Tuesday, February 18, 2014

အာရှဖွံ့ဖြိုးရေးဘဏ်က ကျေးလက်ဖွံ့ဖြိုးရေးနှင့် HIV/AIDS စီမံကိန်းစတင်



မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးနှုန်း နိမ့်ကျနေသော ကျေးလက်ဒေသများရှိ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးနှင့် HIV/AIDS ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၂၂ သန်းတန် စီမံကိန်း စတင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် မြန်မာအစိုးရက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း ADB ၏မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Putu Kamayana က ပြောကြားသည်။
 
ယင်းစီမံကိန်း ငွေကြေးများမှာ ဂျပန်နိုင်ငံ ရန်ပုံငွေမှတစ်ဆင့် ADB ၏ဖွံ့ဖြိုးရေး လုပ်ငန်းများသို့ ပေးခြင်းဖြစ်ပြီး HIV/AIDS ကာကွယ် တားဆီးရေးအတွက် ဒေါ်လာ ၁၀ သန်းနှင့် ကျေးလက်အတွက် ၁၂ သန်း အသီးသီးသုံးစွဲမည် ဖြစ်ကြောင်း ADB ၏ ဂျပန်နိုင်ငံဆိုင်ရာ အုပ်ချုပ်ရေး ဒါရိုက်တာ Mr. Kazuhiko Koguchiက ပြောဆိုသည်။

ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း အစီအစဉ်ကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်း ခြောက်သွေ့ဇုန်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စတင်မည် ဖြစ်ပြီး ဒေသခံ ခုနစ်သိန်းအထိ အကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ADB ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

HIV/AIDS ကာကွယ်ရေး လုပ်ငန်းများကိုမူ ရွှေ့ပြောင်းလုပ်သား အများဆုံးရှိသော မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကျန်းမာရေး ဝန်ဆောင်မှု တိုးမြှင့်ခြင်းအဖြစ် မြို့နယ်ဆေးရုံ သုံးရုံ၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲ ၄၇ ခု ဆောက်လုပ် သွားမည့်အပြင် ဆေးပစ္စည်းနှင့် စွမ်းရည်မြှင့် သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တိုင်းပြည်မှာ ဘေးအန္တရာယ် ကျရောက်လွယ်တဲ့ ပြည်သူတွေအတွက် ပိုကောင်းတဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ဦးတည်တယ်” ဟု Mr. Kazuhiko Koguchi ကပြောဆိုသည်။


ယင်းစီမံကိန်း နှစ်ခုလုံးသည် ပြည်ပနိုင်ငံများတွင် စမ်းသပ်အောင်မြင်ခဲ့သော ဖွံ့ဖြိုးရေး အစီအစဉ်များအတိုင်း ပုံစံတူ ရေးဆွဲထားသော ရှေ့ပြေး လုပ်ငန်းစဉ် ဖြစ်ကြောင်း ADB ထံမှ သိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ၂၀၁၃ ခုနှစ်တွင်မှ မြန်မာနိုင်ငံ အစိုးရနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ ပြန်လည် စတင်ခဲ့ပြီး မြန်မာ့လျှပ်စစ်ကဏ္ဍ တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးငွေပေးရန် ယမန်နှစ် ဒီဇင်ဘာလက သဘောတူလက်မှတ် ရေးထိုးထားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
The Voice Weekly - အာရှဖွံ့ဖြိုးရေးဘဏ်က ကျေးလက်ဖွံ့ဖြိုးရေးနှင့် HIV/AIDS စီမံကိန်းစတင် 

အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံများမှ မွေးဖွား စရိတ်တောင်းခံပါက ကျန်းမာရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်

အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရံများမှ မွေးဖွားစရိတ်တောင်းခံပါက ကျန်းမာရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်က သတိပေးပြောကြားသည်။

လက်ရှိတွင် အဆိုပါ အိတ်ခ်ျအိုင် ဗွီပိုးရှိသည့် မိခင်များအား အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံများတွင် မွေးဖွား စရိတ်များ နှစ်ဆတောင်းခံနေသည်ဟူသည့် သတင်းများပေါ်ထွက်လျက် ရှိသောကြောင့် ကျန်းမာရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ယင်းကဲ့သို့ သတိပေးပြောကြားခြင်းဖြစ်သည်။

''ပုဂ္ဂလိကဆေးရုံတွေကတော့ မိခင်ကနေ ကလေးကို ရောဂါမကူး အောင်ပြုလုပ်ရတဲ့ စရိတ်တွေကာမိအောင် တောင်းတာဖြစ်နိုင်တယ်။ အစိုးရဆေးရုံတွေကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက အိတ်ခ်ျအိုင်ဗွီပိုး ရှိရှိ မရှိရှိ အခမဲ့မွေးပေးဖို့ ညွှန်ကြားထား ပြီးသားပါ။ ပြည်သူတွေ အနေနဲ့ မွေးဖွားစရိတ် တောင်းခံတဲ့ဆေးရုံကို နာမည်နဲ့တကွ ကျန်းမာရေး ဦးစီးဌာနကို တိုင်ကြားနိုင်ပါတယ်။ လိုက်နာခြင်း မရှိတဲ့ မည်သည့်ဆေးရုံက ကျန်းမာရေး ဝန်ထမ်းကိုမဆို အရေးယူသွား မှာပါ'' ဟု ဒေါက်တာမင်းသန်းညွန့်က ပြောသည်။

အိတ်ခ်ျအိုင်ဗွီပိုးရှိသော မိခင်များ ခွဲစိတ်ပြီးမွေးဖွားရာတွင် မီးဖွား စရိတ်အား နှစ်ဆယူလိုက်ခြင်းအားဖြင့် မိခင်မှ ကလေးသို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်သည့်နှုန်းကို မြင့်မားလာအောင် တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံ တစ်ဝန်းမှ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော အမျိုးသမီး ၃ဝဝဝ ခန့် အဖွဲ့ဝင်ထားသော Myanmar Positive Women Network မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
''အိတ်ခ်ျအိုင်ဗွီရှိတဲ့ မိခင်တွေ မွေးဖွားရင် အထူးကုဆေးခန်းတွေမှာ နှစ်ဆယူနေတယ်။ အဲလိုမျိုးနှစ်ဆယူတဲ့ အတွက် အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့ မိခင်တွေက ဆေးရုံ၊ ဆေးခန်းတွေမှာ မမွေးတော့ဘဲ လက်သည်နဲ့ ရိုးရိုးပဲ မွေးတာတွေရှိတယ်။ ရိုးရိုးမွေးတာက မိခင်ကနေ ကလေးကို ကူးစက်နိုင်ခြေ ပိုများတဲ့ အတွက် 
ဒီလိုမျိုး ဆေးရုံ၊ ဆေးခန်းတချို့က မွေးဖွားစရိတ်နှစ်ဆယူတာဟာ မိခင်ကနေ ကလေးကို အိတ်ခ်ျအိုင်ဗွီ ကူးစက်နှုန်းတွေမြင့်လာအောင် တွန်းပို့နေသလို ဖြစ်နေတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ယင်းအပြင် ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများသည် အိတ်ခ်ျအိုင်ဗွီပိုးရှိသည့် မိခင်များက လေးမွေးဖွားရာတွင် ခွဲခြားနှိမ့်ချပြီး ပြောဆိုလေ့ရှိကြောင်းလည်း သိရသည်။ ''ငါတို့က နင်တို့ကို မွေးပေးရတဲ့ အခါမှာ တစ်ခါသုံးတွေကို ဝယ်ရတယ်။ အဲဒါကြောင့် နင်တို့ကို နှစ်ဆတောင်း ရတာလို့ပြောတယ်။ ပြောတဲ့အခါမှာလဲ အော်ဟောက်ပြီးပြောတယ်။ မွေးလာတဲ့ကလေးကိုပါ A လေးလို့ ခေါ်တာရှိတယ်။ တခြားသူတွေက ကြားသွားရင် မိခင်က သွေးနုသားနုချိန်မှာ အလွန်စိတ်ထိခိုက်ရတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

အဆိုပါ ကိစ္စများနှင့် စပ်လျဉ်း၍ ဗဟို အမျိုးသမီးဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာတွင် အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော မိခင်များ လာရောက်မွေးဖွားပါက ကျန်းမာရေး ဝန်ထမ်းများက နှစ်သိမ့်ဆွေးနွေး အကြံပေးပြီး လိုအပ်လျှင် ခွဲစိတ်ပြီး မွေးဖွားပေးကြောင်း ဆေးတက္ကသိုလ် (၁)၊ သားဖွားနှင့်မီး ယပ်ပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာမြသီတာက ပြောသည်။

''ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့မိခင်တွေ ကလေး မွေးရင် အခမဲ့နီးပါး မွေးဖွားပေးပါ တယ်။ နည်းနည်းပါးပါးယူတာတော့ ရှိတာပေါ့။ နှစ်သိမ့်ဆွေးနွေးအကြံပေး ပြီး လိုအပ်ရင် ခွဲစိတ်ပြီးမွေးပေးတယ်။ လနုတုန်းမှာ ARV ဆေးသောက် ထားရင် ရိုးရိုးမွေးလို့ရတယ်။ မသောက် ထားရင်တော့ ကလေးကို ကူးမှာစိုး လို့ ခွဲပြီးမွေးရတယ်။ ဒါပေမဲ့ သူတို့ ကို သေသေချာချာဆွေးနွေးပြီး သူတို့ မွေးချင်တဲ့ပုံစံကိုမွေးပေးတာပါ''ဟု ယင်းကဆက်လက်ပြောကြားခဲ့သည်။

(ချိုအိ ၊ ရန်ကုန်)
Yangon Media Group - အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံများမှ မွေးဖွားစရိတ်တောင်းခံပါက ကျန်းမာရေး ဦးစီးဌာနသို့ တိုင်ကြားနိုင် 

No comments: