၉ ဖေဖော်ဝါရီလထဲမှာ AIDS အတွက် စီမံချက် စတင်ချမှတ်ပြီး နောက်တစ်ဆင့် ၁၉၉၀ ခုနှစ်မှာ “တာလတ်” စီမံချက် ဆွဲခဲ့တယ်။ ဇောက်ချပြီးလုပ်တဲ့ လုပ်ဆာင်ချက်တွေကတော့ ရောဂါအကြောင်း ပညာပေးရေးပဲ။ ဒါကိုလည်း အထူးအန္တရာယ်ရှိတဲ့ အုပ်စုဖြစ်တဲ့ မူးယစ်ဆေးထိုးသူများနဲ့ ကာလသားရောဂါသည်များကို အထူးအသားပေးပြီး လုပ်ကြမယ်။ ရောဂါထိန်းထားရေးအတွက် လိုအပ်တဲ့ ကွင်းဆင်းလေ့လာ စစ်ဆေးမှုများကိုလည်း စန်စ်တကျလုပ်ဖို့ စီစဉ်ထားတယ်။ ဆေးထိုးအပ်နဲ့ အခြားခွဲစိတ်ကိရိယာများ ပိုးစင်မှုကို အလေးပေးပြီး ဆောင်ရွက်ပြီး မလိုဘဲနဲ့ ဆေးထိုးမှု မလုပ်ရန် လှုံ့ဆော်ခြင်းများကိုလည်း လုပ်ကြမယ်။ ဒီလုပ်ငန်းတွေကို ထိရောက်စွာ လုပ်နိုင်ဖို့အတွက် ကျန်းမာရေးလုပ်သားနဲ့ အခြားသူတွေကို လေ့ကျင့်ပေးမှုကို ပြည်တွင်းပြည်ပမှာ လုပ်ဖို့ရာ အစီအစဉ်များ ရှိပါတယ်။

AIDS ကို တားဆီး ထိန်းချုပ်ရာမှာ မြန်မာအတွက် တကယ်အရေးပါ အရာရောက်တဲ့ ကဏ္ဍကြီး ၂ ပိုင်း ရှိပါတယ်။ ကိုင်တွယ်ဖြေရှင်းရတာ ချက်တာ အမှန်ပဲ။ ဒါပေမယ့် ဒါတွေကသာ AIDS ပြန့်ပွားရေးအတွက် ဗဟို မဏ္ဍိုင်တွေ ဖြစ်နေတော့ အချိန်ယူ စဉ်းစားပြီး တိုက်ဖျက်မှု နည်းဗျူဟာတွေ စီစဉ်ရမှာ ဖြစ်နေတယ်။ အရေးကြီးတဲ့ မူဝါဒပိုင်းဆိုင်ရာနဲ့ ဥပဒေစည်းမျဉ်းများကို ချုပ်ကိုင်နေတဲ့ အထက်ဆုံးပိုင်း အာဏာပိုင်များကိုယ်တိုင် စိတ်ဝင်စားပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်များပေးဖို့ လိုပါလိမ့်မယ်။ ဒီပြဿနာ ၂ ခုကတော့ (၁) ပြည့်တန်ဆာ ပြဿနာနဲ့  (၂) မူးယစ်ဆေးစွဲ ပြဿနာတွေပဲ ဖြစ်တယ်။

ဒီအရေးကြီးတယ်ဆိုတဲ့ ပြဿနာကို ဘယ်လိုကိုင်တွယ်နိုင်သလဲ။ ပထမဦးဆုံးတော့ ပြဿနာရှိနေတယ်ဆိုတာကို လက်ခံလိုက်မှစလို့ ဖြစ်တယ်။ ပြဿနာမရှိဘူးလို့ ဘူးကွယ်လိုက်ရင် ဒီပြဿနာရဲ့ အဖြေ ဘယ်ရှာတော့မှာလဲ “လျှို့ဝှက်ချက် အစဟာ အမှန်တရားရဲ့ အဆုံး” တဲ့။ မြန်မာပြည်မှာ ပြည့်တန်ဆာရှိပြီး ဒီပြည့်တန်ဆာတွေဟာ ပြန့်ပွားရေးမှာ ထိပ်တန်းက နေတယ်ဆိုတာတော့ သိပြီးကိစ္စလို့ ယူဆပါတယ်။ မြန်မာမှာ ပြည့်တန်ဆာတွေ ဘယ်လောက်များတယ်ဆိုတာတော့ မသိပါဘူး။ အချိုးအဆအတိုင်း တွက်ယှဉ်ကြည့်ရင်တော့ အိမ်နီးချင်း နိုင်ငံလောက်တော့ များမှာ မဟုတ်ပါဘူး။

ဒါပေမယ့် တစ်ယောက်ရှိရင်လည်း AIDS ပြဿနာတော့ တက်မှာပဲ။ စဉ်းစားစရာလိုတာ တစ်ခုက AIDS ကာကွယ်ရေးမှာ အရင်းခံကျတာက AIDS ကာကွယ်ရေးဟာ လူတစ်ဦးချင်းရဲ့ ပြုမှုချက်ပေါ်မှာ မူတည်ပါတယ်။ လူတစ်ဦးစီ တစ်ဦးစီဟာ သူကိုယ်တိုင် AIDS မရအောင် ဘယ်လို လုပ်ရမယ်ဆိုတာ သိထားရမယ်။ ဒါတွေကို တိကျစွာ လိုက်နာကျင့်သုံးမယ်ဆိုရင် သူကိုယ်တိုင်လည်း AIDS မှ ကာကွယ်နိုင်မယ်၊ တစ်ပါးသူကိုလည်း AIDS မပေးစေဘူး။ ဒီတော့ ကာယကံရှင်တွေ ဖြစ်တဲ့ ပြည့်တန်ဆာတွေဆီ ဒီပညာပေးမှုကို မရောက်ရောက်အောင် ပို့ပေးပြီး ထိထိရောက်ရောက် လုပ်ရမယ်။
အာဖရိကမှာ ဆိုရင် အထက်က တင်ပြခဲ့တဲ့ နိုင်ရိုဘီမြို့က ပြည့်တန်ဆာ ဂေဟာတိုက်ကြီး ၂ တိုက်ကို ကျန်းမာရေး ပညာပေးသမားတွေ ဝင်ပြီး အင်တိုက်အားတိုက် စည်းရုံးပညာပေးလိုက်ကြတယ်။ ဒီလူတွေဟာ သူတို့ရဲ့ အန္တရာယ်ကို တကယ်သိလာပြီး ရောဂါရဲ့ သဘာဝကိုလည်း နားလည်လာတဲ့အခါကျတော့ သူတို့ကိုယ်သူတို့ ဒီရောဂါဆိုးကြီးဘေးမှ ကာကွယ်ကြစို့ ဆိုပြီး အစုအဝေးလိုက် ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ရဲ့ “ဧည့်သည်” တွေကို “ကွန်ဒွန်” (ယောက်ျားသုံး အကာအကွယ်အစွပ်) သုံးမှသာ ဧည့်ခံမယ်၊ မဟုတ်ရင် ဧည့်မခံဘူးလို့ စည်းကမ်း ချမှတ်လိုက်တယ်။

“ကွန်ဒွန်” သုံးနည်း (နည်းမှန်နဲ့ နည်းမှားရှိတယ်၊ နည်းမှန်ကို သုံးမှ ရောဂါကို ကာကွယ်နိုင်တာ) ကိုလည်း သူတို့က ပြပေးတယ်။ ဒီလို လုပ်လိုက်တော့ သူတို့တတွေထဲမှာ AIDS ရောဂါ ပိုးဝင်နှုန်းဟာ သိသိသာသာ ကျဆင်းသွားတာ တွေ့ရတယ်။ ဒါတွင် မကသေးဘူး သူတို့ကနေပြီး သူတို့ရဲ့ ဖောက်သည်တွေကို အိမ်မှာလည်း ဒီလိုပဲ “ကွန်ဒွန်” ကို သုံးပါလို့ တိုက်တွန်း နှိုးဆော်လိုက်သေးတယ်တဲ့။ ဒါကတော့ လူတွေထဲမှာ AIDS မပြန့်ပွားရအောင်ဆိုတဲ့ သူတို့ရဲ့ စေတနာပါ။ ပြည့်တန်ဆာ ပြဿနာကို ချည်းကပ်ကိုင်တွယ်ဖို့ အတွက် ပထမ လိုအပ်ချက်ကတော့ သူတို့ဟာ ဘယ်သူတွေလဲဆိုတာ ပြတ်ပြတ်သားသား သိထားပြီး စာရင်းပြုစုပြီး မှတ်တမ်းတင်ထားရမယ်။ နောက်သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး AIDS ပိုးဝင်ပြီး / မဝင်ရသေးဆိုတာ သိရအောင် အချိန်မှန်မှန် စစ်ဆေးပေးရမယ်။

AIDS ပိုးစစ်ဖို့အတွက် လိုတဲ့ ပစ္စည်းကလည်း ဈေးကြီးတယ်။ လိုသလောက် ဖောဖောသီသီ မရနိုင်ဘူး။ ဒီတော့ ရှိတာကို ဘယ်လိုအများဆုံး အသုံးချထိုက်တယ် ဆိုတာကိုလည်း တွက်ချက်ပြီးမှ သုံးကြရမှာ။ ဒီတော့ AIDS အရှိအများဆုံးထင်တဲ့ နေရာဒေသမှာ ရှိတဲ့ ပြည့်တန်ဆာတွေကို ဦးစာပေး အစီအစဉ်ဆွဲပြီး စစ်ကြည့်ရမှာ။ ပိုးဝင်ပြီးသူတွေကို အခြားသူများနည်းတူ ပြုစုစောင့်ရှောက်ရမယ် ဆိုတာတော့ ပြောဖို့လိုမယ် မထင်ပါဘူး။ အရေးကြီးတာ တစ်ခုကတော့ AIDS ရောဂါ ဖြစ်နေပြီ မဟုတ်သည့်တိုင် ပိုးဝင်ပြီးသူဟာ ဒီပြည့်တန်ဆာ အလုပ်ကို လက်လွတ်ရမယ်။

ဒီတော့ သူအသက်မွေးဝမ်းကျောင်းအတွက် ဘယ်လို လုပ်ပါ့မလဲ၊ ကြံစည်တွေးဆ ထားကြရမယ်။ သူဟာ ထောက်ပံ့မှု တစ်နည်းမဟုတ် တစ်နည်း မရရင် အငတ်တော့ခံမှာ မဟုတ်ဘူး။ သူလုပ်တတ်တဲ့အလုပ် ဆက်လုပ်ဖို့ရာ သေချာသလောက်ပဲ။ AIDS ဆိုတာကလည်း ရောဂါပိုး ဝင်ပြီး လူမှာဘာမှ မယ်မယ်ရရမဖြစ်တဲ့ လူကောင်းလိုနေ စား သွားနိုင်တဲ့ ကာလကလည်း တော်တော် ကြာနိုင်တော့ သူဘာမှ မလုပ်ဘဲ ထိုင်ပြီး နေလို့လည်း ဖြစ်မှာမဟုတ်ဘူး။ ဒါတွေကို လက်တွေ့ကျကျ စဉ်းစားပြီး တကယ်လုပ်တဲ့ အခါမှာ လုပ်လို့ဖြစ်မယ့် စီမံချက်တွေကို ဖော်ထုတ်ဖို့ လိုနေပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

No comments: