Thursday, February 6, 2014

ဖုန်းအင်တာနက်မြန်နှုန်း မြှင့်တင်ရန် တယ်လီနော ကိုယ်ပိုင်လိုင်း တည်ထောင်မည်




နေပြည်တော်၊ ဖေဖော်ဝါရီ ၅

ပြည်တွင်းအင်တာနက် အမြန်နှုန်းနှေးကွေးမှု ပြဿနာကြောင့် တယ်လီနောက ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်ရာတွင် မိုဘိုင်းလ် အင်တာနက် မြန်နှုန်းမြင့်စေရန် ကိုယ်ပိုင် အင်တာနက်လိုင်း တည်ထောင်မည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

“လိုင်စင်ထဲမှာကိုယ်ပိုင် International Gateway တွေကိုယ်ပိုင် ငှားရမ်းခွင့်၊ တည်ဆောက် လုပ်ကိုင်ခွင့် ပါဝင်ပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင်အင်တာနက် Gateway တည်ဆောက် လုပ်ကိုင်သွားပါမယ်။ လုပ်ငန်း စစချင်းမှာတော့ လက်ရှိ သုံးစွဲနေတဲ့ Gateway ကိုပဲမျှဝေ သုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အင်တာနက် အသုံးပြုခ ကောက်ခံရာတွင်လည်း Data ဖြင့် ကောက်ခံသောနှုန်းနှင့် အချိန်ဖြင့် ကောက်ခံသောနှုန်း စသည်ဖြင့် အမျိုးမျိုး သတ်မှတ်ထားမည် ဖြစ်ပြီး သုံးစွဲသူများ စိတ်ကြိုက်ရွေးချယ်ခွင့် ပေးမည်ဟု ၎င်းကဆိုသည်။
“တယ်လီနောကပေးမယ့် ဝန်ဆောင်မှုတွေမှာက ရွေးချယ်စရာမျိုးစုံ ရှိပါလိမ့်မယ်။ လူတိုင်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ ရပါလိမ့်မယ်။ နာရီပိုင်း သုံးချင်တဲ့သူက နာရီပိုင်းပဲ ဝယ်သုံးရမယ်။ Data သုံးချင်တဲ့သူကို Data နဲ့သတ်မှတ် ကောက်ခံမယ်။ မိနစ်နဲ့ ကောက်စေချင်သူကို မိနစ်နဲ့ ကောက်ခံမယ်” ဟု Petter Furberg ကဆိုသည်။

အင်တာနက် အမြန်နှုန်း ကောင်းမွန်စေမည်ဟု လုံးဝ ကတိပေးကြောင်း သုံးစွဲသူအပေါ် မူတည်၍ အင်တာနက်ပမာဏကို ဆက်တိုက် တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အင်တာနက်က ဒီရက်ပိုင်းမှာ ပိုပိုဆိုးလာသလိုပဲ။ ဘယ်လိုမှ အဆင်ပြေပြေကို သုံးမရတာ။ သူတို့မြန်မြန်စမှပဲ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံနေပြီး နိုင်ငံတကာ တွင်မူ အသုံးပြုသော Data ပမာဏအလိုက်သာ ကောက်ခံလေ့ ရှိသည်။

The Voice Weekly


တယ်လီနောက စက်တင်ဘာတွင် ဆင်းကတ် သန်း ၃၀ စရောင်းပေးမည်

လာမယ့် ၂၀၁၄ စက်တင်ဘာဝန်းကျင်လောက် ရောက်ရင် မိုဘိုင်းဖုန်း ဆင်းကတ်ပေါင်း သန်း ၃၀ ကျော် စ ရောင်းပေးမယ်လို့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်လက်မှတ်ထိုးခဲ့ပြီ ဖြစ်တဲ့ တယ်လီနောဂရုဖ်ရဲ့ ဒုဥက္ကဋ္ဌနဲ့ အာရှဒေသအကြီးအကဲ မစ္စတာ ဆစ်ဂ် ဘရစ်ကီး (Mr. Sigve Brekke) က သတင်းထောက်တွေကို ပြောပါတယ်။

ဆင်းကတ်တွေကို စပြီး ရောင်းပေးပေးမှာဖြစ်သလို အင်တာနက်ပါ သုံးလို့ ရအောင် ဆောင်ရွက် ပေးမယ်လို့လည်း သူက ဆိုပါတယ်။

အင်တာ နက် မြန်နှုန်းမြင့်အောင် ဆောင်ရွက်ပေး မှာ ဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံပိုင် ဆက်သွယ်ရေးဌာနဆီက ငှားရမ်းသုံးစွဲမယ်၊ နောက်ပိုင်း စာချုပ်ပါ ခွင့်ပြုချက်အတိုင်း ကိုယ်ပိုင် International Gateway တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

တယ်လီနော မြန်မာဟာ လာမယ့် ၅ နှစ်အတွင်း လူဦးရေ ၉၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ

တယ်လီနောက ၀န်ဆောင်မှု ပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက်ဝန်ဆောင်မှုပါ ထည့်သွင်း ပေးထားမည်

ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီက ၀န်ဆောင်မှုပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက်ဝန်ဆောင်မှုပါ တပါတည်း ထည့်သွင်းပေးထားမည်ဖြစ်သည်ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberge က ဘားကမ့်ရန်ကုန်ပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

Mr.Petter Furberge က “ ကျွန်တော်တို့ ရောင်းမယ့် မိုဘိုင်းဆင်းကတ်တွေမှာ အင်တာနက် ဝန်ဆောင်မှု ပါဝင်လာမှာဖြစ်ပါတယ်။ အင်တာနက် လျှောက်ထားခ ထပ်ပေးရတာမျိုး မရှိပါဘူး။ အဲဒီ အင်တာနက်လိုင်းကို အသုံးပြုမှသာ အသုံးပြုခကို ပေးရမှာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းများ၌ အင်တာနက် ဝန်ဆောင်မှု ရရှိသော်လည်း အဆိုပါ အင်တာနက် လျှောက်ထားမှုအတွက် ငွေကျပ် တစ်သောင်း ထပ်ပေးရခြင်းဖြစ်သည်။

ဆက်လက်၍ Mr.Petter Furberge က“ တစ်နိုင်ငံလုံးကို အင်တာနက် Access ပေးနိုင်ဖို့ အဓိက ထားတယ်။ Internet Access သုံးနိုင်မှသာ တစ်နိုင်ငံလုံး မဟုတ်ဘူး တစ်ကမ္ဘာလုံးကိုပါ ချိတ်ဆက် နိုင်မယ်” ဟု ဆိုသည်။

တယ်လီနော အနေဖြင့် လိုင်စင်ရပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချ သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီ ၃၀ က လုပ်ငန်းလိုင်စင်အတွက် လက်မှတ်ရေးထိုးခဲ့သည်။ တယ်လီနောက ကနဦးအနေဖြင့် ဖုန်းဆက်သွယ်ခြင်း (Voice) နှင့် အင်တာနက် အသုံးပြုခြင်း (Data) တို့ကို 2G နှင့် 3 G ကွန်ယက်များပေါ်တွင် ဝန်ဆောင်မှု ပေးသွားဖြစ်ကာ ငါးနှစ်အတွင်း နိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ ၀န်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်ဟု တယ်လီနောကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင်ဖုန်းပြောဆိုခကိုလည်း တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်အထိသာ ကောက်ခံရန် စီစဉ်ထားပြီး မိုဘိုင်းဆင်းကတ်ဈေးနှုန်းမှာလည်း ၁၅၀၀ ကျပ် ဝန်းကျင်ဖြင့်သာ ရောင်းချသွားမည် ဖြစ်သည်ဟုလည်း မစ္စတာ Petter Furberge က ပြောသည်။

၎င်းက “ ဖုန်းပြောဆိုခကိုတော့ တရားဝင် မသတ်မှတ်ရသေးဘူး။ ဒါပေမယ့် တစ်မိနစ်ကို အများဆုံး ၂၅ ကျပ် အထိသာ ကောက်ခံသွားမယ်။ ဒီဈေးနှုန်းထက် နည်းရင်လည်း နည်းသွားလိမ့်မယ်။ လူတိုင်း လက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ ”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ယက်များတည်ဆောက်ရန်အတွက် တယ်လီနောအနေဖြင့် Huawei နှင့် Ericsson ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သော အူရီဒူးနှင့် တယ်လီနောကို ဇန်န၀ါရီ ၃၀ ရက်တွင် လုပ်ငန်းလိုင်စင် စတင်ချထားပေးခဲ့သည်။

အဆိုပါ လိုင်စင်သည် ဖေဖော်ဝါရီ ၅ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်သည်။ လိုင်စင်သက်တမ်းမှာ ၁၅ နှစ်ဖြစ်ပြီး အော်ပရေတာ တစ်ခုစီက လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း၅၀၀ ပေးဆောင်ရမည်ဖြစ်သည်။

စ ချိုကို
Mizzima - News in Burmese

No comments: